Thursday, June 13, 2013

ရုံးတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနည်းများ



သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကို လျော့ချရာမှာ ကျွန်တော်တို့အားလုံးအနေနဲ့ နိစ္စဓူဝ ပြုလုပ်နေကျအရာတချို့ကို အနည်းငယ် ပြောင်းလဲလိုက်ရုံနဲ့ အများကြီး အထောက်အကူဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် နေ့စဉ်လုပ်ငန်းခွင်မှာတင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းပေးနိုင်တဲ့ နည်းလမ်းတွေများစွာရှိပါတယ်။
လှေကားသုံးပါ
ဓာတ်လှေကားကို မလိုအပ်ရင် မသုံးပါနဲ့။ ဓာတ်လှေကားက စွမ်းအင်တွေများစွာ အသုံးပြုတာကြောင့် အထပ်သိပ်မမြင့်ရင် လှေကားကိုသာ အသုံးပြုပါ။ လေ့ကျင့်ခန်းလုပ်ပြီးသားလည်း ဖြစ်ပါလိမ့်မယ်။
မီးပိတ်ပါ
မီးတွေအမြဲဖွင့်ထားဖို့ လိုအပ်ရဲ့လား သေချာစဉ်းစားကြည့်ပါ။ အခန်းထဲကထွက်တိုင်း မီးပိတ်ပါ။ အခန်းထဲကနေ အပြင်ကို ၁၀မိနစ်လောက်ပဲ ထွက်မယ်ဆိုရင်တောင် မီးပိတ်ထားသင့်ပါတယ်။ စွမ်းအင်ချွေတာရာ ရောက်ပါတယ်။
မော်နီတာပိတ်ထားပါ
ကွန်ပျူတာ အသုံးမပြုတဲ့အချိန်ကျရင် ပိတ်ထားပါ။ ကွန်ပျူတာမပိတ်နိုင်ရင်တောင် ကွန်ပျူတာမသုံးဖြစ်တဲ့ခဏမှာ ကွန်ပျူတာမော်နီတာ ကို ပိတ်ထားပါ။ တချို့မော်နီတာတွေက တခြားကွန်ပျူတာအစိတ်အပိုင်း အားလုံးထက် အဆနှစ်ဆစာလောက် စွမ်းအင်ကို ပိုပြီး အသုံးပြု တာကြောင့် ၁၀မိနစ်လောက် မော်နီတာပိတ်ထားရုံနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို များစွာ ကာကွယ်ပေးပါတယ်။
ကွန်ပျူတာကို အနားပေးပါ
ကွန်ပျူတာအသုံးမပြုရင် “Sleep Mode” ပြောင်းထားလိုက်ပါ။ လျှပ်စစ်စွမ်းအင်ကို ချွေတာရာရောက်ပါတယ်။
ရုံးပြန်တိုင်း လျှပ်စစ်ပစ္စည်းအားလုံးပိတ်ပါ
ညနေဘက် ရုံးဆင်းတိုင်းရုံးက လျှပ်စစ်ပစ္စည်းတွေဖြစ်တဲ့ ကွန်ပျူတာ၊ Printer ၊ မိတ္တူကူးစက်၊ Fax Machine ၊ ရေခဲသေတ္တာ စတာတွေကို ပိတ်ပြီး ပလပ်ပေါက်ကအစ ပိတ်ထားသင့်ပါတယ်။
ပလပ်ပေါက်ဖြုတ်ပေးပါ
ကက်ဆက်တို့၊တီဗီတို့၊ကွန်ပျူတာတို့ အသုံးမပြုတဲ့အချိန်မှာ ပလပ်ပေါက်ကိုပါ သေချာပိတ်ပြီး ဖြုတ်ထားသင့်ပါတယ်။ ပလပ်ပေါက်ခလုတ်ဖွင့်ထားပါက ပစ္စည်းတွေကို အသုံးမပြုတာတောင် စွမ်းအင်တွေက အလိုလိုကုန်ခန်းနေပါတယ်။
စာရွက်နှစ်ဖက်စလုံး အသုံးပြုပါ
Print ထုတ်ရာမှာ စာရွက်နှစ်ဖက်စလုံးကို အသုံးပြုပါ။ ကျောကပ်ပြီး Print ထုတ်ပါ။ တစ်ဖက်တည်းကို မထုတ်ပါနဲ့။ စာရွက်နှမြောစရာ အလွန်ကောင်းပါတယ်။ အကယ်၍ တစ်ဖက်တည်း ထုတ်ဖြစ်ရင်လည်း တစ်ဖက်လွတ်ကို နောက်တစ်ခါမှာ ပြန်အသုံးပြုပါ။
မလိုအပ်ရင် Print မထုတ်ပါနဲ့
ထစ်ခနဲရှိ Print ထုတ်မယ်ဆိုတာမျိုးက မဖြစ်သင့်ပါ။ တတ်နိုင်သမျှ ကွန်ပျူတာထဲမှာ ဖတ်တာ ပိုကောင်းပါတယ်။
ပြန်အသုံးပြုပါ
အသုံးပြုပြီးသား စာရွက်၊ တစ်ဖက်လွတ်တွေကို တတ်နိုင်သမျှ ပြန်အသုံးပြုပါ။ A4 အရွယ်စက္ကူကို လေးပုံတစ်ပုံဖြတ်ကာ စာအုပ်လေးချုပ်ပြီး အကြမ်းရေးတာတို့ ဖုန်းကိုင်ရာမှာ မှတ်စရာရှိတာ မှတ်တာတို့ ပြုလုပ်ပေးပါ။
ပြန်ရောင်းပါ
အသုံးပြုပြီးသား စာရွက်တွေ၊ဘူးခွံတွေကို နေရာသတ်သတ်ထားကာ စုထားပြီး ပြန်အသုံးပြုမယ့်သူတွေဆီ ရောင်းချပါ။
ကားလမ်းကြောင်းဆွဲပါ
ရုံးကကားကို အသုံးပြုစရာရှိရင် တခြားသွားစရာရှိသူတွေနဲ့ တိုင်ပင်ပြီး လမ်းကြောင်းဆွဲကာ သွားသင့်ပါတယ်။ ဒီတစ်နေရာတည်းကိုပဲ ကိုယ်ကဒီနေ့သွား၊ သူက ဟိုနေ့သွားမဖြစ်စေပါနဲ့။ ကားဓာတ်ဆီသက်သာသလို စွမ်းအားလည်း မကုန်ဆုံးတော့ကာ အချင်းချင်းအဖော်လည်းရပါတယ်။
ဘတ်စ်ကားစီးပါ
ဘတ်စ်ကားနဲ့ သွားလို့ရတဲ့နေရာကို ဘတ်စ်ကားသာ စီးပါ။ ရုံးအနီးအနားတစ်ဝိုက်ဆိုရင်တော့ လမ်းလျှောက်ပါ။
အမှိုက်ပုံးသတ်သတ်တစီထားပါ
စားကြွင်းစားကျန်တွေထည့်ဖို့ အမှိုက်ပုံးက သတ်သတ်၊ Recycle ပြန်လုပ်လို့ရတဲ့ အမှိုက်တွေထည့်တဲ့ အမှိုက်ပုံးက သတ်သတ်ထားပါ။
တစ်ခါသုံးခွက်၊ ပန်းကန်မသုံးပါနဲ့
ရုံးမှာ ခွက်၊ပန်းကန်ဆောင်ထားပြီး အသုံးပြုပါ။ ကော်ဖီသောက်ရာမှာ တစ်ခါသုံး ဖော့ခွက်တွေ မသုံးပါနဲ့။ အစာစားရာမှာလည်း တစ်ခါသုံး ပလပ်စတစ်ဇွန်း၊ခက်ရင်းနဲ့ ၀ါးတူတွေကို မသုံးပါနဲ့။
ကြွပ်ကြွပ်အိတ်မသုံးပါနဲ့
မုန့်စားချိန်မှာ မုန့်တွေကို ကြွပ်ကြွပ်အိတ်တွေနဲ့ ရုံးယူလာပြီးစားတာထက်စာရင် ဆိုင်မှာအပြီးစားလိုက်ရင် ကြွပ်ကြွပ်အိတ် အပိုအသုံးမပြုဖြစ်တော့မှာပါ။ ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိပ်တွေကို တတ်နိုင်သမျှလျှော့သုံးပါ။
ရေချွေတာပါ
ဘုံဘိုင်ခေါင်းတွေ ချောင်နေတာတို့၊ ပိုက်ပေါက်နေတာတို့၊အိမ်သာရေဆွဲခလုပ် ပျက်နေတာတို့ဖြစ်ပါက အမြန်ဆုံးပြင်ပါ။ ရေတွေ အလဟဿ မကုန်ဆုံးစေပါနဲ့။ လက်ဆေးတာတို့ ပန်းကန်ဆေးတာတို့ ပြုလုပ်ရာမှာလည်း ဆပ်ပြာတိုက်နေချိန်မှာ ရေပိတ်ထားပါ။ ရေဘုံဘိုင်ကိုလည်း မိုင်ကုန်ဖွင့်တာမျိုး မလုပ်ပါနဲ့။
ပစ္စည်းမျှသုံးပါ
မလိုအပ်ဘဲ မ၀ယ်ပါနဲ့။ ရုံးတွင်းပစ္စည်းတွေကို တတ်နိုင်သမျှ ဘုံးသုံးမျှသုံးပြုလုပ်ပါ။ ဥပမာအားဖြင့် အဘိဓာန်စာအုပ်၊ လမ်းညွှန်စာအုပ်တို့လို ဘုံသုံးနိုင်တဲ့အရာတွေကို ဘုံသုံးပါ။
သစ်ပင်စိုက်ပါ
ကိုယ့်ရုံးက ခြံနဲ့ဝင်းနဲ့ဆိုရင် ခြံထဲမှာ သီးပင် စားပင် စိုက်ပျိုးထားပါ။ ခြံနဲ့မဟုတ်ရင်လည်း ကိုယ့်အလုပ်စားပွဲမှာ စားပွဲတင်အပင်သေးလေးတွေကို ပန်းအိုးလှလှလေးနဲ့ စိုက်ပျိုးထားပါ။ စားပွဲအလှဆင်သလို သဘာဝပတ်ဝန်းကျင်ကိုလည်း အထောက်အကူပြုစေနိုင်ပါတယ်။
Credit: The Chic Magazine May 2013

No comments: