Tuesday, November 20, 2012

အိုဘားမား ပြန်လျင် ဘာကျန်ခဲ့မည်နည်း



ဇာတ်သမားပြန်လျင် မှတ်သားစရာ ကျန်ရမည်ဆိုသည့် စကားအတိုင်း၊ အမေရိကန်သမ္မတ ဘားရက်ဟူစိန် အိုဘားမား မြန်မာနိုင်ငံမှပြန်လျင် ဘာကျန်ခဲ့မည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။ နှစ်နိုင်ငံသမိုင်းတွင် ပထမဆုံးဖြစ်သည့် အမေရိကန် သမ္မတ၏ မြန်မာနိုင်ငံအလည်အပတ် ခရီးစဉ်သည် ပစိဖိတ်၊ ဘင်္ဂလားဒေ့ရှ်၊ နယူးဒေလီ၊ ပေကျင်းတို့နှင့် ဆက်စပ်လျက် သတင်းမျက်နှာစာများတွင် သတင်းကြီးနေသည့်နည်းတူ၊ အိုဘားမားခရီးစဉ်အလွန် မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်များတွင် မည်သည့် ပြောင်းလဲတိုးတက်မှုများ ဖြစ်ထွန်းလာမည်ကိုစောင့်ကြည့် လေ့လာရဦးမည်ဖြစ်သည်။
သမ္မတဘားရက် ဟူစိန်အိုဘားမား၏ နိုဝင်ဘာလ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံခရီးစဉ်သည် အမေရိကန်ပြည်ထောင်စုအနေဖြင့် အရှေ့တောင်အာရှနှင့် ဘင်္ဂလားပင်လယ်အော်ဒေသကို မဟာဗျူဟာမြောက် ထိုးဖောက်ဝင်ရောက်ရန် ခြေလှမ်းစခြင်းနှင့်အတူ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယသမ္မတနိုင်ငံတို့နှင့် အကျိုးစီးပွားအဘက်ဘက်တွင် ကတ္တီပါစီးချင်းထိုးရန် အုတ်မြစ်ချလိုက်ခြင်းဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။ ထို့ကြောင့် သမ္မတ အိုဘားမား၏ ခရီးစဉ်နောက်ပိုင်း၊ အရှေ့တောင်အာရှဒေသ၏ နိုင်ငံခြားဆက်ဆံရေး ပုံစံပြောင်းလဲလာနိုင်သည့်အပြင် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည်လည်း မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှနိုင်ငံများနှင့်ဆက်ဆံရာတွင် မူဝါဒသစ်၊ ဗျူ ဟာသစ်ကို ချမှတ်လာနိုင်သည်ဟု ကောက်ချက်ပြုနိုင်သည်။

အထူးသဖြင့် တရုတ်နိုင်ငံသည် ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာဘက်ထွက်ပေါက်နှင့် တောင်အာရှဒေသထွက်ပေါက်တို့ အတွက်လည်းကောင်း၊ အိန္ဒိယနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့နှင့် ချိတ်ဆက်နိုင်ရေးသာမက၊အရှေ့မျော် မူဝါဒလက်တွေ့အောင်မြင်ရေးတို့အတွက်လည်းကောင်း၊ မြန်မာနိုင်ငံသည် ပထ၀ီနိုင်ငံရေးအရသာမက၊ မဟာဗျူဟာတည်ရှိမှုအရပါ အရေးပါနေသဖြင့် တရုတ်နိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့သည် မြန်မာနိုင်ငံနှင့်ဆက်ဆံရေးမူဝါဒ၊ လမ်းစဉ်၊ ဗျူဟာများကို ဆန်းစစ်သုံးသပ်မွမ်းမံကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံနှင့်ဆက်ဆံရေးတွင် လမ်းဟောင်းမှခွဲထွက်ပြီး၊ လမ်းသစ်ဖောက်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးပြီးချင်း၊ ရန်ကုန်အစိုးရဟု သမုတ်ခံနေရသောအချိန်တွင် အိန္ဒိယအစိုးရသည် မြန်မာ့တပ်မတော်အတွက် လက်နက်ခဲယမ်းများ ထောက်ပံ့ကူညီခဲ့သဖြင့် ရန်ကုန်အစိုးရဘ၀မှ ဗမာအစိုးရဘ၀ ပြန်ရောက်ခဲ့သည်မှအစ ပါလီမန်ခေတ် နှစ်နိုင်ငံဆက်ဆံရေးမှာ ကောင်းလွန်းခဲ့သည်။ ၁၉၆၂ အလွန်ကာလမှာလည်း မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံဆက်ဆံရေးသည် မဆိုး၊မကောင်း အနေအထားတွင်ရှိခဲ့သည်ဟု ယေဘုယျ သုံးသပ်နိုင်သည်။


မြန်မာနိုင်ငံသည် ပထ၀ီနိုင်ငံရေးအရသာမက၊ မဟာဗျူဟာ တည်ရှိမှုအရပါ အရေးပါနေသဖြင့်  တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး မူဝါဒ၊ လမ်းစဉ်၊ ဗျူဟာများကို ဆန်းစစ်သုံးသပ်မွမ်းမံကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံနှင့် ဆက်ဆံ ရေးတွင် လမ်းဟောင်းမှ ခွဲထွက်ပြီး၊ လမ်းသစ်ဖောက်ကြရမည် ဖြစ်သည်  . . . 


တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံဆက်ဆံရေးသည် အကြောက်တရားနှင့် စခဲ့သည်ဟုဆိုရမည်။ လွတ်လပ်ရေးရပြီးစ ကာလတွင် ဗမာဝန်ကြီးချုပ်သည် တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ၀င်သိမ်းမည်ကို စိုးရိမ်ခဲ့ပုံရသည်။ ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တရုတ်ကွန်မြူနစ်ပါတီက ထူထောင်ခဲ့သောအခါ၊ မြန်မာအစိုးရသည် အသိအမှတ်ပြုရန် အလျင်အမြန် အားထုတ်ခဲ့သည်။ ဒီဇင်ဘာလထဲတွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ရန် ပြင်ဆင်ခဲ့သော်လည်း၊ ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်နေ့မှသာ ၁၆ နိုင်ငံမြောက်နိုင်ငံအဖြစ် သံတမန် ဆက်သွယ်နိုင်ခဲ့သည်။ ဗမာအစိုးရသည် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကောင်းမွန်ရန်အလို့ငှာ၊ ၁၉၅၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏ အထောက်အပံ့ရယူမှုကို ရပ်ဆိုင်းခဲ့သည်။ တရုတ်-မြန်မာ ဆက်ဆံရေးသည် ၁၉၆၇ ခုနှစ် တရုတ်-ဗမာအရေးအခင်းကာလမှလွဲ၍ မဟာဗျူဟာမြောက်အားလုံး ကောင်းခဲ့သည်ဟု ကောက်ချက်ပြုရမည်ဖြစ်သည်။

မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု ဆက်ဆံရေးဘက်တွင်၊အစကတည်းက ကောင်းလှသည်မဟုတ်သော်လည်း၊ အကျိုးရှိခဲ့ပုံရသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်း အိန္ဒိယနိုင်ငံသည် ဆိုဗီယက်အုပ်စုဖြစ်ပြီး၊ တရုတ်နိုင်ငံသည်လည်း အမေရိကန်အပါအ၀င် အနောက်အုပ်စုနှင့် မတည့်သောလက်ဝဲ အုပ်စုဝင်ဖြစ်နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် စစ်နွေးခေတ် လက်ဝဲလှိုင်းနှင့် ခြံချင်းကပ်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံသို့ တပ်မတော်လေ့ကျင့်ရေးအတွက် ဒေါ်လာနှစ်သိန်း ခြောက်သောင်းအပါအ၀င် အမေရိကန် ဒေါ်လာ ၁၄ သန်းကျော် အထောက်အပံ့ ပေးအပ်ခဲ့သည်ကိုကြည့်လျင် နှစ်နိုင်ငံဆက်ဆံရေးမှာ ၁၉၈၈ ခုနှစ် အထိ၊ မအေးမနွေးအဆင့်တွင်ရှိခဲ့ သည်ဟု သုံးသပ်နိုင်သည်။

အမေရိကန်သမ္မတ ဘားရက် အိုဘားမား၏ ခရီးစဉ်မတိုင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌနှင့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယသမ္မတနိုင်ငံသို့ အလည်အပတ်သွားရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ်အတွင်း အိန္ဒိယ၀န်ကြီးချုပ် မာမိုဟန်ဆင်း၊ ဒုတိယသမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး၊နိုင်ငံခြားရေးအတွင်းဝန်၊ အာဏာရကွန်ဂရက်အိုင်ပါတီဥက္ကဋ္ဌ ဆိုနီယာဂန္ဒီတို့နှင့် သီးခြားစီ တွေ့ဆုံခဲ့သည်။ အမေရိကန်နိုင်ငံ၏ အရှေ့တောင် အာရှဒေသတွင် မဟာဗျူဟာမြောက်အခြေချရန် ပြင်ဆင်မှုများကို အိန္ဒိယနိုင်ငံသည် စိုးရိမ်တကြီး စောင့်ကြည့်မည်မှာ အသေအချာဖြစ်သည်။ တစ်ဖက်တွင်လည်း အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ တရုတ်နိုင်ငံအပေါ် အလွန်အမင်းမှီခိုနေရမှုအပေါ် စိုးရိမ်ကြောင့်ကြနေမည်မှာလည်း သဘာဝကျသည်။

ကွန်ဂရက်အိုင်ပါတီအကြောင်းပြောလျင်၊ နှစ်ရာကျော်တည်တံ့သော ပါတီဖြစ်ပြီး၊ကိုလိုနီခေတ်က မြန်မာပြည်တွင် ပါတီရုံးခွဲဖွင့်လှစ်နိုင်သည်အထိ ကျယ်ပြန့်ခဲ့သောပါတီဖြစ်သည်။ ပါတီဥက္ကဋ္ဌ ဆိုနီယာဂန္ဒီနှင့်တွေ့သောအခါ၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဆိုနီယာထံမှ သင်ယူစရာ၊ လေ့လာစရာများ ရှိလိမ့်မည်ဟု ထင်မြင်ကြသည်။ ၀န်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဒီ၏ ဇနီးဖြစ်သူဆိုနီယာသည် ကွန်ဂရက်အိုင်ပါတီ ခေါင်းဆောင်အဖြစ် အစိုးရအဖွဲ့ကို ပါတီမှတစ်ဆင့် ကြိုးကိုင်နိုင်သည့် အနေအထားတွင် ရှိနေပြီဖြစ်သည်။ကွန်ဂရက်အိုင်ပါတီ၏ စနစ်တကျ တည်ဆောက်အားကောင်းမှုကြောင့်၊ ဆိုနီယာသည် အစိုးရအဖွဲ့တွင်မပါလင့်ကစား၊အစိုးရအပေါ် သြဇာလွှမ်းမိုးနိုင်သည်ကို တွေ့ရသည်။ ပါတီတည်ဆောက်ရေးအပေါ် အာရုံစိုက်ရန်ပညာရှိသတိဖြစ်ခဲ ဖြစ်နေပုံရသောဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယခရီးစဉ်မှအပြန်တွင် ပါတီတည်ဆောက်ရေး၏ အရေးပါပုံကို သဘောပေါက်နိုင်ကောင်းဖွယ်ရှိသည်ဟု မျော်လင့်ရသည်။

ဆိုနီယာသည် ကွန်ဂရက်အိုင်ပါတီ၏ စနစ်ကျကျယ်ပြန့်သော အင်အားကို ကျောထောက်နောက်ခံပြုကာ ပန်းပန်နေခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေးပတ်ဝန်းကျင်တွင် လူထုအကြိုက်၊ အချစ်ဖြစ်သော်လည်း မိမိနိုင်ငံရေးပါတီကို စနစ်ကျအားကောင်းအောင် ယနေ့အထိ တည်ဆောက်နိုင်ခြင်းမရှိ၊ တည်ဆောက်ရန်ပြင်ဆင်နိုင်ခြင်း မရှိသည်ကို တွေ့မြင်ရသည်မှာ ရင်လေးဖွယ်ဖြစ်သည်။ အန်အယ်လ်ဒီပါတီကို စနစ်တကျတည်ဆောက်နိုင်မှု အားနည်းလျင်နည်းသည့်အလျောက် လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အသွေးမှာလည်း အားနည်းလာဖွယ်ရှိနေသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ဆိုနီယာဂန္ဒီနှင့်ယှဉ်ထိုး၍ မိမိကိုယ်ကို ဝေဖန်ရေးလုပ်သင့်သည်ဟု ထင်မြင် မိသည်။
အမေရိကန်သမ္မတမြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီး မလာရောက်မီရက်ပိုင်းအလို၊ နိုဝင်ဘာလ ၁၂ရက်မှ ၁၉ရက်အထိ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသို့ သွားရောက်ခဲ့သည်မှာလည်း ထူးခြားသည်ဟု ဆိုနိုင်သည်။ ဗိုလ်ချုပ်ကြီးစိုးဝင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၁ အရ ဖွဲ့စည်းသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံအစိုးရအဖွဲ့ကိုယ်စား အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေး အခြေအနေ၊ သမ္မတဘားရက် အိုဘားမား၏ လာမည့်ချစ်ကြည်ရေးခရီးစဉ်တို့နှင့်ပတ်သက်ပြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် ကွန်မြူနစ်ပါတီခေါင်းဆောင်များကို ဆွေးနွေးရှင်းပြနိုင်ရန် စေလွှတ်သော ကိုယ်စားလှယ်သဘောလည်း သက်ရောက်နိုင်သည်ဟု လေ့လာသူအချို့က သုံးသပ်ကြသည်။

အိုဘားမား အရှေ့တောင်အာရှဒေသသို့ မရောက်မီ၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်တွင် ၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ ပထမအကြိမ်ပါတီညီလာခံ၌ ဇီဂျင်ပင်းသည် တရုတ်ကွန် မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုစစ်ကော်မရှင်၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ဇီဂျင်ပင်းခေါင်းဆောင်သော တရုတ်မျိုးဆက်သစ်ခေါင်းဆောင်များသည် ၂၀၂၂ ခုနှစ်အထိ တရုတ်နိုင်ငံကို ပဲ့ကိုင်မည်ဖြစ်သည်။ တရုတ်နိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေးအရ ကာလရှည်ကြာ ဆွေမျိုးပေါက်ဖော်ဖြစ်သော မြန်မာနိုင်ငံသို့လာရောက်မည့် အမေရိကန်သမ္မတ၏ ခရီးစဉ်ကို အထူးအလေးထား စောင့်ကြည့်မည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ရေနံပိုက်လိုင်း၊ ဓာတ်ငွေ့ပိုက်လိုင်း၊ ရထားလမ်း၊ ကားလမ်းတို့နှင့်အတူ ဖွံ့ဖြိုးရေးဇုန်များ ထူထောင်ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေသည့်အပြင် ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာသို့ အနောက်ဘက်ထွက်ပေါက်တစ်ခုဖြစ်လာမည့် တရုတ်နိုင်ငံ၏ ကျောက်ဖြူစီမံကိန်းနှင့် အမေရိကန်၏ အကျိုးစီးပွားတို့သည် ထိပ်တိုက်တွေ့လာနိုင်ဖွယ်ရှိနေသည်ဟု အကဲခတ်များက ထောက်ပြကြသည်။
ရန်ကုန်မြို့တွင် သမ္မတဘားရက် ဟူစိန်အိုဘားမားသည် သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုထက် ပိုမိုစိတ်လှုပ်ရှားဖွယ်ဖြစ်လာနိုင်သည်ဟု သုံးသပ်မိသည်။

အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ၊ သမ္မတ အိုဘားမားသည် တပ်မတော်စစ်ဦးစီးချုပ် ဖြစ်သဖြင့်လည်းကောင်း၊ လာမည့် အနာဂတ်နှစ်နိုင်ငံဆက်ဆံရေးတွင် တပ်မတော်ချင်းဆက်ဆံရေးအပိုင်း၌ အရေးပါလာနိုင်သဖြင့်လည်းကောင်း၊ သမ္မတအိုဘားမားနှင့်တွေ့ဆုံစဉ်၊ သမ္မတ ဦးသိန်းစိန်နှင့်အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း ပါဝင်နိုင်ဖွယ်ရှိသည်ဟု သုံးသပ်မှုများရှိနေသည်။ လာမည့်နိုင်ငံရေးအခင်းအကျင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ၌ တပ်မတော်သည် အဆုံးအဖြတ်နေရာတွင်ရှိပြီး၊ ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲမှုများကို ငြိမ်းချမ်းစွာဖော်ဆောင်ရာတွင် တပ်မတော်၏ အခန်းကဏ္ဍသည် အလွန်အရေးပါသည်။ ထို့ကြောင့် အိုဘားမားနှင့် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံရေးကို မဟာဗျူဟာမြောက်လိုအပ်ချက်ဟု သုံးသပ်နိုင်သည်။ အိုဘားမားပြန်ပြီးနောက်၊ မြန်မာ့ဒီမိုကရေစီရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပိုင်းတွင် တပ်မတော်က မည်သို့ပါဝင်လာမည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲသည် အရေးကြီးသောအချိုးအကွေ့ဖြစ်သည့်အလျောက် သမ္မတအိုဘားမားသည် ရွေးကောက်ပွဲလွတ်လပ်၍ တရားမျှတရေးအတွက် တိုက်တွန်းဦးမည်မှာ မုချဖြစ်သည်။ လာမည့်ရွေးကောက်ပွဲတွင် ကမ္ဘာ့ကုလသမဂ္ဂ၊ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့၊ အမေရိကန်ပြည်ထောင်စုအပါအ၀င် အနောက်အုပ်စုနိုင်ငံများမှ စောင့်ကြည့်လေ့လာသူများကို ၀င်ရောက်ခွင့်ပြုမည်ဆိုလျင် အလွန်ကောင်းမွန်မည်ဟု သုံးသပ်နိုင်သည်။နိုင်ငံတကာစောင့်ကြည့်လေ့လာမှုကို ခွင့်ပြုခြင်းဖြင့်ရွေးကောက်ပွဲ၏ တန်ဖိုးကိုမြင့်မားစေနိုင်သည်ကိုလည်း ထောက်ပြရမည်ဖြစ်သည်။

ရွေးကောက်ပွဲမတိုင်မီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် နိုင်ငံရေးပါတီခေါင်းဆောင်များ၊ တိုင်းရင်းသားပါတီခေါင်းဆောင်များနှင့် တပ်မတော်ခေါင်းဆောင်များပါဝင်သည့် ပွင့်လင်း၊စနစ်ကျသောနိုင်ငံရေး စားပွဲဝိုင်းဆွေးနွေးပွဲများကို ပုံဖော်နိုင်ရေးသည်လည်း အရေးကြီးသည်ဟုသုံးသပ်မိပါသည်။ 

အဆိုပါဆွေးနွေးပွဲများသည် နိုင်ငံရေးအာဏာခွဲဝေရေး ဆွေးနွေးပွဲများဖြစ်လာနိုင်သည့်အပြင်၊ ပြည်ထောင်စုစစ်စစ်မူအပေါ် အခြေခံသည့် နိုင်ငံရေးလမ်းပြမြေပုံသစ်တစ်ခုကို ပြုစုရေးဆွဲနိုင်သည့်အခြေအနေအထိ ခရီးပေါက်နိုင်ရန် လိုအပ်သည်ဟု အကဲခတ်များက သုံးသပ်ကြသည်။ နိုင်ငံရေးစားပွဲဝိုင်းဆွေးနွေးပွဲများသည် လွှတ်တော်ပြင်ပအသွင်ဖြစ်ရန်လိုအပ်သည်ဟုလည်း အကဲခတ်များက ထောက်ပြကြသည်။အမေရိကန်သမ္မတ အိုဘားမားသည် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ လွတ်လပ်တရားမျှတရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်ထောင်စုစစ်စစ် ဖော်ဆောင်ရေးတို့နှင့် ဆက်စပ်နေသည့် အများပါဝင်နိုင်သော မြန်မာ့နိုင်ငံရေး လမ်းပြမြေပုံသစ်တစ်ခု ပုံဖော်နိုင်ရန် တိုက်တွန်းဆော်သြသင့်သည်ဟု အကြံပြုကြသည်။ သမ္မတအိုဘားမားပြန်လျင်၊ မြန်မာ့နိုင်ငံရေး ပတ်ဝန်းကျင်၌ လက်တွေ့ကျသော နိုင်ငံရေးစားပွဲဝိုင်းဆွေးနွေးပွဲများ ဖြစ်ပေါ်လာနိုင်ခြေမည်မျှ မြင့်မားလာမည်ကို လေ့လာစောင့်ကြည့်ရဦးမည်ဖြစ်သည်။

သမ္မတအိုဘားမားအနေဖြင့် စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် ပုဂ္ဂလိက သတင်းစာများကိစ္စကိုလည်း လျစ်လျူရှု၍ မဖြစ်နိုင်ချေ။ မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့်သည် အတိုင်းအတာတစ်ခုအထိ ရရှိနေပြီဖြစ်သော်လည်း ပုဂ္ဂလိကသတင်းစာ တစ်စောင်မှ ထုတ်ဝေခွင့်မပြုနိုင်ခြင်းမှာ နိုင်ငံတကာတွင် မျက်နှာပျက်ဖွယ်ကိစ္စဖြစ်သည်။ ပုဂ္ဂလိကသတင်းစာ ရှိခြင်း၊ မရှိခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ သတင်းလွတ်လပ်ခွင့်ကို တိုင်းတာရာတွင် အလွန်ပဓာနကျသည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ပုဂ္ဂလိကသတင်းစာမရှိသည့် တစ်ခုတည်းသောနိုင်ငံဖြစ်နေသည်ကို မျက်ကွယ်ပြုနေ၍ မသင့်တော်ဟု သုံးသပ်မိသည်။ အိုဘားမား၏ ခရီးစဉ်နောက်ပိုင်းတွင် ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့်အနှေးနှင့် အမြန်ရရှိပြီး၊ မြန်မာ့စာနယ်ဇင်းလောကသည် နိုင်ငံတကာတန်းဝင်လာမည်ဆိုလျင် အတိုင်းထက်အလွန်ဖြစ်သည်။
ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ် တွင် တည်ငြိမ်အေးချမ်းမှုများ အလျင်အမြန် ဖြစ်ပေါ်လာရေးအတွက်ကိုလည်း သမ္မတအိုဘားမားအနေဖြင့် မြန်မာအစိုးရကိုမဖြစ်မနေ တိုက်တွန်းဦးမည်ဖြစ်သည်။ အဆိုပါဖြစ်စဉ်နှစ်ခုသည် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးကို ဘေးကျပ်နံကျပ် ဖြစ်စေခဲ့သည့်အပြင် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အပေါ်တွင်လည်း နိုင်ငံတကာက အမြင်မှောက်မှားနိုင်သဖြင့် သတိကြီးကြီးထား ကိုင်တွယ်ရမည်ဖြစ်သည်။ 

အိုဘားမားခရီးစဉ်နောက်ပိုင်း ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အရေးကိစ္စများတွင် ပိုမိုသွက်သွက်လက်လက်လုပ်ငန်းများ ဆောင်ရွက်နိုင်ပြီး၊ ရေရှည်ငြိမ်းချမ်းရေး ဦးတည်သော လက်တွေ့ကျသည့်လမ်းပေါ် ရောက်ရှိလာနိုင်မည်ဆိုပါက အားရကျေနပ်ဖွယ်ဖြစ်သည်။
အမေရိကန်သမ္မတဘားရက်အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်သည် စင်းလုံးချောဟုမဆိုနိုင်ပါ။ပြည်တွင်း ပြည်ပလေ့လာသူအချို့နှင့် အကဲခတ်အချို့အမြင်အရ၊ အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒ အပြောင်းအလဲသည် ဒရောသောပါးနိုင်ပြီး၊ ပြောင်းလဲတိုးတက်မှုများနှင့် နှိုင်းယှဉ်လျင်အမေရိကန်ဘက်မှအလျော့ပေး လိုက်လျောမှုသည် များလွန်းအားကြီးသည်ဟု ဆိုကြသည်။ အချို့ကလည်းအိုဘားမားသည် မြန်မာနိုင်ငံသို့ အလည်သွားရန် စောလွန်းသည်ဟု ဝေဖန်ကြသည်။ အိုဘားမား၏ ခရီးစဉ်နောက်ပိုင်း မြန်မာ့နိုင်ငံရေးပတ်ဝန်းကျင်တွင် သိသာမြင်သာသော ဖြစ်ပေါ်တိုးတက်မှုများ ဖြစ်ပေါ်လာရေးသည် အလွန်အရေးကြီးသည်။
အိုဘားမားသည် မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်လမ်းခုလတ်ကာလမျိုးတွင် အလည်အပတ်လာရောက်ခြင်း ဖြစ်သဖြင့်  စွန့်စားရင်ဖိုရသော ခရီးဟုဆိုနိုင်မည် ဖြစ်သည်။ မြန်မာပြည်သူလူထုသည် သမ္မတအိုဘားမားအပါအ၀င် အမေရိကန်သမ္မတ အဆက်ဆက်နှင့် အမေရိကန်နိုင်ငံကို မျော်လင့်ချက်ကြီးကြီးမားမားထားခဲ့ကြသည်မှာ လွန်ခဲ့သော  နှစ်နှစ်ဆယ်ကျော်ကတည်းကဖြစ်သည်။ 

ယခုကာလတွင်လည်း မှန်းချက်နှင့်နှမ်းထွက်ကိုက်ပါ့မလားဟု စိုးရိမ်မှုများလည်း ရှိနေနိုင်သည်။လက်တွေ့ကျ ကျ ဆန်းစစ်လျင်၊ မှန်းချက်နှင့်နှမ်းထွက်ကိုက်ရန် အမေရိကန်နိုင်ငံအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ ချဉ်းကပ်ဆောင်ရွက်မှု၊သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ဦးဆောင်သော ပြည်တွင်းအင်အားစုများ၏ လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်နိုင်မှု၊ ပြည်သူလူထု၏ထောက်ခံမှု စသည့်အချက်များကလည်း အရေးကြီးပါသည်။
အမေရိကန် သမ္မတဘားရက် အိုဘားမား၏ ခရီးစဉ်နောက်ပိုင်းတွင် ဆင်းရဲမွဲတေသော မြန်မာပြည်သူလူထုအများစု၏ အကျိုးကို အတိုင်းအတာတစ်ခုအထိ ကိုယ်စားပြုနိုင်မည်ဆိုလျင် အလွန်ကောင်းမွန်သည်ဟု ဆိုနိုင်သည်။ မြန်မာပြည်သူလူထုအများစုအတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုကို တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အချိန်တိုအတွင်း ဆောင်ရွက်ပေးနိုင်မည်ဆိုလျင်၊ပညာရေးအပိုင်းတွင်လည်း၊ အဆင့်အတန်းရှိသော အခြေခံပညာရေးကို အခမဲ့ပေးနိုင်သည့်အပြင်၊ကျောင်းသားအရွယ်များ ကျောင်းနေနိုင်အောင် လိုအပ်သည့် ပံ့ပိုးမှုများပြုလုပ်ပေးနိုင်မည်ဆိုလျင် သမ္မတအိုဘားမားနှင့် အတူအမေရိကန်ပြည်သူတို့သည် အောက်ခြေမြန်မာပြည်သူလူထုကြီး၏ နှလုံးသားထဲကို စွဲမြဲဝင်ရောက်သွားပြီဟု ကောက်ချက်ပြုနိုင်မည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော်၊ နိုဝင်ဘာလ ၁၉ ရက်၊ ညနေခင်းတွင် အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရက်ဟူစိန်အိုဘားမားသည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာသွားပြီးနောက်၊ ရက်ပိုင်း၊လပိုင်းများအတွင်း ပြောင်းလဲတိုးတက်ဖြစ်ပေါ်လာမည့်အခြေအနေများကို အားလုံးကစောင့်ကြည့်နေကြမည်မှာ အသေ အချာဖြစ်သည်။နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွတ်ငြိမ်းခွင့်ပေး၍ ပြန်လွှတ်ပေးခြင်းသည် အစောဆုံး မြင်ရနိုင်ဖွယ်ရှိသည့်တိုးတက်မှု ဖြစ်သည်ဟု အကဲခတ်များကသုံးသပ်ကြသည်။ နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့်ပြုလာနိုင်ခြင်းသည် ဒုတိယမြောက် သိသာမြင်သာသော ခြေလှမ်းဖြစ်လာနိုင်ဖွယ်ရှိနေသည်။ နိုင်ငံရေးအရလည်း လွတ်လပ်ပွင့်လင်းသော နိုင်ငံရေးစားပွဲဝိုင်း ဆွေးနွေးပွဲများမှသည် မြန်မာ့နိုင်ငံရေး လမ်းပြမြေပုံသစ်တစ်ရပ် ပေါ်ထွက် ရေးအတွက် ကနဦးခြေလှမ်းများကို မြင်တွေ့လာရမည်ဆိုလျင် ပိုမိုအားရဖွယ် ဖြစ်လာမည်ဖြစ်သည်။ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်လည်း ပိုမိုလက်တွေ့ကျသော ရေရှည်ဖြေရှင်းမှုများဆီဦးတည်သော တိုးတက်မှုများကို မြင်တွေ့လာရမည်ဆိုပါက အိုဘားမား၏ခရီးစဉ်သည် အလုပ်ဖြစ်နေသည်ဟု ယေဘုယျ သုံးသပ်ရမည်ဖြစ်သည်။ အိုဘားမား၏ ခရီးစဉ်နောက်ပိုင်း ပြည်တွင်းနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများသည် လေးလံထိုင်းမှိုင်းနေပြီး၊ အမေရိကန်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် ရည်ရွှန်းသော စီးပွားရေးလုပ်ငန်းများသည် အလွန်အမင်း သွက်လက်အောင်မြင်နေလျင် တစ်ခုခုမှားနေပြီဟု ကောက်ချက်ပြုရမည် ဖြစ်သည်။ သမ္မတအိုဘားမား၏ ခရီးစဉ်သည် အလုပ်သဘောခရီးစဉ် ဖြစ်သည့်အားလျော်စွာ ခရီးစဉ်ကို အကြောင်းပြုလျက် မည်မျှအလုပ်ဖြစ်ခဲ့သည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ ကျွန်တော်တို့အားလုံးသည် အိုဘားမားပြန်လျင် ဘာကျန်ခဲ့မည်ကိုလည်းကောင်း၊ အမေရိကန်သွားလျှင် လမ်းမည်မျှဖြစ်မည်ကိုလည်းကောင်း ဆက်လက်စောင့်ကြည့် လေ့လာရဦးမည်ဖြစ်ပါသည်။

No comments: