၁။
ဟိုးတစ်ချိန် တုန်းကတော့
ငါတို့ကို တူအောင် တုမယ်ဆိုတဲ့မြို့
လေဆိပ်မှာ ကတည်းက စည်းကမ်းကျတဲ့ အလှကိုငေး၊ နေစရာတွေ ငေး၊
နားစရာတွေ ငေး။
မလိုသူတွေက ပွဲစားမြို့လေးတဲ့
ဒါပေမဲ့ သူဟာကမ္ဘာလေးတစ်ခုပါ
ဒီကမ္ဘာလေးကို အစစ်အတုခွဲပြီး အလှရှာမဲ့
မြန်မာအဖေနဲ့ သမီးကို မသင်္ကာတဲ့ မျက်လုံးနဲ့။
၂။
ရန်ကုန်ရေ နင်ဘယ်လောက်ပြတ်ကျန်ခဲ့ပြီလဲ
ငါတို့ မပြောရဲတော့ဘူး
တစ်နေ့တစ်လံပေါ့ စင်ကာပူရယ်
သစ်ပင်တွေ ပန်းတွေက စနစ်တကျပွင့်ပြီး
စနစ်တကျ ကြွေရတယ်
လူတွေရော ဒီလိုပဲလား
တို့အမျိုးတွေ အတွက် စိတ်ပူလိုက်တာ
၃။
သုတ်သုတ်သွား၊ သုတ်သုတ်လာ၊ သုတ်သုတ်စား၊ သုတ်သုတ်နား၊ အလုပ်တအားလုပ်၊ လူရောင်စုံကြားထဲမှာ
အပြုံးမှာ စေတနာပါတာ မြန်မာ
အမုန်းချင်းပြိုင်ရင် ရှုံးနေမှာ မြန်မာ
စင်ကာပူရေ ရေကြည်ရာ မြက်နုရာဆိုပေမဲ့
တို့လူမျိုးက ဂျစ်ပစီတော့ မဟုတ်ဘူး
မြေနဲ့၊ ရေနဲ့ ဇာတိနဲ့လူမျိုး စင်ကာပူရဲ့
ငါတို့ကို မင်း ၀မ်းစာကျွေးထားရပေမဲ့
မင်း ကျန်းမာရေး မထိခိုက်စေရအောင်
မြန်မာတွေ နေတတ်ခဲ့ပါတယ်။
၎။
ကမ်းခြေချန် ကီဘိလစ်မှာ အပန်းဖြေတော့
ပက်လက်လှန်ပြီး မှောက်ခုံပျံတဲ့ လေယာဉ်ပျံတွေ ကြည့်မိ
ပိုက်ဆံတွေ တအားထားခဲ့ရပြီး
ဉာဏ်ပညာတွေ ဘယ်လောက် ယူသွားနိုင်လဲ
ကိုယ်ကနားပြီး စိတ်ကမနားနိုင်ဘူး စလုံးရေ။
၅။
ငါတို့ ဧရာဝတီကိုကျ
နာဂစ်ဆိုတဲ့ နာမည်လှလှလေးနဲ့
ဘီလူးစီးသလို ၀င်မွှေသွားတဲ့ ပင်လယ်မ က
စလုံးကျမှ စည်းကမ်းတကျ ညင်သာနေတာ
ငါ မခံစားနိုင်ဘူး။
၆။
အီကွေတာ အောက်ကမြို့ကလေး
ပွင့်သမျှ ပန်းမမွှေးဘူး
မင်းရဲ့ ကောင်းသတင်းကတော့
မွှေးမြပါတယ်
ငါတို့များကျတော့ ဘယ်တော့မွှေးမလဲ။
၇။
တို့မြေမှာ သာရေးနာရေးတောင် တွေ့ဖို့မလွယ်တဲ့ အမျိုးတွေ၊ သူငယ်ချင်းတွေ
ပင်နီစူလာပလာဇာမှာ အစုံတွေ့ရ
ပေးဖို့လား၊ ရဖို့လား၊
အသာစံဖို့လား၊ အနာခံဖို့လား
တို့မြန်မာတွေ အလကားမဟုတ်ဘူးနော်
စင်ကာပူ ခင်ဗျားကြီးအရိပ်မှာ
လွတ်လပ်စွာ ကျန်းမာချမ်းသာထားပါ။
၈။
ပြောစရာရှိလို့သာ ပြောရ
ပြောဖို့မလိုပါဘူး။
အိမ်သည် ဧည့်သည်
မပူရအောင် ထားပေးတဲ့
စင်ကာပူ ကျေးဇူးပါ။
အဲဒီလို ကျေးဇူး ကိုယ့်တိုင်းပြည်ကိုလည်း ကျေးဇူးတင်ချင်လိုက်တာ။
၉။
စင်ကာပူက မြန်မာအားလုံး
မလွမ်းဘူးပြောတဲ့ လူမရှိ
အားလုံးမကြိုက်ဘူး ပြောတဲ့လူချည်းပဲ
ကျွန်တော်လည်း မကြိုက်ပါဘူး
ဒါပေမဲ့ အဲဒါရှော့ခ်ရှိတယ်။
၁၀။
အမှန်ကိုလည်း ပြောမရ
အမှားကိုလည်း ပြောမရ
သတ္တိရှိလို့ ပြောပြန်ရင်လည်း အမုန်းခံရ
ကြာလာတော့ သတ္တိရှိလာမှာတောင် ကြောက်ရ။
၁၁။
“ဆရာ အစိုးရအသစ်နဲ့ အဆင်ပြေလားဟင်
ကျွန်တော် မပြန်နိုင်တာ သုံးနှစ်ရှိပြီ
အိမ်ကပိုက်ဆံ သိန်းတစ်ရာသုံးပြီး ထွက်လာတာ အခုထိ မကျေသေးဘူး။
ကျွန်တော် ကွန်ပျူတာနဲ့ ဘွဲ့ရလာတာ
အခု ဒီဟိုတယ်မှာတော့ ၀ိတ်တာပေါ့။
သိပ်ပြန်ချင်တာပေါ့
ပိုက်ဆံမကျေသေးတော့ မိသားစုကိုမျက်နှာပူလို့
သင်္ကြန်မှာ ပိတောက်တွေပွင့်လားဟင်...”
စလုံးမှာ မေးတဲ့စကား
မင်းပြန်လာမှာ သိပ်စိုးရိမ်တာပဲ
အဆင်ပြေလားဆိုတဲ့ မင်းရဲ့မေးခွန်းက
သင်္ကြန်မှာ ပိတောက်မပွင့်သလို
ငါ့ရင်ကို ပြာကျစေတယ်
ငါတို့က အခုချိန်ထိ ညံ့နေကြသေးတာကိုး
ခွင့်လွှတ်ပါ သားလေးရယ်။
၁၂။
လူကြီးတွေက ပြည်ပနိုင်ငံကို အထင်မကြီးနဲ့တဲ့ ပြည်ပကို ရောက်နေကြတဲ့
မြန်မာပြည်ဖွားတွေ အားလုံးဟာ
ပြည်ပတိုင်းပြည်ကို အထင်ကြီးလို့
ရောက်နေကြတာ မဟုတ်ဘူး
ကိုယ့်တိုင်းပြည်မှာ အထင်သေးစရာနဲ့
အဆင်မပြေမှုတွေပဲ နေ့တိုင်းတွေ့နေရလို့
ပြည်ပရောက် မြန်မာတွေရဲ့ တုံ့ပြန်မှု။
၁၃။
အဲဒီလိုတော့ မပြောပါနဲ့
ကျွန်တော်က ပြည်တွင်းမှာပဲ
နေသူဆိုတော့ ခံရခက်တယ်
တကယ်က ဘာမဆိုခွဲဝေယူကြပါတယ်
(အာဏာရှိသူနဲ့ ခရိုနီတွေ)
ကိုယ်တွေတော့ လုံးဝ(လုံးဝ)မပါဘူး။
၁၄။
MRT ရထားပေါ်မှာ iPhone ဖွင့်လိုက်တာနဲ့
ကမ္ဘာကြီးက ကိုယ့်ရှေ့ရောက်လာ
မြန်မာတွေ မညံ့ပါဘူး စင်ကာပူမှာပေါ့
မြန်မာပြည်မှာတော့ ကဗျာဆရာအပါအ၀င်
အားလုံးညံ့နေသေးတယ်။
၁၅။
အမှန်တရားကို ချစ်တယ် သတ္တိမရှိဘူး
သတ္တိမရှိရင် အမှန်တရား မရနိုင်ဘူး
လူတချို့က မိုက်ရိုင်းရဲရင် လိမ်ရဲရင်
အာဏာရမယ်၊ အာဏာရရင် ရူးမယ်
ပိုက်ဆံချမ်းသာမယ်
ဒါဆို လုပ်ချင်ရာ လုပ်မယ်
လူများလို့ နိုင်ပေမဲ့ မမှန်ရင် မနေပါနဲ့
လူနည်းပြီး ရှုံးပေမဲ့ မှန်ရင် နေကြပေးပါ။
၁၆။
ဒီလိုပညာနဲ့ ဒီလိုလုပ်ရည်ကိုင်ရည်နဲ့
ဒီလောက်လွမ်းနေတာ မလွမ်းရအောင်
မြန်မာပြည်က သူဌေးတွေဆီမှာ
ပြန်လာလုပ်ပါလားဆိုတော့
စလုံးရောက် မြန်မာဆရာဝန်တစ်ဦးက“စင်ကာပူကသူဌေးက
လူကို လူလို တန်ဖိုးထားတယ်
မြန်မာပြည်က သူဌေးက
လူ့တန်ဖိုးနားမလည်တဲ့ ပေါင်းစားတွေချည်းပဲ”တဲ့
ကျွန်တော် ဘာပြန်ပြောရမှန်းမသိဘူး
ဘယ်တော့မှ ပြောနိုင်မှန်းလည်း
မသိဘူး။
၁၇။
သေသေချာချာ
ပြောနိုင်တာကတော့
ပြည်ပရောက်
မြန်မာတွေအားလုံးကို
ပြည်တွင်းက
မြန်မာတွေ အားလုံးက
ရင်တွေပြာကျလောက်အောင်
လွမ်းနေကြ
ဒီထဲမှာ အမေတွေက
ပိုဆိုးတာပေါ့
ရန်ကုန်မြို့က
အင်တာနက်ဆိုင်ဂျီတော့မှာ
မျက်ရည်တွေချည်းပဲ။
၁၈။
စင်ကာပူက အဖြူ၊
အမည်း၊ အညို
ဘယ်သူနဲ့ပြောပြော
အလွမ်းနဲ့စပြီး အလွမ်းနဲ့ဆုံးတော့
စင်ကာပူဆိုတာ
အလွမ်းတွေစုနေတဲ့
အလွမ်းမြို့ကြီးလား ထင်ရတယ်
ဘယ်သူမှတော့ မျက်ရည်မလွယ်ပါဘူး
မင်းသား၊ မင်းသမီးမှ မဟုတ်တာ
အလွမ်းက တွန်းထုတ်လိုက်တော့
မျက်ဝန်းတာ ကျိုးရတာပေါ့။
၁၉။
ချစ်သူကိုလည်း ချစ်တယ်
အဖေ၊ အမေကိုလည်း ချစ်တယ်
မောင်နှမတွေကိုလည်း ချစ်တယ်
ဇာတိရပ်ရွာကိုလည်း ချစ်တယ်
တကယ်ဆိုချစ်ရဲ့သားနဲ့
ဘာလို့ခွဲရက်တာလဲ
သုခနဲ့ ဒုက္ခပေါင်းထားတဲ့ စင်ကာပူရဲ့မာယာမှာ
ငါတို့အားလုံး နစ်ခဲ့ရပြီ
တချို့ ပျော်ရွှင်စွာနစ်
တချို့ ၀မ်းနည်းစွာနစ်
မြန်မာပြည်တော့ ချစ်ကြသူတွေချည်းပဲ
ကဲ အားလုံး
“ကမ္ဘာမကြေ မြန်မာပြည်
ဒါတို့ပြည်၊ ဒါတို့မြေ တို့ပိုင်တဲ့မြေ”
စင်ကာပူရေ တို့လူမျိုးကိုချစ်ပါ
အမှန်တရား၊ ရိုးသားမှုနဲ့ မြန်မာတွေပါ
“ဒါတို့ပြည်၊ ဒါတို့မြေနဲ့ တို့ပိုင်တဲ့မြေ”။ ။
စောဝေ
(Teen Magazine October 2012)
(၁၄.၅.၂၀၁၁ နေ့၊ လမ်းပြကြယ် စာကြည့်တိုက်၊ စာချစ်သူများ၊ စင်ကာပူနိုင်ငံမှ ကျင်းပသော Poetry Performance တွင် ရွတ်ခဲ့သော ကဗျာ)
(၁၄.၅.၂၀၁၁ နေ့၊ လမ်းပြကြယ် စာကြည့်တိုက်၊ စာချစ်သူများ၊ စင်ကာပူနိုင်ငံမှ ကျင်းပသော Poetry Performance တွင် ရွတ်ခဲ့သော ကဗျာ)
No comments:
Post a Comment