Saturday, June 15, 2013

ဝတ်စားဆင်ယင်မှု ပါရာဒိုင်းအရွေ့


မန္တလေးမြို့ ကျုံးတောင်ဘက် ထောင့်တွင် ညဦးပိုင်း အချိန် ထိုင်နေကြသော ယောက်ျားလေး တစ်စုထံမှ ပြက်ရယ်ပြုဟန် ပြောဆိုသံ သဲ့သဲ့ ထွက်လာသည်။“ဟိုစော်လေးက လန်းတယ်ကွ၊ ဒီစော်က တိုက်ဂေါကြီး”ဟု ၎င်းတို့မှာ ကျုံးဘေး ပတ်လည်တွင် နောက်ဆုံးပေါ် ဆိုင်ကယ်များဖြင့် မောင်းနှင် သွားလာနေကြသော မိန်းမပျို ကလေးများကို ပြောဆိုနေကြခြင်း ဖြစ်သည်။

အဆိုပါ ဆိုင်ကယ်စီးနင်း သွားလာနေသော မိန်းမပျို ကလေးများသည် အသက်အားဖြင့် ဆယ်ကျော်သက် အရွယ်မှ အသက် ၂၀ စွန်းစွန်း အရွယ် အများဆုံး ဖြစ်သည်။ အသားဖြူဖြူ ခြေသလုံး သွယ်သွယ်၊ မျက်နှာအစ်အစ် မိန်းကလေးများနှင့် အသားညိုညက်၊ မျက်ရစ်ပေါ်ပေါ် မိန်းကလေး တို့သည် ပေါင်တံပေါ်သည့် ဘောင်းဘီတို လေးများ၊ နောက်ဆုံး ပေါ် အပေါ်ဝတ် ဆွဲသား အင်္ကျီများကို ဝတ်ဆင်လျက် ဥဒဟိုသွားလာ နေကြသည်။ အချို့သော မိန်းမပျို လေးများမှာ ဘောင်းဘီ ရှည်နှင့် အမျိုးသမီးဝတ် တီရှပ်များ၊ ထဘီစကတ်နှင့် တွဲဖက်ကာ မဝတ်အင်္ကျီများ ဝတ်ဆင် တတ်ကြသည်။

ခမ်းနားလှသည့် ရတနာပုံခေတ်က မိန်းမပျိုကလေးများသည် ပြန့်ထဘီဟု ခေါ်သော၊ ပတ်ကာ ဝတ်ဆင်ရသော၊ အလုံးပြည့် ချုပ်ထားခြင်း မရှိသည့် အောက်အနားရှည် ထဘီကို အထက်ဆင် ရှည်ကြီးများဖြင့်ပတ်ကာ ဝတ်ဆင်ခဲ့ကြသည်။ ရင်ဖုံးအင်္ကျီ၊ ဆံထုံးကြီးနှင့် ဆင်မယဉ်သာ သွားသည့် ခေတ်ဖြစ်သည်။ အင်္ဂလိပ် လက်ထက်၌ စက်ဘီး၊ ဆိုင်ကယ်များ စတင် ဝင်ရောက်လာခဲ့သည့် အချိန်မှစကာ ထဘီအလုံးပြည့်ချုပ်ကာ အောက်အနားရှည်များ ဖြုတ်ကာ ဝတ်ဆင်လာခဲ့ကြသည်။ ထို့နောက် ဘော်လီများပေါ်အောင် နိုင်လွန်အင်္ကျီများဖြင့် ဝတ်ဆင်သည့် ခေတ်၊ ထဘီတိုတို ဒူးအောက်အထိ ရောက်အောင် ဝတ်ဆင်သည့်ခေတ်၊ ယခုထဘီခြေမျက်စိ ဖုံးကာ ဒရွတ်တိုက် ဝတ်ဆင်သည့် ခေတ်ကို ရောက်ရှိလာပြန်သည်။အဝတ်အစားသည် ခေတ် တစ်ခေတ်ကို ပုံဖော်နေသည်။ ခေတ်ကြီးမှာလည်း တစ်ပတ်လည် ရစ်သိုင်းနေသည်။

ရတနာပုံခေတ်က အမျိုးသားများသည် ယောင်ထုံးနှင့် နားကပ် ဆင်မြန်းခြင်း၊ အတောင်နှစ်ဆယ် ပုဆိုးတို့ကို ရစ်ကာပတ်ကာ ဝတ်ဆင်ခဲ့ကြသည်။ အင်္ဂလိပ်ခေတ် နောက်ပိုင်းတွင် ရှပ်အင်္ကျီများ ပေါ်ထွက်လာကာ နောက်ပိုင်းတွင် တီရှပ်များ၊ စတိုင်ဘောင်းဘီများ ထပ်မံ ထွက်ပေါ်လာခဲ့ သည်။ ယခုခေတ်တွင် အောက်ရှူး ဖင်ကျပ် ဘောင်းဘီများ၊ ပွပြီးဘောင်းဘီ ခွကျကာ အောက်သို့ ပုံနေသည့် စတိုင်ဘောင်းဘီများ ပေါ်လာကာ ဆံပင်များလည်း ထိုးထိုးထောင်ထောင်နှင့် အရောင်စုံ ဖြစ်လာကြသည်။ တိုးတက်လာသော ခေတ်ရေစီးကြောင်း အလိုက် ဝတ်စားဆင်ယင်မှု ပုံစံများပါ အလိုက်သင့် ပြောင်းလဲလာသည်။

ယခု မန္တလေး၌ ခေတ်စားနေသော ဝတ်စားဆင်ယဉ်မှုမှာ ဘောင်းဘီတို အောက်ရှူး ဖင်ကျပ် ဘောင်းဘီရှည်၊ စကတ်တို၊ တစ်ဆက်တည်း ဝတ်ဆင်ရသည့် ဒူးဖုံးသည့် ဆွဲသားဂါဝန်တို၊ အင်္ကျီဆွဲသားများ အကြိုက်များကြပြီး ယခုနောက်ပိုင်းတွင် ခါးပေါ်သည့် အင်္ကျီများ ဝတ်ဆင်လာကြကြောင်း၊ လူငယ်ဟုခေါ်သော ဆယ်ကျော်သက်မှ အသက်အလတ်ပိုင်းထိ အများဆုံးဝတ်စား ဆင်ယင်ကြကြောင်း မန္တလေးမြို့ပေါ်ရှိ လူငယ်များထံမှ သိရသည်။

“အဝတ်အစားတွေက ဒီဇိုင်း အမျိုးမျိုးရှိတဲ့ ဘောင်းဘီတိုတွေ၊ နောက်တစ်ဆက်တည်း ဆွဲသား ဂါဝန်တွေ အရမ်း ရောင်းရတယ်။ မန္တလေးဘက်ကျတော့ တရုတ်ဘက်က အဝတ်အစားတွေ အဝင်များတယ်။ မန္တလေး အဝတ်အထည် ဈေးကွက်ကတော့ ၉၀ ရာခိုင်နှုန်း တရုတ်ထည်တွေပဲ”ဟု မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၆၂ လမ်းမကြီးပေါ်ရှိ Fashion ဆိုင်ပိုင်ရှင် တစ်ဦးက ဆိုသည်။ အဝတ်အစားများမှာ အလွယ်တကူ ဝယ်ယူ ဝတ်ဆင်နိုင်သည့် ဈေးနှုန်းလည်း ရှိသဖြင့် လူငယ်အကြိုက် ဒီဇိုင်းများ ပျံ့နှံ့မှုမှာ လျင်မြန်ခြင်း ဖြစ်ကြောင်း မန္တလေးမြို့  နည်းပညာ တက္ကသိုလ်တွင် တက်ရောက်နေသူ ကျောင်းသူ တစ်ဦးက ဆိုသည်။ “မြန်မာဝတ်စုံတွေ ချုပ်ဝတ်ကြပေမယ့် တချို့ကအပေါ်ပိုင်း ဖော်ကြတယ်။

ရင်ဟိုက်တွေ ဝတ်ကြတယ်။ နေရာကို လိုက်ပြီး ဝတ်စားဆင်ယင်ရမှာ ဖြစ်တယ်၊ ဘုန်းကြီး ဆွမ်းကပ်တွေ ဘာတွေဆို ဒါမျိုးတွေ မဝတ်သင့်ဘူး။ ဒါတွေကို ဝတ်တော့ ဘုန်းကြီးတွေ အတွက်လည်း ဘယ်လိုအနေ အထားမျိုးနဲ့ အဆင်ပြေတော့မလဲ”ဟု မန္တလေးမြို့ခံ စာရေးဆရာ ဆူးငှက်က ဆိုသည်။ မန္တလေးမြို့သည် ဆိုင်ကယ်မြို့တော် ဖြစ်သည့်အလျောက် ဘောင်းဘီတို၊ စကတ်တိုများဖြင့် သွားလာပါက သရုပ်ပျက်သည့် ပုံစံများ ဖြစ်ပေါ်ကြောင်း၊ ရန်ကုန်မြို့သည် ဖွံ့ဖြိုးသည့် မြို့တော် ဖြစ်သည့်အပြင် လိုင်းကား၊ TAXI များစီးကာ သွားလာကြသဖြင့် အဆိုပါ အတိုအပြတ်များ ဝတ်ပါက အခြေအနေ အလွန် မဆိုးသေးကြောင်း စာရေးဆရာဆူးငှက်က ပြောဆိုသည်။

မန္တလေးသည် ပူပြင်းပြီး ဆိုင်ကယ် စီးသည့် မြို့တော် ဖြစ်သဖြင့် မျက်နှာအုပ်များ တပ်ဆင်ခြင်း၊ လက်ကာများ ဝတ်ခြင်းများဝတ်ကာ သွားလာကြကြောင်း၊ ယခု နောက်ပိုင်းတွင် အမျိုးသမီးငယ်များမှ အင်္ကျီလက်ရှည်များကို ပြောင်းပြန် အနေအထားဖြင့် ဝတ်ဆင်ကာ ဆိုင်ကယ် မောင်းနှင်မှုများကို တွေ့ ရှိလာရကြောင်း မန္တလေး မြို့ခံ လူမှုပရဟိတ လုပ်ငန်းများအရေး ဆောင်ရွက်သူ ဦးမင်းထက်ငြိမ်းချမ်းက ဆိုသည်။ 

“အင်္ကျီ နောက်ပြန်ဝတ်တယ်ဆိုတာ မြန်မာတွေအယူမှာ သေမှဝတ်တာ။ ခုဟာက ဘာမှန်းမသိဘူး။
အဲ့ဒါကို ဖက်ရှင်ပုံစံ မျိုးလုပ်ပြီး ဝတ်နေကြတယ်။ ဒါမျိုးတွေက မလုပ်သင့်ဘူး။ အပေါ်ကတော့ အကာအကွယ်တွေနဲ့ ဝတ်လို့ဆင်လို့ အောက်ပိုင်းမှာ ဘောင်းဘီတိုနဲ့ ဘယ်လို လူမြင်သင့် တော့မလဲ” ဟု ဦးမင်းထက်ငြိမ်းချမ်းက ပြောဆိုသည်။ ကမ္ဘာကြီးမှာ ရွာကြီးမှ ရပ်ကွက်တစ်ခုအလား တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ယဉ်ကျေးမှုများ ကူးစက်မှု မြန်ဆန်လာလျက် ရှိရာ မြန်မာနိုင်ငံတွင်လည်း ဝတ်စားဆင်ယင်ပုံများ ကိုရီယန်နိုက်ဇေးရှင်း (ကိုရီးယား ဝတ်စားပြုမူပုံ) ဘက်သို့ ပြောင်းလဲလာသည်မှာ နှစ်ကာလ ကြာမြင့်လာပြီ ဖြစ်သည်။ ယခုအခါ အင်တာနက်ကိုလည်း အလွယ်တကူ သုံးစွဲလာနိုင်ပြီ ဖြစ်ရာ ယင်းတို့မှတစ်ဆင့် လူငယ်များမှာ အခြားနိုင်ငံများရှိ ဝတ်စားနေထိုင်ပုံများကို အတုယူ မှားလာကြသည် များကိုလည်း တွေ့မြင်လာရသည်။

. မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဖြစ်သော သီပေါမင်း စံမြန်းခဲ့ရာ မန္တလေးမြို့တော်တွင် အငြိမ့်သဘင်မှာ လေးဖွဲ့ခန့်သာ ကျန်တော့သည်။ အငြိမ့် ငှားရမ်းမှုမှာလည်း နည်းပါးလာပြီး အဆိုပါ အငြိမ့်သဘင်များ၊ ဇာတ်သဘင်များသည် အနောက်တိုင်း ဖျော်ဖြေမှုများကို သဏ္ဌာန်လုပ် သရုပ်တူအောင် ဝတ်ဆင်ကာ ဖျော်ဖြေလာကြသည်။ အငြိမ့်၊ဇာတ်သဘင် ဖျော်ဖြေမှုသည် မန္တလေးမြို့၌ အရေးပါသော ကဏ္ဍတစ်ရပ် အဖြစ် ရပ်တည်ရန် ခက်ခဲလာသည်။ “ကျွန်တော်တို့က ခေတ်ရေစီးကြောင်းအရ ဖျော်ဖြေရတာတွေ ရှိတယ်။ အဲဒါကို ပရိသတ်ကြီးက နားလည်ပေးဖို့ လိုတယ်။ အဲ့လိုမှ မလုပ်ရင်လည်း ကျွန်တော်တို့ ဇာတ်သဘင်တွေ ရပ်တည်ဖို့ ခက်ခဲသွားမယ်။ လူငယ်တွေ ခေတ်ဆန်ကြတာ ကျွန်တော် နားလည်ပါတယ်။
ဒါပေမဲ့အောက်ခံ ဘောင်းဘီတွေပေါ်အောင် ဝတ်ကြတာတော့ ကျွန်တော် မကြိုက်ဘူး”ဟု ဇာတ်မင်းသား ဝင်းနောင် ကဆိုသည်။ “ဖော်ဝတ်ကြတယ် ဆိုတာကတော့ တကယ်တော့ လူတွေကြည့်တာ ခံချင်လို့ပါ၊ လူကြည့်တယ်ဆိုတာ ကောင်းတာပဲ။ လူတိုင်းလည်း စိတ်ဝင်စား ခံချင်ကြတယ်”ဟု မန္တလေးမြို့ခံ ရတနာပုံတက္ကသိုလ် ပထမနှစ် အဝေးသင်ကျောင်းသူ တစ်ဦးကဆိုသည်။ ဝတ်စားဆင်ယင်မှုသည် မိမိ၏ ကိုယ်ကျင့်တရားနှင့် မသက်ဆိုင်ကြောင်း၊ ယင်းတို့မှာ ခေတ်မီသော ခေတ်ရေစီးကြောင်းမှ လူငယ်များ ဖြစ်ကြောင်း၊ မည်မျှပင် လုံခြုံသော အဝတ်အစားပင် ဝတ်ဆင်စေကာမူ မိမိ၏ အနေအထိုင် အပြုအမှုသည် လော်လည်သော အမူအကျင့် ဖြစ်ပါက ဣနြေ္ဒမဲ့စေ နိုင်ကြောင်း မန္တလေးမြို့ခံ ကျောင်းသား၊ ကျောင်းသူများ အသိုင်းအဝိုင်းထံမှ သိရသည်။
“တကယ်တော့ လူငယ်တွေက ခေတ်မီတာနဲ့ ခေတ်ဆန်တာကို မကွဲဘူး၊ ခေတ်မီတယ်ဆိုတာ ဦးနှောက်က၊ အသိပညာက ခေတ်ရေစီးကြောင်းကို လိုက်ပြီး သိနေတာ၊ ခေတ်ဆန်တာကတော့ အပြင်ပိုင်း ပြင်ဆင်မှု တစ်ခုကိုပဲ နိုင်ငံတကာဆိုပြီး ဝတ်ဆင်နေထိုင် နေကြတာပါ၊ ဥပမာ- ဒေါ်အောင်ဆန်းစုကြည်၊ သူက ခေတ်မီတယ်၊ သူ့ဦးနှောက် အတွေးအခေါ်တွေက အဆင့် မြင့်လို့ နိုင်ငံတကာက တောင်သူ့ကို လေးစားကြတယ်။
ဒါပေမဲ့သူ ဝတ်စားဆင်ယင်မှုက မြန်မာ ရင်ဖုံးအင်္ကျီနဲ့ထဘီ၊ ခေါင်းမှာပန်း ပန်ထားတယ်။ အဲ့ဒါကိုကြည့်ပါ”ဟု ဆရာ ဆူးငှက်က ထပ်လောင်း ပြောကြားသည်။ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၊ တိုင်းရင်းသား တစ်စုတွင် ယင်းတို့၏ ယဉ်ကျေးမှုရှိသည်။ ယဉ်ကျေးမှုသည် ဘာသာစကား၊ ကိုးကွယ် ယုံကြည်မှု၊ ဝတ်စားဆင်ယင်မှု စသည်ဖြင့် ကိုယ်စီရှိ ကြသည်။ နိုင်ငံတစ်နိုင်ငံတွင် ယဉ်ကျေးမှု ပျောက်ပါက လူမျိုးပါ ပျောက်နိုင်သည်။ ထို့ကြောင့် မိမိယဉ်ကျေးမှုကို ထိန်းသိမ်းရန် များစွာလိုအပ်သည်။
“နိုင်ငံကသာ ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ ပုံရိပ်က ယောက်ျားလေးဆို တိုက်ပုံနဲ့ပုဆိုး၊ မိန်းကလေးဆို ရင်ဖုံးအင်္ကျီ၊ ချိတ်ထဘီလို့ နိုင်ငံတကာက တို့နိုင်ငံရဲ့ ပုံရိပ်ကို သိကြတာပါ၊ အဲဒါပုံရိပ်ပဲ ရှိပြီး မထိန်းသိမ်းရင် လူမျိုးပျောက်သွားမယ်။ ကိုရီးယားတို့ ဂျပန်တို့တောင် ဘယ်ဇာတ်ကားကို ကြည့်ကြည့် သူတို့ရဲ့ရိုးရားဝတ်စုံနဲ့ အစားအသောက်တွေကို တစ်ခန်းဖြစ်ဖြစ် ပါအောင် ထည့်ကြတယ်” ဟုဆရာဆူးငှက်က ဆိုသည်။
အမျိုးသမီးများ ရိုးရာဝတ်စား ဆင်ယင်မှုကို ထိန်းသိမ်းရန်၊ သရုပ်ပျက် အဝတ်အစားများ မဝတ်ကြရန် တိုက်တွန်းနှိုးဆော်သည့် တမာရိပ် အဖွဲ့ကလည်း ပြီးခဲ့သည့် သင်္ကြန်ချိန်ခါတွင် အဆိုပါ ဝတ်စားဆင်ယင်မှု ထိန်းသိမ်းကြရန် သံချပ်များထိုး ခဲ့ကြသည်။ ၁၉၈၀ ပြည့်လွန်နှစ်များအထိ ရွှေ ခါးပတ်၊ ရွှေခြေကျင်း၊ ချိတ်ထဘီများ ဝတ်ဆင်ခဲ့ကြသည့် မန္တလေးသူများ၏ ဝတ်စားဟန်မှာ ခေတ်ကာလ ပြောင်းလဲလာသော်လည်း ထိုကဲ့သို့ အပြည့်အစုံ မဟုတ်သော်လည်း ရွှေခါးပတ် ပတ်သူ၊ ရွှေခြေချင်း ဝတ်သူ စသကဲ့သို့ ဝတ်စားသူများ ယနေ့အချိန်ထိ ရှိနေသေးသည်။
ဝတ်စားဆင်ယင်မှု ပါရာဒိုင်း အရွေ့တွင် လူတိုင်း အလိုက်သင့် စီးမျော နေကြသော်လည်း အဝတ်အစား များကို နေရာဒေသ အလိုက် ကိုက်ညီစွာ ဝတ်ဆင်ရန်၊ အန္တရာယ်ကို ဖိတ်ခေါ်မိသော ဝတ်ဆင်မှု၊ နေထိုင်ပြောဆိုမှုများ ဆင်ခြင်ရန် လိုအပ်လှပါသည်။ ညမှာ တဖြည်းဖြည်း နက်လာသည်။ မန္တလေးကျုံး တောင်ဘက်ထောင့်တွင် ထိုင်နေကြသော လူငယ်အုပ်စုမှ ကျယ်လောင်သော အသံများ ဟိန်းထွက်လာကာ လမ်းမပေါ် သွားလာနေကြသော မိန်းကလေးများနှင့် ပတ်သက်၍ မှတ်ချက် အမျိုးမျိုး ပေးနေကြသည်။ လမ်းမပေါ် ဆိုင်ကယ်များနှင့် စည်ကားနေဆဲ။ ရှေးမြန်မာ ယဉ်ကျေးမှု အမွေအနှစ် များစွာရှိသော မန္တလေးမြို့ညမှာ ခေတ်ပေါ် နီယွန်မီးရောင် အောက်တွင် လှပခမ်းနားစွာ တည်ရှိနေသည်။ 
ရွှေရည်
Credit: The Voice Weekly Journal

No comments: