Friday, January 11, 2019

ပြည်ကြီးငါးအသွပ်ကြော် - ကြက်ခွေးတောက်သောက်ဆမ်း - ၀က်သားနှင့် လက်ပံခေါင်းဟင်း - ကြက်သားချဉ်စော်ခါးသီးချက်

ပြည်ကြီးငါးအသွပ်ကြော် နှင့် ကျောက်ပွင့်သုပ်
------------------------


တရုတ်စတိုင် ပြည်ကြီးငါး အစာသွပ်ကြော်နှင့် ကျောက်ပွင့်သုပ်ပါ။ ပြည်ကြီးငါးထဲကို ၀က်သား၊ မုန်လာဥနီ၊ ကြက်သွန်မြိတ် အစာသွပ်ပြီ အကြွပ်ကြော်ထားတာမို့ ကြွပ်ရွပြီ စားလို့ အရမ်းကောင်းပါတယ်။ ကျောက်ပွင့်သုပ်ကို မြန်မာစတိုင် ပဲမှုန့်လေးနဲ့ သုပ်ထားပါတယ်။ တူတူလုပ်စားကြည့်ရအောင်…
------------------------
ပြည်ကြီးငါးတွင် ပါဝင်ပစ္စည်းများ

ကင်ပွန်း(သို့) ပြည်ကြီးငါး – ၃၀ကျပ်သား (အစာသွပ်ရန် အကောင်ကြီးရလျှင် ပိုကောင်းသည်)
ဝက်သား – ၂၀၀ ဂရမ် (နှုတ်နှုတ်စင်းပါ)
မုန်လာဥနီ – ၁ခု (နှုတ်နှုတ်စင်းပါ)
ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှတ်စင်းပါ)
ငါးငံပြာရည် – စားပွဲတင်ဇွန်း တ၀က်
ခရုဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
သကြား – လက်ဖက်ရည်ဇွန်း တ၀က်
ငရုတ်ကောင်းမှုန့် – အနည်းငယ်
ကြက်ဥ – ၁လုံး
ဂျုံမှုန့် – စားပွဲတင်ဇွန်း ၃ဇွန်း
ပါမုန့်ခြောက် – ၂ခွက်စာ
------------------------
ပြည်ကြီးငါး အစာသွပ် ချက်ပြုတ်နည်း

၁။ အရင်ဆုံး ပြည်ကြီးငါး ပေါ်မှ အညှိုအချွဲ၊ အရည်ခွံ၊ ခေါင်းအားလုံးကို ဖယ်ရှားပြီ သန့်စင်ထားပေးပါ။

၂။ ထို့နောက် ခွက်တစ်ခုထဲတွင် (၀က်သား၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ငံပြာရည်၊ ခရုဆီ၊ သကြား၊ ငရုတ်ကောင်းမှုန့်) တို့ကို သမအောင် ရောမွှေပေးပါ။

၃။ ပြီနောက် ပြည်ကြီးငါးထဲ နုယ်ထားသော ၀က်သားများကို အစာတ၀က်သွပ်ပေးပါ။

၎။ ပြီနောက် ပြည်ကြီးငါး လက်များကို ပုံတွင် ပါသည့်အတိုင်း ထည့်ပြီ သွားကြာထိုးတံဖြင့် ပိတ်ပေးပါ။


၅။ ထိုနည်းအတိုင်း ကျန်ပြည်ကြီးငါးများကို အစာသွပ်ပေးပါ။ ထို့နောက် ပေါင်းအိုးဖြင့် ပြည်ကြီးငါး အစာသွပ်ကို ၁၅မိနစ်ခန့် ပေါင်းပေးပါ။ ပေါင်းပြီလျှင် သွားကြာထိုးတံများကို ပြန်ဖယ်ပေးပါ။


၆။ ပြီလျှင် ခွက်တစ်ခုထဲ (ကြက်ဥ၊ ဂျုံမှုန့်) ထည့်ပြီ သမအောင် ခလောက်ပေးပါ။

ရ။ ကြက်ဥခလောက်ထားသော ခွက်ထဲသို့ ပြည်ကြီးငါး အစာသွပ်ကို စိမ်ပေးပါ။

၈။ ပြီနောက် ပါမုန့်ခြောက်များ ကပ်ပေးပြီ ဒယ်ထဲ ဆီများများထည့်ပြီ အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။

၉။ ပြီနောက် ပြည်ကြီးငါးအစာသွပ်ကြော်များကို အကွင်းလေးများ လှီးပေးပြီ ကျောက်ပွင့်သုပ်ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…
------------------------
ကျောက်ပွင့်တွင် ပါဝင်ပစ္စည်းများ

ကျောက်ပွင့် – ၂ခု (ရေစိမ်ပြီမှ တကိုက်စာ အရွယ်လေးများ ပိုင်းဖြတ်ထားပါ)
ခရမ်းချဉ်သီး – ၂လုံး (အစေံထုတ်ပြီ အရှည်ပါးပါးလှီးပါ)
ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
ပုဇွန်ခြာက် – စားပွဲတင်ဇွန်း ၁ဇွန်း
ငရုတ်သီးစိမ်း – ၂တောင့် (ပါးပါးလှီးပါ)
ဆား – လက်ဖက်ရည်ဇွန်း တ၀က်
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ငံပြာရည် – စားပွဲတင်ဇွန်း တ၀က်
နံနံပင် – လက်တဆုပ်စာ (ပါးပါးလှီးပါ)
ပဲမှုန့်(အကျက်မှုန့်) – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
ကြက်သွန်ဖြူ ဆီချက် – စားပွဲတင်ဇွန်း ၂ဇွန်း
------------------------
ကျောက်ပွင့်သုပ်နည်း

၁။ ခွက်တစ်ခုထဲတွင် (ကျောက်ပွင့်၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူဆီချက်၊ ပုဇွန်ခြောက်၊   ငရုတ်သီးစိမ်း၊ ပဲမှုန့်၊ ဆား၊ ကြက်သားမှုန့်၊ ငံပြာရည်) တို့ကို သမအောင် ရောနယ်လိုက်ပါ။

၂။ အရသာအပေါ့အငံ့ အနေတော်လျှင် အပေါ်မှာ နံနံပင် ဖြူးပြီ ကျောက်ပွင့်သုပ်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ..
------------------------
Wutyee Food House
------------------------

ဝက်သားနှင့် လက်ပံခေါင်းဟင်း


 အညာရောက်ဖြစ်ရင် စားချင်ဆုံးနဲ့ အားမနာရတဲ့အိမ်ဆို တောင်းဆိုမိတတ်တာ ဝက်သားနှင့် လက်ပံခေါင်းဟင်းပါပဲ။ ဘာမှထွေထွေထူးထူးချက်ထားတာ မဟုတ်ပေမယ့် ဝက်သုံးထပ်သားရဲ့ ဆိမ့်တဲ့အရသာထဲ အညာကိုင်းခရမ်းချဉ်သီးခြေထည့်ပြီး လက်ပံခေါင်းချွဲတဲတဲလေး ခတ်ထားတဲ့ ဟင်းလျာကို အညာငရုတ်သီးထောင်းလေးနဲ့ စားလိုက်ရရင်ဖြင့် မည်သည့်ဟင်းမျှ ထပ်မလိုအောင်ပါဘဲ။ စားကောင်းလှတဲ့ အညာဟင်းလျာပါရှင်။

ပါဝင်ပစ္စည်းများ
ဝက်သုံးထပ်သား  -  ၂၅ ကျပ်သား
လက်ပံခေါင်းခြောက်အပွင့်  -  ၂၀ ခန့်
ကိုင်းခရမ်းချဉ်သီး  -  ၃ လုံး
ကြက်သွန်နီ  -  ၁ ဥ
ကြက်သွန်ဖြူ  -  ၃ မြွှာ
ချင်း  -  လက်တစ်ဆစ်
ဆီ  -  ၂ ကျပ်ခွဲသား
အရောင်တင်မှုန့်  -  စားပွဲဇွန်း ၁/၂ ဇွန်း
ဆား  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
အရသာမှုန့်  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ချက်နည်း
 လက်ပံခေါင်းကို ခဏရေစိမ်ပြီး သဲကုန်စင်အောင် ရေ ၃၊ ၄ ထပ်ခန့် ဆေးကြောပါ။ ရေနွေးဆူအောင်တည်ပြီး လက်ပံခေါင်းများ ထည့်ပြုတ်ပါ။ ၁၀ မိနစ်ခန့် ပြုတ်ပြီးလျှင် ပြုတ်ရည်သွန်ပြီး ရေစစ်ထားပါ။ ချက်မည့်အိုးထဲ ဝက်သား၊ ကြက်သွန်ဖြူ/နီ လှီးထည့်ပါ။ချင်းထောင်းထည့်ပြီး အရသာ၊ ဆား၊ အရောင်တင်မှုန့်၊ ဆီထည့်ပါ။ ကိုင်းခရမ်းချဉ်သီးကို အစေ့ညှစ်ထုတ်ပြီး လက်နှင့် ဖျစ်ထည့်ပါ။ လက်ပံခေါင်းလည်း တစ်ခါတည်းထည့်ပြီး ပိုင်နိုင်စွာလုံးကာ ရေနွေးမြုပ်အောင်ထည့်၍ မီးပြင်းနှင့်ချက်ပါ။ လုံးချက် ချက်သည့်အခါ ဟင်းအိုးမှကျက်သော အနံ့မွှေးလာမှသာ အဖုံးဖွင့်ပါ။ ဟင်းစိမ်းနံ့မပျောက်ခင် အဖုံး ဖွင့်မိလျှင် ဟင်းကျက်သည့်တိုင် ဟင်းစိမ်းနံ့မပျောက်တော့ပါဘူး။ အသားနူးပြီး ဆီကျန် ရေကျန် အနေအထားရလျှင် မီးဖိုပေါ်မှချလို့ရပါပြီ။ ဝက်သားရဲ့ အဆိမ့်ဓာတ်မှာ အညာကိုင်းခရမ်းချဉ်သီးရဲ့ ချဉ်တင်တင်အရသာနဲ့အတူ လက်ပံခေါင်းရဲ့ ခပ်ချွဲချွဲအရသာက ရိုးရှင်းစွာ စားလို့မြိန်စေပါတယ်။
.............................
ပန်းခရေ

ကြက်သားချဉ်စော်ခါးသီးချက် ♡
❀ ❀ ❀

ဒီဟင်းလေးကပန်းသေးရိုးရာဟင်းလေးဖြစ်ပါတယ်။ငယ်ငယ်ကဧည့်သည်တွေဖိတ်ကျွေးရာမှာချက်တဲ့အဖွားရဲ့လက်ရာလေးကိုအမြဲသတိရလို့ချက်စားဖြစ်တာလေးကိုဝေမျှပေးချင်ပါတယ်။ကြက်သားကိုဆီပြန်အရောင်တင်တွေနဲ့စားနေရတာရိုးနေလို့အပြောင်းလဲလေးချက်စားချင်တယ်ဆိုတဲ့အိမ်ရှင်မများအကြိုက်တွေ့မယ်ထင်ပါတယ်။

ချက်နည်းလေးကြည့်ရအောင်နော်။

ပါဝင်ပစ္စည်း
******
ကြက် - တစ်ကီလို
ချဉ်စော်ခါးသီးခြောက် - လက်တဆုပ်
ကြက်သွန်နီ - ၃လုံး
ကြက်သွန်ဖြူ - တစ်ဥ
ဂျင်း - လက်တစ်ဆစ်
ရှောက်ကော - ၂လုံး သို့ အမှုန့်တဇွန်း
ဆား - လိုသလောက်
ဟင်းခပ်မှုန့် -တစ်ဇွန်း
ဆီ - ၅ကျပ်သား

ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ကြက်ကိုရေဆေးသန့်စင်ပြီးလိုသလိုလှီးဖြတ်ထားပါ။ဆားနှင့်ဟင်းခပ်မှုန့်ဖြင့်နှယ်ထားပါ။
(၂)ကြက်သွန်ကိုအမြောင်းတုံးပြီးတလွှာဆီခွာထားပါ။ကြက်သွန်ဖြူခွာထားပါ။ဂျင်းကိုအမျှင်လေးများစိတ်ထားပါ။
(၃)အိုးတခုတွင်ဆီထည့်ပြီးအပူပေးထားပါ။ကြက်သွန်နီ ကြက်သွန်ဖြူအမြောင်းလိုက်တို့ကိုအနည်းငယ်အရောင်ရသည်ထိကြော်ပြီးဆယ်ထုတ်ထားပါ
(၄)လက်ကျန်ဆီဖြင့်ဂျင်းကိုဆီသပ်ပါ။ရှောက်ကောကိုထုပြီးထည့်ပါ။
(၅)အရသာနယ်ပြီးသားကြက်သားထည့်ပြီးအရောင်ပြောင်းသည်ထိမွေပေးပါ။
(၆)ချဉ်စော်ခါးသီးခြောက်ကိုရေဆေးပြီးထည့်ပါ။ရေအနည်းငယ်ထည့်ပြီးတည်ပေးပါ။
(၇)တဝက်ကျက်အနေထားတွင်ဖယ်ထုတ်ထားသောကြက်သွန်နီဖြူကြော်တို့ကို့ထည့်ပြီးနူးသည်ထိတည်ပါ။
(၈)ကြက်သားနူးပါကအရသာအပေါ့အငံမြည်းကြက်သွန်မိတ်ဖြူးကာ သုံးဆောင်နိုင်ပါပြီ။
.........
Sofia

ကြက်ခွေးတောက်သောက်ဆမ်းနှင့် ငရုတ်သီးသုပ်


 ငယ်ငယ်က စားခဲ့ရတဲ့ ခွေးတောက်ရွက်အဖူးလေးတွေပါတဲ့ ခွေးတောက်ရွက် နုနုလေးတွေကို အရမ်းလွမ်းမိပါတယ်။ ယခုခေတ်မှာလို စိုက်ပျိုးထားတဲ့ ခွေးတောက်ရွက် ဖားဖား အရွက်ကြမ်းကြီးတွေ မဟုတ်ပါဘူး။ သဘာဝအလျောက်ပေါက်တဲ့ ခွေးတောက်ပင်ကရတဲ့ ခွေးတောက်ရွက်နုနုလေးတွေကိုပဲ ကျွန်တော်တို့ စားခဲ့ရပါတယ်။ ခွေးတောက်ရွက်ကို ကြော်ချက်ချက်စားကြသလို ဒီခေတ်မှာတော့ နာမည်ကြီးလာတဲ့ ခွေးတောက်သောက်ဆမ်းပေါ့။ ကျွန်တော်တို့ ငယ်ငယ်ကတော့ ကြက်ခွေးတောက်သောက်ဆမ်းလို့ မခေါ်ပါဘူး။ ကြက်သားရည်ချိုလို့ ခေါ်ပါတယ်။ ကြက်သား ရည်ချိုချက်ပြီးမှ ခွေးတောက်ရွက်ခတ်တဲ့ဟင်းပါ။

ကြက်ခွေးတောက်သောက်ဆမ်းအတွက် ပါဝင်ပစ္စည်းများ
ကြက်သား   -  ၄၀ဝ ဂရမ်
ခွေးတောက်ရွက်  -  ၂ စည်း
ငံပြာရည်  -  စားပွဲဇွန်း ၁  ၁/၂ ဇွန်း
ဆား  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ကြက်သားမှုန့်  -  အနည်းငယ်
နနွင်းမှုန့်  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ကြက်သွန်နီ  -  ၃ ဥ
ကြက်သွန်ဖြူ  -  ၆ မြွှာ
ရေ  -  ၈၀ဝ မီလီလီတာ
ဆီ  -  အနည်းငယ်

ပြုလုပ်နည်း
၁။ ကြက်သားအနေတော်အရွယ်တုံးပြီး ဆား၊ နနွင်း၊ ငံပြာရည်၊ ကြက်သားမှုန့်တို့နှင့် ရောနယ်၍ ချက်မည့်အိုးထဲ ထည့်ပါ။
၂။ အိုးကို မီးဖိုပေါ်တင်၍ ဆီထည့်ပြီး လုံးချက် ချက်ပါ။
၃။ ကြက်သားထဲမှ ထွက်လာတဲ့ ရေကုန်ပြီဆိုလျှင် ရေထည့်၍ အဖုံးဖုံးပြီး ချက်ပါ။
၎။ ကြက်သားချက်နေစဉ်အတွင်းမှာ ခွေးတောက်ရွက်ကိုြွေခပြီး ရေဆေးထားပါ။ ပြီးလျှင် ခပ်ကြမ်းကြမ်းလေး လှီးထားပါ။
၅။ ကြက်သွန်နီကို ပါးပါးလှီး၊ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ကြက်သားအိုးထဲ ထည့်ပါ။
၆။ ကြက်သားနူးပြီဆိုလျှင် ခွေးတောက်ရွက်ခတ်ပြီး ဆက်၍ ချက်ပါ။
၇။ ခွေးတောက်ရွက် နွမ်းသွားပြီဆိုလျှင် အပေါ့အငန်မြည်းပြီး အဆင်သင့်ဖြစ်ပါပြီ။

ငရုတ်သီးသုပ်အတွက်  ပါဝင်ပစ္စည်းများ
ငရုတ်သီးစိမ်း  -  ၁၅ တောင့်
ကြက်သွန်နီ  -  ၂ ဥ
ကြက်သွန်ဖြူ  -  ၃ မြွှာ
မြေပဲလှော်  -  စားပွဲဇွန်း ၁ ဇွန်း
ဆား  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ဆီ  -  စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း
၁။ ငရုတ်သီးစိမ်းကို မီးကင် (သို့) လှော်ပါ။
၂။ မြေပဲလှော်ကို ထောင်းပါ။
၃။ လှော်ထားတဲ့ ငရုတ်သီးစိမ်းကို ထောင်းပြီး ဆားထည့်၍ ထောင်းပါ။
၎။ ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ပါးပါးလှီးပါ။
၅။ ပြီးလျှင် အသုပ်သုပ်မည့်ပန်းကန်လုံးထဲ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းထောင်း၊ မြေပဲထောင်းနှင့် ဆီတို့ကိုထည့်ပြီး နယ်ပါ။
.....................................
MyintOoTha

No comments: