Saturday, December 7, 2013

ကြက်သားပင်စိမ်းချက် - ငါးလေးချဉ်သုပ် - ခ၀ဲသီးဟင်းချို

ပင်စိမ်းနံ့လေးသင်းနေတဲ့ ကြက်သားဟင်းလေးရယ် ခ၀ဲသီးဟင်းချိုချိုချိုလေးရယ်ကတော့ ရှမ်းပြည်မှာနေတုန်းက မကြာခဏစားဖူးပါ တယ်။ ငါးလေးချဉ်ကတော့ ဈေးသွားတဲ့နေ့တွေမှစားရတာပေါ့လေနော့။ အခုအောက်ပြည်မှာနေပြန်တော့ ခ၀ဲသီးကောင်းတာလေး ရှာရတာကိုက တဒုက္ခဖြစ်ရော။တချို့ကတော့ ခ၀ဲသီးအစား ဗုံလုံသီးပဲချက်စားကြတော့တာ။ ဒါပေမဲ့ အရသာကတော့မတူဘူးနော်။

အသားမှာဝက်ဆိုပေမယ့်လို့ ကျွန်တော်ကတော့ ကြက်သားဟင်းကိုပိုကြိုက်ပါတယ်။ဒါကြောင့် ကြက်သားဟင်းချက်နည်းတွေကို ကူးကူးထားတာများ တော်တော့်ကိုများနေပြီ။ အခု သူငယ်ချင်းတို့လည်းစားနိုင်ဟင်းအမယ်ရှာရတာလည်း သိပ်မခက်တဲ့ ဟင်းအတွဲအစပ်လေးကို ဝေမျှလိုက်တာပါ။ ထမင်းမြိန်ကြမယ်မျှော်လင့်ပါတယ်ဗျ ချက်စားကြည့်နော်။

ကြက်သားပင်စိမ်းချက်

ပါဝင်သောပစ္စည်းများ
ကြက်သား ၅၀ကျပ်သား၊ ပင်စိမ်း အနေတော် ၂စည်း၊ ငရုတ်သီးစိမ်း၁၀တောင့်၊ ကြက်သွန်ဖြူ ၃ဥ၊ ဟင်းရွက်ဆီ ၃ဇွန်း၊ ငံပြာရည် စားပွဲဇွန်း ၃ဇွန်း၊ ပဲငံပြာရည်စားပွဲဇွန်း ၂ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြင်ဆင်ပုံ
-       ငရုတ်သီးစိမ်းများကိုပါးပါးလှီးထားပါ။
-       ကြက်သွန်ဖြူကိုပါးပါးလှီးထားပါ။
-       ကြက်သားကိုအတုံးငယ်များတုံးထားပါ။

ချက်ပြုတ်ပြင်ဆင်ပုံအဆင့်ဆင့်
-       ဆီကျက်နေသောဒယ်အိုးထဲသို့ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းများကို ထည့်မွှေပါ။ မကြာခင် ကြက်သားတုံးများကိုထည့်၍မွှေပေးပါ။
-       ငံပြာရည်၊ပဲငံပြာရည်၊သကြားတို့ကို ထည့်မွှေပါ။ ကြက်သားကျက်သွားသည်အထိကြော်ပါ။
-       ကြက်သားနူးလျှင်ကျက်လျှင် ပါးပါးလှီးထားသော ပင်စိမ်းရွက်၊ ငရုတ်သီးစိမ်း(ကျန်တစ်ဝက်) ဖုံး၍ပြင်ဆင်စားသုံးနိုင်ပါသည်။

ငါးလေးချဉ်သုပ်

ပါဝင်သောပစ္စည်းများ
ငါးလေးချဉ် ၁၀ကျပ်သား၊ ကြက်သွန်နီ ၄လုံး၊ ငရုတ်သီးစိမ်းအနည်းငယ်၊ ဆီ ၂ကျပ်ခွဲသား၊ ဟင်းခတ်မှုန့်/နံနံပင် အနည်းငယ်

ပြင်ဆင်ပုံ
-       ငါးလေးချဉ်ကိုထမင်းများခါချပါ။ အနေတော်လှီးပါ။
-       ကြက်သွန်နီ၊ငရုတ်သီးစိမ်းပါးပါးလှီးပါ။
-       နံနံပင်ကိုပါးပါးလှီးပါ။

ပြင်ဆင်ချက်ပြုတ်ပုံ
-       သုပ်မည့်ပန်းကန်ထဲသို့ငါးလေးချဉ်ထည့်ပါ။
-       ပြီးလျှင်လှီးထားသော ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်ထည့်ပါ။
-       ဆီစိမ်း၊ဟင်းခတ်မှုန့်တို့ထည့်၍ ရောနယ်သုပ်ပါ။
-       အပေါ့၊အငန်မြည်း၍စားနိုင်ပါသည်။

ခ၀ဲသီးဟင်းချို

ပါဝင်သောပစ္စည်းများ
ခ၀ဲသီး(အလတ်) ၁လုံး၊ ကြက်သွန်နီ ၃ဥ၊ ကြက်သွန်ဖြူ ၃မြွှာ၊ဆား/ဟင်းခတ်မှုန့် သင့်ရုံ

ပြင်ဆင်ပုံ
-       ခ၀ဲသီးကိုအခွံသင်၊ အတုံးလေးများတုံး၍ ရေဆေးထားပါ။
-       ကြက်သွန်နီကိုလေးစိတ် စိတ်ထားပါ။
-       ကြက်သွန်ဖြူကိုဓားပြားရိုက်ထားပါ။

ချက်ပြုတ်ပြင်ဆင်ပုံအဆင့်ဆင့်
-       အိုးတွင်ဟင်းချိုရည်နို့ဆီဘူးနှစ်လုံးစာထည့်ပါ။ (ကြက်ရိုးပြုတ်ထားရင် ကြက်ရိုးပြုတ်ရည်ပေါ့နော်)
-       ဆူအောင်တည်ပါ။ဟင်းရည်ဆူလျှင် ဓားပြားရိုက်ထားသော ကြက်သွန်ဖြူ၊ လေးစိတ်စိတ်ထားသော ကြက်သွန်နီတို့ကိုထည့်ပါ။
-       ဆက်ပြီးဆူအောင်တည်ထားပါ။ ဆားထည့်၊ ခ၀ဲသီးထည့်ပြီး ဆက်ဆူနေပါစေ။
-       ခ၀ဲသီးနူးလျှင်အပေါ့၊အငန်မြည်း၍ မီးဖိုပေါ်မှချပါ။ ကြိုက်နှစ်သက်လျှင် မီးဖိုပေါ်မှ မချမီ နှမ်းဆီ ၂စက်ခန့်ထည့်၍စားသုံးနိုင်ပါသည်။

No comments: