--------------------------------------------------
#လူထုစိန်ဝင်း
စာနယ်ဇင်းအတတ်ပညာ လေ့လာဆည်းပူးနေတဲ့ လူငယ်တွေ မေးလေ့မေးထရှိတဲ့ စကားတခွန်း ဖြစ်ပါတယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ပထမ မြန်မာသတင်းစာလို့ ဆိုအပ်တဲ့ 'ရတနာပုံ နေပြည်တော်သတင်းစာ' က သတင်းစာဆရာကြီး ဘိုးဝဇီရရဲ့ ပြောစကားနဲ့ပဲ ရှင်းပြလေ့ ရှိပါတယ်။
ဘိုးဝဇီရက "ဆောင်းပါးဟူသောစကားမှာ ရှေးက ဆောင်ပါးဟူသောစကားမှ ရွေ့လျောလာခြင်း ဖြစ်ကြောင်း။
မည်သည့် ခေတ်အခါက နည်းဟူမူ မြန်မာသက္ကရာဇ် ၉၀၀ ကျော်လောက်တွင် ထင်ရှားကျော်စော သော ဟံသာဝတီ ဆင်ဖြူရှင် မင်းတရားကြီး ဘုရင့်နောင်ကျော်ထင် နော်ရထာ လက်ထက် ပဲခူး၊ ဟံသာဝတီတွင် ထီးနန်းစိုက်ထူရာ အင်းဝ၊ ပြည်၊ တောင်ငူ စသော ရှေးဟောင်းမြို့များမှ ပညာရှိတို့ သွားရောက် အမှုထမ်းကြ၍ တရွာနှင့်တရွာ၊ တပြည်နှင့်တပြည် ကူးလူးဆက်ဆံကြရာ ကျန်ရစ်သော ဆွေမျိုးမိတ်သင်္ဂဟတို့ထံ ပေးရန် လူကြုံသို့ ဆောင်ယူသွားရန် ပါးလိုက်သောကြောင့် 'ဆောင်ပါး' ဟု ခေါ်ကြောင်း၊
ထို့ကြောင့် ထိုစဉ်အခါက ရှေးစာတပုဒ်မှာ 'ရွှေဝသွား ပါးလိုက်မယ်၊ ဆောင်ပါလေ၊ လွမ်းသူ့ စာခွေ၊ အထွေထွေ ပါလေရဲ့ မနှေး၊ စီလို့သာ ကုံးရတော့ စာလုံးပုံမလှလေဘု မိန်းမလက်ရေး' ဟူ၍ စပ်ဆိုကြောင်း" ရှင်းလင်းပြောကြားခဲ့ပါတယ်။ (စာရေးဆရာကြီး မဟာဆွေရေး ဘိုးဝဇီရ အတ္ထုပ္ပတ္တိစာအုပ်က ထုတ်နှုတ်ပြတာ ဖြစ်ပါတယ်။)
"ယခုခေတ်အခါ၌ ခွဲခွါရေးကားဘယ်လို၊ တွဲရေးကား ဘယ်သို့၊ အုပ်ချုပ်ရေးက ဘယ့်နှာ စသဖြင့် မိမိထင်မြင်ချက်နှင့် တွဲဖက်ရေးသားသော စာကို 'ဆောင်းပါး'၊ ဘယ်မြို့၌ မီးလောင်သည်၊ ငလျင်လှုပ်သည်၊ ဓားပြတိုက်သည် စသော အကြောင်းအရာတို့ကို ရေသားသော စာကို 'သတင်း' ဟု မှတ်ယူကြလေသည်။"
ဆရာကြီး မဟာဆွေရဲ့ ထပ်ဆင့်ရှင်းလင်းချက်ကလည်း ရှင်းလင်းပြတ်သားလှပါတယ်။ ဆောင်းပါးဆို တာက ရေးသူရဲ့ ထင်မြင်သုံးသပ်ဝေဖန်ချက်ပါပြီး သတင်းဆိုတာက အဖြစ်အပျက်ကို အတိအကျ ဖော်ပြရေးသား ချက် ဖြစ်ောကာင်း ရှင်းပြထားတာ ဖြစ်ပါတယ်။
'ရတနာပုံနေပြည်တော် သတင်းစာ' ဆိုတာက မင်းတုန်းမင်းတရားကြီး ကိုယ်တော်တိုင်ရဲ့ ညွှန်ကြားမှု ကြောင့် ထုတ်ဝေခဲ့တဲ့ သတင်းစာ ဖြစ်ပါတယ်။ အဲဒီအချိန်က အင်္ဂလိပ်လက်အောက်ရောက် အောက်မြန်မာပြည် မော်လမြိုင်၊ ရန်ကုန်တို့မှာ သတင်းစာများ ထုတ်ဝေနေကြပေမယ့် မြန်မာမင်းရဲ့ နေပြည်တော်ပိုင်နက် အတွင်းမှာ သတင်းစာ မရှိသေးပါဘူး။
အဲဒါကြောင့် မင်းတုန်းမင်းတရားကြီးက မန္တလေးက သတင်းစာ ထုတ်ဝေခဲ့တာပါ။ ကဒေါင်းရုပ်ပုံ အမှတ်တံဆိပ်နဲ့ 'ရတနာပုံ နေပြည်တော်သတင်းစာ' ဆိုတဲ့ စာတမ်းအောက်မှာ အင်္ဂလိပ်စာလုံးနဲ့ 'Mandalay Gazette' ဆိုတဲ့ စာတမ်း ပါရှိပါတယ်။
မင်းတုန်း မင်းတရားကြီးဟာ အဲဒီလောက် အမြော်အမြင်ကြီးမားပြီး စိတ်နှလုံး နူးညံ့သိမ်မွေ့သူ ဖြစ်ပါတယ်။ ဘိုးဝဇီရက အဲဒီ မန္တလေး ဂေဇက်ရဲ့ 'စာရေးတော်ကြီး' ပါ။ အယ်ဒီတာတို့ စာတည်းတို့ မခေါ်သေးပါဘူး။ စာရေးတဲ့အတွက် စာရေးတော်ကြီးလို့ ခေါ်တာပါ။
စာနယ်ဇင်းပညာ လေ့လာလိုက်စားလိုတဲ့ လူငယ်များကို စာများများ ဖတ်ပါ။ လက်လှမ်းမီတာလည်း ဖတ်ပါ။ လက်လှမ်း မမီတာများကိုလည်း ရှာဖွေပြီး ဖတ်ပါ။ နိုင်ငံခြားက စာအုပ်တွေလည်း ဖတ်ပါ။ မြန်မာစာအုပ် စာတမ်းတွေကိုလည်း ပိုပြီး များများ ဖတ်ပါလို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်။ မြန်မာလူမျိုးတွေ ဖတ်ဖို့ မြန်မာစာနဲ့ ရေးသားနေကြတာ ဖြစ်တာကြောင့် မြန်မာစာကို ပိုပြီး များများဖတ်ပါလို့ တိုက်တွန်းနှိုးဆော်ရတာပါ။
ပြီးတော့ ရေးတဲ့အခါများမှာ အတတ်နိုင်ဆုံး မြန်မာစကား သက်သက်နဲ့သာ ရေးဖို့လည်း အလေးဂရုပြုစေချင်ပါတယ်။ မြန်မာစကားနဲ့ ရှိပြီး၊ ဘာသာပြန်ပြီး စကားလုံးတွေကို အင်္ဂလိပ်စာလုံးတွေ ထည့်ရေးလိုက်တော့ စာစီ စာပြင်မှားသွားတဲ့အခါမှာ ဘာမှန်း ညာမှန်းမသိ ဖြစ်သွားတတ်ပါတယ်။
ဒီခေတ်မှာ စာစီအမှား၊ စာပြင်အမှား ကလည်း တရားလွန်အောင် မှားတတ်ကြတယ်ဆိုတာ လူတိုင်းသိနေကြတယ် မဟုတ်လား။ မြန်မာကို ကမ္ဘာက သိစေဖို့ နိုင်ငံခြားကစာနယ်ဇင်းတွေမှာ အင်္ဂလိပ်လို ရေးဖို့ လိုအပ်ပါတယ်။ များများရေးကြပါ။ ဒါပေမယ့် မြန်မာတွေ ဖတ်ဖို့အတွက်တော့ မြန်မာစကားနဲ့သာ ရေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။
#လူထုစိန်ဝင်း
No comments:
Post a Comment