Sunday, November 25, 2012

ရေးအမှန် ဖတ်အသံ စနစ်ကျစေရန်



ကျွန်တော်ကျောင်းဆရာဖြစ်စက သူငယ်တန်းတွင် ဋသန်လျင်းချိတ်မရေးတတ်သဖြင့် ပြဿနာတက်ခဲ့ရပုံကို မှတ်မိပါသေးသည်။ သင်ပုန်းကြီးရေးပုံစနစ်တွင် ကကြီးမှ ညအက္ခရာအထိ ရေးသားရသည်မှာ ပြဿနာမရှိ သော်လည်း ဋ၊ ဌ၊ ဍ၊ ဎ နှင့် ဠ ရေးသားပုံစနစ်တို့တွင် ရေးလေ့နည်းသောကြောင့် အလှည့်မှားကာ ဒုက္ခရောက် တတ်ပါသည်။ ထိုစာလုံးများကို အသံထွက်ကအစ မထွက်တတ်သောဆရာများနှင့်ပင် ကြုံခဲ့ရဖူးသည်။

ဋ - ဋသန်လျင်းချိတ်
ဌ - ဌ၀မ်းဘဲ
ဍ - ဍရင်ကောက်
ဎ - ဎရေမှုတ်
ဠ - ဠကြီး ဆိုသည့် အသံထွက်များကို နောက်ပိုင်းတွင် လေ့လာမှ တတ်ခဲ့ရပါသည်။

ဋ သန်လျင်းချိတ် ဆိုသည်မှာ ခြေဆင်းလျက်ရှိသော "တ" ထွက်ရသည့် အက္ခရာဟု အဓိပ္ပာယ် သက်ရောက်သည်။ ထို့ကြောင့် ဋ ခြေဆင်းဟူ၍လည်း ခေါ်ပါသည်။ ခြေဆင်းဟုပြောရခြင်းမှာ ထိုအက္ခရာ အောက်ခြေပုံသဏ္ဌန်ကို ဆိုလိုခြင်းဖြစ်သည်။ (ရှေးအခါက မင်းစိုးရာဇာတို့စီးသော၊ သံလျင်း ခေါ် လူထမ်းရ သည့် ယာဉ်တစ်မျိုးရှိပါသည်။ ထိုယဉ်တွင် ချိတ်သော ချိတ်နှင့်တူသဖြင့် ဋ သန်လျင်းချိတ်ဟု ခေါ်ရကြောင်း လည်း မှတ်သားရပါသည်။)

ဌ ဝမ်းဘဲကတော့ရှင်းပါသည်။ ဝမ်းဘဲ ပုံ သဏ္ဌန်ရှိသဖြင့် ဌဝမ်းဘဲဟုခေါ်ခြင်းဖြစ်သည်။ ဝမ်းပြဲဟူ၍လည်း သုံး သည်။ ဝမ်းပြဲသော သတ္တဝါ၊ ဝမ်းပြဲကားသော သတ္တဝါနှင့် တူသောကြောင့်ဟူ၍လည်း ထိုသို့ခေါ်ရခြင်းဖြစ်သည်။ ဌဝမ်းဘဲဆိုသည်မှာ ဝမ်းဘဲ သတ္တဝါ ပုံသဏ္ဌန်နှင့် တူသော "ထ" ဟူ၍လည်း ဆိုလိုပါသည်။

ဍ ရင်ကောက်ကို ယခင်က ဍ သံကောက်ဟု ဆိုပါသည်။ ကောက်နေသော သံချောင်းပုံ သဏ္ဌန်ရှိသည့် "ဒ" အသံထွက်ရသော အက္ခရာဟုဆိုလိုသည်။ ရင်ကောက်ဆိုသည်မှာ နောက်မှပေါ်လာသောစကားဖြစ်သည်။ ရင်ဘတ်နေရာတွင် ကောက်နေသော အရေးအကြောင်းကို အစွဲပြုပြီး ဍရင်ကောက်ဟု ခေါ်ဆိုခြင်းဖြစ်သည်။

ဎ ရေမှုတ်သည် ရေမှုတ်သဏ္ဌန်ကို အစွဲပြုပြီး ခေါ်ဆိုခြင်းဖြစ်ပါသည်။ ရေမှုတ် ပုံသဏ္ဌန်ရှိသော "ဓ" သံထွက်ရ သည့် အက္ခရာဟုဆိုလိုပါသည်။

ဠ ကြီးဆိုသည်မှာ ကြီးသော ဠ ဟုဆိုပါသည်။ မြန်မာအက္ခရာတွင် "လ" ဟူသည့် အက္ခရာလည်းရှိနေသဖြင့် ငယ်သောလ၊ အငယ်၊ လငယ် ဟုခွဲခြားသတ်မှတ်ထားသည်။ ထို လ နှင့် ဆန့်ကျင်ဘက်အဖြစ် ကြီးသော ဠ ကို ခွဲခြားစေနိုင်ရန် ဠ ကြီးဟု ခေါ်ဆိုရခြင်းဖြစ်ပါသည်။ 

မြန်မာ "သရ" ၁၁ လုံးရှိသည်။
အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ သြ၊ သြော်၊ အို ဟူ၍ဖြစ်သည်။

မြန်မာ ဗျည်း "၃၃" လုံးရှိသည်။
ဗျည်းများကို

ကကြီး၊ ခကွေး၊ ဂငယ်၊ ဃကြီး၊ င၊ စလုံး၊ ဆလိမ်၊ ဇကွဲ၊ ဈမျဉ်းဆွဲ၊ ည၊ ဋသန်လျင်းချိတ်၊ ဌဝမ်းဘဲ၊ ဍရင်ကောက်၊ ဎရေမှုတ်၊ ဏကြီး၊ တဝမ်းပူ၊ ထဆင်ထူး၊ ဒဒွေး၊ ဓအောက်ခြိုက်၊ နငယ်၊ ပစောက်၊ ဖဦးထုပ်၊ ဗထက်ခြိုက်၊ ဘကုန်း၊ မ၊ ယပက်လက်၊ ရကောက်၊ လ၊ ဝ၊ သ၊ ဟ၊ ဠကြီး၊ အ ဟူ၍ရွတ်ဖတ်ရပါသည်။
အမှားများကာ နှုတ်ကျိုးနေကြသည့် စာလုံးများစွာရှိပါသည်။

အမှန်                                                             အမှား
ဋ သန်လျင်းချိတ်                                       ဋ တလင်းချိတ်

ဌ ဝမ်းဘဲ                                                ဌ ဝင်ဘဲ

ဎ ရေမှုတ်                                               ဎ ရင်မှုတ်

ဈ မျဉ်းဆွဲ                                               ဈ မြင်ဆွဲ

ဓ အောက်ချိုက်                                        ဓောက်ချိုက်

ဗ ထက်ချိုက်                                           ဗ လချိုက်


ရည်ညွှန်းချက် - မြန်မာစာအခြေပြကျမ်း၊ ဟံသာဝတီ ဦးဘရင်

No comments: