Wednesday, November 28, 2012

မွန်ရိုးနဲ့ ပတ်သက်တဲ့ မေးခွန်းတစ်ခု


ရုပ်ရှင် မင်းသမီး မွန်ရိုးဟာ ကမ္ဘာမှာ လူသိ အများဆုံး အမျိုး သမီး တစ်ယောက် ဖြစ်တယ် လို့ ပြောရင် ငြင်းလို့ ရနိုင် စရာ မရှိ ပါဘူး။ ငွေရောင် ဆံပင် များနဲ့ ယောက်ျား သားများကို ညှို့ငင် အားကောင်း လှတဲ့ မွန်ရိုး ဟာ ဟောလိဝုဒ် မှာ သာမက ကမ္ဘာမှာ ကျော်ကြား သူ ဖြစ်တာကြောင့်
ဒုတိယ ခင်ပွန်းဖြစ်တဲ့ ဘေ့စ်ဘောလ် အကျော်အမော် ဂျိုဒီမက်ဂီယို၊ တတိယ ခင်ပွန်း စာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ အာသာမီလာ တို့လည်း သူ့ညွှတ်ကွင်းမှာ သက်ဆင်းခဲ့ ဖူးပါတယ်။

၁၉၆၂ ခုနှစ် သြဂုတ်လ၅ ရက်နေ့ညက ကယ်လီဖိုးနီးယား ပြည်နယ် ဘရန့်ဝုဒ်မြို့က သူမရဲ့နေအိမ်မှာ အသက် ၀ိညာဉ် ကင်းမဲ့နေပြီ ဖြစ်တဲ့ ရုပ်အလောင်းကို စစ်ဆေးခဲ့ကြ သူများက သူ့ကိုယ်သူ သတ်သေသွားခြင်း ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ ကြပါတယ်။ ဒါပေမဲ့ မွန်ရိုး ကွယ်လွန် သွားခဲ့တာ နှစ်ပေါင်း ၅၀ ရှိခဲ့ပြီ ဖြစ်ပေမဲ့ မွန်ရိုးနဲ့ ပတ်သက်တဲ့ သတင်း စကားတွေ၊ ဒွိဟစိတ် တွေကတော့ ပြန့်လွင့် နေဆဲ ဖြစ်ပါတယ်။တချို့က မွန်ရိုးဟာ ကွယ်လွန်ချိန်မှာ အသက် ၃၆ နှစ် အရွယ် ရှိနေပြီဖြစ်တဲ့ အတွက် ငယ်ဘ၀ကလို ရုပ်ရှင်လောကမှာ နေရာမရနိုင်တော့ပြီဖြစ်လို့ စိတ်ဓာတ်ကျပြီး သတ်သေ သွားခြင်း ဖြစ်တယ်လို့ သုံးသပ် ကြပါတယ်။ မွန်ရိုးရဲ့အအောင်မြင်ဆုံးရုပ်ရှင်ဇာတ်ကားများဖြစ်တဲ့The Seven Year Itch ဇာတ်ကားနဲ့ Some Like It Hot တို့ဆိုရင် အခု ထက်ထိအောင် လူကြိုက်များ နေဆဲ ဖြစ်တဲ့ အတွက် စိတ်ဓာတ် ကျတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား လို့ သံသယဖြစ်စရာ ကောင်းပါတယ်။ နောက်တစ်ခုကတော့ ဆေးများကို လွယ် လွယ်ကူကူ သောက်လေ့ အကျင့် ရှိသူဖြစ်တာကြောင့် မတည့်တဲ့ဆေးများ သောက် မိပြီး မတော်တဆ သေဆုံးသွားခဲ့သလားဆိုတာကလည်း တွေးစရာ ဖြစ်ပါတယ်။ ဒါမှမဟုတ် အသတ် ခံရတာလားလို့ လည်း မေးစရာ ရှိပါတယ်။ အတ္ထုပ္ပတ္တိ စာရေးဆရာ ဖြစ်တဲ့ ဂျိမ်းစ်စပါဒါကWhat Happened to Marilyn Monroe ဆိုတဲ့စာအုပ်မှာ “မွန်ရိုး ကွယ် လွန်ခြင်းဟာ ၂၀ ရာစုအတွက် နားလည်ရ အခက်ခဲဆုံး ပဟေဠိ တစ်ခုပဲ ဖြစ် ပါတယ်”လို့ ရေးခဲ့ပါတယ်။

နှစ်ပေါင်း ၅၀ ကျော်လွန်ပြီးတဲ့ နောက်မှာ ရဲဘက်ဆိုင်ရာ အစီရင်ခံစာ တချို့နဲ့ ဆေးပညာရှင်များရဲ့ သုံးသပ်ချက် တို့ကို ဆက်စပ်ကြည့်လိုက်တဲ့ အခါမှာ မွန်ရိုး ကွယ်လွန်မှုမှာ ပါဝင်ပတ် သက်တယ်လို့ ယူဆရသူ တချို့ကလည်း ကွယ်လွန် ကုန်ကြပါပြီ။ အတ္ထုပ္ပတ္တိရေး ဆရာတွေကလည်း ရေးနေကျဆဲ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် သြဂုတ်လက ထုတ် ဝေခဲ့တဲ့ Peopleမဂ္ဂဇင်းမှာ မွန်ရိုး ကွယ် လွန်ခြင်းနဲ့ ပတ်သက်ပြီး သုံးသပ်စရာ အချက်တချို့ကို ဖော်ပြထားတဲ့ အတွက် ဒီနေ့ထက်တိုင် မွန်ရိုးကို တသနေဆဲဖြစ်တဲ့ ပရိသတ်များ အတွက် ဖော်ပြပေး လိုက်ပါတယ်။

ကွယ်လွန်ခါနီးအချိန်က မွန်ရိုးရဲ့ စိတ်အခြေအနေ

၁၉၆၂ ခုနှစ်က မွန်ရိုးကို ဓာတ်ပုံ ရိုက်ပေးခဲ့ဖူးတဲ့ လောရင့်စ်ရှစ်လာ ဆိုသူက ကွယ်လွန်ခါနီး အချိန်မှာ ရှိနေတဲ့ မွန်ရိုးရဲ့ စိတ်အခြေအနေနဲ့ ပတ်သက်ပြီး “အဲဒီအချိန်တုန်းက ရုပ်ရှင်လောကမှာ သူဟာ အရင်တုန်းကလို ရေပန်းမစား တော့တဲ့အတွက် ပြန်ပြီး ထင်ပေါ်လာ အောင် ကြိုးစားနေတဲ့ ကာလဖြစ်တယ်” လို့ ဆိုပါတယ်။ အသက် ၃၆ နှစ်အရွယ် ရောက်လာပြီ ဖြစ်တဲ့ မွန်ရိုးက သူနဲ့ခေတ် ပြိုင်လို့ ဆိုနိုင်တဲ့ အဲလစ်ဇဘက်တေလာ တို့လို တည်ကြည်ခန့်ညားတဲ့ ဇာတ်ရုပ် များမှာ သရုပ်ဆောင်နိုင်စွမ်း မရှိတာကြောင့် ရုပ်ရှင်လောကမှာ မှေးမှိန်စပြု လာခဲ့ပါတယ်။ စန်းကျလာတဲ့အချိန် ကိုယ်ပိုင်ဘ၀ကလည်း ရှုပ်ထွေးနေခဲ့ပြီး အိမ်ထောင်ရေးအခြေအနေက သုံးခုလပ် ဖြစ်နေခဲ့ပြီ။ အိမ်ထောင်သုံးဆက် ကျခဲ့သည့် တိုင်အောင် သူ အင်မတန် လိုချင်တဲ့ သားသမီး ရတနာ မရခဲ့ခြင်းကလည်း ဘ၀ကို အထီးကျန်စေခဲ့ပါတယ်။ အဲဒီ အချိန်မှာ အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတဖြစ်တဲ့ ဂျွန်အက်ဖ်ကနေဒီ၊ နိုင်ငံ တော်ရှေ့နေချုပ် ရောဘတ်ကနေဒီတို့ ညီအစ်ကိုနဲ့လည်း နှလုံးသားရေးရာ ပတ်သက်မှုတွေ ရှိနေခဲ့တယ်လို့ ပတ် ၀န်းကျင်က ယုံကြည်ထားကြပါတယ်။ ကျောခိုင်းစ ပြုနေတဲ့ ကနေဒီ ညီအစ်ကို နှစ်ယောက်ကို မွန်ရိုးက စာနယ်ဇင်းရှင်း လင်းပွဲလုပ်ပြီး အရှက်ခွဲမယ်လို့ ကြိမ်း ခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။
ကိုယ့်ကိုယ်ကို သေကြောင်းကြံ စည်လိမ့်မယ်လို့ ယူဆနိုင်စရာ မရှိတဲ့ အချက်တစ်ခုကတော့ မကွယ်လွန်သေး ခင် လပိုင်းအတွင်းကမှ အိမ်အသစ်တစ် ဆောင် ၀ယ်ယူခဲ့ခြင်း ဖြစ်ပါတယ်။ Something’s Got to Give ရုပ်ရှင် ဇာတ်ကား ရိုက်ကူးဖို့ လက်ခံခဲ့ပေမဲ့ ကျန်းမာရေးမကောင်းတာကြောင့် ရိုက်ကွင်းမကြာခဏ ပျက်ခဲ့တဲ့အတွက် ကုမ္ပဏီက စာချုပ်ကို ဖျက်သိမ်းပြီး မွန် ရိုးနဲ့ အဆက်ဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ပြန်လည်ရိုက်ကူးဖို့ စကားကမ်းလှမ်းလာတာကြောင့် မွန်ရိုး ကလည်း ပြန်ရိုက်မယ်လို့ လက်ခံထားခဲ့ ပါတယ်။ ဒါကြောင့် မွန်ရိုးနဲ့ အတူနေတဲ့ အိမ်ဖော်အမျိုးသမီး ယူနစ်မူရေး ဆိုတဲ့ အမျိုးသမီးကြီးက “ကျွန်မစိတ်ထင် ပြောရရင် ဒီကားရိုက်ဖို့အတွက် သူ စိတ်အားတော်တော်ထက်သန်နေပြီး သူ့ ဘ၀ပြန်လည်ရှင်သန်လာတော့မယ်လို့ ယုံကြည်နေပုံ ရတယ်”လို့ ပြောပြခဲ့ပါ တယ်။ ဓာတ်ပုံဆရာ ဂျော့ခ်ျဘားရစ္စက လည်း သူ့ကို မွန်ရိုးက “ဒီကာလတွေ ဟာ ကျွန်မအတွက်တော့ ရှန်ပိန်အရက် လို အင်မတန်လှပတဲ့ကာလတွေပါပဲ” လို့ဆိုခဲ့ဖူးတယ်လို့ ပြောပြပါတယ်။

ကွယ်လွန်တဲ့ညက ဘာဖြစ်ခဲ့သလဲ
သမ္မတ ဂျွန်အက်ဖ်ကနေဒီရဲ့ ယောက်ဖတော်စပ်သူ ရုပ်ရှင်မင်းသား ပီတာလောဖို့ဒ်က အဲဒီည ၇ နာရီ လောက်က သူ့မိတ်ဆွေဖြစ်တဲ့ မွန်ရိုးဆီ ကို ဖုန်းခေါ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ အဲဒီတုန်းက မွန်ရိုးရဲ့စိတ်အခြေအနေဟာ ကျဆင်းနေပုံရပြီး စကားပြောရာမှာ လည်း စိတ်မပါဖြစ်နေတာကို သတိ ထားမိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အိမ်ဖော်အမျိုးသမီး မူရေးကတော့ အဲဒီ ညမှာ မွန်ရိုးဆီကို ခင်ပွန်းဟောင်းရဲ့ သားဖြစ်တဲ့ ဂျိုဒီမက်ဂီယိုဂျူနီယာက ဖုန်းဆက်ခဲ့တယ်လို့ ဆိုပါတယ်။ သူက LA Times ကို ပြောပြရာမှာ “ကျွန်တော် ဖုန်းဆက်တဲ့အချိန်တုန်းကတော့ မွန်ရိုးရဲ့ အသံက ပုံမှန်အနေအထားမှာ ရှိပါ တယ်”တဲ့။ အိမ်ဖော်အမျိုးသမီး မူရေး က “ဖုန်းလာပြီးတဲ့နောက်မှာ ကျွန်မတို့ နှစ်ယောက် နောက်တစ်နေ့မှာ ခရီးသွား မဲ့အစီအစဉ် မဖြစ်တော့ဘူးလို့ ပြော တယ်။ ဘာကြောင့်မသွားဖြစ်တာလဲဆို တာကိုတော့ မပြောပါဘူး။ အဲဒါပြော ပြီး အိပ်ခန်းတံခါးပိတ်သွားလိုက်တာ၊ သူ့ကို အသက်နဲ့ နောက်ဆုံးတွေ့လိုက်ရ တာပါပဲ”လို့ ဆိုပါတယ်။

အလောင်းကို ဘယ်အချိန်မှာ ဘယ်လိုတွေ့တာလဲ
ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောကြ ဆိုကြတာတွေက အမျိုးမျိုး ရှိပါတယ်။ မူရေးရဲ့ ပြောပြချက် ကတော့ ညသန်း ခေါင်လောက်မှာ မွန်ရိုးရဲ့ အိပ်ခန်းတံခါး အောက်က မီးရောင်ထွက်နေတာတွေ့ လို့ တံခါးခေါက် ကြည့်ပေမဲ့ ဘာမှတုံ့ပြန်တာ မကြားခဲ့ရဘူး။ ဒါကြောင့် မွန်ရိုး ရဲ့ စိတ်ဆရာဝန်ဖြစ်တဲ့ ရာ့ဖ်ဂရင်းဆန်း ဆီကို ဖုန်းဆက်ခဲ့တယ်လို့ ဆိုပါတယ်။ ဆရာဝန် ရောက်လာချိန်မှာ ည ၁၂ နာရီ ခွဲလောက် ရှိပါပြီ။ မင်းသမီးရဲ့ အခန်း ထဲကို ပြတင်းပေါက်ကတစ်ဆင့်ကြည့် တော့ ကြမ်းပြင်ပေါ်မှာ ၀တ်လစ်စားလစ်လဲကျနေတာကို တွေ့ရတဲ့အတွက် မှန်ပြတင်းပေါက်ကို ရိုက်ခွဲပြီး အိပ်ခန်း ၀င်ခဲ့ရတယ်လို့ ဆိုပါတယ်။ အခန်းထဲ ရောက်သွားချိန်မှာတော့ မွန်ရိုးက လက် တစ်ဖက်မှာ တယ်လီဖုန်းကိုင်ထားပြီး အသက်မရှိတော့တာကို တွေ့ရပါသတဲ့။ ဒါကြောင့် မွန်ရိုးကို ကုသနေပြီး အိပ်ဆေးပေးထားတဲ့ ဆရာဝန်ထံ ဆက် သွယ်ခဲ့ပါတယ်။ ဒီဆရာဝန်ကလည်း မွန်ရိုး ကွယ်လွန်သွားပြီဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ထူး ဆန်းတာကတော့ ရဲတပ်ဖွဲ့ကို မနက် ၄ နာရီ ၂၅ မိနစ်အချိန်ကျမှ ဆက်သွယ် အကြောင်းကြားခြင်းပါပဲ။

ဘာဖြစ်လို့ နှောင့်နှေးနေတာလဲ
ရဲတပ်ဖွဲ့ကို ချက်ချင်းမဆက်သွယ် ခြင်းက မွန်ရိုးရဲ့ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးထုတ်လုပ်နေတဲ့ 20th Century Foxရုပ်ရှင်ကုမ္ပဏီကြီးရဲ့ ပြန်ကြားရေး တာဝန်ခံထံမှ ခွင့်ပြုချက်စောင့်နေတဲ့ အတွက် နှောင့်နှေးခဲ့ရတယ်လို့ ဆိုပါ တယ်။ တကယ်တော့ မွန်ရိုးရဲ့ အိပ်ခန်း အတွင်းမှာ ခင်းထားတဲ့ကော်ဇောက တော်တော်ထူတဲ့အတွက် တံခါးအောက် ကတစ်ဆင့် အတွင်းကို မြင်ရတယ်ဆို တာ မဖြစ်နိုင်ပါဘူး။ အဲဒါအပြင် ရဲအရာ ရှိ ဂျက်ကလီမွန် အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာချိန်မှာ မူရေးက အေးအေး ဆေးဆေး အိမ်မှုကိစ္စတွေ လုပ်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

မွန်ရိုး ကွယ်လွန်ခြင်း အတွက် စုံစမ်းစစ်ဆေးမှု ပြုခဲ့ပါသလား
ကိုယ့်ကိုယ်ကို သတ်သေတယ်လို့ ကောက်ချက်ချပြီးတဲ့နောက် စုံစမ်းစစ် ဆေးရေးအဖွဲ့တစ်ခဖွဲ့ခဲ့ပါတယ်။ ဒါပေမဲ့ The Last Days of Marilyn Monroe စာအုပ်ရေးသားသူ စာရေး ဆရာ ဒေါ်နယ်ဝုဖ် အဆိုအရပြောရရင် တော့ အဲဒီအဖွဲ့က မူရေးကိုသော်လည်း ကောင်း၊ ပြန်ကြားရေးတာဝန်ခံ ပက် နျူးကုန်းဘ်လောင်ဖို့ဒ်ကိုသော်လည်း ကောင်း၊ ကနေဒီညီအစ်ကိုများကိုသော် လည်းကောင်း လုံးဝစစ်ဆေးခြင်း မပြု ခဲ့ကြဘူးလို့ ဆိုပါတယ်။ မွန်ရိုးအတ္ထုပ္ပတ္တိ စာအုပ်တစ်အုပ်ဖြစ်တဲ့ Goddess စာအုပ်ရေးသားသူ စာရေးဆရာ အန်သိုနီ ဆမ္မားစ်က “အဲဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ ဆိုတာက ဘာအလုပ်မှ မလုပ်ဘဲ နာ မည်ခံဖွဲ့ပေးထားတဲ့ အဖွဲ့တစ်ခုသာ ဖြစ် တယ်”လို့ ရေးသားခဲ့ပါတယ်။

ကိုယ့်ကိုယ်ကို သတ်သေတယ်လို့ဘာကြောင့် သုံးသပ်တာလဲ

အလောင်းကို ခွဲစိတ်စစ်ဆေးတဲ့ ဆေးပညာရှင်များက Chloral Hydrate နဲ့ Nembutal တို့ကို အတူတူသောက်မိ တာကြောင့် အဆိပ်သင့်သွားခြင်းဖြစ် တယ်လို့ သုံးသပ်ခဲ့ပါတယ်။ ဆေးပု လင်းများကို မွန်ရိုးရဲ့အိပ်ရာနံဘေးမှာ တွေ့ခဲ့ကြပါတယ်။ မွန်ရိုးရဲ့စိတ်အခြေ အနေက အဲဒီအချိန်မှာ ပုံမှန်မဟုတ်ဘူး လို့ ယူဆကြပါတယ်။ မိခင်ဖြစ်သူမှာ စိတ်ရောဂါအနုစား စွဲကပ်နေသူဖြစ်တာ ကြောင့် မွန်ရိုးလည်း ဒီလိုဖြစ်နိုင်တယ် လို့ ယူဆရပါတယ်။ မိတ်ဆွေဖြစ်တဲ့ ဂျော့ခ်ျဘားရစ္စက “ကျွန်တော် တစ်သက် လုံး မွန်ရိုးနှုတ်ဖျားက ကြမ်းတမ်းတဲ့ စကား၊ အကြင်နာမဲ့စကား ထွက်လာ တာ တစ်ခါမှ မကြားဖူးပါဘူး”လို့ ဆို ပါတယ်။ မွန်ရိုးရဲ့ ပြန်ကြားရေးတာဝန် ခံအဖြစ် တာဝန်ယူထားတဲ့ မိုက်ကယ်လ် ဆေးလ်စ်မန်းကတော့ “သူ့စိတ်ထဲမှာ မသက်မသာဖြစ်နေတာတွေ၊ သူ့အပေါ် မှာ ရက်စက်ကြတယ်လို့ ထင်နေတာ တွေ ရှိကောင်းရှိနိုင်ပါတယ်”လို့ သုံး သပ်ပါတယ်။

မတော်တဆ ဆေးအလွန်အကျွံ သောက်ခဲ့သလား
မွန်ရိုးရဲ့သက်တမ်းတစ်လျှောက် မှာ ဆေးအလွန်အကျွံသောက်မိလို့ ဆေး ရုံရောက်ခဲ့တာ ၄ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ စာရေးဆရာ ၀ုဖ်က ဆိုပါတယ်။ ဒါကြောင့် မတော်တဆ ဆေး အလွန်အကျွံသောက်မိသွားတယ်ဆိုတဲ့ ယူဆချက်ကလည်း ဖြစ်ကောင်းဖြစ်နိုင် ပါတယ်။ ဒါပေမဲ့ ကွယ်လွန်ချိန်မှာ တွေ့ရှိရတဲ့ မြင်ကွင်းအနေအထားက ဒီ လိုဖြစ်သွားတယ်ဆိုတာကို လက်ခံနိုင် စရာ မရှိပြန်ပါဘူး။

တွေ့ရှိတဲ့ သဲလွန်စ
-ဆေးအလွန်အကျွံသောက်သွား တယ်လို့ ယူဆရအောင် မွန်ရိုးရဲ့ အိပ်ခန်း အတွင်းမှာ ရေသောက်ထားတဲ့ဖန်ခွက် တစ်ခွက်မှ မတွေ့ခဲ့ပါဘူး။ ဆေးအလုံး ၅၀ လောက်ကို ရေမပါဘဲ ဒီအတိုင်း မျိုချခဲ့လေသလား။ စာရေးဆရာဝုဖ်က တော့ မွန်ရိုးဟာ သတ်သေသွားတာ မဟုတ်ဘဲ အသတ်ခံခဲ့ရတာသာ ဖြစ် တယ်လို့ ယူဆပါတယ်။

-အိမ်ဖော် အမျိုးသမီးက အလောင်းကို တွေ့ပါတယ်ဆိုတဲ့ အချိန်နဲ့ ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ ရောက်ရှိလာတဲ့ အချိန်က ၅ နာရီထက်ပိုပြီး ကွာခြားနေပါတယ်။ ဒါကြောင့် စုံစမ်းစစ်ဆေးမှု အတွက် လိုအပ်တဲ့ အချိန်ထက် အများ ကြီးနောက်ကျသွားခဲ့ပါပြီ။

-ခွဲစိတ်စစ်ဆေးတဲ့အခါမှာ မွန်ရိုးရဲ့ ၀မ်းဗိုက် အတွင်းမှာ ဆေးလုံးများနဲ့ ပတ်သက်ပြီး သဲလွန်စလုံးဝ မတွေ့ခဲ့ပါ ဘူးလို့ ဆေးပညာရှင် ၀က်ခ်ျက ဆိုပါ တယ်။ အများအပြားသောက်လိုက် တယ်လို့ ယူဆရတဲ့ ဆေးလုံးများဟာ ခန္ဓာကိုယ်အတွင်းမှာ ပျော်သွားတယ်လို့  ယူဆလို့ မရနိုင်ပါဘူးလို့လည်း သူက ဆိုပါတယ်။ ဒါကြောင့် ၀က်ခ်ျက သူ့ အယူအဆ တစ်ရပ်ကို တင်ပြရာမှာ “ဆေးလုံးသောက်တာ မဟုတ်ဘဲ ကိုယ် ထဲကို ဆေးထိုးသွင်းခံရတယ်လို့ ခိုင် ခိုင်မာမာ ယူဆလို့ရပါတယ်။ သွေးထဲမှာ ဆေးဘယ် အတိုင်းအတာထိ ရောက် နေတယ်ဆိုတာကို မစစ်ဆေး ခဲ့ကြပါ ဘူး”လို့ သုံးသပ်ပါတယ်။
-မွန်ရိုးရဲ့ ခန္ဓာကိုယ်အတွင်းက အစိတ် အပိုင်းများကို ထုတ်ယူပြီး ဆေး ၀ါးဘယ်လောက် အထိ ရောက်ရှိနေလဲ ဆိုတာကိုလည်း မစစ်ဆေးခဲ့ကြပါဘူး။ဒါကြောင့် မွန်ရိုးရဲ့ ကွယ်လွန်မှုဟာ သူ့ကိုယ်သူ သတ်သေတဲ့အမှုလို့ လက် ခံနိုင်စရာ အကြောင်းမရှိဘူးလို့ ဆေး ပညာရှင် ၀က်ခ်ျက ဆိုပါတယ်။ ပိုပြီး ထူးဆန်းတဲ့ အချက်တစ်ခုကတော့ မွန်ရိုး ရဲ့ ခန္ဓာကိုယ် အတွင်းက အစိတ်အပိုင်း များ နမူနာထုတ်ယူထားခဲ့တာတွေဟာ ဘယ်အချိန်က ပျောက်သွားမှန်းမသိ ထူးဆန်းစွာ ပျောက်သွားခဲ့တယ်လို့ လည်း ၀က်ခ်ျက ဆိုပါတယ်။

မွန်ရိုးကို ဘယ်သူသတ်ချင်သလဲ
စပါဒါနဲ့ဆမ္မားစ်တို့ နှစ်ယောက် စလုံးက မွန်ရိုး ကွယ်လွန်ရခြင်းဟာ ကနေဒီညီအစ်ကို နှစ်ယောက်နဲ့ ဆက်နွှယ်နေတယ်လို့ ရိုးတိုးရိပ်တိတ် ဆိုခဲ့ ကြပါတယ်။ သူတို့က “ဂျက်ရော ရော ဘတ်ပါ မွန်ရိုးနဲ့ ရင်းနှီးပတ်သက်ခဲ့ကြ တာ သေချာပါတယ်”လို့ ဆိုပါတယ်။ စပါဒါရဲ့အဆိုအရ ဆိုရင် ဂျွန်အက်ဖ် ကနေဒီနဲ့ မွန်ရိုးတို့ဟာ ၁၉၅၄ ခုနှစ်မှာ စတင်သိကျွမ်းခဲ့ကြပြီး ဂျွန်က ငြီးငွေ့ လာချိန်မှာ မွန်ရိုးကို သူ့ညီ ရောဘတ်နဲ့ မိတ်ဆက်ပေးခဲ့တာဖြစ်တယ်လို့ ဆို တယ်။ ၁၉၆၂ ခုနှစ်မှာ ရောဘတ်နဲ့ ရင်းနှီး သွားခဲ့ကြပါတယ်။ မွန်ရိုးကွယ် လွန်တဲ့ညက အိပ်ခန်းတွင်းမှာ ရှိတဲ့ ပစ္စည်းများ သဲလွန်စ ရှာဖွေရာမှာ အသံ များပါဝင်တဲ့ တိပ်ခွေတစ်ခွေ ရရှိခဲ့ကြ ပါတယ်။ အဲဒီတိပ်ခွေထဲမှာ ပီတာလော ဖို့ဒ်ရဲ့အသံ၊ ရောဘတ်ကနေဒီရဲ့ ဒေါသ တကြီး အော်ဟစ်တဲ့ အသံ၊ မွန်ရိုးကပြန်ပြီး အော်တဲ့ အသံတွေ ကြားခဲ့ကြရပါ တယ်။

ကွယ်လွန်တဲ့နေ့က မွန်ရိုးဆီကို ရောဘတ်ကနေဒီ ရောက်ခဲ့သလား။
၁၉၈၃ ခုနှစ်က ဘီဘီစီ သတင်း ဌာနမှ စာရေးဆရာ ဆမ္မားစ်နဲ့ အိမ်ဖော် မူရေးတို့ အင်တာဗျူးကို ထုတ်လွှင့်ခဲ့ပါတယ်။ အင်တာဗျူးစဉ် အတွင်းမှာ မူ ရေးက သူ့ခေါင်းကို လက်နှစ်ဖက်နဲ့ ကိုင်လိုက်ပြီး “ကျွန်မ ဘာဖြစ်လို့များ ဖုံးကွယ်ခဲ့မိပါလိမ့်”လို့ အမှတ်တမဲ့ ပြောလိုက်ပါတယ်။ ဒီတော့ ဆမ္မားစ်က “ဘာတွေများ ဖုံးကွယ် ထားလို့လဲ မစ္စစ် မူရေး”လို့ မေးလိုက်တော့ “အမှန် အတိုင်း ပြောရရင် အဲဒီသြဂုတ်လ ၄ ရက်နေ့တုန်းက ရောဘတ်ကနေဒီ အိမ်ကို လာခဲ့ပါတယ်။ သူတို့နှစ်ယောက် ရင်းနှီး ပတ်သက်နေတယ် ဆိုတာလည်း  မှန်ပါတယ်”လို့ ဖြေသွားခဲ့ပါတယ်။

ဖုံးကွယ်ထားလေသလား
စပါဒါကတော့ “ဖုံးကွယ်ခဲ့ကြ တာ အမှန်ပဲ။ အဲဒီကာလတွေတုန်းက အမေရိကန်နိုင်ငံမှာ တန်ခိုးထွားနေတဲ့ ကနေဒီညီအစ်ကိုများ အနေနဲ့ မင်းသမီး တစ်ယောက် ကွယ်လွန်သွားလို့ သူတို့ သိက္ခာ ကျဆင်းသွားမှာကို မလိုလားတဲ့ အတွက် ဖုံးကွယ်ခဲ့ကြတာ ဖြစ်နိုင်တယ်” လို့ ဆိုပါတယ်။ သတ်ပစ်လိုက်တာဟာ လည်း မွန်ရိုးလို မိန်းမ တစ်ယောက်နဲ့ သူတို့ ညီအစ်ကို ပတ်သက်တယ်ဆိုတာ တိုင်းပြည်မှာ အသိ မခံချင်တာကြောင့် ဖြစ်နိုင်ပါတယ်။ စုံစမ်းစစ်ဆေးရေးမှာ ပါဝင်ခဲ့တဲ့ သူတို့ လူနှစ်ယောက်ကို နောင်မှာ ရာထူးကြီးကြီး ပေးခဲ့ပါတယ်။ အဲဒါ အပြင် အတွင်းသိ ဖြစ်နေတဲ့ မွန်ရိုးရဲ့ ပြန် ကြားရေးတာဝန်ခံ ပက်နျူးကုန်းဘ်ကို လည်း ရေငုံနှုတ်ပိတ်နေခ အဖြစ် ကနေဒီ မိသားစုဝင်များ နေထိုင်ရာ Hyannis Portမှာ နေရာကောင်း တစ်ခု ပေးခဲ့ပါ တယ်။ နောက် ၆ လအကြာမှာ သူမကို  ၀ါရှင်တန်ဒီစီမှာ ရှိတဲ့ အမေရိကန် ပြန်ကြားရေး ဌာနမှာ တာဝန် ပေးအပ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ က အောင်မြင်ကျော်ကြားခဲ့ပြီး မင်းကြိုက်စိုး ကြိုက်ဖြစ်ခဲ့တဲ့ မင်းသမီး တစ်ယောက်ရဲ့ ဇာတ်သိမ်းခန်းက မလှမပ ရှိခဲ့ဖူးပါတယ်။ ဒီလို အစဉ်အလာတွေ ရှိပေမဲ့လည်း ငွေကြေး ချမ်းသာမှု၊ သြဇာအာဏာ ရှိမှု ဆိုတာတွေက အောင်မြင်ကျော် ကြားသူများကို ဖမ်းစား နေနိုင်ဆဲ ဖြစ်ပါတယ်။


ဇာနည်ညိမ်း
(ရွှေအမြုတေ မဂ္ဂဇင်း နိုဝင်ဘာ ၂၀၁၂)

No comments: