အောင်သိန်း(ရေကျော်)
ခုလို ဆိုရှယ်မီဒီယာ ခေတ်ကြီးမှာ ထူးခြားတဲ့သတင်း ဆန်းပြားတဲ့သတင်းတွေကို မြင်ရ ကြားရတာအထွေထူးမဟုတ်တော့ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အင်တာနက်ခေတ်ကြီးမှာ အချိန်နဲ့တပြေးညီ သတင်းတော်တော်များများကို သိနေကြလို့ပါ၊
တနေ့ နိုင်ငံခြား ရုပ်သံလိုင်းတစ်ခုကနေ အရေးကြီး ကြားဖြတ်သတင်း (Breaking News) ဆိုပြီး သတင်းတစ်ခုကိုဖတ်လိုက်ရပါတယ်၊ အမေရိကန်နိုင်ငံရဲ့ ကမ္ဘာကျော် ဖက်ရှင်ဒီဇိုင်နာ ကိတ်စပိတ်(Kate Spade) ကိုယ့်ကိုယ်ကို ကြိုးဆွဲချသေသွားတယ်ဆိုတဲ့သတင်းပါ၊ နောက် ၃ ရက်အကြာမှာလည်း အမေရိကန်နိုင်ငံရဲ့ အထင်ကရ တစ်ဦးဖြစ်တဲ့ ကမ္ဘာကျော် စားဖိုမှုး ၊ စာရေးဆရာ တစ်ဦးလည်းဖြစ်တဲ့ အန်ထော်နီ လို့လူအများသိထားတဲ့ (Anthony Borudain) တစ်ယောက်လည်း ကြိုးဆွဲချသေသွားတယ် ဆိုတဲ့ သတင်း ၊ အဲ့လိုသတင်းမျိုးတွေက ကြားဖူးနေပါတယ်၊ အခြားသူတွေဖြစ်တယ်ဆိုရင် သိပ်မထူးခြားပေမယ့် သူတို့ သတင်းကြားတော့ ထူးခြားတာထက် တွေးစရာကပိုများသွားပါတယ်၊ အများအားဖြင့် ငွေကြေးပြဿနာကြောင့်၊ တစ်ချို့ကျ ပြန်တော့ လူမှူရေး ပြဿနာကြောင့် ဖြစ်နေကြတာတွေ နေရာအနှံ့မှာပါ၊ သူတို့ ၂ ဦးလုံးရဲ့အကြောင်းကို လေ့လာကြည့်တာ အဲ့အချက်တွေနဲ့လည်းမဟုတ် ၊ သက်ဆိုင်ရာတွေလည်း အဖြေရှာနေဆဲဆိုတာ သိလိုက်ရတော့ ပိုပြီးတော့ အတွေးများစွာ ဝင်လာပါတယ်၊
အတွေးဆိုတာကလည်း တွေးစရာလည်းရှိ တွေးမယ်ဆိုပြီး ကိုယ်က ဖန်တီးလိုက်လို့လဲ တွေးစရာဆိုတာ ဖြစ်လာတာနေမှာပါ၊ ဖတ်လိုက်တယ်၊ သိလိုက်တယ်၊ ဒါဆိုလည်း ပြီးသွားတာပါ။ တခါတလေ ဒီအတိုင်းလေးပဲ ကောင်းပါတယ် ဆိုတာလေးကို အမြဲနှလုံးသွင်းရမလိုပါဘဲ ၊ ကိစ္စတစ်ခုကို ဆက်တွေးလိုက်တော့ ကိုယ့်အတွေးတွေက အကောင်းဘက်မြင်ပြီး အကောင်းဘက်က လိုက်တွေးပေးရင်တော့ ကိုယ့်အတွက်လည်း ကျန်တာပေါ့၊ အဲ့လိုမှ မဟုတ်ဘဲ အဆိုးဘက်ကမြင် အဆိုးဘက်က လိုက်တွေးနေရင်တော့ ကျန်တော့ကျန်မယ်…………….။ ဘာကျန်မလဲဆိုတာကတော့ ကိုယ်တိုင်ပဲ မေးခွန်းထုတ် ကိုယ်တိုင်ပဲ ဖြေကြည့်တာကောင်းပါတယ်။
ဆရာတော်ဘုရားတွေ မကြာခဏဟောဟောနေတဲ့ စတ္တာရော အပါယာ သကဂေဟသဒိသာ ဆိုတဲ့ တရားစာလေးတစ်ခုပါ။ အဓိပ္ပါယ်ကတော့ အပါယ်လေးဘုံဟာ ကိုယ့်အိမ်လိုပဲတဲ့။ “ သဒ္ဓမ္မရံသီ ဆရာတော်ဘုရား” ရဲ့ ယခုဘဝ ကောင်းမြတ်လှ ဆိုတဲ့တရားတော်ထဲမှာ မိမိတို့နှင့်တကွ ပုထုဇဉ်ပုဂ္ဂိုလ်ဟူသမျှတို့သည် လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ဟူသော ကောင်းမြတ်သော ဘုံဘဝတို့၌ ဖြစ်ကြရသည့် ဘဝများထက် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသော ယုတ်ညံ့သော အပါယ်ဘုံဘဝများမှာ ဖြစ်ကြရတဲ့ ဘဝများ၌ ဆင်းရဲဒုက္ခ အမျိုးမျိုးတို့ကို ခံနေရတဲ့ အချိန်က ပို၍များခဲ့တဲ့ အကြောင်း။ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့ကို ရောက်လာတယ်ဆိုတာ ဧည့်သည်အဖြစ်နဲ့ ရောက်လာတာဖြစ်တယ်လို့လဲ “သဒ္ဓမ္မရံသီ ဆရာတော်ဘုရား” က ဟောပြထားပါတယ်။
အပါယ်ဘုံဘဝတွေကို ထပ်ခါထပ်ခါ ပြန်မရောက်ဖို့ဆိုရင် နံပါတ်(၁) အကုသိုလ်မလုပ်ဖြစ်ဖို့ရယ်၊ နံပါတ်(၂) ကုသိုလ်ကောင်းမှုတွေ များများပြုဖို့ရယ်ပါ။ အပါယ်လေးဘုံက လုံးဝလွတ်မြောက်ဖို့ဆိုရင်တော့ အနည်းဆုံး သောတာပန်အဆင့်ရောက်မှပဲ လုံးဝလွတ်ကင်းသွားတော့မှာပါ။ သောတာပန်မဖြစ်သရွေ့ ဘယ်သူမှစိတ်မချရပါဘူး။ ပုထုဇဉ်တွေက ရခဲလှတဲ့လူ့ဘဝဆိုတာလည်း သိကြတယ်၊ ကုသိုလ် အကုသိုလ်ဆိုတာလည်း သိကြတယ်၊ ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရမယ်၊ မကောင်းတာလုပ်ရင် ဘာဖြစ်မယ်ဆိုတာလည်း သိကြတယ်၊ ဒါပေမယ့်…………..။
အများစုကို သေရမှာကြောက်လားလို့ မေးကြည့်ရင် မကြောက်ပါဘူး ၊ ဘာလို့ကြောက်ရမှာလဲ၊ ငါကကိုယ့်ဘာသာ အေးဆေးနေတာ၊ မကောင်းတာမလုပ်ဘူး၊ တရားရှိတယ်၊ ခုချိန်သေလဲ အေးဆေးပဲ မကြောက်ဘူး စသည်ဖြင့် ကြားဖူးကြမှာပါ၊
တခါတုန်းက သက်တော်ရှည်ဆရာတော်ကြီးတစ်ပါးဆီကို ဒကာ ဒကာမတွေလာကြတယ်၊ ဆရာတော်ကြီးက သီလ သမာဓိ ပညာ နဲ့လည်းပြည့်၊ ကုသိုလ်ကောင်းမှုတွေကိုလည်းအမြဲပြုနေတာပါ၊ ဆရာတော်ကြီးကိုစောင့်နေတုန်းစကားစုပြောနေကြတာပေါ့၊ သေရမှာမကြောက်ဘူး ဘာလို့ကြောက်ရမှာလဲ စသည်ဖြင့်ပြောနေတုန်း ဆရာတော်ကြီးက ဘေးနားရောက်လာပြီး ဘာတွေပြောနေကြတာလဲ မေးတော့ ၊ တပည့်တော်က တရားတွေအားထုတ်တယ် အလှူအတန်းတွေလည်း ပြုတော့ သေရမှာ မကြောက်ဘူးဆိုတဲ့ အကြောင်းပြောနေတာပါ ဘုရား၊ အဲ့လိုပြောပြီးတဲ့ အချိန်လေးမှာပဲ ဆရာတော်ကြီးက ကျုပ်ကတော့ဖြင့် သေရမှာ ကြောက်တယ်တဲ့၊ ဒကာ ဒကာမတွေလည်း အံ့သြသွားကြတယ်၊ ဆရာတော်ကလည်း တရားတွေအားထုတ်ထားပြီးတော့ ကုသိုလ်တွေလုပ်နေတာပဲလေ ဘာလို့လဲဆိုပြီး မေးလျှောက်ကြတော့၊ ဆရာတော်ကြီးက ရိုးရိုးလေးပဲ စကားလေးတစ်ခွန်းပြောလိုက်ပါတယ်၊ ကျုပ်က ကောင်းတာတွေအများကြီး လုပ်ချင်သေးလို့တဲ့။ ဒီစကားလေး တစ်ခွန်းက တွေးမယ်ဆို ကိုယ့်အတွက် အများကြီး ကျန်မယ့် စကားမျိုးပါ။
လောကကြီးထဲကိုရောက်လာကြတယ၊် အလွှာမျိုးစုံမှာ ပုံစံမျိုးစုံနဲ့ ကြီးပြင်းနေထိုင်ကြတယ်၊ တချို့က သာမန်ထဲကပါပဲ တနေ့သေရမယ်ဆိုတာကိုသိတယ်၊ ဒါပေမယ့် မသိသလိုနေကြတယ်၊ ဘဝကို ပျော်ပျော်လေးနဲ့ ဖြတ်သန်းသွားကြတယ်။ တချို့ကြပြန်တော့ ငွေကြေးချမ်းသာတဲ့ အလွှာထဲကပေါ့ တနေ့သေရမှာကို မေ့နေပြီး ငွေနောက်ပဲလိုက်နေတဲ့သူတွေလည်းရှိတာပေါ့လေ၊ အဲ့လိုပုံစံ ၂ မျိုးလုံးအတွက်ဘာမှ ထွေထူးပြောစရာ မဟုတ်ပေမယ့်၊ တချို့ကြတော့ ပညာတွေတက်တယ် ပစ္စည်းဥစ္စာလည်း ပြည့်စုံတယ် ထင်ပေါ်တယ်၊ ယခုခေတ်အခေါ် ဆယ်လီ(cele) တစ်ယောက်ပေါ့၊ ဒါပေမယ့် ကိုယ့်ကိုယ်ကို ကြိုးဆွဲချသေတာမျိုး၊ မူးယစ်ဆေးတွေ သောက်ပြီး သေမယ်လို့ အကြိမ်ကြိမ်ပြောကြတာမျိုးတွေပေါ့၊ တချို့က တော်ပါပီ မြန်မြန်သေလည်း အေးတာပဲ၊ ကိုယ်ကသာ ဘာတွေ ဘယ်လိုလုပ်နေပေမယ့် လောကကြီးက မတရားပါဘူး စသည်ဖြင့် နေနေရတဲ့ အချိန်လေးမှာ သေဖို့ကိုပဲ စဉ်းစားပြီး ကိုယ့်အတွက် ဘာမှ မကျန်မယ့် အတွေးမျိုးတွေ မတွေးသင့်ပါဘူး၊
လူရယ်လို့ဖြစ်လာရင် စိတ်ညစ်စရာအာရုံ အလိုမကျစရာအာရုံတွေကတော့ မသေခင်အချိန်ထိ ပုထုဇဉ်မှန်ရင် ကြုံတွေ့နေရမှာပါ၊ ယောဆရာတော့်တပည့် ဦးဇင်းတစ်ပါး ယောဆရာတော်ဘုရားကို မေးလျှောက်တာ လေးတစ်ခု သတိရမိလို့ပါ၊ “ဆရာတော်ဘုရား တပည့်တော်မှာ တစ်ခါတလေ ကိုယ်မလိုချင်တဲ့ အကုသိုလ်စိတ်တွေ ဖြစ်မိပါတယ် ဘုရား၊ အကုသိုလ်စိတ်ဖြစ်တော့ စိတ်ဆင်းရဲရပါတယ်ဘုရား၊ ဘယ်လိုပယ်ရပါ့မလဲ” လို့မေးလျောက်တော့ ယောဆရာတော် ဘုရားက “ဖြစ်တဲ့ အကုသိုလ်ကိုရှုမှတ်ပစ်ပေါ့၊ သာသနာမှာ အကုသိုလ် ကိလေသာရှိလို့ အလုပ်လုပ်စရာရှိနေတာ၊ အကုသိုလ်ကိလေသာစိတ်မရှိရင် ရဟန်းတစ်ပါးအနေနဲ့သာသနာမှာ ဘာမှလုပ်စရာ မရှိတော့ဘူး၊ ရဟန်းအလုပ်က ကိလေသာပယ်ဖို့ပဲ၊ သာသနာမှာ ဆရာတော်ကြီးတွေ တော်တယ် တော်တယ်ဆိုတာ အကုသိုလ် ကိလေသာကို ပယ်နိုင်လို့တော်တာ၊ အဲဒီမှာ သတိပါနေဖို့ပဲ။ သတိပါနေရင် ကိလေသာ ဆယ်ချက်ဖြစ်ရမှာ နှစ်ချက် သုံးချက်နဲ့ ရပ်သွားတယ်။ ပြောလိုက်ပေါ့ “အကုသိုလ်ရယ်၊ ပုထုဇဉ်ပဲ ဖြစ်ပါ၊ မဖြစ်ရဘူးလို့ မဆိုလိုပါဘူး၊ ဒါပေမဲ့ နှစ်ချက် သုံးချက် ဖြစ်ရရင် တော်ရောပေါ့ကွာ“ လို့ ပြောလိုက်ပေါ့ ဆိုပြီး မိန့်ပြပါတယ်။
ဆရာတော်ဘုရားရဲ့သြဝါဒကို ဖတ်လိုက်ရတော့ နေနေရတဲ့ အခိုက်အတန့်လေးမှာ အကြောင်း အမျိုးမျိုးကြောင့် သေချင်နေကြတဲ့သူတွေအတွက်တော့ အသုံးချတတ်ရင် ကိုယ့်အတွက် ကျန်မယ့် တရားစကားလေးပါပဲ၊ ပုထုဇဉ်မှန်ရင် ကိလေသာနဲ့ မကင်းကြပါဘူး၊ အရပ်စကားနဲ့ပြောရင်တော့ လူရယ်လို့ ဖြစ်လာရင် စိတ်ညစ်စရာတွေကြုံမယ်၊ ဒေါသဖြစ်စရာတွေ ၊ ကိုယ်မလိုချင်တဲ့ အာရုံမျိုးစုံနဲ့ကြုံနေကြရမှာပါ၊ ရှောင်လို့မရပါဘူး၊ ဆရာတော်ဘုရား ပြောသလို အကုသိုလ် ကိလေသာတွေ ရှိမှလည်း လောကကြီးမှာ ပုထုဇဉ်လူသားတွေက ကုသိုလ်အလုပ်တွေလုပ်ဖို့ အချိန်တွေပေးကြမှာပါ၊ အဲလိုမှ မဟုတ်ဘဲ ကိုယ်လိုချင်တဲ့ ကိုယ်ဖြစ်ချင်တဲ့ အာရုံလေးတွေကိုသာ တွေးပြီး ဘဝကို ပေါ့ပေါ့လေးနေသွားမယ်ဆိုရင်တော့ ကိုယ်အတွက် ဘာမှ မကျန်ဘူးထင်မိပါတယ်၊
အဲဒါကြောင့် နေနေရလို့ မသေကြသေးတဲ့ အခိုက်အတန့်လေးမှာ ကောင်းတာတွေအများကြီး လုပ်ပြီး ကိုယ့်အတွက် ကျန်မယ့်အတွေးလေးတွေကို တွေးရင်း တွေးရင်း……………………….။
အောင်သိန်း(ရေကျော်)
News Watch(စောင့်ကြည့်ဂျာနယ်)
၂၇.၇.၂၀၁၈
No comments:
Post a Comment