(International Covenant of Civil and Political Rights)
ဤစာချုပ်ကို ၁၉၆၆ ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေ ညီလာခံက အတည်ပြုပြဌာန်းခဲ့ပြီး ၁၉၇၆ ခုနှစ် မတ်လ (၂၃) ရက်နေ့တွင် စတင်အသက်ဝင်လာခဲ့သည်။ စာချုပ်တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၏ ပထမပိုင်းတွင်ပါဝင်သည့် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများကို စာချုပ်အသွင်ဖြင့် ပြဌာန်းထားခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ်အထိ အဖွဲ့ဝင်အဖြစ်အတည်ပြုလက်မှတ်ရေးထိုးထားသော နိုင်ငံ (၁၆၉) နိုင်ငံရှိပြီး ပဏာမ လက်မှတ်ရေးထိုးထားသည့်နိုင်ငံ (၆) နိုင်ငံရှိသည်။ လုံးဝ လက်မှတ်မထိုးရသေးသောနိုင်ငံ (၂၂) နိုင်ငံ ကျန်ရှိနေဆဲဖြစ်သည်။ မြန်မာနိုင်ငံသည် ၂၀၁၇ ခုနှစ်အထိ ဤစာချုပ်ကို လက်မှတ်ထိုးခြင်းမရှိသေးပါ။
နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်တွင် အပိုင်း (၆) ပိုင်းနှင့် စုစုပေါင်းအပိုဒ် (၅၃) ပိုဒ် ပါရှိပါသည်။ စာချုပ်၏ အစပိုင်းဖြစ်သော အပိုဒ် (၁) တွင် လွတ်လပ်စွာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ဖော်ပြထားသည်။ အပိုဒ် (၂) မှ (၅) အထိတွင် မူဝါဒများကို ဖော်ပြထားပြီး အပိုဒ် (၆) မှ (၂၇) အထိသည် အခွင့်အရေးများဖြစ်ပါသည်။ အပိုဒ် (၂၈) မှ (၅၃) တို့တွင် စာချုပ်ကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ထုံးလုပ်နည်းများကို ဖော်ပြထားပါသည်။
စာချုပ်ပါအပိုဒ်များ
စာချုပ်၏ အပိုဒ် (၁) မှ (၂၇) အထိဖော်ပြထားသော အခွင့်အရေးဆိုင်ရာ အပိုဒ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
အပိုဒ် (၁) လူတိုင်း ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည်။
အပိုဒ် (၂) နိုင်ငံနယ်နမိတ်အတွင်းရှိ လူသားအားလုံး၏ ရပိုင်ခွင့်များကို မခွဲခြားဘဲ လေးစားရန်
အပိုဒ် (၃) ကျား၊မ ခွဲခြားခြင်းမရှိလဲ အခွင့်အရေးများကို တန်းတူခံစားပိုင်ခွင့်
အပိုဒ် (၄) စာချုပ်ပါ အခွင့်အရေးတချို့ကို အရေးပေါ်အခြေအနေမျိုးတွင် ခြွင်းချက်ထား ကန့်သတ်နိုင်ခြင်း
အပိုဒ် (၅) အခြားသူ၏အခွင့်အရေးကို ထိခိုက်အောင် ဤစာချုပ်ကို အသုံးမချရ
အပိုဒ် (၆) လူတိုင်း အသက်ရှင်ခွင့်ရှိသည်။
အပိုဒ် (၇) မည်သူ့ကိုမှ ညှဉ်းပမ်းနှိပ်စက်မှုခြင်းမရှိစေရ။
အပိုဒ် (၈) မည်သူ့ကိုမှ ကျွန်အဖြစ်စေခိုင်းခြင်းမပြုရ၊
အပိုဒ် (၉) မည်သူ့ကိုမှ မတရားဖမ်းဆီးခြင်းမပြုရ၊
အပိုဒ် (၁၀) လွတ်လပ်ခွင့်တားမြစ်ခံထားရသူများ လေးစားစွာ ဆက်ဆံရန်
အပိုဒ် (၁၁) ကတိက၀က်ပျက်ခြင်းကြောင့် ဖမ်းဆီးခြင်းမပြုရ။
အပိုဒ် (၁၂) နိုင်ငံအတွင်းလွတ်လပ်စွာ သွားလာ အခြေချပိုင်ခွင့်
အပိုဒ် (၁၃) နိုင်ငံခြားသားအား ဥပဒေနှင့်အညီသာ ပြည်နှင်ခွင့် ပေးပိုင်ခြင်း
အပိုဒ် (၁၄) လူတိုင်း လူအများကြားနာသော တရားရုံးတွင်သာ စီရင်ပိုင်ခွင့်
အပိုဒ် (၁၅) နောက်ကြောင်းပြန်ဥပဒေဖြင့် အရေးယူခြင်း မပြုရ
အပိုဒ် (၁၆) ဥပဒေရှေ့လူသားကဲသို့ ဆက်ဆံခံပိုင်ခွင့်၊
အပိုဒ် (၁၇) မကောင်းသောရည်ရွယ်ချက်ဖြင့် အိမ်အတွင်းဝင်ခြင်း၊ စာများဖောက်ခြင်းမပြုရ၊
အပိုဒ်(၁၈) လူတိုင်း လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊
အပိုဒ် (၁၉) လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊
အပိုဒ် (၂၀) စစ်ရေး၊ ဘာ စစ်ရေး၊ ဘာသာရေးအမုန်းပွားအောင် ၀ါဒဖြန့်ခြင်းကို တားမြစ်ရန်
အပိုဒ် (၂၁) လူတိုင်း ငြိမ်းချမ်းစွာ စုဝေးပိုင်ခွင့်
အပိုဒ် (၂၂) အလုပ်သမားသမဂ္ဂများအပါအ၀င် အသင်းအဖွဲ့များကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်
အပိုဒ် (၂၃) အရွယ်ရောက်ပြီးသော ကျားမတိုင်း နှစ်ဦးဆန္ဒဖြင့် လက်ထပ်ခွင့်၊
အပိုဒ် (၂၄) မည်သည့်ကလေးသူငယ်ကိုမှ ခွဲခြားခြင်းမပြုရ
အပိုဒ် (၂၅) နိုင်ငံသားတိုင်း မိမိအစိုးရကို ရွေးချယ်တင်မြှောက်ပိုင်ခွင့်
အပိုဒ် (၂၆) လူတိုင်း ဥပဒေ၏ စောင့်ရှောက်မှုကို တန်းတူခံယူပိုင်ခွင့်
အပိုဒ် (၂ရ) လူနည်းစုများ၏ ယဉ်ကျေးမှုကို ကာကွယ်ပေးခြင်း
အပိုဒ် (၂၈) မှ (၅၃) ကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ထုံးလုပ်နည်းတို့ဖြစ်သည်။
စာချုပ်၏ နောက်ဆက်တွဲစာချုပ်များ
စာချုပ်တွင် နောက်ဆက်တွဲစာချုပ်နှစ်ခုရှိပါသည်။ ပထမစာချုပ်မှာ စာချုပ်ပါအခွင့်အရေးများကို ချိုးဖောက်ခံရပါက တဦးချင်းတိုင်ကြားနိုင်မှုနှင့် သက်ဆိုင်ပြီး ဒုတိယစာချုပ်မှာ စာချုပ်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် သေဒဏ်ပေးအပြစ်စီရင်မှုကို ဖျက်သိမ်းရန်ဖြစ်ပါသည်။
ပထမနောက်ဆက်တွဲစာချုပ်ကို ၁၉၆၆ ခုနှစ်ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ပြဌာန်းခဲ့ပြီး ၁၉၇၆ ခုနှစ် မတ်လ (၂၃) ၇က်နေ့တွင် အသက်ဝင်လာခဲ့ပါသည်။ ယခုအချိန်အထိ အတည်ပြု လက်မှတ်ထိုးထားသည့်နိုင်ငံအရေအတွက် (၁၁၅) နိုင်ငံရှိပါသည်။ ဒုတိယနောက်ဆက်တွဲစာချုပ်ဖြစ်သော သေဒဏ်ပေးမှုဖျက်သိမ်းရေးစာချုပ်ကို ၁၉၈၉ ခုနှစ်တွင်ပြဌာန်းခဲ့ပြီး ၁၉၉၁ ခုနှစ် ဇူလိုင်လ (၁၁) ရက်နေ့တွင် အသက်ဝင်လာပါသည်။ ယခုအချိန်အထိ နိုင်ငံပေါင်း (၈၁) နိုင်ငံက အတည်ပြုလက်မှတ်ရေးထိုးထားပါသည်။
စာချုပ်ကော်မတီ
လက်မှတ်ရေးထိုးထားသည့် စာချုပ်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စာချုပ်ပါအခွင့်အရေးများကို အမှန်တကယ်လေးစားလိုက်နာမှုရှိမရှိအား စောင့်ကြပ်ရန်အတွက် လူ့အခွင့်အရေးကော်မတီ (Human Rights Committee) ကို ဖွဲ့စည်းထားပါသည်။ နိုင်ငံတကာမှ လွတ်လပ်ပြီး လူ့အခွင့်အရေးကျွမ်းကျင်သူ (၁၈) ဦးဖြင့် ဖွဲ့စည်းထားသည့် လူ့အခွင့်အရေးကော်မတီသည် စာချုပ်အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံတော်အစီရင်ခံစာများကို လေ့လာခြင်း၊ အစိုးရများအပေါ် အကြံပြုချက်များထုတ်ပြန်ခြင်းနှင့် စာချုပ်ပါအပိုဒ်များနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းချက် (General Recommendations) များ ထုတ်ပြန်ခြင်းများကို လုပ်ဆောင်ပါသည်။
စာချုပ်ကို အတည်ပြုလက်မှတ်ထိုးထားသော နိုင်ငံ၏ တာဝန်
စာချုပ်ကို အတည်ပြုလက်မှတ်ရေးထိုးသည့်နိုင်ငံအနေဖြင့် လက်မှတ်ရေးထိုးထိုးပြီးချင်း တနှစ်အတွင်း စာချုပ်ပါအခွင့်အရေးများနှင့်ပတ်သက်၍ အစိုးရ၏ လုပ်ဆောင်ချက်များကို စာချုပ်ကော်မတီသို့ တင်သွင်းရပါသည်။ ထို့နောက် ပုံမှန်အစီရင်ခံစာကို ငါးနှစ်လျှင်တကြိမ် တင်သွင်းရပါသည်။ အစီရင်ခံစာပါအချက်များနှင့်ပတ်သက်၍ ကော်မတီ၏ မေးမြန်းချက်များကို စာဖြင့် ဖြေကြားရပါသည်။ ထို့နောက် ကော်မတီရှေ့မှောက်တွင် လာရောက်အစိရင်ခံတင်ပြရပါသည်။ အစီရင်ခံစာနှင့်ပတ်သက်၍ ကော်မတီက အကြံပြုတင်ပြချက်များကို အစိုးရက နိုင်ငံအတွင်း ပြန်လည်အကောင်အထည်ဖော်လုပ်ဆောင်ပြီး အလှည့်ကျသည့်နှစ်တွင် ပြန်လည်အစီရင်ခံရပါသည်။
အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ လုပ်ဆောင်နိုင်မှု
အစိုးရမဟုတ်သောအဖွဲ့အစည်းများကလဲ ကော်မတီထံသို့ နိုင်ငံအလိုက် အစီရင်ခံစာများ တင်သွင်းနိုင်သည်။ တရားဝင်တင်သွင်းနိုင်ခြင်မဟုတ်သော်လဲ ထိုအစီရင်ခံစာများကို ကော်မတီဝင်များထံ ပေးပို့နိုင်သည်။ ထိုအစီရင်ခံစာများတွင် စာချုပ်ပါအခွင့်အရေးများဆိုင်ရာ အခြေအနေများ၊ အချက်အလက်များကို ဖော်ပြရေးထားလေ့ရှိပါသည်။ ထိုအချက်များကို အခြေခံ၍ ကော်မတီက အစိုးရအဖွဲ့ကို မေးမြန်းထောက်ပြနိုင်ပါသည်။
ထို့ပြင် အစိုးရမဟုတ်သောအဖွဲ့များသည် သက်ဆိုင်ရာအစိုးရနှင့် ကော်မတီတို့ မျက်နှာချင်းဆိုင်တွေ့ဆုံကြားနာသည့်အစီအစဉ်ကိုလဲ လေ့လာသူအဖြစ်တက်ရောက်နိုင်ပါသည်။ သို့သော် ဝင်ရောက်ပြောဆိုခွင့်ရှိမည် မဟုတ်ပါ။
အရေးကြီးသော နောက်ထပ်ကဏ္ဍမှာ အစိုးရမဟုတ်သောအဖွဲ့များအနေဖြင့် မိမိနိုင်ငံအစိုးရသည် ကော်မတီက အကြံပြုတင်ပြလိုက်သောအချက်များကို မည်ကဲ့သို့ လေးစားအကောင်အထည်ဖော်ခြင်းကို စောင့်ကြည့်ခြင်း၊ ပူးပေါင်းလက်တွဲလုပ်ဆောင်ခြင်းဖြစ်ပါသည်။
နိုင်ငံသားအခွင့်အရေး(Civil rights)- လူသားတဦးစီ၏လွတ်လပ်ခွင့်၊ လုံခြုံခွင့်များနှင့် တရားဥပဒေစီရင်ရာတွင် အစိုးရက ၀င်ရောက်စွတ်ဖက် ခြင်းမပြုနိုင်အောင် ကာကွယ်ပေးထားသည့်အခွင့်အရေးများ
နိုင်ငံရေးအခွင့်အရေးများ (Political rights) - အစိုးရ၏လုပ်ငန်း ကိစ္စရပ်များတွင် လူသားတဦးချင်းစီက ပါဝင်ပတ်သက်နိုင်အောင် ခွင့်ပြုထားသောအခွင့်အရေးများ
ICCPR စာချုပ်ကို အစိုးရလက်မှတ်ထိုးလျှင် ဘာအကျိုးကျေးဇူးတွေ ရှိလာမလဲ
လူတိုင်း၏ နိုင်ငံသားအခွင့်အရေးများဖြစ်သော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ အသင်းအဖွဲ့ဖွဲ့စည်းခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်၊ ယုံကြည်ကိုးကွယ်ခွင့်များကို အစိုးရက ထင်သလို ပိတ်ပင်၍ ရတော့မည်မဟုတ်ပါ။ အစိုးရကိုယ်တိုင်က ထိုချိုးဖောက်မှုများကို ချိုးဖောက်နိုင်မည်မဟုတ်သလို ထိုအခွင့်အရေးများကို နှောက်ယှက်ခြင်းကင်းကင်းဖြင့် ကျင့်သုံးခွင့်ရရှိလာမည်။
မတရားဖမ်းဆီးမှုများ၊ နှိပ်စက်မှုများ၊ အဓမ္မစေခိုင်းမှုများကို ယခုထက်ပိုမို၍ တားဆီးပေးရတော့မည်ဖြစ်သည်။ လိုအပ်သလို ဥပဒေများပြဌာန်းခြင်း၊ အရေးယူခြင်းများကို မဖြစ်မနေလုပ်ဆောင်ရတော့မည်ဖြစ်သည်။ နိုင်ငံသားများအနေဖြင့် ကြောက်ရွံ့မှုကင်းကင်းဖြင့် ကာကွယ်ပေးမှုများ ခံစားနိုင်လာမည်။
လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်ပွားပါက တိုင်ကြားနိုင်သည့် ယန္တယားများကို အစိုးရက တိကျခိုင်မာစွာ ထူထောင်ပေးရတော့မည်ဖြစ်သည်။ တိုင်ကြားသည့်ယန္တယားများသည် လွတ်လပ်၊ ခိုင်မာ၊ အားကောင်းသည့်ဌာနများဖြစ်လာရန်၊ ထိုဌာနများတွင် တာဝန်ထမ်းဆောင်သူများသည် ဘက်လိုက်မှုမရှိဘဲ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူများဖြစ်လာမည်။
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူနှင့် ပြည်သူတို့အပေါ်ဖိနှိပ်သည့်ဥပဒေများကို မဖြစ်မနေဖျက်သိမ်းရန် အစိုးရတွင်တာဝန်ရှိလာမည်ဖြစ်သည်။ အခြေခံလူ့အခွင့်အရေးများအပေါ် ထိပါးနှောက်ယှက်သည့် ဥပဒေများကြောင့် အပြစ်ပေးအရေးယူခံရသည့်အဖြစ်များ ကင်းဝေးလာနိုင်မည်ဖြစ်သည်။
တရားဥပဒေစိုးမိုးမှု၊ တရားစီရင်ရေးမဏ္ဍိုင်အားကောင်းလာမှုရှိမည်ဖြစ်သောကြောင့် ငွေများတရားနိုင်ဖြစ်နေသောအဖြစ်အပျက်များ၊ အကတိလိုက်စားမှုများ လျော့ပါးလာအောင် လုပ်ဆောင်လာနိုင်မည်ဖြစ်သည်။
နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာစာချုပ်တွင် တိုင်းရင်းသားလူမျိုးများအပေါ် ခွဲခြားမှုကို တားဆီးပေးရန် အစိုးရကို တာဝန်ပေးအပ်ထားသည်။ ထို့ကြောင့် အသားအရောင်၊ ကိုးကွယ်သည့်ဘာသာအပေါ်အခြေခံ၍ ခွဲခြား၍ မရသလို တိုင်းရင်းသားလူနည်းစုများအပေါ် တန်းတူလေးစားပေးရတော့မည်ဖြစ်သည်။
စာချုပ်ပါအခွင့်အရေးများကို အမျိုးသမီးများလဲ တန်းတူရရှိခံစားခွင့်ရှိအောင် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း ဖော်ပြထားသည့်အတွက် အစိုးရအနေဖြင့် အမျိုးသမီးများအပေါ် ခွဲခြားမှုများ ပပျောက်အောင် လုပ်ဆောင်ပေးရမည့် တာဝန်ရှိပေသည်။ ထို့ကြောင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို တားဆီးပေးလာနိုင်မည်ဖြစ်သည်။
ကလေးများကို မခွဲခြားဘဲ ကာကွယ်ပေးရန် ဤစာချုပ်တွင် အလေးအနက်ဖော်ပြထားသည်။ ထို့ကြောင့်ကလေးများအပေါ် ခွဲခြားမှုမရှိဘဲ တန်းတူအခွင့်အရေးများ၊ ဥပဒေအရ ကာကွယ်ပေးမှုများကို အစိုးရက ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ကလေးတိုင်း ခွဲခြားမှုမရှိဘဲ ကာကွယ်ပေးမှုများ ရရှိလာနိုင်မည်ဖြစ်သည်။
မူရင်းတင်ဆက်သူစာမျက်နှာ - ICCPR Myanmar Action Group
No comments:
Post a Comment