Wednesday, March 21, 2012

ဆေးဝါးရရှိရေးအတွက် မျှော်လင့်ကာ PLWHA များ မဲပေးကြမည်

ဆေးဝါးရရှိရေးအတွက် မျှော်လင့်ကာ PLWHA များ မဲပေးကြမည်

အန်အယ်ဒီပါတီမှ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်ပါက HIV ရောဂါပိုးရှိနေသူများ၏ ဆေးဝါးလိုအပ်ချက်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်သည်ဟု PLWHA (people Leaving with HIV) များ မျှော်လင့်နေကြကြာင်း သိရှိရသည်။

“ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်သွားရင် PLWHAတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း တွေ တိုးတက်လာမယ်လို့ယုံကြည်တယ် အဲဒါကြောင့် NLD ကိုပဲမဲပေးမယ်”ဟု MSM Nekwork မှ ဦးချစ်ကိုကို ကပြောသည်။

PLWHAများ၏ ဘ၀ရပ်တည်ချက်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်သင့်ကြောင်းနှင့် လက်ရှိအချိန်တွင် ဆေးဝါး လိုအပ်ချက်များရှိနေ ဆဲဖြစ်ကြောင်း ၄င်းကဆက်လက် ပြောဆိုသည်။

“လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ ရာထူးတက်ဖို့ စာမေးပွဲဖြေမယ် ဆိုရင် PLWHA မှန်းသိလို့ ထုတ်ပစ်တာတို့ အလုပ်နေရာတွေမှာ PLWHA မှန်းသိလို့ အလုပ်ကနေ ထုတ်ပစ်တာတို့ မရှိစေချင်ဘူး”ဟု အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်းပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်ပါက မိမိတို့ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မည်ဟု ယုံကြည်၍ မဲဆ္ဒပြုမည်ဖြစ်ကြောင်း မရမ်းကုန်းမြို့နေ PLWHA တစ်ဦးဖြစ်သူ အသက် ၂၆ နှစ်အရွယ် အမျိုးသား တစ်ဦးက ဆိုသည်။

“အန်တီစု လွှတ်တော်ထဲရောက်သွားရင် ကျတော်တို့အတွက် လိုအပ်နေတာတွေ ဖြည့်ဆည်းပေးမယ် လို့ယုံကြည်တယ် ပြီးတော့ ပျောက်ဆေးဆိုတဲ့ဟာမျိုးတွေ အရင်တုန်းက သုံးနှစ်နဲ့ ရမယ့်ဟာ အန်တီသာ လွှတ်တော်ထဲ ရောက်မယ်ဆိုရင် အမြန်ဆုံးဖြစ်လာမယ်လို့ ကျတော်နထင်တယ်”ဟု ၄င်းက ပြောသည်။

၂၀၁၀ ခုနှစ်တွင်မဲပေးမည့်နေ့၌ မဲဆန္ဒနယ်ပြင်ပရောက်နေ့သည့်အတွက် ဆန္ဒမပြုခဲ့ရသော်လည်း ယခုကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲဆန္ဒပြုမည်ဖြစ်ကြောင်း မရမ်းကုန်မြို့နယ် တွင်နေထိုင်သော PLWHA တစ်ဦးဖြစ်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

“PLWHA မှန်းသိတာနဲ့ခြွဲ့ခားနှိမ်ချဆက်ဆံတာတွေ အလုပ်ကထုတ်ပစ်တာတွေ မဖြစ်စေချင်ဘူး ဘ၀ရပ်တည် ချက်အတွက် အခွင့်အရေးတွေရှိစေချင် အန်တီစု လွှတ်တော်ထဲရောက်သွားရင် PLWHA တွေ အတွက် မျှော်လင့်ချက်တခုခုဖြစ်လာနိုင်မယ်လို့ ယုံကြည်တယ်”ဟု ၄င်းက ပြောသည်။

ရှုမ၀အောင်

မြစ်မခ - ဆေးဝါးရရှိရေးအတွက် မျှော်လင့်ကာ PLWHAများ မဲပေးကြမည်

အဆုံးစီရင်မှုပြဿနာ အိတ်ခ်ျအိုင်ဗွီပိုး ရှိသူများကြား ပိုများလာ

အိတ်ခ်ျအိုင်ဗွီပိုးရှိသူများ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြောင့် မိမိကိုယ်ကိုယ် သေကြောင်းကြံမှု ပိုမိုများပြားလာကြောင်း အေ့ဒ်စ်လူမှု အဖွဲ့အစည်းများ ၏ ပြောကြားချက်အရ သိရသည်။ ယင်းသို့ ဖြစ်ရခြင်းမှာ ပတ်ဝန်းကျင်မှ ခွဲခြားနှိမ်ချဆက်ဆံမှုများ၊ မိမိမိသားစုက ခွဲခြားနှိမ်ချဆက်ဆံခြင်း၊ ဆေး ဝါးမလုံလောက်မှုများနှင့် အခြားစီးပွားရေး အခက်အခဲ များကြောင့် ဖြစ်ကြောင်း ၄င်းတို့က ပြောသည်။

”ဒီလိုရောဂါမျိုးဖြစ်တဲ့လူက အရမ်းအားငယ်လွယ်တယ်။ တစ်ခုခုဆို စိတ်ထဲအရမ်းခံစားတတ်တယ်။ ပတ်ဝန်းကျင်ကိုလည်း ဒီလိုရောဂါမျိုးနဲ့ ပတ်သက်ပြီး အသိအမြင်တွေ သက်ဆိုင်ရာကလည်း များများပေးဖို့လိုတယ်။ HIVရှိတယ်လို့ပြော လိုက်တာနဲ့ လူတွေက လန့်ဖျပ်သွားကြတယ်။ လူနာအနေနဲ့ကလည်း သူ့မှာဒီရောဂါရှိနေပြီဆိုတာ သိပြီးတာနဲ့ ရှက်တယ်၊ ကြောက်တယ်၊ ရွံ့တယ်။ ပတ်ဝန်းကျင်က ငါတို့ကိုဘယ်လိုများ မြင်နေပြီလဲ ဆိုတာ အချိန်တိုင်းတွေးပြီး စိတ်ဓာတ်ကျတတ်တယ်”ဟု ကျန်းမာရေး အတိုင်ပင်ခံ ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

အဆိုပါရောဂါသည် နာတာရှည်ရောဂါ ဖြစ်သည့်အတွက် မိသားစုအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်သည်ဟု ခံစားရသောကြောင့် အဆုံးစီရင်သည်လည်း ဖြစ်နိုင်ကြောင်း အထက် ပါ ပုဂ္ဂိုလ်က ဆက်လက် ပြောသည်။ ”HIV ပိုး ရှိမှမရှိမှ မဟုတ်ဘူး။ လူတိုင်းမှာ ဒုက္ခဆိုတာ ရှိနိုင်တယ်။ အဓိကက HIV Positive နဲ့နေထိုင်နည်းကို မသိတဲ့အတွက်ကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင် ကြတာ ဖြစ်တယ်။ ဒီတော့ သူတို့ကိုဂရုစိုက်မယ့် လူရှိရမယ်။ ဘယ်လိုရပ်တည်ရမယ်၊ ဘယ်လိုသက်သာမယ် ဆိုတာသိရင်၊ အသိပညာပေးနိုင်ရင် ဒါမျိုးပြဿနာတွေ အများအပြား ဖြစ်လာနိုင်တော့မယ် မထင်ဘူး” ဟု လူမှုအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

သွေးစစ်မည်ဆိုလျှင် သွေးမစစ်ခင်လူတိုင်းကို ကြိုတင်နှစ်သိမ့် ဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်း၊ နှစ်သိမ့်ဆွေးနွေးခြင်းမျိုး လုပ်ထားသည့်အတွက် ပိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သေကြောင်းကြံမှုများ မဖြစ်ပေါ် နိုင်ကြောင်း၊ HIV ပိုးရှိသူအပြင် ၄င်း၏မိသားစု၊ သူငယ်ချင်းနှင့် ပတ်ဝန်းကျင်ကလည်း အသိပညာဆွေးနွေး မှုများ ပြုလုပ်သင့်ပြီး Positive တစ်ဦးအတွက် စိတ်ခံစားမှုက အရေးကြီးကြောင်း၊ မိမိတို့တွင် ရှိသည့်ပြဿနာ များကို ဖွင့်ဟတိုင်ပင်ရသည့်သူများ ရှိလာပါက ယင်းဖြစ်စဉ် များ နည်းပါးသွားမည် ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က အကြံပြုပြောသည်။

ချစ်ဆုဆွေ (ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅)

Popularmaynamr
- အဆုံးစီရင်မှုပြဿနာ အိတ်ခ်ျအိုင်ဗွီပိုး ရှိသူများကြား ပိုများလာ

အေ့ဒ်စ်ဝေဒနာရှင် ကလေးငယ်များ စာသင်ကျောင်း၌ ခွဲခြားဆက်ဆံခံနေရ

HIV/AIDS ရောဂါဝေဒနာ ခံစားနေရသော ကလေးငယ်များကို စာသင်ကျောင်းများ၌ ခွဲခြားဆက်ဆံမှုများ ရှိသောကြောင့် ကလေးများတွင် ရောဂါရှိသည်ကို ထုတ်ဖော်မပြောရဲကြောင်း အဆိုပါကလေးငယ်များ ကို စောင့်ရှောက်ပေးနေသည့် ပုလဲမေတ္တာမှ တာဝန်ခံတစ်ဦးက ပြောသည်။

“ကျွန်မတို့က ကလေးတွေကို ကျောင်းအပ်တဲ့အခါ ပွင့်ပွင့်လင်းလင်း ပြောပြီးအပ်တာပါ။ ကျောင်းအုပ်ကြီးတွေက လက်ခံပေမယ့် အတန်းထဲမှာကျတော့ ခွဲခြား ဆက်ဆံခြင်း ခံရပါတယ်။ အတန်းမှာရှိတဲ့ ကလေးတွေနဲ့ မထိုင်ခိုင်းဘဲ နောက်ဆုံးမှာ တစ်ယောက်တည်း ထိုင်ခိုင်းတာမျိုးတွေ ရှိပါတယ်” ဟု ၄င်းကပြောသည်။

ထို့အပြင် ကလေးများ၏ ရောဂါအခြေအနေအရ ဆေးခန်းပြရသောကြောင့် ကျောင်းပျက်ရက် များလာလျင်လည်း ကျောင်းထုတ်ခိုင်းသည်အထိ ဖြစ်လာကြောင်း၊ ထို့ကြောင့် ကျောင်းပြောင်းထားပြီး နောက်ကျောင်း များတွင် ကလေးများ၌ ရောဂါရှိသည်ကို မပြောတော့ကြောင်း ၄င်းက ဆက်လက်ပြောသည်။

”ကျွန်မတို့ ပုလဲမေတ္တာကိုတောင် မိဘမဲ့ကလေး စောင့်ရှောက်ရေးကျောင်းလို့ ပြောထားရတာ။ ပထမက ကျွန်မတို့ဆီမှာရှိတဲ့ ကလေးတွေကိုယ်တိုင်က သူတို့ဆီ မှာ ရောဂါရှိတာကို ဘယ်သူ့ကိုမှ မပြောပြကြဘူး။ အခုတော့ အသိပညာတွေ ရလာတော့ ဒီကိုရောက်လာတဲ့ ဧည့်သည်တွေကိုတော့ လိုလိုလားလား ပြောပြလာကြပါ တယ်။ တကယ်ဆိုရင် ကျွန်မတို့ က ရောဂါဖြစ်နေတဲ့ ကလေးတွေကို စိတ်အားမငယ်ရအောင် သက်တမ်းစေ့နေနိုင်အောင် ဝိုင်းဝန်းဆောင်ရွက် ပေးကြရမှာပါ။ အခုခေတ် အချိန်အခါမှာ ဒီရောဂါဖြစ်နေသူတွေကို ခွဲခြားဆက်ဆံတာတွေ မလုပ်သင့် တော့ပါဘူး” ဟု အထက်ပါပုဂ္ဂိုလ် က ထပ်လောင်းပြောသည်။

ထို့နောက် HIV/AIDS ရောဂါဝေဒနာ ခံစားနေရသူ၊ သမီးငယ်လေး သိမ့်သိမ့်သူကလည်း ”သမီးက အင်းစိန်မှာ အဘွားနဲ့ နေခဲ့တာပါ။ အဘွားနဲ့ အကြော်ရောင်းပါတယ်။ သမီးဆီမှာ ဒီရောဂါရှိနေတာ သိရတော့ ဦးလေးတွေက သမီးကို ခွဲ ခြားဆက်ဆံကြပါတယ်။ အဘွားကလည်း ဆေးဖိုးမပေးနိုင်တဲ့အတွက် သမီးဆေးမှန်မှန် မသောက်ခဲ့ ရပါဘူး။ နောက်ပိုင်း ဒီပုလဲမေတ္တာကို ရောက်ခဲ့ရတာပါ။ ဆေးသောက်မမှန်ခဲ့တဲ့အတွက် အခုဆိုရင် သမီး နောက်ဆုံးအဆင့်ဆေးကို သောက်နေရပါတယ်” ဟု ပြောသည်။

ပုလဲမေတ္တာသည် HIV/AIDS ရောဂါဝေဒနာ ခံစားနေရသော ကလေးငယ် ၁ဝ ဦးကို စောင့်ရှောက်ထားသည့် နေရာဖြစ်ပြီး အဆိုပါကလေးငယ် ၁ဝ ဦးအနက် ရှစ်ဦး သည် မိဘများမှတစ်ဆင့် ရောဂါဝေဒနာ ခံစားနေ ရသော ကလေးငယ်များဖြစ်ကာ ကလေးငယ်လေးဦးသည် နောက်ဆုံးအဆင့် ဆေးကို သောက်သုံးနေရကြောင်း အ ထက်ပါ တာဝန်ခံထံမှ သိရသည်။


မင်းချစ်နိုင် (ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ )

Popular - အေ့ဒ်စ်ဝေဒနာရှင် ကလေးငယ်များ စာသင်ကျောင်း၌ ခွဲခြားဆက်ဆံခံနေရ

No comments: