Friday, June 21, 2013

ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများတွင် HIV/AIDS တွေ့ရှိမှုများလာ


ထိုင်းနို်င်ငံတွင် သွားရောက် အလုပ် လုပ်ကိုင်နေကြသော မြန်မာ လုပ်သားများတွင် HIV/AIDS ရောဂါတွေ့ရှိမှု များပြား လာကြောင်း မြန်မာ လုပ်သားများကို ကျန်းမာရေးကို စောင့်ရှောက်ပေးနေသော ရတ်ထိုင်း အဖွဲ့မှ ဦးအောင်မင်း ကပြောကြားခဲ့သည်။

HIV/AIDS ရောဂါ ကူးစက်ခံရသော မြန်မာလုပ်သား အသက် ငယ်ရွယ်သေးသူများ ပိုမို များပြားလာပြီး အသက် (၁၅) နှစ် ၀န်းကျင် လူငယ် များတွင်ပါ ရောဂါ တွေ့လာ ရကြောင်း ဦးအောင်မင်းက ဆက်လက် ပြောကြား ခဲ့သည်။ ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ အတွင်းက အလုပ် လုပ်ကိုင်ခွင့် သက်တမ်းတိုးရာတွင် ကျန်းမာရေး စစ်ဆေး မှုများ ပြုလုပ်သည့်အခါ ရောဂါ ကူးစက်ခံရသူ တွေ့ရှိရမှုများ ပိုများ လာခြင်းဖြစ်သည်။

HIV/AIDS ကူးစက်ခံထားရခြင်း ရှိ-မရှိ စစ်ဆေးမှု မပြုလုပ်ရသေးသူများ ကျန်ရှိ သေးကြောင်း သိရသည်။ "မဟာချိုင် ခရိုင်တွင် တရားဝင် မြန်မာလုပ်သား သုံးသိန်းခန့် ရှိပြီး ဆေးရုံ (၂) ရုံက စောင့်ရှောက်မှုများ ပေးနေ ပါတယ်''။ မြန်မာ လုပ်သားများတွင် HIV/AIDS ရောဂါတွေ့ရှိမှု များပြား လာရခြင်းနှင့် ပတ်သက်၍ ဦးအောင်မင်းက သုံးသပ်ပြောကြား ခဲ့သည်။
အဆိုပါ အဖွဲ့အနေနှင့် ရောဂါတွေ့ရှိသူများကို ARTဆေးရရှိရန် ကူညီ ဆောင်ရွက်ပေးသည့် အပြင် သွေးစစ်ဆေးခြင်းကို အခမဲ့ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

Myanmar News Update - ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများတွင် HIV/AIDS တွေ့ရှိမှုများလာ 

သွးသွင်းသူ လူနာလေးဦး HIV ပိုး ကူးစက် ခံခဲ့ရခြင်းကြောင့် တာဝန်ရှိသူများ အလုပ်ဖြုတ်ခံရ

အိန္ဒိယနိုင်ငံ အာသံပြည်နယ် ဂူဝါဟာတီမြို့ရှိ သွေးလှူဘဏ် တစ်ခုမှ သွေးများကို သွင်းမိရာမှ သွေးသွင်းသူ လူနာလေးဦးတွင် HIV ပိုး ကူးစက် ခံခဲ့ရခြင်းကြောင့် အဆိုပါ သွေးလှူဘဏ်၏ အကြီးအကဲနှင့် ဓာတ်ခွဲခန်း ပညာရှင်နှစ်ဦးကို ဒါရန်ခရိုင်ရှိ အာဏာပိုင်များက ဇွန် ၁၆ ရက်တွင် အလုပ်ဖြုတ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ဆေးရုံမှာ Mongaldal ပြည်သူ့ ဆေးရုံဖြစ်ပြီး ဆေးရုံ၏ သွေးလှူဘဏ်မှ အကြီးအကဲဖြစ်သူ ဂျီတန်ဆာဟာရီရာ၊ ဓာတ်ခွဲခန်း ပညာရှင်နှစ်ဦး ဖြစ်သူ ရန်ဂျစ် ချန်ဒရာ ဒီကာနှင့် ပက်မက်ဟာဘာရာတို့ သုံးဦးသည် တာဝန် ပေါ့ဆမှုအတွက် အလုပ်ဖြုတ် ခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ အမှုသည် အာသံပြည်နယ် အစိုးရထံသို့ တိုက်ရိုက် ရောက်ရှိ သွားခဲ့ပြီး စုံစမ်းထောက်လှမ်းမှု အဆင့်ဆင့်ကို ပြုလုပ်ပြီးနောက်တွင် ယင်းအမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ရန် ဇွန် ၁၅ ရက်က အာသံပြည်နယ် ဝန်ကြီးချုပ် တရွန်ဂိုဂွိုင်က အမိန့် ပေးခဲ့သည်ဟု သိရသည်။


Global Fund မှ မြန်မာကို ထပ်မံထောက်ပံ့ဖို့ရှိ

Global Fund အဖွဲ့က အေအိုင်ဒီအက်စ်၊ တီဘီ ရောဂါ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး အတွက် အသစ်ထပ်မံ ရံပုံငွေ ချပေးဖို့ ရှိရာမှာ မြန်မာနိုင်ငံ၊ အယ်လ်ဆာဗေးဒိုး၊ ဇင်ဘာဘွေ နိုင်ငံတွေ လက်ခံရရှိပါတယ်။ ဒီအစီအစဉ်ကို ကြိုဆိုကြောင်း UNAIDS က ကြိုဆိုပြီး လေးနှစ် အတွင်းမှာ အမေရိကန် ဒေါ်လာ ၃၅၁ သန်း ရရှိမှာပါ။

မြန်မာနိုင်ငံမှာ ဆေးဝါး လိုအပ်ချက်ဟာ အများအပြား ရှိနေတဲ့ အကြောင်း၊ အစိုးရရဲ့ စာရင်းဇယား အရ ရောဂါသည် နှစ်သိန်းကျော် ရှိနေတဲ့ အနက် ခြောက်သောင်းကျော် အတွက်ပဲ ဆေးဝါး ပေးနိုင်သေးတဲ့ အကြောင်း အေအိုင်ဒီအက်စ် ဝေဒနာသည်တွေကို ကူညီစောင့်ရှောက် နေတဲ့ NLD အဖွဲ့မှ တာဝန်ခံ ဒေါ်ဖြူဖြူသင်း က ပြောပါတယ်။

Global Fund မြန်မာနိုင်ငံက ထွက်ခွာသွား အပြီးမှာ 3 D Fund အနေနဲ့ ပြန်ဝင်တာ ရှိပေမယ့် အဓိက NGO တွေကို ထောက်ပံ့သွားတဲ့ အကြောင်း၊ ဆေးဝါး အနေနဲ့ ပိုရတာ ရှိပေမယ့် တနိုင်ငံလုံး အတိုင်းအတာ အရ လုံလောက်မှု မရှိပုံ၊ ဆေးဝါးအပြင် ပညာပေးမှု အပိုင်းမှာလည်း အားနည်းနေတဲ့ အကြောင်းတွေ ဒေါ်ဖြူဖြူသင်း က ဘီဘီစီကို ရှင်းပြပါတယ်။
ပညာပေးမှု အပိုင်းဆိုရာမှာ ရောဂါ ရဖူးသူတွေ အပေါ် ပတ်ဝန်းကျင်က ခွဲခြားဆက်ဆံတဲ့ အတွက်၊ ဒီအပိုင်းကို ပပျောက်အောင် လုပ်ဖို့ လိုနေသေးတဲ့ အကြောင်း၊ ပြည်သူတွေ အကြားမှာ ထိရောက်အောင် ဒီငွေတွေ သုံးစွဲဖို့ လိုပုံတွေ ဘီဘီစီကို ရှင်းပြပါတယ်။

BBC - Global Fund မှ မြန်မာကို ထပ်မံထောက်ပံ့ဖို့ရှိ 

No comments: