၁။ ကိုယ့်စကားကိုယ် တာဝန်ယူရသော
ကာလတစ်ခု ဖြစ်သည်။
၂။ လူတို့သည် စကားကို
နည်းနိုင်သမျှ နည်းအောင် ပြောကြ၏။ လက်သင်္ကေတကို အသုံးများကြ၏။ ပြောလိုသည်ကို
ပုံဖြင့်ရေးဆွဲ ဖော်ပြကြ၏။ လူချမ်းသာတို့သာ ပိုမိုစကားပြောဆို နိုင်ကြလေ၏။
၃။ ထိုသို့မပြုချင်၍ နေလည်းမရ။
မည်သူမျှ မလွန်ဆန်နိုင်သော ထိုအဖြစ်အပျက် ဖြစ်လာပုံကား ...။ တစ်ကမ္ဘာလုံး
မဲပေးရွေးချယ် တင်မြှောက်ခဲ့သော ကမ္ဘာ့ သမ္မတကြီးက စတင်ခဲ့လေသည်။ ကမ္ဘာ့ သမ္မတကြီးသည်
ကမ္ဘာသူ ကမ္ဘာသားတို့၏ ချစ်ခင်လေးစားမှုကို အထူးရရှိခဲ့၍ မဲအပြတ်အသတ်ဖြင့်
အနိုင်ရရှိခဲ့ခြင်း ဖြစ်၏။ ကမ္ဘာတွင်း ဖွံ့ဖြိုးတိုးတက်မှုများကို ရာနှုန်းပြည့်
နီးပါး ဆောင်ရွက်ခဲ့ပြီးနောက် ကမ္ဘာခြားရေး ဆက်ဆံမှုများကို အထူးအာရုံစိုက်ကာ
တိုးမြှင့် ဆောင်ရွက်လေ၏။ သို့သော် စကြဝဠာ ကုလသမဂ္ဂ အစည်းအဝေးတစ်ခုတွင်
စေတန်သားတို့အပေါ် မှားယွင်းသော စကားတစ်ခွန်းကို ဆိုခဲ့မိလေ၏။ ကမ္ဘာပေါင်းများစွာမှ
တက်ရောက်လာသူများ ကြားတွင် မဟာအရှက်တော် ခွဲခံရသော စေတန်သမ္မတကြီးသည် ကျိန်စာတစ်ခု
တိုက်လိုက်လေ၏။
၎။ ထိုကာလသည် ကမ္ဘာမြေပေါ်သို့ ကမ္ဘာ့
သမ္မတကြီး ပြန်ရောက်ပြီး နောက်တစ်နေ့ မနက်လင်းစတွင် စတင်ခဲ့လေသည်။ သမ္မတကြီးသည်
ဒုတိယသမ္မတကြီးနှင့် အရေးပေါ် စကြဝဠာအရေးများ ဆွေးနွေးနေချိန်တွင် သမ္မတကြီး၏
ပါးစပ်အတွင်းမှ ရေခဲငွေ့များကဲ့သို့ အငွေ့များ ထွက်လာလေ၏။ ထိုအငွေ့များသည် သမ္မတကြီး
ပြောဆိုလိုက်သော စကားလုံး အရေအတွက်အတိုင်း တိကျစွာ ထွက်လာ၏။ ထို့နောက်
အပြင်ဘက်လေနှင့် ထိတွေ့သောအခါ စကားလုံး တစ်လုံးချင်းစီသည် တစ်လက်မ ပတ်လည်
သစ်သားစာလုံးများ ဖြစ်သွားလေ၏။ ထိုအဖြစ်အပျက်ကို မြင်တွေ့ရသော ဒုတိယ သမ္မတကြီးသည်
အံ့အားသင့်ကာ “ဟာ... ဘာတွေလဲ” ဟု အော်လိုက်လေ၏။
ထိုစကားလုံးများ အတိုင်း
ဒုတိယသမ္မတကြီး ပါးစပ်မှအငွေ့များ ထွက်လာကာ ချက်ချင်းပင် “ဟာ ဘာတွေလဲ” ဟူသော
တစ်လက်မ ပတ်လည် သစ်သားစာလုံးများ ဖြစ်သွားလေ၏။ သမ္မတကြီးရော ဒုတိယသမ္မတကြီးပါ
မျက်လုံးပြူး မျက်ဆန်ပြူးနှင့် စကားတွေ ပြောဆိုကြပြန်၏။ ထိုအခါ ပြောဆိုသမျှသော
စကားလုံးများသည် သစ်သားစာလုံးများ ဖြစ်လာကာ သမ္မတရုံးခန်း အတွင်းတွင်
သစ်သားစကားလုံး ပုံကြီး ဖြစ်ပေါ်လာလေတော့၏။ ယခုထက် အခြေအနေ ပိုဆိုးလာနိုင်သည်ကို
ရိပ်မိ၍ သမ္မတနှစ်ဦးစလုံး ပါးစပ်ပိတ် လိုက်ကြလေ၏။ ရုံးခန်းအတွင်းမှ ထွက်ကာ
ကြည့်သောအခါ သမ္မတ အိမ်တော်အတွင်း ရုတ်ရုတ်သဲသဲ ဖြစ်နေလေတော့၏။ စကားလုံး
အပုံကြီးများသည် ဟိုတစ်ပုံ ဒီတစ်ပုံနှင့် လမ်းသွားရ ခက်အောင်ပင် ဖြစ်လာ လေတော့သည်။
၅။ စကားလုံး အပုံတွေ
များပြားလာသောကြောင့် ကားလမ်းများ ပိတ်ကုန်၏။ ရထားများနှင့် သင်္ဘောများ သွားလာရ
ခက်ခဲကုန်၏။ ထိုအဖြစ်အပျက်များကို တိုက်ရိုက် ကြေညာနေသော သတင်းထောက်များသည်
မိမိတို့ ပြောဆိုလိုက်သော စကားလုံး အပုံများကြားတွင် ညပ်ကုန်၏။ အခြေ
အနေဆိုးတို့သည် ဒီရေကဲ့သို့ တရိပ်ရိပ် ထိုးတက်လာခဲ့လေပြီ။ ၆။ မွန်းလွဲပိုင်း
မတိုင်မီပင် သမ္မတရုံးက အမိန့်ပြန်တမ်း တစ်ရပ် ထွက်လာလေ၏။ “ကမ္ဘာသားအားလုံး
လိုက်နာစေရန် သမ္မတရုံးက ထုတ်ပြန်လိုက်သည်။
(၁) ယခုလက်ရှိ ကာလကို မိမိစကား
မိမိတာဝန် ယူရမည့် ကာလအဖြစ် သတ်မှတ်သည်။
(၂) မိမိကိုယ်တိုင် ရှင်းလင်းနိုင်သော
စကားလုံးအရေအတွက် (သို့မဟုတ်) ပမာဏကိုသာ ပြောဆိုရမည်။
(၃) မိမိစကားကြောင့်
ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရ။
(၄) (ပညာရှင်များ၏ စမ်းသပ်ချက်အရ)
စကားလုံးများသည် ဓား၊ လွှ စသည်တို့နှင့် ခုတ်ထစ် ပိုင်းဖြတ်၍မရ။ မီးရှို့၍မရ။
ထို့ကြောင့် သတ်မှတ်ထားသော စကားအမှိုက်ကန်အတွင်း စနစ်တကျ စွန့်ပစ်ရမည်။
(၅) ကမ္ဘာသားတိုင်း ပုံဆွဲတတ်ရမည်။
လက်သင်္ကေတ အသုံးပြုတတ်ရမည်။ (အိမ်ထောင်စု ဝင်ငွေပေါ် မူတည်၍ သင်တန်းကြေး ကင်းလွတ်ခွင့်
ယူနိုင်သည်။)
(၆) အမိန့်တစ်စုံတစ်ရာ ထပ်မထွက်မချင်း
ဤအမိန့်သည် ဥပဒေ ကဲ့သို့ အာဏာတည်စေရမည်
၇။ စာသင်ခန်းတို့သည် တိတ်ဆိတ်ကုန်၏။
ဈေး၊ ဘူတာရုံနှင့် ကားဂိတ်များတွင် ယခင်အတိုင်း လူများကြိတ်ကြိတ် တိုးနေသော်လည်း
ဆူပူသံတို့ နည်းသွား၏။ ပုံဆွဲသင်တန်းနှင့် လက်သင်္ကေတ အသုံးပြုနည်း သင်တန်းတို့
အဆမတန် များပြားလာ၏။ စကားနည်းသောသူကို ပိုမိုချစ်ခင်လာကြ၏။ အာရုံလေးပါးဖြင့်သာ
ချစ်ကြ၏။
အဆိုတော်များကို အိမ်ထောင်ဖက်အဖြစ်
ရွေးချယ်မှု နည်းပါးလာ၏။ ရှေ့နေတို့က ပြောင်မြောက်သော ပုံများ၊ လက် သင်္ကေတများဖြင့်
လျှောက်လဲကြ၏။ အချို့သော အဆိုတော်များ စကားလုံးနင်၍ သေကြ၏။ အချင်းချင်း
အမြင်ကတ်လွန်းသော အိမ်နီးချင်းတို့သည် ညသန်းခေါင်တွင် စကားများစွာကို
အိမ်နီးချင်း အိမ်ရှေ့တွင် တီးတိုးသွားရောက် ပြောဆိုကာ ဒုက္ခပေးကြ၏။ ကျိကျိတက်
ချမ်းသာသော သူဌေးများက စကားလုံးကျုံးရန် အလုပ်သမားများစွာကို ငှားရမ်း ထားကြသောကြောင့်
အလုပ်သစ် တစ်ရပ် ပေါ်လာ၍ ကမ္ဘာ့ ဂျီဒီပီ ပိုမိုကောင်းမွန်လာ၏။ အလုပ်လက်မဲ့နှုန်း
လျော့ပါးလာ၏။ အပတ်စဉ်၊ လစဉ် စကားအနည်းဆုံး ပြောဆိုနိုင်သူဆုကို နိုင်ငံအလိုက်
ချီးမြှင့်၏။
မွေးရာပါ ဆွံ့အ နေသူတို့က
ဆုရွေးချယ်စာရင်းတွင် သူတို့မပါဝင်၍ နိုင်ငံအားလုံးမှ ဆွံ့အသူတို့ စုပေါင်းကာ
“ဒါလား ဒီမိုကရေစီ” ဟူသော ဆိုင်းဘုတ်များ ထောင်ကာ ဆန္ဒပြကြ၏။ ပင်လယ်ပြင်အတွင်း
လက်လွတ် စပယ် စကားပြောဆိုသူ များကြောင့် ထိုသစ်သား စကားလုံးများနင်ကာ ငါးကြီးများ
သေဆုံးကြရ၏။ စကားလုံးစစ်ပွဲ ဆင်နွှဲခဲ့ကြသော ဘောလုံးနည်းပြများသည်
ကယ်ရီကေးချားများကို ရေးဆွဲ၍ ဆက်လက် တိုက်ခိုက်ကြ၏။
မည်သို့မျှ ဖျက်ဆီး၍ မရသော
စကားလုံးများကို လမ်းလုပ်သားတို့က ချိုင့်ခွက်များတွင် ထည့်၍ သဲလောင်းကာ
ကတ္တရာဖြင့် လမ်းဖာကြ၏။ စကားလုံး စွန့်ပစ်မြေများကို ဝယ်ယူ၍ တန်ဖိုးနည်း
တိုက်ခန်းများ ဆောက်သော လုပ်ငန်းရှင်တို့သည် တိုက်ပြိုကျ ပျက်စီးမှုများကြောင့်
တရားရုံးသို့ ရောက်ကြရလေ၏။ “စကားတစ်လုံးဖြင့် လိုရာရောက်အောင် ပြောနည်း” ကဲ့သို့
စာအုပ်များ အလုအယက် ထွက်ပေါ်လာကြ၏။ ရောင်းကောင်း၏။ ထို့ကြောင့် “နာမ် တစ်လုံး
စိတ်ကြိုက်သုံး”၊ “အာမေဍိတ်သံ မထွက်နည်းများ”၊ “တိုထိတိကျ နာမဝိသေသန အလုံး ၁၀၀”၊
“ဘဝတွက်တာ ကြိယာ ၁၀၀” စသော စာအုပ်များ အပြိုင်းအရိုင်း ထွက်လာလေတော့၏။
ထိုအထဲတွင်“လိင် သဏ္ဌာန်ဆောင် စုတ်ချက် ရှောင်ရှားနည်းများ” စာအုပ်မှာ
ရောင်းအကောင်းဆုံး ဖြစ်ခဲ့လေ၏။ နိုင်ငံရေးသမား တချို့သည် စကားကောက်သူများအဖြစ်
ပြောင်းလဲသွားလေ၏။
ပြိုင်ဘက် နိုင်ငံရေးသမားတို့၏
လျှို့ဝှက်ခြေလှမ်းများကို သိရှိ နိုင်ရန်အတွက် စကားအမှိုက်ကန်များ နားတွင်
ရုပ်ဖျက်၍ မွှေနှောက် ထောက်လှမ်းရသောကြောင့် ဖြစ်၏။ ဆိုင်းဘုတ်များလည်း များလာ၏။
“ရုံးခန်းအတွင်း စကားမပြောရ”၊ “လမ်းမပေါ် စကားမပြောရ”၊ “ကိုယ့်စကား ကိုယ်ရှင်းပါ”၊
“သင့်စကားကြောင့် ပတ်ဝန်းကျင် ဟန်ချက်လွှဲနိုင်သည်”၊ “မြစ်အတွင်း စကား မပစ်ရ”၊
“သတ်မှတ်နေရာ အတွင်း၌သာ စကားပြော၍ ကမ္ဘာကြီးသား ပီသအောင် ပြုမူနေထိုင်ပါ”၊ “စကားသံ
ကင်းမဲ့ဇုန်”၊ “သင် စကားမည်မျှ ပြောဆိုသည်ကို နေရာတိုင်းတွင် စောင့်ကြည့်နေသည်”
စသည်ဖြင့် စုံလှပေသည်။ အိမ်များ၊ တိုက်များနှင့် ခြံဝများတွင်လည်း တစ်မျိုးတစ်ဖုံ
ချိတ်ဆွဲ လာကြ၏။
“စကားနည်းမှ အိမ်လာ”၊ “ဧည့်သည်ကောင်း
စကားနည်း၏”၊ “သတိ သင်စကားများများပြောဖို့ နေရာကျယ်ကျယ်မရှိပါ”၊ “စကားနည်းလေ
ဂုဏ်တင့်လေ”၊ “စကားပြောတတ်သလို စကားရှင်းတတ်ပါ”၊ “ဆင်ခြင်ဉာဏ်သည် ပြောဆိုသော
စကားအရေအတွက်နှင့် ညီမျှ၏” စသည်ဖြင့် များမြောင် လှပေ၏။ စည်းကမ်းမဲ့ စကားပြောဆို
သူတို့ကြောင့် လမ်းချော်၏။ ယာဉ်ကြော ပိတ်၏။ စကားလုံးများကို ခလုတ်တိုက် လဲကြ၏။
ရန်ဖြစ်လျှင် စကားလုံးများဖြင့်
ကောက်ပေါက်ကြ၏။ နိုင်ငံရေးသမားတို့ မဲဆွယ်ရာတွင် စင်ရှေ့ ကျင်း နက်နက်ကျယ်ကျယ်
တူးထားရ၏။ စကားလုံး အပုံကြီးများ ဖြစ်ပေါ်မလာစေရန် ထိုသို့ပြုလုပ်ခြင်း ဖြစ်၏။
စာရေး၊ စာဖတ်လုပ်သူများ အဆမတန် တိုးပွားလာ၏။ သို့သော်နေ့စဉ်သုံး စကားများကို
ရေးကြ၊ ဖတ်ကြခြင်းသာ ဖြစ်၏။ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အဖွဲ့များကလည်း စုပေါင်း
လမ်းလျှောက်ပွဲများ ကျင်းပ၍ စကားလုံးများကြောင့် ပတ်ဝန်းကျင် မထိခိုက်ရေး၊ ဂေဟစနစ်
မပျက်ယွင်းရေးကို ဂရုပြုကြဖို့ နှိုးဆော်ကြ၏။ တစ်ကမ္ဘာလုံးကား စကားလုံးများကြောင့်
တာဝန်များ များသထက် များလာနေကြ၏။ ကောင်းကျိုးထက် ဆိုးကျိုးများကို
ပိုမိုကြုံတွေ့လာကြရ၏။
၈။ သို့သော် ... စာဖတ်သူ
အဆွေ့အနေနှင့် စိုးရိမ်ပူပန်မှု ကြီးစွာ ဖြစ်စရာ မလိုတော့။ အဘယ့်ကြောင့်ဆိုသော် ...
ထိုကာလကား လွန်မြောက်ခဲ့ပြီး ဖြစ်လေ၏။ ကိုယ့်စကားကိုယ် တာဝန်ယူရသော ကာလကား
ကျန်ခဲ့လေပြီ။
၉။ ယခုကာလသည်ကား ...
လူသာမန်
|
Credit: The Voice Weekly Journal
No comments:
Post a Comment