**********************
ဖြိုးဝေ(မဟာဝိဇ္ဇာ)
လူတစ်ယောက်က အခြားလူတစ်ယောက်
ကိုယ့်ထက်သာသွားတာ၊ အောင်မြင်တာ၊တော်တာကို
လက်သင့်မခံဝေဖန်ရင် တိုက်ခိုက်ရင် စောင်းမြောင်းပြောရင်
အဲဒီလူမှာ ဂျေဝင်နေတယ်၊ အောက်ခြေလွတ်ဘဝင်မြင့်နေတယ်၊
မနာလိုဖြစ်နေတယ်၊သိမ်ငယ်စိတ်ဝင်နေတယ်လို့
ပြောတတ်ကြပါတယ်။
အဲဒီတော့ အဲဒီလိုသူတွေဟာ
တကယ်သိမ်ငယ်စိတ်ဝင်နေတာလား၊
Inferiority Complexဖြစ်နေတာလား၊
ဘဝင်မြင့်စိတ်ဆိုတာဘာလဲ
သိမ်ငယ်စိတ်ဆိုတာဘာလဲ၊
Inferiority Complexဆိုတာဘာလဲ၊
သူ့ရဲ့လက္ခဏာတွေကဘယ်လိုလဲ၊
ဘယ်လိုအကြောင်းတွေကြောင့်ဖြစ်တတ်လဲ၊
ဘယ်လိုလူတွေမှာဖြစ်တတ်သလဲဆိုတာတွေကို
စိတ်ပညာရှုထောင့်ကနေဆွေးနွေးတင်ပြချင်ပါတယ်။
ဒါပေမဲ့ စိတ်ပညာလို့ပြောလိုက်ရင် အများစုက
စိတ်ရောဂါအကြောင်း၊ရူးနေလို့
စိတ်ကျန်းမာရေးဆေးရုံသွားဖို့သင့်ပြီဆိုတဲ့
အကြောင်းတွေလို့ထင်တတ်ကြပြီး ငါ့ကိုတော့
ရူးမရူးပြောတော့မယ်၊ ငါ့မှာစိတ်ရောဂါရှိမရှိပြောတော့မယ်လို့
ထင်မှတ်မှားပြီး ရွံ့တတ်ကြပါတယ်။
တကယ်တော့ စိတ်ပညာဆိုတာ
စိတ်အကြောင်း လေ့လာတာပါ။
လေ့လာတဲ့အခါမှာလည်း
စိတ်မကျန်းမာတဲ့သူတွေသာမက
စိတ်ကျန်းမာတဲ့သူတွေကိုလည်းလေ့လာပါတယ်။
လူဆိုးရောလူကောင်းပါလေ့လာပါတယ်။
အပြည့်အစုံပြောရရင်တော့
'လူတွေရဲ့အပြုအမူနဲ့စိတ်ဖြစ်စဉ်ကို
သိပ္ပံနည်းကျလေ့လာတာ'ကို
စိတ်ပညာလို့ခေါ်ပါတယ်။
ဒါကြောင့် ဒီဆောင်းပါးမှာ လူတွေရဲ့အပြုအမူနဲ့
စိတ်ဖြစ်စဉ်တွေကိုသိပ္ပံနည်းကျလေ့လာတဲ့ စိတ်ပညာမှာ
သိမ်ငယ်စိတ်နဲ့ဘဝင်မြင့်စိတ်အကြောင်းဘယ်လိုပြောသလဲ
ဆိုတာတင်ပြသွားပါမယ်။
သိမ်ငယ်စိတ်ကိုတွေ့ရှိခြင်း
++++++++++++++
လူတိုင်းမှာ ဖြည့်ဆည်းဖို့လိုအပ်တဲ့ လိုအပ်ချက်အချို့နဲ့
လိုအင်ဆန္ဒတွေရှိကြပါတယ်။ ဒါပေမဲ့
အဲဒီလိုအင်ဆန္ဒအများစုဟာ အကြောင်းအမျိုးမျိုးကြောင့်
ပြီးမြောက်ဖို့အခက်အခဲရှိတတ်ပါတယ်။
အဲဒီလိုအလိုမပြည့်တဲ့အခါ အကူအညီမဲ့သလိုလို
အစွမ်းအစမရှိတော့သလိုလိုဖြစ်တတ်ပါတယ်။
အဲဒီလိုဖြစ်လာရင် လူတစ်ယောက်ဟာ Inferior ဆိုတဲ့
သိမ်ငယ်စိတ် ၊တစ်နည်း နိမ့်ကျစိတ်ခံစားဖို့
အလားအလာများသွားတတ်ပါတယ်။
အဲဒီလို အစွမ်းအစမဲ့သလို အားကိုးရာမဲ့သလို မျှော်လင့်ချက်မဲ့သလို စိတ်ဓာတ်ကျသလို သိမ်ငယ်စိတ်(နိမ့်ကျစိတ်)ဟာ လူတိုင်းမှာတစ်ခါတစ်ရံဖြစ်လေ့ရှိပါတယ်။ အဲဒီလိုခံစားရတာဟာပုံမှန်ဖြစ်သလိုပြဿနာလည်းမရှိပါဘူး။ အဲဒီလိုခံစားရတာကို လူတစ်ဦးချင်းစီဟာ ကျော်လွှားနိုင်တဲ့အချိန်တွေ
ရှိပေမဲ့ လိုအင်ဆန္ဒအသစ်တွေပေါ်လာတိုင်း
အဲဒီသိမ်ငယ်စိတ်(နိမ့်ကျစိတ်)က ပြန်ပေါ်လာတတ်ပါတယ်။
ဒါပေမဲ့ အဲဒီသိမ်ငယ်စိတ်(နိမ့်ကျစိတ်)ဟာ ကောင်းတဲ့
သက်ရောက်မှုကိုဖြစ်စေနိုင်သလို
မကောင်းတဲ့သက်ရောက်မှုကိုလည်းဖြစ်စေနိုင်ပါတယ်။
ကောင်းတဲ့သက်ရောက်မှုကတော့ လူတစ်ယောက်ဟာ
လိုအင်ဆန္ဒမပြည့်တဲ့အခါ ဖြစ်ပေါ်လာတဲ့
အားမလိုအားမရတဲ့စိတ်၊သိမ်ငယ်စိတ်ကြောင့်
လိုအင်ဆန္ဒပြည့်ဖို့
မခံချင်စိတ်နဲ့ကြိုးစားလုပ်ကိုင်ရယူလာတဲ့အတွက် အစွမ်းအစမဲ့သလိုလို ကူရာမဲ့သလိုလို ခံစားချက်တွေကို
ကျော်လွှားသွားနိုင်တာပါ။
အဲဒီလို သိမ်ငယ်စိတ်ကို
ထိန်းချုပ်ကျော်လွှားနိုင်ရင်၊ မခံချင်စိတ်အဖြစ်
စိတ်ဓာတ်လှုံ့ဆော်တဲ့တွန်းအားအဖြစ်သုံးရင်
ကောင်းပေမဲ့ အဲဒီသိမ်ငယ်စိတ်ဟာ
မကြာခဏဖြစ်နေရင်၊တွန်းလှန်ကျော်လွှားဖို့
ခက်လာပြီဆိုရင်တော့ မကောင်းတဲ့သက်ရောက်မှုကို
ဖြစ်ပေါ်လာစေပါတယ်။ အဲဒါကတော့
စိတ်ပညာအခေါ်အဝေါ်အရ
နိမ့်ကျစိတ်ထားဖွဲ့စည်းမှု(Inferiority Complex)ကို
ဖြစ်ပေါ်စေတာပါ။
နိမ့်ကျစိတ်ထားဖွဲ့စည်းမှု(Inferiority Complex)အကြောင်းစတင်ဖော်ထုတ်တွေ့ရှိခဲ့သူကတော့ စိတ်ပညာရှင်
Alfred Adler(1870-1937)ဖြစ်ပါတယ်။ သူဟာ မသန်စွမ်းတဲ့သူ့လူနာတွေကိုလေ့လာရာကနေစတင်တွေ့ရှိခဲ့တာပါ။
မသန်စွမ်းတဲ့သူတွေထဲမှာ အချို့ကအားကစားမှာ
ထူးချွန်အောင်မြင်သွားတတ်ပါတယ်။ မသန်စွမ်းတာကို
ကြီးမားတဲ့စိတ်ဓာတ်လှုံ့ဆော်မှုအဖြစ်အသုံးချလိုက်တာပါ။ အချို့ကတော့ မသန်စွမ်းတာကိုလက်မြောက်
အရှုံးပေးလိုက်ပြီး သူတို့အခြေအနေကို
တိုးတက်အောင်သိပ်မလုပ်နိုင်တော့ပါဘူး။
လူတစ်ဦးချင်းစီမှာ သူတို့ကိုယ်သူတို့ရှုမြင်ပုံ
၊တစ်နည်း အတ္တအလေးအမြတ်ပြုမှု(Self-esteem)
ကွာခြားပုံတွေကို Adler သဘောပေါက်ခဲ့ပါတယ်။
Alder ရဲ့အဆိုအရသိမ်ငယ်စိတ်ဆိုတာ လူတိုင်းတွေ့ကြုံခံစားရတတ်ပြီး ကလေးဘဝကအစပြုတယ်လို့ဆိုပါတယ်။
ကလေးတစ်ယောက်ဟာ သူ့ပတ်ဝန်းကျင်မှာ သူ့ထက်အစစအရာရာ ကာယဥာဏအားကြီးမားသာလွန်တဲ့သူတွေဝန်းရံနေတတ်တဲ့အတွက် သူ့ကိုယ်သူအားနည်းသလို၊
သိမ်ငယ်သလိုခံစားရတတ်ပါတယ်။ကလေးတစ်ယောက်ဟာ အများအားဖြင့် သူ့ထက်အကြီးတွေလုပ်တာကို
လိုက်တုပလုပ်ဆောင်ပြီး လူကြီးတွေလို
လုပ်နိုင်အောင်ကြိုးစားတတ်ပါတယ်။
အဲဒီလိုပတ်ဝန်းကျင်က တွန်းအားတွေကြောင့်
တုပလုပ်ဆောင်ရင်းလုပ်တတ်လာပါတယ်။
ကျန်းမာရေးရော ကိုယ်ရည်ကိုယ်သွေးပါကောင်းမွန်တဲ့
ကလေးနဲ့လူကြီးတွေဟာ ရည်မှန်းချက်တွေ၊အလိုဆန္ဒတွေကိုပြီးမြောက်အောင်မြင်အောင်လုပ်နိုင်တဲ့အခါတိုင်း
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးလာပါတယ်။
နောက်ထပ် စိန်ခေါ်မှုအသစ်တွေရှိလာစေမယ့်
ရည်မှန်းချက်အသစ်တွေ၊အလိုဆန္ဒအသစ်တွေပေါ်
မလာမချင်း သိမ်ငယ်စိတ်ကပျောက်ကွယ်နေပါတယ်။
ဒါပေမဲ့ ရုပ်ပိုင်းဆိုင်ရာရော ကိုယ်ရည်ကိုယ်သွေးပါ
အားနည်းနေတဲ့သူတွေကတော့ သိမ်ငယ်စိတ်ခံစားရနိုင်ပြီး
အဲဒီလိုခံစားရာကနေ ကိုယ်ရည်ကိုယ်သွေးဟန်ချက်မညီတဲ့အထိဖြစ်လာပြီဆိုရင်တော့
နိမ့်ကျစိတ်ထားဖွဲ့စည်းမှု(Inferiority Complex)ဖြစ်လာပြီလို့သူကဆိုပါတယ်။
လက္ခဏာများ
++++++++
နိမ့်ကျစိတ်ထားဖွဲ့စည်းမှုကြောင့် လူတစ်ယောက်ဟာ
ကိုယ့်ကိုယ်ကိုယ်တန်ဖိုးမရှိသလို၊
အသုံးမကျသလို ခံစားရပြီးမျှော်လင့်ချက်မဲ့သလို
ထင်မြင်ယူဆချက်တွေကိန်းအောင်းလာပါတယ်။
သူဟာအချို့အရည်အချင်းတွေ ချို့တဲ့သလို
စတင်ခံစားလာရပြီး အဲဒီအရည်အချင်းတွေနဲ့ပတ်သက်ပြီး အခြားလူတွေနဲ့ယှဉ်ရင် နိမ့်ကျသလိုခံစားလာရပါတယ်။
သူ့ကိုယ်သူ ရိုးသားစွာအထင်ကြီးသင့်တဲ့
ကိစ္စတွေမှာတောင် အထင်မကြီးတတ်ဘူးဖြစ်လာပါတယ်။
အဲဒီနိမ့်ကျစိတ်ထားဖွဲ့စည်းမှုကြောင့် ကိုယ့်ကိုယ်ကိုယ်
ကျွမ်းကျင်မှုမရှိဘူးလို့ခံစားရတဲ့သာမန်ခံစားချက်မျိုးတောင် အကြီးကြီးချဲ့ကားပစ်လိုက်ပြီး ရည်မှန်းချက်တွေပြီးမြောက်ဖို့၊
အချို့ဖြစ်နိုင်တာတွေကို လုပ်ဆောင်ဖို့မဖြစ်နိုင်တော့ဘူးလို့ခံစားလာရပါတယ်။
ဥပမာ-သာမန်ကျောင်းသားတစ်ယောက်ဟာ စာမေးပွဲမှာ
အမှတ်ကောင်းကောင်းရဖို့ကြိုးစားပေမဲ့ ကြိုးစားသမျှ
အရာမထင်မှုဆက်တိုက်ဖြစ်လာတဲ့အခါမှာတော့
အခြားသူတွေကိုကြည့်ပြီး သိမ်ငယ်လာပါတယ်။
သူ့သူငယ်ချင်းတွေနဲ့ယှဉ်နိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ထင်လာရာကနေ သူ့ကိုယ်သူတန်ဖိုးမရှိသလို ခံစားလာရပါတယ်။
နိမ့်ကျစိတ်ထားဖွဲ့စည်းမှုဟာ ထူးခြားတဲ့ ကိစ္စတွေနဲ့
ရည်မှန်းချက်တွေမှာသာ ဖွံဖြိုးစေနိုင်တာမဟုတ်ဘူး။
သာမန်ကိစ္စတွေမှာပါဖွံ့ဖြိုးလာနိုင်ပါတယ်။
ဥပမာ-လူတစ်ယောက်ဟာ အခြားသူတွေနဲ့ယှဉ်ကြည့်ပြီး သူ့ကိုယ်သူကြည့်မကောင်းဘူးလို့ထင်ရာကနေ နိမ့်ကျစိတ်ထားဖွဲ့စည်းစေဖို့အကြောင်းရင်းဖြစ်လာပါတယ်။
အလားတူပဲ လူတစ်ယောက်ဟာ မိတ်ဆွေမဖွဲ့နိုင်ဘူးဆိုရင်အခြားသူတွေက သူ့ကိုမနှစ်သက်ဘူး၊
သူ့မှာမိတ်ဆွေကောင်းရဖို့ အရည်အချင်းမရှိဘူးလို့ခံစားရနိုင်ပါတယ်။ ပြီးတော့ အခြားသူတွေနဲ့ယှဉ်ကြည့်ပြီး သူ့ဘဝရည်မှန်းချက်တွေနဲ့ပတ်သက်ပြီးစိတ်ရှုပ်လာပြီး စိတ်မလုံခြုံသလိုခံစားလာရာကနေ သူဟာဘာမှသုံးမရဘူးလို့
ထင်လာပါတယ်။ အဲဒီခံစားချက်မျိုးဆက်တိုက်ဖြစ်နေတာက နိမ့်ကျစိတ်ထားဖွဲ့စည်းမှုကိုဖြစ်ပေါ်လာစေပါတယ်။
နိမ့်ကျစိတ်ထားဖွဲ့စည်းမှုဟာ လူတစ်ယောက်ကို
အန္တရာယ်ဖြစ်စေနိုင်သလို အခြားပြဿနာတွေဆီကို
လည်းဦးတည်သွားစေပါတယ်။သူများနဲ့ယှဉ်ကြည့်ပြီး
ကိုယ့်ကိုယ်ကိုယ်အရည်အချင်းမပြည့်သလို
ခံစားလာရာကနေ စိတ်ပျက်တာ၊ အလိုမကျတာ၊
စိတ်ဖိစီးတာ၊ ကြောက်ရွံ့တာ၊ထိတ်လန့်တာ၊
ကိုယ့်ကိုယ်ကိုယ်သနားတာ၊ ကိုယ့်အားနည်းချက်ကို
ဖုံးကွယ်ဖို့ သူတစ်ပါးကိုအပြစ်တင်ဝေဖန်ပြီး
အားနည်းချက်ရှာတာ၊စိတ်မလုံခြုံတာ၊အထီးကျန်တာ၊
လူမှုဆက်ဆံရေးညံ့ဖျင်းတာ အစရှိတာတွေဖြစ်လာပါတယ်။
ဘဝင်မြင့်စိတ်ဆိုတာ
+++++++++++
နိမ့်ကျစိတ်ထားဖွဲ့စည်းမှုအလွန်အမင်းဖိစီးလွှမ်းမိုးလာပြီး
အချိန်အကြာကြီးဖြစ်နေပြီဆိုရင်တော့ ဘဝင်မြင့်စိတ်ထားဖွဲ့စည်းမှု(Superiority Complex)
အဖြစ်ပြောင်းသွားတတ်ပါတယ်။
ဘဝင်မြင့်စိတ်ထားဖွဲ့စည်းမှုဆိုတာအခြားမဟုတ်ပါဘူး။
နိမ့်ကျစိတ်ထားဖွဲ့စည်းမှုပုံစံကို ချဲ့ကားထားတာပါ။
လူတစ်ယောက်ဟာ နိမ့်ကျစိတ်ထားဖွဲ့စည်းမှု
အလွန်အမင်းဖွံ့ဖြိုးလာတဲ့အခါမှာတော့
ဘဝင်မြင့်စိတ်ထားဖွဲ့စည်းမှုဆီပြောင်းသွားတတ်ပါတယ်။
လူတစ်ယောက်ဟာ
နိမ့်ကျစိတ်ထားဖွဲ့စည်းမှုကိုကျော်လွှားဖို့ အခြားသူတွေကို
နိမ့်ကျသလိုခံစားရအောင်လုပ်တာဟာ နည်းလမ်းကောင်းလို့ခံစားလာရာကနေ ဘဝင်မြင့်လာပါတယ်။
အဲဒီလိုကနေ သူ့ရဲ့အမူအရာဟာ
ပလွှားပြီး မောက်မာလာပါတယ်။
သူဟာ ကြွားဝါဖို့ကြိုးစားသလို ကိုယ့်ကိုယ်ကိုယ်အမွှန်းတင်တာတွေများလာပါတယ်။ ကိုယ်စိတ်ကျေနပ်မှုရဖို့
အခြားသူတွေကိုအနိုင်ကျင့်ဖို့ကြိုးစားလာပါတယ်။
ပျောက်ဆုံးသွားတဲ့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုကိုပြန်ရဖို့ အဲဒီဟာတွေအားလုံးကိုလုပ်ပါတယ်။ အခြားသူတွေရဲ့
အာရုံစိုက်မှုကို ကြိုးစားရှာသလို သူ့မှာတကယ်မရှိတာကို ရှိသယောင်ဟန်ဆောင်တတ်လာပါတယ်။ သူဟာ
နိမ့်ကျစိတ်ထားရှိသူမဟုတ်ကြောင်း သူ့ကိုယ်သူရော
အခြားသူကိုပါသက်သေပြဖို့ကြိုးစားပါတယ်။သူဟာ
သူ့ကိုယ်သူ တန်ဖိုးအရှိဆုံး၊အကောင်းဆုံးလူတစ်ယောက်လိုထင်လာဖို့ကြိုးစားပါတယ်။
အပြင်ပန်းကြည့်ရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအရမ်းရှိတဲ့လူတစ်ယောက်လို့ထင်စရာပါ။သူ့ကိုယ်သူ
အားရကျေနပ်သလိုပုံစံမျိးဖမ်းထားပါတယ်။
ဒါပေမဲ့ တကယ့်အစစ်အမှန်ကတော့ အဲဒီလိုမဟုတ်ပါဘူး။ သူဟာ သူ့ရဲ့အားနည်းချက်ကိုဖုံးကွယ်ဖို့ကြိုးစားနေတာဖြစ်သလို အလွန်အမင်းနိမ့်ကျတဲ့စိတ်ထားကို ကျော်လွှားဖို့ကြိုးစားနေတာပါ။
အဲဒီသဘောထားကို အခြားသူကတော့ စော်ကားတယ်၊
ရိုင်းတယ်လို့မှတ်ယူပါတယ်။ အဲဒီလိုအပြုအမူမျိုးဖြစ်လာရာကနေ ကိုယ့်ကိုယ်ကိုယ်လိမ်ညာတတ်လာပါတယ်။
အခြားသူတွေက သူ့ကိုစပြီးမနှစ်သက်လာသလို
ဝေးဝေးရှောင်လာကြပါတယ်။ အဲဒီဟာကသူ့ကိုပိုပြီး အသုံးမဝင်သလိုခံစားရစေပါတယ်။ အဲဒီလိုနဲ့သူဟာ ရန်လိုတဲ့အပြုအမူပိုဖြစ်လာပြီး အထီးကျန်မှုနဲ့စိတ်ဖိစီးမှုက
ပိုပြီးပြင်းထန်လာပါတယ်။
ဘယ်လိုကျော်လွှားမလဲ
++++++++++++
နိမ့်ကျစိတ်ထားဖွဲ့စည်းမှုကို ကျော်လွှားနိုင်တဲ့ အကောင်းဆုံးနည်းလမ်းကတော့ အစားထိုးတာ(Compensation)ပါ။
တကယ်လို့
လူတစ်ယောက်ဟာ အချို့စွမ်းဆောင်မှုတွေမှာ သူ့ကိုယ်သူချို့တဲ့တယ်လို့ထင်ရင် အခြားကိစ္စတွေမှာ
ထူးချွန်အောင်ကြိုးစားလို့ရပါတယ်။ အဲဒီအရည်အချင်းတွေကိုထူးချွန်အောင်လုပ်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုတိုးလာသလို သူ့ကိုယ်သူလည်းကျေနပ်အားရလာပါတယ်။အဲဒီလိုနဲ့သူဟာ အရည်အချင်းတစ်ခုမှာ
ချို့တဲ့တာပြဿနာမရှိဘူး၊ အခြားအရည်အချင်းတွေမှာ
တော်တယ်ဆိုပြီးခံစားလာရပါတယ်။
ဥပမာ-ကျောင်းစာမှာသူ့ကိုယ်သူမတော်ဘူးလို့ထင်တဲ့
သူတစ်ယောက်ဟာ အားကစားမှာထူးချွန်သူ
တစ်ယောက်ဖြစ်လာနိုင်ပါတယ်။
သူ့ကိုယ်သူရုပ်ရည်မချောမောဘူးလို့ထင်တဲ့သူ
တစ်ယောက်ဟာ ကျောင်းစာမှာ
အလွန်တော်တဲ့သူဖြစ်လာနိုင်သလို ဥာဏအားသုံးရတဲ့
ကိစ္စတွေမှာထူးချွန်သူဖြစ်လာနိုင်ပါတယ်။
စကားပြောစွမ်းရည်မကောင်းဘူးလို့ထင်တဲ့သူ
တစ်ယောက်ဟာ စာပေရေးသားမှုနဲ့ပန်းချီမှာ
ထူးချွန်သူဖြစ်အောင် လုပ်နိုင်ပါတယ်။
အဲဒီလိုနည်းလမ်းမျိုးနဲ့ လူတစ်ယောက်ဟာ
သူ့ရဲ့အားနည်းတဲ့၊ချို့တဲ့တဲ့အရာတွေကို
အခြားအရည်အချင်းတွေနဲ့
အစားထိုးနိုင်ပါတယ်။ ဒါပေမဲ့ အစားထိုးခြင်းကြောင့်
အရင်းခံချွတ်ယွင်းချက်တွေဟာ ကိစ္စတိုင်းမှာ ပပျောက်သွားတတ်တာတော့ မဟုတ်ပါဘူး။
နိမ့်ကျစိတ်ထားဖွဲ့စည်းမှုကိုကျော်လွှားနိုင်တဲ့ နောက်ထပ်
နည်းလမ်းတစ်ခုကတော့ ကိုယ့်ကိုယ်ကိုယ်
ကောင်းကောင်းသိနေဖို့ပါ။ ကိုယ့်ကိုယ်ကိုယ်သိနေတဲ့
သူတစ်ယောက်ဟာ ကိုယ့်ကြောင်းကိုယ်သူများထက်ပိုပြီး
ကောင်းကောင်းမွန်မွန်သိနိုင်ပါတယ်။
အဲဒီလိုကိုယ့်ကိုယ်ကိုယ်သိတဲ့အတွက်
လူတစ်ယောက်ဟာ ကိုယ့်ရဲ့အားနည်းချက်နဲ့
အားသာချက်ကို အသိအမှတ်ပြုလက်ခံနိုင်ပြီး
အသုံးချနိုင်ပါတယ်။
လူတစ်ယောက်ဟာ သူ့ရဲ့အားသာချက်နဲ့အရည်အချင်း
အစစ်အမှန်ကို အရှိအတိုင်းနားလည်သဘောပေါက်တယ်ဆိုရင် နိမ့်ကျစိတ်ထားဖွဲ့စည်းမှုဖြစ်လာစရာ
အကြောင်းလုံးဝမရှိပါ။
လူအများစုက သူတို့နဲ့ပတ်သက်ပြီး အခြားသူတွေကဘယ်လိုခံစားရသလဲ၊ ဘယ်လိုတွေးသလဲ အရမ်းစိတ်ဝင်စားခံစားတတ်ကြပါတယ်။အခြားသူတွေ သူတို့ကိုဘယ်လိုမြင်သလဲစိုးရိမ်တတ်ပါတယ်။ အဲဒီလိုဖြစ်ဖို့လုံးဝမလိုအပ်သလို
ကိုယ့်ရဲ့အချိန်ကိုဖြုန်းတီးသလိုဖြစ်တတ်ပါတယ်။
အခြားသူတွေက ကိုယ့်ကိုဘယ်လိုတွေးထင်မလဲ
စိုးရိမ်ပူပန်နေမဲ့အစား ကိုယ်ဘာလုပ်ချင်သလဲဆိုတာကို
အာရုံစိုက်တာပိုကောင်းပါတယ်။
လူတိုင်းဟာ ကိုယ့်အကြောင်းကိုယ်သိနိုင်ပါတယ်။
တကယ်လို့ အခြားသူတွေက ကိုယ့်ကိုထင်မြင်ယူဆတဲ့
အတို်င်းလက်ခံလိုက်ရင် သူတို့ထင်မြင်ယူဆတဲ့အတိုင်း
ကိုယ်ဟာတကယ်အားနည်းချို့တဲ့သူဖြစ်သွားတတ်ပါတယ်။
အဲဒီလိုဖြစ်လာရင်တော့ ရှုံးနိမ့်မှုတွေဆက်တိုက်ကြုံရပြီး
နောက်ဆုံးမှာ နိမ့်ကျစိတ်ထားဖွဲ့စည်းမှုဆီ
ဦးတည်သွားတတ်ပါတယ်။
လူတစ်ယောက်ကို အခြားသူတစ်ယောက်နဲ့နှိုင်းယှဉ်တာ
မကောင်းပါဘူး။ လူတစ်ယောက် တစ်ခုခုမှာ တော်တိုင်း
အခြားသူတစ်ယောက်လည်း အဲဒီတစ်ခုခုမှာ တော်ရမယ်လို့
မဆိုလိုပါဘူး။လူတစ်ဦးချင်းစီမှာ ကိုယ်ပို်င်အားသာချက်
ရှိတတ်ပြီး အဲဒီအားသာချက်ကိုပဲအာရုံစိုက်သင့်ပါတယ်။
အခြားသူနဲ့တူအောင်လိုက်တုပဖို့ကြိုးစားတာဟာ
လမ်းလွဲသွားတတ်ပြီး စိတ်မလုံခြုံမှုတွေဖြစ်လာရာကနေ
နိမ့်ကျစိတ်ထားဖွဲ့စည်းမှုဆီဦးတည်သွားတတ်ပါတယ်။
ကလေးဘဝကိုဂရုစိုက်ပါ
++++++++++++++
ိသိမ်ငယ်စိတ်/နိမ့်ကျစိတ်ဟာအလွန်အမင်းမကြီးထွားမလာမချင်းတော့ အခြေအနေကောင်းပါသေးတယ်။ ဒါပေမဲ့
နိမ့်ကစိတ်ထားဖွဲ့စည်းမှုထိသိသာထင်ရှားစွာဖြစ်လာပြီ
ဆိုရင်တော့ လူတစ်ယောက်ကို ပြဿနာမျိုးစုံဖြစ်စေနိုင်ပါတယ်။
နိမ့်ကျစိတ်ထားဖွဲ့စည်းမှု ဖြစ်နေတာကြာလေလေ ပိုပြီးဆိုးဝါးလေလေပါပဲ။ဒါကြောင့် လူတစ်ယောက်ဟာ နိမ့်ကျစိတ်ထားဖွဲ့စည်းမှုဖွံ့ဖြိုးလာပြီဆိုတာနဲ့ ကျော်လွှားနိုင်ဖို့အကောင်းဆုံးကြိုးစားသင့်ပါတယ်။
အကောင်းဆုံးကတော့ ကလေးဘဝကတည်းကစတာပါ။
သိမ်ငယ်စိတ်၊ တစ်နည်း နိမ့်ကျစိတ်ထားဖွဲ့စည်းမှုဟာ
ကလေးဘဝကအစပြုခဲ့ကြတာပါ။
ကလေးတစ်ယောက်ဟာ မွေးကတည်းက
မိမိကိုယ်မိမိ လိမ္မာသလား၊မိုက်သလား၊ကောင်းသလား၊
ဆိုးသလားထင်မြင်တတ်ကြတာမဟုတ်ပါ။
မိဘအုပ်ထိန်းသူနဲ့သူငယ်ချင်းတွေက သူ့ကို
လိမ္မာတယ်၊တော်တယ်၊ကောင်းတယ်လို့ပြောဆိုကြရင်
ကလေးကလည်း သူ့ကိုယ်သူ လိမ္မာတယ်၊
တော်တယ်၊ကောင်းတယ်လို့ထင်မြင်လာတတ်ပါတယ်။
အဲဒီလိုမဟုတ်ဘဲ မိဘအုပ်ထိန်းသူနဲ့သူငယ်ချင်းတွေက သူ့ကိုအသုံးမကျဘူးလို့ ထင်မြင်ယူဆပါကလည်း
သူ့ကိုယ်သူအသုံးမကျသူလို့ ထင်မြင်လာတတ်ပါတယ်။
ဒါကြောင့် ကလေးတစ်ယောက်ဟာ
သူလုပ်သမျှကိစ္စတိုင်း မပြီးမြောက်ရင်ဖြစ်စေ၊
သူဘယ်လောက်ပဲကြိုးစားလုပ်လုပ် အကောင်းလုပ်လုပ်
ပြစ်တင်ဝေဖန်ချည်းပဲခံနေရရင်ဖြစ်စေ သူဟာအနာဂတ်မှာ စိတ်ဓာတ်တက်ကြွဖို့ခဲယဉ်းသွားတတ်ပါတယ်။
အချို့မိဘအုပ်ထိန်းသူတွေက ကလေးတွေကိုဂရုမစိုက်ဘဲ လျစ်လျူရှုထားတတ်ကြတဲ့အတွက် အဲဒီလိုလျစ်လျူရှုတာ၊
ပစ်ပယ်တာခံရဖန်များလာတဲ့အခါ ကလေးတွေဟာ
သူတို့မှာအားနည်းချက်ရှိလို့သာ ပစ်ပယ်ခံရ၊
လျစ်လျူရှုခံရတယ်ဆိုပြီး သူတို့ကိုယ်သူတို့အသုံးမကျသူတွေဆိုပြီး သိမ်ငယ်စိတ်ဝင်သွားတတ်ပါတယ်။
တစ်ခါတလေ မိဘအုပ်ထိန်းသူကိုယ်တိုင်က သိမ်ငယ်စိတ်၊
နိမ့်ကျစိတ်ထားဖွဲ့စည်းမှုရှိပါကလည်း ကလေးတွေက
အတုမြင်အတတ်သင်ပြီး
သိမ်ငယ်စိတ်ဝင်သွားတတ်ပါတယ်။
အချို့မိဘအုပ်ထိန်းသူတွေက သူတို့ရဲ့သိမ်ငယ်စိတ်ကို
ကလေးတွေရှေ့မှာထုတ်ဖော်ပြတဲ့အတွက်
ကလေးတွေလည်းစိတ်ဓာတ်ကျဆင်းပြီး
သိမ်ငယ်စိတ်ကိန်းအောင်းသွားတတ်ပါတယ်။
ကလေးတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုဟာ
မိသားစုအိမ်တွင်းဆက်ဆံရေးအခြေအနေ၊
ကစားဖော်သူငယ်ချင်းအပေါင်းအဖော်နဲ့ဆက်ဆံရေးအခြေအနေ၊ ကျောင်းတွင်းစာသင်ဖော်တို့နဲ့ဆက်ဆံရေးအခြေအနေတွေအပေါ်မှာမူတည်ပါတယ်။
ကလေးဘဝအတွေ့အကြုံတွေအပေါ်မူတည်ပြီး
ကိုယ်ဘယ်လိုလူစားဆိုတာသိလာတာဖြစ်ပါတယ်။
သိမ်ငယ်စိတ်ဟာ ကလေးဘဝကစခဲ့ပြီး ကာလရှည်ခံစားခဲ့ရတဲ့အတွေ့အကြုံပေါ်အခြေတည်လာခဲ့တဲ့ သဘောထားတစ်ခုဖြစ်တဲ့အတွက် အဲဒါကိုကွယ်ပျောက်အောင်ပြုလုပ်ရာမှာ
လည်း ကာလရှည်စွာကုစားရတတ်ပါတယ်။
ကုစားမယ်ဆိုရင် သက်ကြီးပိုင်းမရောက်ခင်
ဆယ်ကျော်သက်အရွယ်က စတင်ပါက
ပိုမိုထိရောက်ပါတယ်။ ဒါကြောင့် ကလေးဘဝအရွယ်ကိုဂရုစိုက်တာဟာ နိမ့်ကျစိတ်ထားဖွဲ့စည်းမှုနဲ့ ဘဝင်မြင့်စိတ်ထားဖွဲ့စည်းမှုကိုကျော်လွှားနိုင်ဖို့အကောင်းဆုံးပဲဖြစ်ပါတယ်။
အခုဆို သိမ်ငယ်စိတ်နဲ့ဘဝင်မြင့်စိတ်ရဲ့
သဘောသဘာဝကို သိသွားပြီဖြစ်တဲ့အတွက်
မိမိစိတ်မှာရော အဲဒီလိုစိတ်မျိုးဖြစ်သလား၊
မဖြစ်သလား ရေရှည်ဖြစ်နေသလားစဉ်းစားပြီး ဖြစ်နေတယ်ဆိုကျော်လွှားနိုင်ဖို့သာကြိုးစားပါ။
အခြားသူတွေရဲ့ အားနည်းချက်ကိုဖော်ထုတ်ဖို့၊
တစ်နည်း အခြားသူတစ်ယောက်ကို
သိမ်ငယ်စိတ်ဖြစ်နေတယ်၊
ဘဝင်မြင့်စိတ်ဖြစ်နေတယ်ဆိုပြီး တံဆိပ်ကပ်ဖို့၊
ကဲ့ရဲ့တိုက်ခိုက်ဖို့နဲ့အခြားသူကမတောင်းခံဘဲ
အကြံပေးဖို့မကြိုးစားပါနဲ့။
သိမ်ငယ်စိတ်နဲ့ ဘဝင်မြင့်စိတ်အကြောင်းသိသွားလို့
စိတ်ပညာရှင်တစ်ယောက်လို စိတ်အကြောင်းကျွမ်းကျင်သွားပြီ၊သူများစိတ်ကိုကောင်းကောင်းသိသွားပြီလို့လည်း
မမှတ်ယူစေလိုပါ။စိတ်ပညာရှင်တွေတောင်
စိတ်အကြောင်းအကုန်မသိသေးပါ။
တကယ်လို့ သင်ဟာ အခြားသူတစ်ယောက်ရဲ့
စိတ်အကြောင်းခွဲခြမ်းစိတ်ဖြာချင်ရင်၊
အခြားသူရဲ့စိတ်ကိုသိတယ်ထင်ရင်၊
အခြားသူတွေရဲ့စိတ်ကိုလေ့လာချင်ရင်
အရင်ဆုံးမှန်ရှေ့သွားရပ်လိုက်ပါ။
သင် အရင်ဆုံး စိတ်ခွဲခြမ်းစိတ်ဖြာမှု
လုပ်သင့်တဲ့သူတစ်ယောက်မှန်ထဲမှာပေါ်လာပါလိမ့်မယ်။
ရည်ညွှန်း-
၁။ Inferiority and Inferiority Complex by
Saif Farooqi
၂။The Psychology Book
၃။ သင့်ဘဝတွက်တာ အသုံးချစိတ်ပညာ-
ဒေါက်တာကျော်စိန်(တတိယအကြိမ်)
{၃.၄.၂၀၁၈ ထုတ် The Voice သတင်းစာပါဆောင်းပါကို
ပြန်လည် ဖော်ပြသည်။}
No comments:
Post a Comment