ဒီတစ်လဆရာမလမင်းမိုမိုချက်သည့်ဟင်းလျာလေးတွေက
တစ်မျိုးဆန်းသည်။ အဆီအအိမ့်များမည့်ဟင်းလျာများဖြစ်ဟန် တူပါသည်။ ကြက်သားကိုအုန်းနို့နဲ့ချက်မည်၊
ကညွတ်ကို ပုစွန်တို့ သီဟိုဠ်စေ့တို့နှင့်ရောကြော်မည်၊ ပြီးတော့ Enoki မှိုဟင်းရည်လေးချက်ပေးထား
သည်လေ။
မှိုလေးကို စူပါမားကတ်တစ်ချို့မှာဝယ်လို့ရနိုင်ပေမယ့်
ကျွန်တော့်အတွက်တော့ နည်းနည်းဝယ်ရတာခက်သလိုပင်။ ဒါပေမယ့် သူငယ်ချင်းတို့ ချက်စားလို့ရမည်ထင်ပါသည်။
ချက်စားကြည့်ကြပါဦး။
ကြက်သားအုန်းနို့မဆလာဟင်း
လိုအပ်သောပစ္စည်းများ
ကြက်ရင်ပုံအသား ၂၅ကျပ်သား၊ ဆီ နှစ်ကျပ်ခွဲသား၊ ကြက်သွန်နီဦကြီး
နှစ်ဥ၊ ဒိန်ချဉ် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ၊ အုန်းနို့ အုန်းသီးတစ်လုံးရဲ့ လေးပုံတစ်ပုံ၊
အရောင်တင်ငရုတ်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ မဆလာ၊ ဆား၊ ကြက်သားမှုန့်၊ နနွင်းမှုန့်
အနည်းငယ်စီ။
နယ်ပြီးနှပ်ထားရန်
ကြာချိန် - တစ်နာရီ
ချက်ရန်
ကြာမြင့်ချိန် - ၁၀မိနစ်
- ကြက်ရင်ပုံအသားများကို
အတုံးခပ်သေးသေးများလှီးလိုက်ပြီး ဆား၊ကြက်သားမှုန့်၊နနွင်းမှုန့်၊ ငရုတ်မှုန့်၊မဆလာ၊ ဒိန်ချဉ်တို့နှင့်
အရသာဝင်သည်ထိ နှံ့အောင်နယ်ပါ။
- ထို့နောက်
ရေခဲသေတ္တာတွင်ထည့်ပြီး တစ်နာရီကြာအောင် နှပ်ထားပါ။
- ကြက်သွန်နီဥအကြီးကို
အစိတ်ငယ်များ စိတ်ထားပါ။
- ဒယ်အိုးတွင်
ဆီကိုအပူပေးပါ။
- ဆီဆူလျှင်
ကြက်သားနှင့် ကြက်သွန်နီဥကို ပြိုင်တူထည့်ပြီး ငါးမိနစ်ကြာခန့် နှံ့အောင်မွှေပါ။
- အုန်းနို့ထည့်ပါ။
အုန်းနို့ခန်းသည်ထိချက်ပါ။
- အရသာထူးကဲပြီး
ချက်ရလွယ်ကူသော ကြက်သားအုန်းနို့ဟင်းပွဲကို ပူပူနွေးနွေးသုံးဆောင်ပါ။
ကညွတ်ပုစွန်သီဟိုဠ်စေ့ကြော်
လိုအပ်သောပစ္စည်းများ
ကညွတ် ၁၅ပင်ခန့်၊ ပုစွန် ၁၅ကျပ်သား၊သီဟိုဠ်စေ့ စားပွဲဇွန်း
သုံးဇွန်းခန့်၊ ကြက်သွန်ဖြူ သုံးမြွှာ၊ ဆီ နှစ်ကျပ်သား၊ ဆား၊ ဟင်းခတ်မှုန့် အနည်းငယ်စီ။
ချက်ရန်ကြာမြင့်ချိန်
- ၁၀မိနစ်
- ကညွတ်အနုပိုင်းများကို
အနေတော်ပိုင်းဖြတ် သန့်စင်ပါ။
- ပုစွန်ကို
အခွံခွာကျောခွဲ သန့်စင်ပါ။ ပုစွန်အသေး/အလတ် အဆင်ပြေရာဖြင့်သုံးနိုင်ပါတယ်။
- သီဟိုဠ်စေ့တို့ကို
ဒယ်အိုးတွင် ဆီဆွတ်ရုံနှင့် ဆီပူလှိမ့်ထားပါ။
- ကြက်သွန်ဖြူကို
ဓားပြားရိုက်ပြီး ဆီသတ်ပါ။
- ကညွတ်များထည့်ပါ။
မွှေနေရင်းမှာ ရေအနည်းငယ်တောက်ပေးနိုင်ပါတယ်။
- ကညွတ်နူးစပြုလျှင်
ပုစွန်ထည့်မွှေပါ။ ဆား၊ဟင်းခတ်မှုန့်ထည့်ပါ။
- ပုစွန်ကအကျက်မြန်တဲ့အတွက်
ခဏလေးသာထားပါ။ အိုးကိုချပြီးမှသီဟိုဠ်စေ့လှော်ရောထည့်မွှေပါ။
- အရသာထူးသော
ဟင်းရံတစ်ပွဲဖြစ်ပါတယ်။
Enoki
မှိုဟင်းရည်
လိုအပ်သောပစ္စည်းများ
မှိုထုပ် တစ်ထုပ် ၁၀ကျပ်သားခန့်၊ ကြက်သွန်ဖြူ သုံးမြွှာ၊
ဆီ စားပွဲဇွန်း နှစ်ဇွန်းခန့်၊ ငရုတ်သီး ငါး-ခြောက်တောင့်၊ ရှောက်ရည် စားပွဲဇွန်း တစ်ဇွန်း၊
ရှောက်ရွက် လေး-ငါးရွက်၊ ဆား၊ဟင်းခတ်မှုန့် အနည်းငယ်စီ။
ချက်ရန်ကြာမြင့်ချိန်
- ၁၅ မိနစ်
- မှိုကို
အခြေဖြတ်ပစ်ပြီး သန့်စင်ထားပါ။ ကြက်သွန်ဖြူ ဓားပြားရိုက်ပြီး ဆီသတ်ပါ။မှိုကိုထည့်ပါ။
Enoki မှိုမှာ နူးညံ့လှသည့် အတွက် တစ်ခဏမွှေပြီးလျှင် ရေတစ်ဖန်ခွက်မျှထည့်ပါ။ ရှောက်ရည်၊ဆား၊ဟင်းခတ်မှုန့်၊ငရုတ်တောင့်တို့
ထည့်ပြီး အရသာ အပေါ့ အငန်မြည်းပါ။ ဟင်းရည်ဆူပွက်လာလျှင် ရှောက်ရွက်ခတ်ပြီး အိုးချလို့ရပါပြီ။
ချက်ပြုတ်ရန်
လွယ်ကူမြန်ဆန်လှတာနဲ့အမျှ အရသာကောင်းမွန်ထူးကဲသော ဟင်းအမည်များ ဖြစ်ပါတယ်။
No comments:
Post a Comment