Saturday, June 15, 2019

5 Best Homemade Banana Face Masks for All Skin Types


သဘာဝအသီးအနှံလေးတွေနဲ့ မျက်နှာပေါင်းတင်မယ် (ငှက်ပျောသီး)

ငှက်ပျောသီးကိုအသုံးပြုပြီး အိမ်လုပ်မျက်နှာဖုံး(ဆေး)ကို ပြုလုပ်ရတာလွယ်ကူသလို ထိရောက်မှုလည်းရှိပါတယ်။ အစိုဓာတ်ပေးမယ်၊ အားဖြည့်မယ် တပြိုင်နက်လိုလို အလုပ်ဖြစ်တယ်လေ အရေပြားအမျိုးအစားအတော်များများအတွက်ပေါ့။ အဆီပြန်အသားအရေ (Oily skin)၊ ခြောက်သွေ့အသားအရေ (Dry Skin) ၊ ပေါင်းစပ်အသားအရေ (Combination Skin) စသဖြင့်လေ။ ငှက်ပျောသီးတစ်လုံးကို ကြိတ်ခြေပြီး မျက်နှာမှာလိမ်းကျံတယ်ဆိုပေမယ့် ကိုယ့်အသားအရေနဲ့ကိုက်ညီတဲ့နည်းနဲ့ ဖျော်စပ်အသုံးပြုရင် ပိုမိုထိရောက်မယ်လို့ ယူဆပါတယ်။

အမှတ်စဉ် (၁) 
အဆီပြန်အသားအရေအတွက် (Banana Mask for Oily Skin)

သည် မျက်နှာလိမ်းဆေး/မျက်နှာဖုံးဆေးက အသားအရေမှိန်ဖျော့နေတာကိုလင်းစေသလို လတ်တလောဖြစ်ပျက်နေတဲ့ကိစ္စကို လျော့ပါးသက်သာစေပါမယ်။ အဆီပြန်အသားအရေအတွက် အတော်အဆင်ပြေစေမယ့် ဖော်စပ်နည်းတစ်ခုပေါ့။

ပါဝင်ပစ္စည်းတွေ -
ငှက်ပျောသီးမှည့် ၁လုံး၊
ပျားရည် စားပွဲတင်ဇွန်း ၂ဇွန်း၊
လိမ္မော်ရည်/လျှောက်ရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း(Orange or Lemon juice)၊

ဖော်စပ်အသုံးပြုပုံ
ငှက်ပျောသီးကို ကြိတ်ခြေပါ။
ပျားရည်ကိုထပ်ပေါင်းပြီးမွှေပါ။ ပိုမိုနှံ့စပ်အောင် ပါဝင်ပစ္စည်းတွေအကုန် Blender ထဲထည့်မွှေနိုင်ပါတယ်။
လိမ္မော်ရည် ဒါမှမဟုတ် လျှောက်ရည်ကို လတ်လတ်ဆတ်ဆတ်ညှစ်ထည့်ပါ။မွှေပါ။
ရရှိလာတဲ့အနှစ်ကို မျက်နှာမှာလိမ်းကျံပြီး ဆယ့်ငါးမိနစ်ထားပေးပါ။ မျက်နှာမသစ်မီ ရေအေးစိမ်ထားသောအ၀တ် သို့မဟုတ် ရေနွေးစိမ်ထားသောအ၀တ်စ(washcloth)ဖြင့် သုတ်သင်ဖယ်ရှားလိုက်ပါ။
အလုံးစုံသန့်စင်ပြီးချိန်မှာတော့ လိမ်းကျံနေကြ အစိုဓာတ်ထိန်းခရင်မ်တစ်ခုခုကိုလိမ်းနိုင်ပါပြီ။

အမှတ်စဉ် (၂) 
ခြောက်သွေ့အသားအရေအတွက် (Banana Face Masks for Dry Skin)

ရာသီဥတုသဘာဝအရ အရေပြားခြောက်သွေ့တာမျိုးပဲဖြစ်ဖြစ် နဂိုသဘာဝအရ အရေပြားခြောက်သွေ့တတ်တာပဲဖြစ်ဖြစ် အစိုဓာတ်ပေး ဖို့လိုအပ်ပါတယ်။ ငှက်ပျောသီးနဲ့အတူ Omega 3 တို့ Fatty acids တို့ကြွယ်ဝတဲ့ ထောပတ်သီးကိုပေါင်းစပ်ထည့်သွင်းခြင်းဖြင့် အရေပြား နက်နက်ရှိုင်းရှိုင်းအထိ အစိုဓာတ်ပေးနိုင်ပါလိမ့်မယ်။ အောက်မှာပြောပြမယ့် မျက်နှာဖုံးဆေးကိုအသုံးပြုခြင်းဖြင့် ပထမဆုံးသတိထားမိမှာ က အရေပြားလေးပိုမိုနုညံ့လာတာကိုပါပဲ။

ပါဝင်ပစ္စည်းများ
ငှက်ပျောသီးမှည့် တစ်လုံး၊
ထောပတ်သီးမှည့် တစ်လုံး၊

ဖော်စပ်အသုံးပြုပုံ
ငှက်ပျောသီးမှည့်တစ်ပိုင်း၊ ထောပတ်သီးမှည့်တစ်ဝက်ကို ပေါင်းစပ်ကြိတ်ခြေပါ။
ဇလုံ/ခွက်ကြီးကြီးတစ်ခုထဲမှာထည့်ကာ နှံ့စပ်အောင်ကြိတ်ခြေရာမှာ အလုံးစုံရောနှောသွားတဲ့အနေအထားရောက်ဖို့လိုပါတယ်။

အမှတ်စဉ် (၃) 
အထိအခိုက်မခံသောအသားအရေအတွက် (Banana Face Mask for Sensitive Skin)

ထိခိုက်လွယ်သောအသားအရေ၊ နေလောင်အသားအရေ သို့မဟုတ် အသက်အရွယ်ရ အသားအရေများအတွက် သင့်တော်ကောင်းမွန် သော မျက်နှာဖုံးလိမ်းဆေးဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ
သဘာဝငှက်ပျောသီးမှည့် တစ်လုံး၊
ဒိန်ချဉ် ခွက်ရဲ့ လေးပုံတစ်ပုံ (1/4 cup plain Yogurt)၊
ပျားရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်း၊

ဖော်စပ်အသုံးပြုပုံ
ပါဝင်ပစ္စည်းများအားလုံးကို ခြေစက်ထဲထည့်ပြီး ကောင်းကောင်းမွှေပေးပါ။
မျက်နှာတပြင်လုံးကို သေချာလိမ်းကျံပေးပါ။
သက်သောင့်သက်သာနေပါ။ ၁၅မိနစ်ကြာပြီးနောက်မှာ ထုံးစံအတိုင်း ဆေးကြောသန့်စင်ကာ အစိုဓာတ်ထိန်းခရင်မ်တစ်ခုလိမ်းပေးပါ။

အမှတ်စဉ် (၄) 
ဝက်ခြံအမာရွတ်ရှိ အသားအရေအတွက် (Banana Face Mask for Acne-Prone Skin)

အရှေ့တောင်အာရှထုတ် အလှကုန်အတော်များများမှာ ပေါ်ပြူလာဖြစ်လှတဲ့ ပစ္စည်းတစ်မျိုးက နနွင်း(Turmeric) ဖြစ်ပါတယ်။ နနွင်းက အသားအရေ၀င်းပစေတဲ့အစွမ်းအာနိသင်ရှိပါတယ်။ အလားတူပါပဲ လိမ္မော်သီးကလဲ အရေးပြားအရောင်တောက်ပစေနိုင်သေးတာပါ။

အခုပြောပြမယ့် မျက်နှာဖုံးလိမ်းဆေးဟာ ၀က်ခြံပြဿနာရှိသူများအတွက် အဆင်ပြေစေတဲ့ လိမ်းဆေးဖြစ်ပါတယ်။ နနွင်းနဲ့ မုန့်ဖုတ်ဆိုဒါ (baking soda) တို့သည် နီရဲဖူးကြွနေတဲ့ အသားအရေများ အေးငြိမ်းချောမွတ်စေဖို့အကူအညီပေးနိုင်ပါရဲ့။

ပါဝင်ပစ္စည်းများ
ငှက်ပျောသီးမှည့် တစ်လုံး (ကြိတ်ခြေထားပါ)၊
မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်းတစ်ဝက် (½ tsp Baking soda)
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ(1/4 tsp Turmeric powder)

ဖော်စပ်အသုံးပြုပုံ
ပါဝင်ပစ္စည်းတွေအကုန် Blender ထဲထည့်မွှေတာ သို့မဟုတ် ဇွန်း/ခက်ရင်း အသုံးပြုပြီးရောမွှေပါ။
မျက်နှာအနှံ့ကို သေချာလိမ်းကျံပါ။
အချိန် (၁၀)မိနစ်ထားပြီးနောက်မှ မျက်နှာကိုသေချာဆေးကြောသန့်စင်ပေးပါ။

အမှတ်စဉ် (၅) 
အရေပြားအမျိုးအစားအစုံ အသုံးပြုနိုင်ဖို့ (Banana and Honey Face mask for All-Skin Types)

ပါဝင်ပစ္စည်းများ
ငှက်ပျောသီးမှည့် လေးပုံတစ်ပုံ (1/4 ripe Banana)
သဘာဝပျားရည် စားပွဲတင်ဇွန်း တစ်ဇွန်း
နို့မှုန့် အနည်းငယ် (Dry instant powdered milk)

ဖော်စပ်အသုံးပြုပုံ
ငှက်ပျောသီးမှည့်ကို လှီးဖြတ်ပါ။
ငှက်ပျောသီးမှည့်၊ ပျားရည်၊ နို့မှုန့်တို့ကို အနှစ်ဖြစ်သွားသည်အထိ ရောမွှေကြိတ်ခြေပါ။
သေချာဆေးကြောသန့်စင်ထားတဲ့ မျက်နှာပေါ်မှာလိမ်းကျံလိုက်ပါ။
အချိန် မိနစ် ၃၀ကြာအောင်ထားပေးပါ။
ရေကြက်သီးနွေးလေးနဲ့ သေချာပြန်ဆေးပေးနိုင်ပါတယ်။


ငှက်ပျောသီးမှည့်ဘယ်လို ရွေးရမလဲဆိုရင်တော့ သိသာတာက အခွံဝါနေတာကိုကြည့်၊ လက်နဲ့ကိုင်ကြည့်ပြီးဝယ်တာပေါ့။ ငှက်ပျောသီးမှည့်ဝယ်ထားရင်တော့ ချက်ချင်းလိုလိုသုံးစွဲမှအဆင်ပြေမှာပါ။ အခွံမှာ အညိုရောင် အစက်အပြောက်လေးတွေပေါ်နေရင် လည်း ငှက်ပျောသီးကမှည့်စပြုပါပြီ။ တကယ်လို့ ရက်အနည်းငယ်ကြာမှ အသုံးပြုမယ်ဆိုရင်တော့ အနည်းငယ်စိမ်းသေးတဲ့ ငှက်ပျောသီးကို ရွေးဝယ်ထားသင့်ပါတယ်။
ငှက်ပျောသီးကို ထားသိုထားဖို့အတွက် အထူးတလည်ပစ္စည်းတွေမလိုအပ်ပါဘူး။ အခန်းတွင်းအပူချိန်မှာပဲ ထားသိုလို့ရပါတယ်။ နေရောင်ခြည်နဲ့တိုက်ရိုက်ထိတဲ့နေရာ၊ အပူချိန်မြင့်တဲ့နေရာတွေမှာတော့ မထားသင့်ပါဘူး။ ငှက်ပျောသီးနဲ့အတူ အခြားအသီးအနှံတွေ ရောမသိမ်းသင့်ပါဘူး အမှည့်မြန်လို့ဖြစ်ပါတယ်။
ငှက်ပျောသီးအစိမ်းဝယ်မိပြီး မှည့်စေချင်ပါက အညိုရောင်စက္ကူအိတ်ထဲထည့်ကာ အခန်းတွင်းအပူချိန်ထဲမှာပဲထားလိုက်နိုင်ပါတယ်။

No comments: