Tuesday, December 10, 2013

ဆောက်ဖြစ်မှ ကျောင်းဒကာပါ သမ္မတကြီးရယ်



လက်ရှိ နိုင်ငံအတွင်းမှာ ဖြစ်ပေါ်လျက်ရှိတဲ့ သစ်တောပြုန်းတီးမှု၊ တရားမဝင်သစ်ခိုး ထုတ်မှု၊ မြေယာ အငြင်းပွားမှုများ၊ ရေ၊ မြေ၊ တောတောင် ပျက်စီးဆုံးရှုံးမှုနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေဟာ ကျွန်တော်တို့ အစဉ်တစ်စိုက် လေ့လာဆန်းစစ် သိရှိထားတာ ထက်ကို ပိုမိုပြီး မယုံနိုင်လောက်အောင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်ပွားနေတာ မီဒီယာတွေမှာ လေ့လာတွေ့ရှိ နေရပါတယ်။

သစ်တောများနဲ့ ငါးမိုင်ပတ်လည် အတွင်းမှာ နေထိုင်တဲ့ ကျေးလက်ပြည်သူ စုစုပေါင်း ခန့်မှန်းခြေ ၂၄ သန်းလောက် ရှိသလို မြစ်ချောင်းများ တစ်လျှောက် တစ်မိုင်ပတ်လည် အတွင်း နေထိုင်သူ တွေဟာ ခြောက်သန်းလောက် ရှိပါတယ်။ ဒါကြောင့်မို့လို့ ပတ်ဝန်းကျင် ပျက်စီး၊ ပြုန်းတီးမှုရဲ့ဒဏ်ကို တိုင်းပြည်ရဲ့ လူဦးရေ တစ်ဝက်လောက် တိုက်ရိုက်ဆိုးကျိုး ခံစားနေရတယ်လို့ ပြောရင် မမှားပါဘူး၊ ဒါတင် မကသေးပါဘူး၊ ငါးနှစ်အောက်ကလေး အယောက် ၂၀ မှာ တစ်ယောက်ဟာ လေထုညစ်ညမ်းမှုနဲ့ ဆက်စပ်နေတဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာ (ARI) ခံစားနေရပါတယ်။ တချို့ပြည်နယ် တွေမှာ ၁၀ ယောက် တစ်ယောက်နှုန်း လောက်ထိ ဆိုးဝါးစွာ ဖြစ်ပေါ်နေပါတယ်။

ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် နိုဝင်ဘာလ ၃၀ရက်နေ့ အရပ်ဘက် လူ့အဖွဲ့အစည်း များနှင့် တွေ့ဆုံပွဲ၌ နိုင်ငံတော်သမ္မတကြီးမှ မိန့်ခွန်းပြောကြားစဉ်ဝမ်းဖော၊ ဝမ်းရောင်၊ ဝမ်းကိုက်ရောဂါ၊ သွေးလွန်တုပ်ကွေး၊ ကင်ဆာ အစရှိတဲ့ ရောဂါဖြစ်ပွားမှု တွေဟာ မြင့်မားလာပြီး နေထိုင်ရာ ပတ်ဝန်းကျင်၊ အစားအစာ၊ သောက်သုံးရေ မသန့်ရှင်းမှု တွေနဲ့ ဆက်စပ် နေပါတယ်။ ဒီလိုသာ ဆက်ဖြစ်နေရင် ၂၀၁၅ ခုနှစ်မှာ ပြည့်မီရမယ့် ထောင်စုနှစ် ရည်မှန်းချက်တွေ (Millennium Development Goal) ဟာ အလှမ်းဝေးကွာပြီး ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းစဉ်ဟာ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။

တစ်ဖက်မှာလည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေးထား ဆောင်ရွက်ပါမယ်လို့ သမ္မတကြီးရဲ့ နိုင်ငံအခြေပြ မိန့်ခွန်းထဲမှာ ပါရှိတဲ့အတိုင်း အတတ်နိုင်ဆုံး အစိုးရ အဖွဲ့က ကြိုးပမ်း ဆောင်ရွက်လျက် ရှိတာ တွေ့ရပါတယ်။ ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ ရေးဆွဲခြင်း၊ ပတ်ဝန်းကျင်ရေးရာ စံနှုန်း စံထားများ ပြုစုခြင်း၊ ပတ်ဝန်းကျင်ရေးရာ အဖွဲ့အစည်းတွေ အားကောင်းခိုင်မာ သန်စွမ်းလာအောင် ဆောင်ရွက်ခြင်း (Institutional Strengthening) အစရှိတဲ့ လုပ်ငန်းတွေကို အရပ်ဘက် လူ့အဖွဲ့အစည်း က အသိအမှတ် ပြုပါတယ်။ ဒါပေမဲ့ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်မှုကြောင့် ထိရောက်စွာ ဆောင်ရွက်နိုင်စွမ်းနဲ့ တိုးတက်မှုနှုန်းက ဆီးစေ့၊ လက်ရှိပတ်ဝန်းကျင် ပျက်စီး ပြုန်းတီးမှုနှုန်းနဲ့ ပိုမိုပွင့်လင်း စီးဆင်းလာတဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနဲ့ တွဲပါလာတဲ့ ဆိုးကျိုးများရဲ့အန္တရာယ်က မြင်းမိုရ်တောင် ဖြစ်နေပါတယ်။

ဒီလိုကွာဟချက် ကြီးမားနေတာရယ်၊ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ အလွန်အမင်း များပြားနေတာ တွေကြောင့် ဒေသဆိုင်ရာ အာဏာပိုင်များရဲ့ စီမံခန့်ခွဲနိုင်မှု အားနည်းတဲ့ အချက်တွေပေါ် မူတည်ပြီး ပတ်ဝန်းကျင်ရေးရာ ပြဿနာတွေဟာ အပ်နဲ့ ထွင်းရမယ့်အစား၊ ပုဆိန်နဲ့ ပေါက်ရပြီး နိုင်ငံရေး မတည်ငြိမ်မှုကို ဦးတည်ဖြစ်ပေါ်နေ ပါတယ်။ ဒီအခြေအနေမှာ လေဟာနယ် ကြားဝင် အကျိုးသက်ရောက်မှု (Vacuum Effect) အဖြစ်နဲ့ လူထုရဲ့အထွေထွေ မကျေနပ်ချက် တွေကို အကြောင်းပြုပြီး သပိတ်စုံ၊ သူပုန်ထ တော်လှန်ရေးဆင်နွှဲနိုင်မှ စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ရမယ်လို့ ခိုင်ခိုင်မာမာ၊ ယုံကြည်ဆောင်ရွက် လှုံ့ဆော်နေသူတွေ အတွက် ကုန်ကြမ်းတွေ စုဆောင်းပေးကာ လှုပ်ရှားဆောင်ရွက်ဖို့ အခြေအနေ ပေးသလို ဖြစ်နေပါတယ်။
(အာရပ်နွေဦးနဲ့ လတ်တလော ထိုင်းနိုင်ငံမှာ ဝန်ကြီးဌာနတွေ ဆန္ဒပြသူတွေက ဝင်ရောက် သိမ်းဆည်းတာတွေဟာ သူတို့အတွက် နိုင်ငံရေးအားဆေးတွေ ဖြစ်နေ ပါတယ်)

လက်ရှိ ဆောင်ရွက်နေတဲ့ ပြုပြင် ပြောင်းလဲရေးတွေ နောက်ပြန်မလန်ကျ အောင် ကွာဟချက် ကြီးမားနေတာတွေကို လျှော့ချဖို့ရယ်၊ ပြည်သူတွေရဲ့ မျှော်လင့်ချက် တွေကို အတတ်နိုင်ဆုံး စီမံခန့်ခွဲနိုင်ဖို့ (Expectation Management) အရေးတကြီး လိုအပ်လျက် ရှိပါတယ်။ ဒီအတွက် အရပ်ဘက် လူ့အဖွဲ့အစည်းအနေနဲ့ အဓိက အချက်သုံးချက် အကြံပြု တင်ပြချင်ပါတယ်။

(၁)
ပထမဆုံးအနေနဲ့ ရေနစ်ရာ ဝါးကူထိုး ဆိုသလို ပျက်စီးယိုယွင်းလာနေတဲ့ ပတ်ဝန်းကျင်ကို ထပ်မဖျက်ဖို့ပါ။ အစိုးရက ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ခွဲဝေချပေးတဲ့ နိုင်ငံတော်ဘတ်ဂျက်ဟာ စုစုပေါင်းရဲ့ ၀ ဒသမ ၁ ရာခိုင်နှုန်းသာ ရှိတာ တွေ့ရပါတယ်။ ရေရှည်မှာလည်း အကြောင်းပြချက် မျိုးစုံနဲ့ သိသိသာသာ တိုးတက်လာဖို့ မမြင်မိပါဘူး။

ဒီဘဏ္ဍာရေး အခြေအနေနဲ့ ပျက်စီးသွားတဲ့ ပတ်ဝန်းကျင်တွေ ကောင်းအောင် ပြန်ပြုပြင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ ဒါကြောင့် ပျက်သွားတာတွေတော့ ရှိစေတော့၊ ကျန်နေသေးတဲ့ ပတ်ဝန်းကျင်၊ ရေ၊ မြေ၊ တောတောင်တွေကို ထပ်မံ မပျက်စီးသွားအောင် အလေးထား ပြည်သူနဲ့ လက်တွဲလို့ ထိန်းသိမ်းသွားပါမယ် ဆိုတဲ့ လက်တွေ့ကျတဲ့ အခြေခံမူချမှတ်ပြီး အစိုးရက ကတိကဝတ် ပေးစေချင်ပါတယ်။ ဒါမှသာ အကျိုး၊ အမြတ် ဂဃဏန မသိရသေးတဲ့ စီမံကိန်းတွေ၊ အကျိုးနဲ့ အပြစ် ရှင်းရှင်းလင်းလင်း နှိုင်းယှဉ်လို့ မရသေးတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဒီအခြေခံမူနဲ့ စိစစ်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေးထား ဦးစားပေး ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ တောသူ၊ တောင်သားတွေရဲ့ ဆိုစကားနဲ့ ပြောရရင် ဆောက်ဖြစ်မှ ကျောင်းဒကာ၊ မစားရဝခမမ်း စီမံကိန်း တွေကြောင့် ကောင်းစားမှာက နောက်၊ လက်ရှိ လက်ငုတ်ကနေ လက်မဲ့တော့ အဖြစ်မခံနိုင် ပါဘူး။ သန့်ရှင်းနေသေးတဲ့ လေ၊ ရေ၊ မြေ၊ တောတောင်၊ ရိုးရှင်းတဲ့ ဘဝလေးတွေကို တော့ ချမ်းသာပေး စေချင်ပါတယ်။

(၂)
ဒုတိယအကြံပြုချက် အနေနဲ့ အစိုးရဌာနများနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း များကြား အပြုသဘော ဆောင်သော ဆက်ဆံရေး (Positive Civic-State Relationship) ကို တည်ဆောက်ပြီး ပြည်သူ့ တွေ့ဆုံပွဲတွေ (Public Consultation) ပုံမှန်ပြုလုပ်ပြီး ပတ်ဝန်းကျင်ရေးရာ ပြဿနာတွေကို အချိန်နဲ့တစ်ပြေးညီ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ဖို့ပါ။
လက်ရှိ ပတ်ဝန်းကျင်ရေးရာ လှုပ်ရှားဆောင်ရွက် နေတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း နိုင်ငံတစ်ဝန်းမှာ ၁၃၀ လောက်ရှိနေပါတယ်။ သူတို့နဲ့ သက်ဆိုင်ရာ အစိုးရဌာန အများစုရဲ့ ဆက်ဆံရေးဟာ အပြုသဘော ဆောင်မနေပါဘူး၊ တစ်ဖက်နဲ့ တစ်ဖက် အပြစ်မြင်၊ အပြစ် ဖို့နေတဲ့ အနေအထားမှာ ရှိနေတဲ့အတွက် သံသယတွေ ကြီးထွားပြီး လေစိမ်းတွေ တိုက်နေကြပါတယ်။

ဒါဟာ နိုင်ငံပြုပြင် ပြောင်းလဲရေး အတွက် ဘယ်လိုမှ အကျိုးမပြုပါဘူး၊ နှစ်ဦး နှစ်ဖက်လုံး အတွက်လည်း မကောင်းပါဘူး၊ အရပ်ဘက် လူ့အဖွဲ့စည်း တွေကို ပြုပြင် ပြောင်းလဲရေး ဘက်တော်သားတွေ ဘက်မှာ ထားပြီး လက်တွဲလုပ်မလား၊ ဒါမှမဟုတ် ဆန့်ကျင်ဘက်မှာ ထားပြီး ထိန်းချုပ်ချေမှုန်း မှာလား စဉ်းစားစရာ ဖြစ်လာပါပြီ။ သမ္မတကြီး အနေနဲ့ အားလုံးပူးပေါင်း ဆောင်ရွက်ကြတာပေါ့ အမှာရှိရုံနဲ့ ဆက်ဆံရေး အလိုအလျောက် ကောင်းမလာနိုင်ပါဘူး။ ခုလို အခါအားလျော်စွာ တွေ့ရုံနဲ့လည်း ပွဲပြီးမီးသေ၊ သိပ်မထူးခြား နိုင်ပါဘူး။
အစိုးရ ဌာနဆိုင်ရာများ အနေနဲ့လည်း အရပ်ဘက် အဖွဲ့အစည်း တွေရဲ့ နိုင်ငံတည်ဆောက်ရေး (Nation Building) မှာ အရေးပါတဲ့ အခန်းကဏ္ဍကို အမှန်တကယ်ကော ယုံကြည်ရဲ့လား ဆိုတာ မှတ်ကျောက်တင်ဖို့ အချိန်ကျလာပါပြီ။ ပူးပေါင်းဆောင်ရွက်ပြီး ယုံကြည်မှု တည်ဆောက်နိုင်တဲ့ ပတ်ဝန်းကျင်ကောင်း (Enabling Environment) တစ်ခုကို ဖန်တီး တည်ဆောက်ပေးမှသာ လက်တွေ့ကျကျ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကို ပြုစုပျိုးထောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် ပတ်ဝန်းကျင်ရေးရာ သဟာယ အဖွဲ့တွေကို မြို့နယ်၊ ခရိုင်၊ ပြည်နယ် တိုင်းအလိုက်၊ ဌာနဆိုင်ရာတွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေ၊ အရပ်ဘက်လူ့အဖွဲ့ အစည်းတွေ ပူးပေါင်းပါဝင်ပြီး ဖွဲ့ခွင့်ပြုစေ ချင်ပါတယ်။

ဒီသဟာယ အဖွဲ့တွေ အနေနဲ့ အဓိက လုပ်ငန်းလေးခုဖြစ်တဲ့ (က) လူထုတွေ့ဆုံပွဲ Public Forum များ ပုံမှန်ကျင်းပပေးခြင်း၊ (ခ) ပတ်ဝန်းကျင်ရေးရာ ပြည်သူ့အမြင် ဖွင့်ခြင်းနှင့် လေ့ကျင့် ပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း (ဂ) ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရန်ပုံငွေ ကူညီရှာဖွေခြင်းနှင့် (ဃ) ပြည်သူ့ဗဟိုပြု ရပ်/ကျေး အဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကနဦးရှေ့ပြေး စီမံချက်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခြင်း အစရှိတဲ့ လုပ်ငန်းတာဝန်ကို ယူကာ ပူးပေါင်း ဆောင်ရွက်စေခြင်းအားဖြင့် အပြုသဘော ဆက်ဆံရေး တည်ဆောက်နိုင်ဖို့ ယန္တရားနဲ့ လုပ်ငန်းစဉ် (Mechanism and Process) ကို ချမှတ် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။

အကျိုးကျေးဇူးအနေနှင့် စီးပွားရေးရာ ဘက်လိုက်မှု (Economic Bias) နဲ့ ပတ်ဝန်းကျင်ရေးရာ အစွန်း ရောက်မှု (Environmental Extremism) တွေကို ဖယ်ရှားပြီး၊ စီးပွား ဖွံ့ဖြိုးရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဟန်ချက်ညီညီ ဒေသလိုအပ်ချက်နဲ့ အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။

(၃)
တတိယအနေနဲ့ နောက်ဆုံး အကြံပြု တင်ပြချင်တာ ကတော့ နိုင်ငံတော်အဆင့် စီမံကိန်းကော်မရှင် (National Planning Commission - NPC) မှာ လေ့လာဆွေးနွေး တင်ပြနိုင်သူအဆင့် (Observer Status) အနေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ကိုယ်စားပြုနိုင်ခွင့်ကို အလေးအနက်ထား ထည့်သွင်းစဉ်းစားခွင့် ပြုပေးစေချင်ပါတယ်။ ဒီလို အကြံပြု ရတာ အကြောင်းရင်းနှစ်ချက် ရှိပါတယ်။ ပထမအကြောင်းရင်း ကတော့ ဖွံ့ဖြိုးရေးပဲ လုပ်လုပ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပဲ ဆောင်ရွက်ရွက် အထက်အောက်၊ ဘေးတိုက် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးရေး (Vertical and Horizontal Coordination) က အရေးကြီးပါတယ်။

လက်ရှိ နိုင်ငံတော်က ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း အသီးသီးမှာ ဒီလို ဆောင်ရွက်နိုင်စွမ်း အရှိဆုံးဟာ NPC ပါပဲ၊ နိုင်ငံတော် အကြီးအကဲကိုယ်တိုင် ပါဝင်တဲ့အပြင်၊ ဝန်ကြီးဌာန အသီးသီးနဲ့ ဒေသဆိုင်ရာ အာဏာပိုင်များ ပါဝင်ဖွဲ့စည်းထားလို့ ပြည်သူဆန္ဒတွေကို အရပ်ဘက် လူ့အဖွဲ့အစည်း ကိုယ်စားလှယ် တွေက စုစည်းတင်ပြခွင့် ရမယ်ဆိုရင် အောက်ခြေအဆင့် ပြုပြင်ပြောင်းလဲရေး (Reform) လုပ်ငန်းတွေ ပိုမိုသွက်လက် လျင်မြန် မြန်ဆန်လာမယ့် အကျိုးကျေးဇူးကို တွေးဆမိပါတယ်။
ဒုတိယ အကြောင်းရင်း အနေနဲ့ကတော့ အရပ်ဘက်လူ့အဖွဲ့ အစည်းတွေအနေနဲ့ တစ်ခါတစ်ရံမှာ တာဝန်ရှိ ဝန်ကြီးများနဲ့ တွေ့ဆုံ ဆွေးနွေးခွင့် ရပါတယ်။ ပြည်သူတွေရဲ့ အခြေအနေတွေနဲ့ ဆန္ဒတွေ အခါအခွင့် သင့်လို့ တင်ပြတိုင်းမှာ အကြောင်းအရာ တော်တော်များများမှာ တစ်ခါတည်း ဆုံးဖြတ်၊ လမ်းညွှန်ချက် ချမပေးနိုင်တာ တွေ့ရပါတယ်။ အထက်နဲ့ သက်ဆိုင်ရာကို ဆက်လက်တင်ပြပေးမှာ ဆိုတာတွေနဲ့ အဆုံးသတ်ရတာတွေ များတော့ NPC ထိ လက်လှမ်းမီ တင်ပြနိုင်မှသာ ညှိနှိုင်းဆုံးဖြတ် ထိထိရောက်ရောက် ပြည်သူ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ်လို့ မှတ်ယူမိပါတယ်။

တခြားဒီမိုကရေစီ နိုင်ငံတွေမှာလည်း ဒီနည်းအတိုင်း လက်ခံကျင့်သုံး တာကို လေ့လာတွေ့ရှိနိုင် ပါတယ်။ ဒီလို ကိုယ်စားပြုခွင့် လေ့လာသူအဆင့် ခွင့်ပြု ပေးနိုင်မယ်ဆိုရင် အနည်းဆုံး အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်သုံးဦး ခွင့်ပြုပေး စေချင်ပါတယ်။ တစ်ဦးက နိုင်ငံသား အခွင့် အရေးဆိုင်ရာ ကိုယ်စားပြုပြီး၊ ကျန်နှစ်ဦးက လူမှုစီးပွားဖွံ့ဖြိုးရေးနဲ့ ပတ်ဝန်းကျင် ရေးရာ ကိုယ်စားပြုနိုင်ဖို့ပါ။

အချုပ်အားဖြင့် ဆိုရရင် အထက်ပါ ဆွေးနွေးတင်ပြချက်တွေဟာ ပတ်ဝန်းကျင် ရေးရာ ပြဿနာတွေကို ဖြေရှင်းရုံအတွက် အကျိုးရှိရုံသာမက၊ Good Governance ကောင်းမွန်သော စီမံအုပ်ချုပ်ရေးကို အောက်ခြေ ရပ်/ကျေး အဆင့်ထိ ဖော်ဆောင်ရေး အတွက်ပါ အထောက်အကူ ပြုနိုင်ပါမယ်လို့ တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

Written by  ဝင်းမျိုးသူ (EcoDev)
 
The Voice Weekly

No comments: