Thursday, December 12, 2013

ရန်ကုန်မြို့တွင် HIV ကူးစက်ခံရမှု အန္တရာယ်ဇုန်အဆင့် သတ်မှတ်ချက်ထက် ကျော်လွန်




ရန်ကုန်မြို့တွင် HIV ကူးစက်ခံရမှု အန္တရာယ်ဇုန် အဆင့် သတ်မှတ်ချက်ထက် ကျော်လွန်နေပြီဖြစ်ကြောင်း တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောကြားလိုက်သည်။

ရန်ကုန်တိုင်းအတွင်း HIV ကူးစက်ခံရသူ စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းသည် မူးယစ်ဆေး အကြောထဲထိုး သွင်းသူများဖြစ်ကြပြီး ယင်းပမာဏသည် နိုင်ငံတကာ သတ်မှတ်ချက်များအရ အန္တရာယ်ရှိသည့်အဆင့် သို့ ရောက်ရှိနေပြီဖြစ်သည်ဟု SARA အဖွဲ့၏ စစ်တမ်းကို ကိုးကား၍ ဒေါက်တာညိုညိုသင်းက ဒီဇင်ဘာ ၉ ရက်တွင် မဇ္ဈိမကို ပြောသည်။
“လက်ရှိရန်ကုန်က ဒီအချက်အလက်အရ အန္တရာယ်ဇုန်အဆင့် သတ်မှတ်ချက်ထက် ကျော်လွန်နေတာ ကို တိုင်းအစိုးရက စီမံချက်ချ ဆောင်ရွက်ဖို့ သင့်နေပြီ” ဟု ၎င်းက ပြောသည်။

SARA အဖွဲ့သည် ကျန်းမာရေး ၀န်ကြီးဌာနမှ အငြိမ်းစားယူထားသည့် ဆရာဝန်ကြီးများနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရန်ကုန်၊ လားရှိုးနှင့် မြစ်ကြီးနားမြို့များ တွင် မူးယစ်ဆေး အကြောတွင်းထိုးသွင်းမှုနှင့် HIV ကူးစက်ခံရမှု အခြေအနေများကို စစ်တမ်းကောက် ယူနေသည့် အဖွဲ့လည်းဖြစ်သည်။

နိုင်ငံတကာတွင် အဆိုပါနည်းလမ်းဖြင့် ကူးစက်ခံရမှု ငါးရာခိုင်နှုန်းအထက် ကျော်လွန်လျှင် အန္တရာယ်ရှိသည့် အဆင့်အဖြစ် သတ်မှတ်ခြင်းဖြစ်သည်။ HIV ကူးစက်ခံရမှု အခြေအနေသည် ရန်ကုန်မြို့ရှိ ကလေးဆေးရုံ များ၌ပင် ရှိနေပြီး မိခင်မှကလေးသို့ ကူး စက်မှုများရှိနေသည့် အတွက် ရန်ကုန်တိုင်း အစိုးရအဖွဲ့အနေဖြင့် HIV ကူးစက်ခံရမှုဆိုင်ရာ အချက်လက် များကို စနစ်တကျ စိစစ်ရန် လိုအပ်နေပြီဟု ၎င်းက ယူဆထားသည်။

ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းကမူ တစ်နိုင်ငံလုံးတွင် HIV ကူးစက်ခံရသူမှာ လူဦးရေ ၏ ၀ ဒသမ ၄၇ ရာခိုင်နှုန်းအထိသာရှိသည်ဟု ဒီဇင်ဘာ ၉ ရက် တိုင်းလွှတ်တော် သတ္တမအကြိမ်အစည်း အဝေးတွင် ပြောသည်။ အဆိုပါ ရာခိုင်နှုန်းသည် နိုင်ငံတကာ စံချိန်စံနှုန်းများနှင့် တိုင်းတာလျှင် အနိမ့်ဆုံး အခြေအနေဟုပင် ဆိုနိုင်သည်ဟု ၎င်းက သုံးသပ်သည်။ ထို့ပြင် HIV ကူးစက်ခံရသူများ၏ ၈၆ ရာခိုင်နှုန်းကို ART ဆေးဝါးများ ဖြန့်ဖြူးပေးထားနိုင်ပြီဟု ရန်ကုန် လူမှုရေးဝန်ကြီးက ဆိုသည်။
SARA ၏ စစ်တမ်းအရ မူးယစ်ဆေး ထိုးသွင်းသူများအတွင်း HIV ပိုးတွေ့ရှိရသူ အများအပြားသည် နယ် စပ်ဒေသများ၌ရှိနေသည်။ စစ်တမ်းအရ လားရှိုးတွင် ၇၈ ရာခိုင်နှုန်း၊ မြစ်ကြီးနားတွင် ၉၀ ရာခိုင်နှုန်းအထိ ရှိသည်ဟု SARA ၏ သုတေသန ရလဒ်များက ပြောသည်။

မဇ္ဈိမ - ရန်ကုန်မြို့တွင် HIV ကူးစက်ခံရမှု အန္တရာယ်ဇုန်အဆင့် သတ်မှတ်ချက်ထက် ကျော်လွန် 

HIV/AIDS ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို ကွန်ရက်ချိတ်ဆက်ပြီး ထိရောက် စွာ ဆောင်ရွက်မည်ဟုဆို

မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး များရှိ လူမှုရေး အဖွဲ့အစည်းများ ပူးပေါင်းပြီး ကွန်ရက် ချိတ်ဆက်ကာ HIV/AIDS နှင့် အခြား ကပ်ရောဂါများ ကာကွယ်ရေးကို လူမှုရေး အဖွဲ့အစည်း ၂ဝ က ကွန်ရက်ချိတ် ဆက်ဆောင်ရွက် သွားမည် ဖြစ်သည်။

အဆိုပါ အဖွဲ့တွင် အလင်းကမ္ဘာ (မုဒုံ)၊ စာနာမှု စေတနာ (မော်လမြိုင်)၊ မေတ္တာ ဆုံဆည်း (မော်လမြိုင်)၊ လှအနာဂတ် (ညောင်ကုန်း ကျေးရွာ၊ မုဒုံ)၊ Infinity (မော်လမြိုင်)၊ မေတ္တာအင်အား (မော်လမြိုင်)၊ ဖြူစင်မေတ္တာ (မော်လမြိုင်)၊ မဟေသီ (မော်လမြိုင်)၊ အနာဂတ် မျိုးဆက် (မော်လမြိုင်)၊ တွဲလက်များ ရှင်သန်ရာ (မော်လမြိုင်)၊ နှောင်ကြိုးမဲ့ (မုဒုံ)၊ မေတ္တာကြေးမုံ (ကျိုက်ခမီမြို့)၊ မေမေ့အိမ်လေး (သထုံမြို့)၊ ထာဝရ စေတနာ (လမိုင်းမြို့နယ်ခွဲ)၊ မျိုးဆက်သစ် လူငယ် (မုဒုံ) ကလိုကလူ၊ အနာဂတ် အလင်းရောင် (ထားဝယ်မြို့)၊ အာယုပါလ (မုဒုံမြို့)၊ ဆုံဆည်းရာ (သထုံမြို့) တို့ ပူးပေါင်း ပါဝင်ထားပြီး စွမ်းရည် မြှင့်တင်ခြင်း၊ အသိပေး ဆွေးနွေး တောင်းဆိုခြင်း၊ သတင်းအချက် အလက်များ ဝေမျှခြင်း၊ ကွန်ရက် ဆက်သွယ်ခြင်း၊ ရန်ပုံငွေ စုဆောင်းခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဦးမင်းစိန်တီ (အလင်းကမ္ဘာ၊ မုဒုံ) က ဥက္ကဋ္ဌ၊ ဒေါ်သီသီနွယ် (မေတ္တာ ဆုံဆည်း၊ မော်လမြိုင်) က အတွင်းရေး မှူး အဖြစ် ဆောင်ရွက်မည် ဖြစ်ပြီး အမှုဆောင် အဖွဲ့ဝင် ၉ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

အဖွဲ့ အစည်းများ ကွန်ရက် ဖွဲ့စည်း ဆောင်ရွက်ခြင်းဖြင့် HIV/AIDS ကာကွယ်ရေး ပြုစုစောင့်ရှောက်ရေးနှင့် ထောက် ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမို ထိရောက် လျင်မြန်မည်ဟု ယုံကြည်သဖြင့် လူထု အခြေပြု အဖွဲ့အစည်း၊ ဘာသာရေး အခြေပြု အဖွဲ့အစည်း များဖြင့် ပူးပေါင်းပြီး ကွန်ရက် ဖွဲ့စည်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း အမှုဆောင် တစ်ဦးက ပြောသည်။

ထူးထူး (မော်လမြိုင်)
Popular - HIV/AIDS ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို ကွန်ရက်ချိတ်ဆက်ပြီး ထိရောက်စွာ ဆောင်ရွက်မည်ဟုဆို 

HIV ကူးစက်နှုန်း ၃ ပုံ ၁ ပုံထိ လျော့ကျလာပြီ

ကမ္ဘာတစ်ဝန်းတွင် HIV ကူးစက်မှုနှုန်းမှာ ၂၀၀၁ ခုနှစ်ကထက် သုံးပုံတစ်ပုံ လျော့ကျသွားကြောင်း အဓိကအားဖြင့် ကလေးငယ်များတွင် ထက်ဝက်ကျော် လျော့ကျသွားကြောင်း ကုလသမဂ္ဂက ပြောကြားသည်။ ကမ္ဘာတစ်ဝန်းတွင် ယမန်နှစ်စာရင်းများအရ AIDS ရောဂါဖြစ်ပွားသူ ၂.၃ သန်းရှိခဲ့ရာ ၂၀၀၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၃၃ ရာခိုင်နှုန်း လျော့ကျသွားခြင်းဖြစ်သည်။ ယမန်နှစ်က ကလေးငယ် ၂၆၀,၀၀၀ မှာ AIDS ကူးစက်ခံခဲ့ရပြီး ထိုအရေအတွက်မှာ ၂၀၀၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက သုံးပုံတစ်ပုံ လျော့နည်းသွားခြင်းဖြစ်ပြီး ၂၀၀၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၅၂ ရာခိုင်နှုန်း လျော့ကျသွားခြင်းဖြစ်ကြောင်း သိရသည်။

HIV ပိုး ကူးစက်မှု အရေအတွက်မှာ ဆက်လက် လျော့နည်းသွားပြီး အထူးသဖြင့် ကလေးငယ်များတွင် HIV ပိုး ကူးစက်ခံရမှုမှာ သိသာစွာလျော့နည်းသွားကြောင်း UNAIDS ၏ အမှုဆောင်ဒါရိုက်တာ မိုက်ကယ် ဆစ်ဒီဘီက ပြောကြားသည်။ HIV ပိုး မိခင်မှ သန္ဓေသားသို့ ကူးစက်မှုကို ကာကွယ်နိုင်သည့် ART (Antiretroviral drugs) ဆေးများ ကမ္ဘာတစ်ဝန်း ဖြန့်ဖြူးပေးနိုင်ခဲ့မှုအပေါ် ၎င်းက ဂုဏ်ပြုလိုက်သည်။ ကုလသမဂ္ဂ အနေဖြင့် ကလေးငယ်များ HIV ပိုး ကူးစက်ခံရမှုကို လာမည့် ၂ နှစ်အတွင်း ၉၀ ရာခိုင်နှုန်းအထိ လျှော့ချသွားနိုင်ဖွယ် ရှိကြောင်းလည်း ဆစ်ဒီဘီက ပြောကြားသည်။ ကုလသမဂ္ဂက ထုတ်ပြသည့် အစီရင်ခံစာတွင် မိခင်မှ သန္ဓေသားသို့ HIV ပိုး ကူးစက်မှုကို ကာကွယ်သည့် ART ဆေးများက ကလေးငယ် ၆၇၀,၀၀၀ ကျော်တွင် HIV ကူးစက်ခံရမည်ကို ကာကွယ်နိုင်ခဲ့ကြောင်း ဖော်ပြသည်။

ကုလသမဂ္ဂအစီရင်ခံစာအရ အာဖရိကဒေသများတွင် HIV ပိုး ကူးစက်မှုလျော့ကျစေရန် အထူးအလေးထား ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။ ယမန်နှစ်က ဂါနာနိုင်ငံတွင် HIV ပိုး သယ်ဆောင်ထားသည့် မိခင်လောင်း ၉၀ ရာခိုင်နှုန်းမှာ ART ဆေးများ ရရှိခဲ့သည်။ ထိုသို့ ARTများ ပိုမို ဖြန့်ဖြူးပေးလာနိုင်ခြင်းကြောင့် ဂါနာတွင် HIV ပိုးရှိသူ မိခင်မှ သန္ဓေသားထံ ကူးစက်မှုကို ၂၀၀၉ ခုနှစ်တွင် ၃၁ ရာခိုင်နှုန်းရှိခဲ့ရာမှ ယမန်နှစ်က ၉ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ကြောင်း UNAIDS က ပြောကြားသည်။ လွန်ခဲ့သည့် ၃ နှစ်ကမူ ထိုသို့သော မိခင်လောင်းများ၏ ၃၂ ရာခိုင်နှုန်းသာ ART ဆေးများရရှိခဲ့ခြင်းဖြစ်သည်။

HIV ပိုး ကူးစက်မှုကို ကာကွယ်နိုင်သည့် ART ဆေးများ ပိုမိုရရှိလာနိုင်မှုကြောင့် AIDS ရောဂါနှင့် ဆက်နွယ်သည့် သေဆုံးမှုများကို ၃၀ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့သည်။ AIDS ကြောင့် သေဆုံးသူ အရေအတွက်မှာ ၂၀၀၅ ခုနှစ်တွင် အမြင့်ဆုံးဖြစ်ခဲ့သည်။ HIV ကူးစက်မှုကို ဟန့်တားနိုင်သည့် ART ဆေးမှာ AIDS ရောဂါကို ကုသနိုင်ခြင်းမရှိသော်လည်း အဆိုပါရောဂါဖြစ်ပွားမှုနှုန်းကို သိသာစွာ ကျဆင်းစေခဲ့သည်။ AIDS ရောဂါကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူအရေအတွက်မှာ ယမန်နှစ်က ၁.၆ သန်းရှိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၁.၈ သန်းဖြစ်သည်။ ၂၀၀၅ ခုနှစ်ကမူ ထိုရောဂါကြောင့် သေဆုံးသူ ၂.၃ သန်းရှိပြီး အများဆုံး အရေအတွက် ဖြစ်ခဲ့သည်။

ကုလသမဂ္ဂ အစီရင်ခံစာအရ HIV ကူးစက်မှု များပြားသော ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနိမ့်ပါးသည့် နိုင်ငံများမှ HIV ပိုး သယ်ဆောင်ထားသူ ၉.၇ သန်းမှာ ယမန်နှစ်အတွင်းက ART ဆေးများ ရရှိခဲ့သည်။ လွန်ခဲ့သည့် ၇ နှစ်ကမူ အဆိုပါနိုင်ငံများမှ HIV ပိုး သယ်ဆောင်ထားသူ ၁.၃ သန်းကိုသာ ART ဆေး ဖြန့်ဖြူးပေးနိုင်ခဲ့သည်။ ကုလသမဂ္ဂသည် ၂၀၁၅ ခုနှစ်တွင် HIV ပိုး သယ်ဆောင်ထားသူ ၁၅ သန်းကို ART ဆေးများ ဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်ထားသည်။ လက်ရှိစာရင်းဇယားများအရ ART ဆေး လိုအပ်သူ ၂၈.၃ သန်း၏ ၃၄ ရာခိုနှုန်းကို အဆိုပါဆေးများ ပေးဝေနိုင်ပြီဖြစ်ကြောင် သိရသည်။ ကုလသမဂ္ဂသည် HIV, AIDS တိုက်ဖျက်ရေးအတွက် ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၂ ဘီလျံမှ ၂၄ ဘီလျံအထိ သုံးစွဲသွားရန် ရည်မှန်းထားသည်။


အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ပျံ့နှံ့မှုမှာ စိုးရိမ်ဖွယ် အနေအထားတွင် ရှိနေ

 မြန်မာနိုင်ငံရှိ အသက် ၂၅ နှစ်အောက် ဆယ်ကျော်သက် လူငယ်များအကြား အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ပျံ့နှံ့မှု မြင့်တက်လျက်ရှိပြီး စိုးရိမ်ဖွယ် အနေအထားတွင် ရှိနေကြောင်း WHO၊ UNAIDS နှင့် UNICEF တို့ ပူးပေါင်း စစ်တမ်း ကောက်ယူထားပြီး သတင်းထုတ်ပြန်ချက် တစ်ရပ်ကို နိုဝင်ဘာ ၂၉ ရက်က ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံရှိ အိပ်ခ်ျအိုင်ဗွီရောဂါပိုး ကူးစက်ခံရသော အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခြေအနေမှာ ကောင်းမွန်နေသော်လည်း ဆယ်ကျော်သက် လူငယ်များမှာ အိပ်ခ်ျအိုင်ဗွီအေ့ဒ်(စ်) ရောဂါကူးစက်မှု အန္တရာယ် ဆိုးရွားစွာ ကြုံတွေ့နေရကြောင်း ဖော်ပြထားသည်။

လက်ရှိ ရန်ကုန်မြို့တွင် ကူးစက်မှုမြင့်မားသည့် အသက် ၂၅ နှစ်အောက် လူငယ်များအကြား အိပ်ခ်ျအိုင်ဗွီရောဂါ ဖြစ်ပွားနှုန်း မြင့်တက်နေပြီး မူးယစ်ဆေးထိုးမှုကြောင့် ကူးစက်မှု ၁၃ ဒသမ ၃ ရာခိုင်နှုန်း၊ လိင် လုပ်သားများ အတွင်း ကူးစက်မှု ၅ ဒသမ၉ ရာခိုင်နှုန်းနှင့် အမျိုးသား အချင်းချင်း လိင်တူဆက်ဆံမှုကြောင့် ကူးစက်မှု ၄ ဒသမ ၅ ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရသည်။

အသက် ၂၅ နှစ်အောက် အိပ်ခ်ျအိုင်ဗွီ ရောဂါဖြစ်ပွားမှု အန္တရာယ်များသည့် အသိုင်းအ၀ိုင်းအတွင်း ကွန်ဒုံးသုံးစွဲမှုမှာ မြင့်မားလာသော်လည်း လူဦးရေ အချိုးအစား အနည်းငယ်သာ အိပ်ခ်ျအိုင်ဗွီ ရောဂါပိုး စစ်ဆေးမှု ခံယူခဲ့ကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲသူ သုံးဦးလျှင် တစ်ဦးနှုန်း၊ လိင်လုပ်သား သုံးဦးတွင် နှစ်ဦးနှုန်း၊ အမျိုးသား အချင်းချင်း လိင်တူဆက်ဆံ သူများတွင် ထက်ဝက်နှုန်းခန့် ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

''မြန်မာအစိုးရဟာ အိပ်ခ်ျအိုင်ဗွီရောဂါပိုး စမ်းသပ်စစ်ဆေးမှု အတွက် ၀န်ဆောင်မှုတွေ တိုးမြှင့်ရမှာ ဖြစ်တယ်။ ရောဂါပိုး အဓိက ကူးစက်နေတဲ့ လူ့အဖွဲ့အစည်းတွင်းမှာ ဆယ်ကျော်သက် လူငယ်များကို အထူး ဦးစားပေးထားတဲ့ ၀န်ဆောင်မှုတွေ လက်လှမ်းမီရရှိရာမှာ ဖြစ်ပေါ်နေတဲ့ အတားအဆီးတွေကို အစိုးရပိုင်းက လျှော့ချပေးရမှာပါ'' ဟု ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (မြန်မာ)မှ ဌာနေကိုယ်စားလှယ် မစ္စတာဘက်ထရန် ဗိန်းဘဲ(လ်)က ဆိုသည်။

ယင်းထုတ်ပြန်ချက်တွင် ကမ္ဘာတစ်ဝန်း အသက် ၁၀ နှစ်မှ ၁၉ နှစ်အရွယ် ဆယ်ကျော်သက် လူငယ်များအကြား အေ့ဒ်(စ်)ရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးမှုနှုန်းမှာ ၂၀၀၅ ခုနှစ်တွင် လူဦးရေ ၇၁၀၀၀ မှ ၂၀၁၂ ခုနှစ်တွင် ၁၁၀၀၀၀ အထိ (ရာခိုင်နှုန်းအားဖြင့် ၅၀ ရာခိုင်နှုန်း) မြင့်တက်ခဲ့ကြောင်းနှင့် ၂၀၁၂ ခုနှစ်တွင် အိပ်ခ်ျအိုင်ဗွီ ရောဂါပိုး ကူးစက်ခံရသည့် ဆယ်ကျော်သက် လူငယ် ၂ ဒသမ ၁ သန်းခန့် ရှိကြောင်း ခန့်မှန်းထားသည်။

Eleven Media Group - အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ပျံ့နှံ့မှုမှာ စိုးရိမ်ဖွယ် အနေအထားတွင်ရှိနေ 

No comments: