အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး
ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်သည် ပြည်ပ ခရီးစဉ် တစ်ခုတွင် ၎င်းအနေနှင့် ၂၀၁၅
ခုနှစ်တွင် သမ္မတဖြစ် လိုကြောင်း ပြောကြားခဲ့ပြီး၂၀၁၃ ခုနှစ် ဇွန် လဆန်းက
နေပြည်တော်တွင် ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်၌ သတင်းဌာန တစ်ခု၏ မေးမြန်းချက်ကို
ဖြေကြား ရာတွင်လည်း အလားတူ ဖြေကြား ခဲ့ပါသည်။ ထို့အပြင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ
သူရဦးရွှေမန်း ကလည်း ၎င်း၏ အမေရိကန် ခရီးစဉ်တွင် RFA သတင်းဌာန၏ အမေးကို ဖြေကြားရာ၌
၎င်းအနေနှင့် သမ္မတ လုပ်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့ သည်ဟု သိရှိရပါသည်။
ကျွန်တော်တို့ ငယ်စဉ် လူမှန်း မသိတသိ
အချိန်တွင် မိဘ ဆွေမျိုးသား ချင်းများက “လူလေးကြီးရင် ဘာလုပ်မယ်” ဟူသော
မေးခွန်းမျိုး မကြာခဏ အမေးခံခဲ့ ရဖူးပါသည်။ ထိုစဉ်က ငယ်လည်း ငယ်သေး သဖြင့်
မည်မည်ရရ အဖြေ မပေးနိုင် ခဲ့ပါ။ ကိုယ်နှင့် နီးစပ်ရာ များကိုသာ ကြည့်၍ အားကျမိကျရာ
“ဆရာဝန်ကြီး လုပ်ချင်တယ်” ၊ “စစ်ဗိုလ်ကြီးလုပ်မယ်” ၊ “ အင်ဂျင်နီယာကြီး
ဖြစ်ချင်တယ်” ဟူ၍သာ ဖြေကြားခဲ့ကြပါသည်။ သို့သော် အရွယ်ရောက်လာ၍ အတန်းပညာ
အသင့်အတင့် ရှိလာသော အချိန် တွင် ကိုယ်ဝါသနာ ပါရာ လုပ်ငန်း၊ သို့မဟုတ် ဘဝတွင်
တက်လမ်းရှိရာ လုပ်ငန်း၊ သို့မဟုတ် ဝင်ငွေ ကောင်းသည့် လုပ်ငန်းတို့ကို စိတ်ကူးယဉ်
အိပ်မက် မက်ကြပြန် ပါသည်။
လောကတွင် စိတ်ကူးယဉ် အိပ်မက်
အဆင့်ကိုလည်း မကျော်လွန်နိုင်၊ မိမိ ဖြစ်ချင် လုပ်ချင်သည် တို့ကို လည်း လက်တွေ့
အကောင်အထည် မဖော်နိုင်ဘဲ စိတ်ကူးယဉ် သံသရာထဲမှာပင် ဘဝကို ရေစုံမျော လိုက်နေကြသူ
အမြောက်အမြား ရှိကြသကဲ့သို့ မိမိဖြစ်ချင်သည်ကို ကြီးမားသော ရည်မှန်းချက်ထား ရှိကာ
မဖြစ်မနေ တစိုက်မတ်မတ် အောင်မြင်အောင် ကြိုးပမ်းအားထုတ် အကောင်အထည်ဖော်ကြသူ
အနည်းစုလည်း ရှိကြပါသည်။
အောင်မြင်လိုသူ အများစုမှာ မိမိ
တစ်ကိုယ်ရေအတွက်နှင့် မိမိ၏ မိသားစု ဆွေမျိုးအသိုင်းအဝိုင်း အတွက် မျှလောက်သာ
ရည်ရွယ်ချက် ထားရှိကြပြီး အောင်မြင်မှုနှင့် အတူ ကျော်ကြားမှုကိုလည်း မက်မောစွာ
လိုချင်ကြပါသည်၊ သို့သော် မည်သူ တစ်စုံတစ်ယောက်ကမျှ “ကျွန်တော်၊ ကျွန်မ
ကျော်ကြားချင်ပါတယ်” ဟူ၍ မပြောပါ၊ အလွန်နည်းသော အရေအတွက်သာလျှင် ရရှိလာသော
အောင်မြင်မှုကို အများ အကျိုးအတွက် ကြီးမားသော ရည်ရွယ်ချက်ထားရှိကာ မိမိ၏
ကိုယ်ကျိုးကို စွန့်လွှတ်၍ အနစ်နာခံနိုင်ကြပါသည်။ ၎င်းတို့သည် ကျော်ကြားမှုကိုလည်း
မက်မောသူများ မဟုတ် ကြပါ။
အချို့သော ရည်မှန်းချက်
ပန်းတိုင်တို့သည် မိမိကိုယ်တိုင် ဝါယမစိုက်ထုတ် ကြိုးပမ်းဆောင်ရွက် ရန်သာ
လိုအပ်သော်လည်း အနုပညာရှင်များနှင့် နိုင်ငံရေးသမားများအတွက်မူ အောင်မြင်မှု
ရရှိရန် အများ၏ ထောက်ခံအားပေးမှု လိုအပ်ပါသည်။ အောင်မြင်မှုပန်းတိုင်ဟု
ဆိုရာတွင်လည်း သာမန် အားဖြင့် လူတစ်ဦးသည် သူဖြစ်ချင်သည့် အခြေအနေ၊ အဆင့်အတန်း၊
ဝင်ငွေ၊ ပရိသတ် ရရှိလျှင် အောင်မြင်ပြီဟု ဆိုနိုင်သော်လည်း တိုင်းကျိုးဆောင်၍
ပြည်ကျိုးပြုရန် ဆန္ဒရှိသူ နိုင်ငံရေးသမား တစ်ဦး အတွက်မူ လွှတ်တော် ကိုယ်စားလှယ်
ဖြစ်ရုံ၊ ဝန်ကြီးဖြစ်ရုံ၊ သမ္မတ ဖြစ်ရုံမျှဖြင့် ပြည့်စုံ လုံလောက်သည် မဟုတ်ပါ။ ၎င်း၏
အန္တိမ ရည်မှန်းချက်ဖြစ်သော နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏
စားဝတ်နေရေး ပြေလည်စေရေး၊ လူနေမှု အဆင့်အတန်း မြင့်မားရေး စသည်တို့ကဲ့သို့
နိုင်ငံရေး ရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်
ဆောင်ရွက်နိုင်မှသာလျှင် ၎င်းအနေနှင့် အောင်မြင်မှု ပန်းတိုင်သို့ ရောက်ရှိသည်ဟု
ဆိုနိုင်ပါသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက
သမ္မတဖြစ်မှ ပြည်သူ၏ အကျိုးကို ပိုမိုဆောင်ရွက်နိုင်မည် ဆိုလျှင်
သမ္မတဖြစ်ချင်ကြောင်း ပြောကြားသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းပြည် အကျိုး
ပြည်သူ့ အကျိုးကို သယ်ပိုး ဆောင်ရွက်နိုင်ရန်အတွက် ပိုမို လုပ်ပိုင်ခွင့်ရှိသည့်
သမ္မတအဖြစ် ကို ရလိုကြောင်း ပြောကြားခဲ့ဖူးပါသည် (စကားလုံး အတိအကျ မဟုတ်ပါ)။
ဤသို့ဆိုလျှင်၂၀၁၅ ခုနှစ်တွင်
သမ္မတဖြစ်ရန် ဆန္ဒရှိသူ နှစ်ဦးမှာ သမ္မတဖြစ်ချင်ရုံ သက်သက် မဟုတ်ဘဲ နိုင်ငံနှင့်
ပြည်သူ့အကျိုးကို သယ်ပိုးရန်ဖြစ်ရာ ပြည်သူ တစ်ဦးအနေနှင့် ကြိုဆိုပါသည်။
လက်ရှိသမ္မတကြီး ဦးသိန်းစိန်ကလည်း ကျန်းမာရေးကောင်း၍ ပြည်သူကလည်း လိုအပ်လျှင်
ဆက်လက် တာဝန် ထမ်းဆောင်သွားရန် ဆန္ဒရှိကြောင်း ယခင်က အမေးအဖြေ တစ်ခုတွင် ဖြေကြား
ခဲ့ဖူးပါသည်။ သို့ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျွန်တော်တို့ နိုင်ငံတွင်
ပြည်သူက ကြိုက်တိုင်း လည်း သမ္မတ မဖြစ်နိုင်ပါ။ သမ္မတရွေးချယ်ရေးအဖွဲ့ သုံးဖွဲ့က
ဒု-သမ္မတ သုံးဦးကို ရွေးချယ်၍ ပြည်ထောင်စု လွှတ်တော်က နိုင်ငံတော်သမ္မတကို ထပ်ဆင့်
ရွေးချယ်ပါသည်။
"အကယ်၍ သမ္မတဖြစ်မည့်သူ၏
သား၊ သမီးတို့သည် မြန်မာနိုင်ငံသားများ ဖြစ်ကြသော်လည်း နိုင်ငံနှင့် ပြည်သူကို
အကျိုး မပြုသည့်အပြင် ပြည်သူ့ အကျိုးစီးပွားကို မျက်ကွယ်ပြုကာ ကိုယ်ကျိုး
စီးပွားကို ရှေ့တန်း တင်လွန်းသူများ ဖြစ်ပါက ...
" ဒေါ်အောင်ဆန်းစုကြည်မှာ
ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၅၉)၊ ပုဒ်မခွဲ (စ) အရ သမ္မတအဖြစ် ရွေးချယ်ခံ
ပိုင်ခွင့်မရှိပါ။ သူ၏ သားနှစ်ဦးမှာ အင်္ဂလန်နိုင်ငံသားများ ဖြစ်နေသည့် အတွက်ကြောင့်
ဖြစ်ပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စမှာ ပြည်ထောင်စုလွှတ်တော်နှင့်
ပြည်သူတို့၏ ဆန္ဒသာ ဖြစ်ပါသည်။
အကယ်၍ သမ္မတဖြစ်မည့်သူ၏ သား၊
သမီးတို့သည် မြန်မာနိုင်ငံသားများ ဖြစ်ကြသော်လည်း နိုင်ငံနှင့် ပြည်သူကို အကျိုး
မပြုသည့်အပြင် ပြည်သူ့ အကျိုးစီးပွားကို မျက်ကွယ် ပြုကာ ကိုယ်ကျိုး စီးပွားကို
ရှေ့တန်း တင်လွန်းသူများ ဖြစ်ပါက မည်သို့ စဉ်းစားကြမည်နည်း။ မည်သို့ပင်ဖြစ်စေ
နိုင်ငံ၏ ဦးသျှောင်ဖြစ်မည့်သူကို ရွေးချယ်ရာတွင် သား၊ သမီးကိစ္စကို ထည့်သွင်း
စဉ်းစားသင့်သည်ဟု ယူဆပါသည်။ ယနေ့ မြန်မာနိုင်ငံတွင် ဥပဒေကို မထေမဲ့မြင်ပြုသူများ၊
ပြည်သူကို အလေးမထား စော်ကားမော်ကား ပြုနေကြသူများမှာ မည်သူတွေ ဖြစ်သည်ကို
ပြည်သူများ သိကြ ပါသည်။ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်သူက
ကြိုက်နှစ်သက်သောသူကို သမ္မတအဖြစ် တိုက်ရိုက် တင်မြှောက်ခွင့် မရှိသည်ကိုလည်း
အခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးစားနေသူများ သတိပြုဖွယ် ဖြစ်ပါသည်။
ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်
နိုင်ငံတော်သမ္မတ ဖြစ်ရန်အတွက် ကန့်သတ်ချက်များ ရှိပါသေးသည်။ ဖွဲ့စည်းပုံ
အခြေခံဥပဒေ အခန်း (၃)၊ ပုဒ်မ(၅၉)၊ ပုဒ်မခွဲ(ဃ)တွင် နိုင်ငံတော် သမ္မတသည်
‘နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် စစ်ရေး အမြင်’ ရှိရမည် ဟူ၍
ပြဋ္ဌာန်းထားပါသည်။ ဤနေရာတွင် ‘စစ်ရေးအမြင်’ နှင့် ပတ်သက်၍ ကျွန်တော် နားလည်သလောက်
ဆွေးနွေးရလျှင် နိုင်ငံ တစ်နိုင်ငံသည် စစ်အင်အား ကြီးမားရမည်၊ စစ်လက်နက်ပစ္စည်း
အထူးသဖြင့် ခေတ်မီ စစ်လက်နက် ပစ္စည်း တပ်ဆင်နိုင်ရမည်၊ သို့မှသာ အိမ်နားနီးချင်း
နိုင်ငံများ အပါအဝင် ဒေသတွင်း နိုင်ငံများအလယ် တွင် ခံ့ညားမည်ဟူသော ၁၈ ရာစု၊ ၁၉
ရာစုက အယူအဆကို ကျွန်တော်တို့နိုင်ငံ ခေါင်းဆောင်ဟောင်း များ လက်ခံ နားလည်
ကျင့်သုံးကြသည်ဟု ကျွန်တော် ယူဆပါသည်။
အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင်
၁၉၆၂ ခုနှစ်မှစ၍ စစ်ရေးအမြင်ရှိသူများက နိုင်ငံကို အုပ်ချုပ်ခဲ့ရာ စစ်ရေး
အသုံးစရိတ် များ တိုးမြှင့် သုံးစွဲခဲ့ပြီး စစ်အင်အားများ တိုးချဲ့
ဖွဲ့စည်းခဲ့ခြင်း၊ ခေတ်မီ (မြန်မာနိုင်ငံအတွက် ခေတ်မီ သော်လည်း
အခြားနိုင်ငံများအတွက် ခေတ်မမီတော့သော) လက်နက်များကို ဈေးနှုန်း မြင့်မားစွာဖြင့်
ဝယ်ယူ တပ်ဆင်ခဲ့ခြင်း စသည်တို့ကြောင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အဘက် ဘက်က
နိမ့်ကျခဲ့ပြီး ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဖြစ် စာရင်းဝင် ဖြစ်ခဲ့ရသည့်အတွက်ကြောင့်
ဖြစ်ပါသည်။
ရှေးယခင်က နိုင်ငံရေးအရ ဖြစ်စေ၊
စီးပွားရေးအရ ဖြစ်စေ အင်ပါယာ ချဲ့ထွင်လိုပါက စစ်အင်အားကို သာလျှင်
အသုံးပြုခဲ့ကြပါသည်။ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ် အပါအဝင် ကြီးမားသော စစ်ပွဲကြီး
များကို ကမ္ဘာ့ပြည်သူများ ခါးသီးစွာ ခံစားခဲ့ကြရပါသည်။ သို့ဖြစ်၍ ၂၀ ရာစု
နှောင်းပိုင်း ကာလများမှစ၍ နိုင်ငံ တစ်နိုင်ငံမှ အခြားနိုင်ငံ တစ်နိုင်ငံသို့
အကြောင်းမဲ့ စစ်အင်အား အသုံးပြု၍ ဝင်ရောက်ကျူးကျော် သိမ်းပိုက်ခြင်းမျိုး
မရှိတော့ပါ။ စီးပွားရေး စစ်ပွဲ၊ ယဉ်ကျေးမှု စစ်ပွဲများ ဆင်နွှဲ၍ သာလျှင် နိုင်ငံ
တစ်နိုင်ငံကို ဝါးမျိုခြင်း ပြုကြသည်။
တစ်ဖက်တွင်လည်း အိမ်နီးနားချင်း
ဆွေမျိုးပေါက်ဖော် နိုင်ငံကြီးက မြန်မာနိုင်ငံကို အနီးကပ် စီးပွားရေး စစ်ပွဲ
ဆင်နွှဲခဲ့ရာ မြန်မာနိုင်ငံမှ သစ်တောကြီးများ၊ ကျောက်သံ ပတ္တမြားနှင့် သဘာဝဓာတ်ငွေ့များ
ကုန်ခန်းလုနီးပါး ဖြစ်ခဲ့ရပြီး အပြန်အလှန် အကျိုးအမြတ်အဖြစ် စားသုံးရန်
မသင့်လျော်သော စားသောက်ကုန်များ၊ အရည်အသွေး နိမ့်ကျသည့် လူသုံးကုန် ပစ္စည်းများ၊
လမ်းပေါ်တွင် မကြာခဏ ပျက်နေသည့် လူစီးနှင့် ကုန်တင်ယာဉ်များ၊ သတ်မှတ်ထားသည့်
မဂ္ဂါဝပ်အတိုင်း မထွက်ရှိသည့် ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများနှင့်
ယခုနောက်ဆုံး မိုင်းဆတ်နှင့် ကော့သောင်းမြို့တို့တွင် ပြေးလမ်းချော်သည့် ဖြစ်စဉ်
ပေါ်ပေါက်ခဲ့သည့် MA 60 အမျိုးအစား လေယာဉ်များပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် နှစ်၂၀ ခန့်ကြာ
စီးပွားရေး စစ်ပွဲတွင် အရှုံးကြီး ရှုံးခဲ့ရပါသည်။ မည်သည့် စစ်ရေး အမြင်ရှိသူ
တစ်ဦးကမျှ စီးပွားရေး စစ်ပွဲကို နိုင်အောင် မစွမ်းဆောင်နိုင်ခဲ့ကြပါ။ ယဉ်ကျေးမှု
စစ်ပွဲတွင်လည်း မြန်မာတို့ အရှုံးကြီးရှုံး၍ မယားငယ်၊ လင်ငယ် ပြဿနာများ၊ မိန်းကလေး
တန်မဲ့ အရက်၊ ဘီယာ သောက်စားလာမှုများ၊ ဒူးပေါ်၊ ပေါင်ပေါ် ဝတ်ဆင်လာမှုများသည် သက်သေ
အထင်အရှားပင် ဖြစ်ပါသည်။ စိတ်ဓာတ် သေဆုံးခြင်းနှင့် ယဉ်ကျေးမှု
ကွယ်ပျောက်ခြင်းတို့ကို စစ် မြေပြင်တွင် ကျရှုံးခြင်းနှင့် နှိုင်းယှဉ်
ကြည့်နိုင်ပါသည်။
စီးပွားရေး အမြင်ရှိခြင်းနှင့်
ပတ်သက်၍ ဆွေးနွေးရပါလျှင်လည်း မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ပါတီက ကျင့်သုံး ဆောင်ရွက်ခဲ့သည့်
ဗဟိုဦးစီး စီမံကိန်း စီးပွားရေးစနစ် မအောင်မမြင်ဖြစ်ကာ ဆုံးရှုံးမှုများစွာ
ကြုံတွေ့ခဲ့ရပြီး ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မပီပြင်သော တံခါးဖွင့်
စီးပွားရေးဝါဒ (ဝါ)လက်ဝါးကြီး အုပ် ဈေးကွက် စီးပွားရေးဝါဒကို ဆက်လက်
ကျင့်သုံးခဲ့ရာ လုပ်ပိုင်ခွင့်ရှိသူနှင့် ရင်းနှီးသူ(ခရိုနီ)များ သာလျှင်
လုပ်ပိုင်ခွင့် ရှိသူများနှင့်အတူ များပြားသော ဓနဥစ္စာများကို ပိုင်ဆိုင်သွားကြပြီး
ပြည်သူများ မှာ ဆင်းရဲသည်ထက် ပိုမို ဆင်းရဲသော ဘဝများသို့သာ ရောက်ရှိခဲ့ရပါသည်။
၁၉၈၈ ခုနှစ်မှသည် ၂၀၁၁ ခုနှစ်အတွင်း
အုပ်ချုပ်ခဲ့ကြသော အုပ်ချုပ်ရေး အမြင်ရှိသူများ ကြောင့်လည်း အဂတိ လိုက်စားမှုများ၊
လာဘ်ပေး လာဘ်ယူမှုများမှာ နိုင်ငံ ၁၇၆ နိုင်ငံအနက် အဆင့် ၁၇၀ ကျော် တွင်
ရှိနေကြောင်း ၁၁.၆.၂၀၁၃ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖတ်ရှုလိုက်ရပါသည်။
ဤသို့ဆိုလျှင်... ၂၀၁၅ ခုနှစ်၌ ... (အကယ်၍သာ နိုင်ငံတော်သမ္မတကို ပြည်သူက
လွတ်လပ်စွာ တိုက်ရိုက် ရွေးချယ် တင်မြှောက်ခွင့်သာ ရမည်ဆိုပါက)...
သမ္မတတစ်ဦးအဖြစ် မည်ကဲ့သို့သော
ပုဂ္ဂိုလ်မျိုးကို ရွေးချယ်သင့်ကြောင်း အကြံပြု တင်ပြရမည်ဆိုပါက... -အဂတိ
လိုက်စားမှုနှင့် လာဘ်ပေး လာဘ်ယူ ကင်းရှင်းပြီး ကောင်းမွန်သော အုပ်ချုပ်ရေးနှင့်
သန့်ရှင်းသော အစိုးရမျိုးကို ဖော်ဆောင်နိုင်မည့် ပြည်သူကို ဗဟိုပြုသော
‘အုပ်ချုပ်ရေးအမြင်’ ရှိသည့် ပုဂ္ဂိုလ်မျိုးကို သမ္မတအဖြစ် ရွေးချယ်သင့်ပါသည်။
အိမ်နီးချင်း နိုင်ငံများနှင့်လည်း
အဆင်ပြေ၊ ကမ္ဘာ့နိုင်ငံများနှင့်လည်း သဟဇာတဖြစ်ပြီး ပြည်တွင်းရှိ
တိုင်းရင်းသားများကလည်း လေးစားသူ၊ ပြည်တွင်းပြည်ပ ငြိမ်းချမ်းရေးကို
ဖော်ဆောင်နိုင်မည့် ‘နိုင်ငံရေးနှင့် စစ်ရေးအမြင်’ ရှိသူမျိုးကို
ရွေးချယ်သင့်ပါသည်။ -မြေပေါ် မြေအောက် သယံဇာတများကို အဆင်အခြင် ကင်းမဲ့စွာ
ထုတ်ယူသုံးစွဲခြင်း မပြုဘဲ၊ အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးနိုင်၍
နိုင်ငံအတွင်းရှိ လူ့စွမ်းအား အရင်းအမြစ်များကို အပြည့်အဝ အသုံးချကာ ပြည်သူများကို
ဆင်းရဲတွင်းမှ ကယ်တင်နိုင်သူ၊ တန်းတူရည်တူ ယှဉ်ပြိုင်နိုင် စွမ်း ရှိစေမည့်
ဈေးကွက်စီးပွားရေး စနစ်ကို ဖော်ဆောင်နိုင်သော စီးပွားရေး အမြင် ရှိသူမျိုးကို
ရွေးချယ်ကြရပါမည်။
အချုပ်ဆိုရလျှင် နဂါးနီ သီချင်းထဲကလို
‘ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြဆောင်နိုင်သူ’၊ ‘ကိုယ့်အမျိုးသား တိုင်းပြည်ကို
ရတနာရွှေငွေ အထွေထွေ တိုးစေမည့်သူ’၊ ‘တရားဥပဒေ စိုးမိုး၍ အေးချမ်း တည်ငြိမ် သာယာသော
ပြည်သူတို့၏ လူနေမှုဘဝကို ဖော်ဆောင်နိုင်သူ’၊ ပြည်တွင်း၊ ပြည်ပ ငြိမ်းချမ်းရေးကို
ရှေးရှုသော စစ်ရေးအမြင် ရှိသူကိုသာ ၂၀၁၅ ခုနှစ်တွင် သမ္မတအဖြစ် ရွေးချယ် သင့်သည်ဟု
ယုံကြည်မိကြောင်းပါ။
သိန်းထက်အောင်
Credit: The Voice Weekly Journal
|
No comments:
Post a Comment