Wednesday, March 14, 2012

ဝိပဿနာရေးရာ အမေးအဖြေများ

အရာအားလုံးအေးငြိမ်းချမ်းသာမယ့်တရားကို ရဖို့ တရားအားထုတ်ရာမှာ တရားအားထုတ်တဲ့နည်းကို အခြေခံကျကျနား လည်ဖို့လိုပါတယ်။ တစ်ခါတလေ အဲသလို တရားအားထုတ်တာဟာ လိုချင်မှုလောဘတရားတစ်ခုလားလို့လဲ ကြံဖန် စဉ်းစားမိပါရဲ့။

မေး - နိဗ္ဗာန်ကို ရောက်စေနိုင်တဲ့ တရားအားထုတ်နည်းကို အခြေခံကျကျနားလည်အောင် ရှင်းပြပေးပါ။

ဖြေ - နိဗ္ဗာန်ကို ရောက်စေနိုင်တဲ့ မဂ္ဂင်တရားဖြစ်စေတဲ့ အားထုတ်မှုကတော့ သတိပဋ္ဌာန်တရား အားထုတ်တယ်မှုပဲဖြစ် တယ်။ သတိပဋ္ဌာန်အားထုတ်တယ်ဆိုတာ သတိထားရတာ။ မိမိရဲ့ စိတ်ထဲမှာ သတိအမြဲ ရှိနေဖို့ အဓိကပါပဲ။

နားလည်အောင်ပြောရင် သိစရာမျိုးစုံ အာရုံတွေနဲ့ဒီသိစရာ အာရုံတွေကို သိတတ်တဲ့ စိတ်ဆိုတာ (၂) မျိုးရှိတယ်။ သိ တတ်တဲ့ စိတ်ဟာ ဘယ်လိုသိစရာအာရုံကို မဆိုသိတတ်တယ်။

သတိမရှိတဲ့ စိတ်ဟာ မကောင်းတဲ့ အာရုံကိုအရောက်များပြီး မကောင်းတဲ့ စိတ် ဖြစ်တတ်တယ်။မကောင်းကျိုး ရတတ် တယ်။ သတိရှိတဲ့ စိတ်က ကောင်းတဲ့အာရုံကို အရောက်များပြီး ထားသလို နေတယ်။ ကောင်းတဲ့စိတ်လည်း ဖြစ်တယ်။ ကောင်းကျိုးတွေလည်း ရနိုင်တယ်။

စိတ်ကို သတိရှိအောင်ထားရတဲ့ သတိပဋ္ဌာန်တရားဟာ တစ်မျိုးတည်း ဖြစ်ပေမယ့် သတိထားစရာ အာရုံတွေက လေးမျိုးကွဲ သွားလို့ သတိပဋ္ဌာန် လေးပါးလို့ ဖြစ်လာ တယ်။

ရုပ်ခန္ဓာ၊ ရုပ်ဓာတ်တွေ စုပေါင်းထားတဲ့ ကာယ အရှုခံအာရုံ။

စိတ်နဲ့ အမြဲယှဉ်ပြီး အာရုံရဲ့ အရသာကို ကောင်းကောင်းဆိုးဆိုး ခံစားတတ်တဲ့ ဝေဒနာ အရှုခံအာရုံ။

အာရုံနဲ့ဆုံတိုင်း ဆုံတိုင်း အာရုံကိုသိနေတဲ့ စိတ် အရှုခံ အာရုံ။

ရုပ်ဓာတ်၊ နာမ်ဓာတ်တို့ရဲ့ သဘောတရား ဓမ္မအရှုခံအာရုံ လို့ (၄) မျိုး ရှိတယ်။

ကာယာနုပဿနာ သတိပဋ္ဌာန်၊ ဝေဒနာနုပဿနာသတိပဋ္ဌာန်၊ စိတ္တာနုပဿပနာ သတိပဋ္ဌာန်၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန် လို့ ခေါ်ပါတယ်။

ကာယဆိုတာက ရုပ်ဓာတ်၊ ရုပ်ကလာပ်တွေ ပေါင်းစပ်ဖွဲ့စည်းနေတဲ့သဘောမို့ ရုပ်တရားလို့ ခေါ်နိုင်ပါတယ်။ ဝေဒနာ ဆိုတာက စိတ်နဲ့ အမြဲယှဉ်တွဲနေတဲ့ ခံစားမှု နာမ်တရား ဖြစ်တယ်။ အာရုံကို သိတတ်၊ ညွှတ်တတ်တဲ့စိတ်ကလည်း နာမ် တရား။ သဘောတရားမျှသာရှိတဲ့ ဓမ္မ ဆိုတာကလည်း ရုပ်ဓမ္မ၊ နာမ်ဓမ္မ၊ ရုပ်တရား၊ နာမ်တရားရယ်လို့ သဘောတူရာ တူရာ ခွဲခြားနိုင်ပြန်တော့ အရှုခံအာရုံတွေဟာ ရုပ်အာရုံပဲ ရှိပါတယ်။

တရားအားထုတ်တဲ့ ယောဂီပဲ ဖြစ်ဖြစ်၊ အားမထုတ်တဲ့သူပဲ ဖြစ်ဖြစ်၊ ရုပ်တရား၊ နာမ်တရားတွေနဲ့ ဖွဲ့စည်းထားတာပါ။ ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ်ဆိုတာတွေဟာအခေါ်အဝေါ် သတ်မှတ်ချက်တွေပါ။ တကယ် ရှိတာက ရုပ်တရား၊ နာမ်တရားပဲ ရှိပါတယ်။

ရုပ်သဘောက ကိုယ်ကောင်ကြီး တစ်ခုလုံးနဲ့စပ်ပြီး၊အမျိုးမျိုး ဖောက်ပြန် ပြောင်းလဲနေကြပါတယ်။ ကိုယ်မှာ ဖြစ်ပေါ်တတ် တဲ့ ပူမှု၊ အေးမှု၊ နာမှု၊ ကျင်မှု၊ တိုးမှု၊ လှုပ်မှု၊ငြိမ်မှု၊ ထိမှု၊ မာမှု၊ ပျော့မှု စတာတွေဟာ ရုပ်သဘောတွေပါပဲ။

နာမ်သဘောက စိတ်၊ စိတ်နဲ့ စပ်ပြီး အာရုံကိုသိတတ်၊ ညွှတ်တတ်၊ ရောက်တတ်တဲ့ သဘော။ စိတ်မှာဖြစ်တဲ့ လိုချင်မှု၊ ခွင့်လွှတ်မှု၊ သဘောကျမှု၊ သဘောမကျမှု၊အိပ်ချင်ငိုက်မြည်းမှု၊ အမြင်မှားမှု စတဲ့ သဘောတွေဟာနာမ်တရား သဘောတွေပေါ့။

ရုပ်နာမ်ဆိုတဲ့ ဒီသဘော (၂) မျိုးသာ မိမိမှာရှိတာကို ကွဲကွဲပြားပြား သိရအောင်လို့ ဒီလိုစိတ်ကူးဉာဏ်နဲ့သဘောအမှန် သိအောင် ခွဲခြားကြည့်ရအောင်။

မိမိလို့ ခေါ်တဲ့ လူအစစ်ရယ်၊ မိမိနဲ့ ခွဲမရအောင်တူတဲ့ မြေဖြူ ပလပ်စမာနဲ့ ထုလုပ်ထားတဲ့ ပုံစံတူ ရုပ်အတုရယ်လို့ (၂) မျိုး ထိုင်နေတဲ့ ပုံစံနဲ့ ရှိတယ်ဆိုပါစို့။ တခြားတစ်ယောက်က ခြောက်ပေါင်လေးတဲ့ သံတူနဲ့ နှစ်ယောက်လုံးရဲ့ ခေါင်းကို ထုခွဲလိုက်ရင်ဘယ်သူကွဲပြီး၊ ဘယ်သူ သိမလဲ။

အတုရော အစစ်ပါ ကွဲပြီး၊ ကွဲတာကို လူအစစ်ကသိတယ်။

ဓားတစ်လက်နဲ့ လက်ကို ခုတ်ဖြတ်လိုက်ရင် အတုရော အစစ်ပါ ပြတ်ပြီး၊ ပြတ်တာကို လူအစစ်က သိတယ်။ ခြေမ တစ် ချောင်းကို ထုခြေလိုက်ရင် အတုရော အစစ်ပါကွဲတယ်၊ ကြေတယ်၊ ပဲ့တယ်၊ နာတယ်၊ ပွန်းတယ်။ ကွဲတာ၊ကြေတာ၊ ပဲ့တာ၊ နာတာ၊ ပွန်းတာကိုတော့ လူအစစ်ကသာသိနိုင်တယ်။ မီးနဲ့ တိုက်ပြီး ရှို့ရင်လည်း အတုရော အစစ်ပါ မီးလောင်လို့ ပူပြီး ပူတာကိုတော့ လူအစစ်ကသာ သိပါတယ်။

ကွဲသဘောနဲ့ ကွဲသဘောကို သိမှု။

ပြတ်သဘောနဲ့ ပြတ်သဘောကို သိမှု။

ပဲ့သဘောနဲ့ ပဲ့သဘောကို သိမှု။

နာသဘောနဲ့ နာသဘောကို သိမှု။

ပွန်းသဘောနဲ့ ပွန်းသဘောကို သိမှု။

ပူသဘောနဲ့ ပူသဘောကို သိမှုလို့ ခွဲခြားနားလည်နိုင်ပါတယ်။

ကွဲတယ်၊ ပြတ်တယ်၊ ပဲ့တယ်၊ နာတယ်၊ ပွန်းတယ်၊ ပူတယ် ဆိုတဲ့ သဘောတွေဟာ ကိုယ်ကောင်ကြီးနဲ့စပ်ပြီးတော့ဖြစ်တဲ့ ဖောက်ပြန်ပြောင်းလဲမှုသဘောပါ။ ပါဠိလို ရူပံ၊ မြန်မာလို ဖောက်ပြန်ပြောင်းလဲမှု ရုပ်တရားပေါ့။

ကိုယ်နဲ့ စပ်ပြီး ဖြစ်ပေါ်နေတဲ့ ရုပ်သဘောအတိုင်းကို သိ သိ နေတတ်တဲ့ စိတ်၊ နောက်ပြီး စဉ်းစားစရာအာရုံတိုင်းကို စဉ်းစား နေတတ်တဲ့ စိတ်၊ အာရုံကို ပြုတတ်၊ညွှတ်တတ်၊ သိတတ်တဲ့စိတ်ကို ပါဠိလို နာမံ၊ မြန်မာလိုတော့နာမ်တရားလို့ ခေါ်တယ်။

သတိကပ်ပြီး ဒီရုပ်၊ ဒီနာမ်တရားတွေကို "ရုပ်" "နာမ်"ရယ်လို့ သိ သိနေတာကို အနုပဿနာ သတိပဋ္ဌာန် ဖြစ်တယ်လို့ ခေါ် တယ်။ ရုပ်,ရုပ်၊ နာမ်,နာမ်ရယ်လို့ နှုတ်ကဆိုရတာမဟုတ်။ စိတ်က ရွတ်ရတာ မဟုတ်ဘူး။ ဖောက်ပြန်တတ်တဲ့ သဘော။ သိတတ်၊ ညွှတ်တတ်တဲ့ သဘောလို့နားလည်အသိရှိနေရင် အနုပဿနာ သတိပဋ္ဌာန်ဖြစ်ပါတယ်။

အနု ဆိုတာ ထပ်ခါ ထပ်ခါ အားထုတ်မှု (၀ီရိယ)၊ ပဿနာဆိုတာ မြင်အောင်ကြည့်နေတတ်တဲ့ အသိဉာဏ် (ပညာ)၊ သတိပဋ္ဌာန်ဆိုတာ အမှတ်ရမှု၊ အမှတ်ရှိမှု (သတိ) ကိုခေါ်ပါတယ်။

ဒါကြောင့် အရှုခံ ဖြစ်တဲ့ အာရုံရုပ်တရား၊ နာမ်တရားကို သတိ၊ ၀ီရိယ၊ ပညာနဲ့ သဘောအမှန်အတိုင်းသိအောင် ထပ်ခါ ထပ်ခါ အမှတ်တရ ရှုကြည့်နေခြင်းကိုအနုပဿနာ သတိပဋ္ဌာန်လို့ခေါ်ပါတယ်။ သတိပဋ္ဌာန်တရား အားထုတ် နေခြင်းပဲ ဖြစ်ပါတယ်။

မေး - နိဗ္ဗာန်ချမ်းးသာကို လိုချင်လို့ သတိပိပဋ္ဌာန်တရား အားထုတ်တာဟာ လောဘပဲမဟုတ်ပါလား။

ဖြေ - လိုချင်မှုက နှစ်မျိုး ရှိပါတယ်။

အကြောင်းအကျိုးကိုလည်း နားမလည်၊ ရရှိနိုင်ဖို့နည်းလမ်းဖြစ်တဲ့ အလုပ်ကိုလည်း မလုပ်၊ ဘာမှ သေသေချာချာ နားလည်မှု မရှိဘဲ ရဖို့၊ ပိုင်ဆိုင်ဖို့ တစ်ခုတည်းသာကြည့်ပြီး လိုချင်မှုသဘောသက်သက်က တစ်မျိုး။အကြောင်းအကျိုး လည်း နားလည်၊ ရနိုင်ကြောင်း နည်းလမ်း အလုပ်ကိုလည်း သိရမယ်လို့ ယုံကြည်မှုလည်း အပြည့်နဲ့ လုပ်ယူတဲ့ လိုချင်မှု သဘောက တစ်မျိုးလို့ နှစ်မျိုး ရှိပါတယ်။

နွားကျောင်းသားငယ် တစ်ယောက်က နွားကျောင်းထွက်တယ် ဆိုပါစို့။ နွားကျောင်းသားတွေရဲ့ ထုံးစံအတိုင်း နွားလည်း ကျောင်းရင်း၊ ငှက်လည်း ပစ်ရင်းပေါ့။ လက်တစ်ဖက်က လေးခွနဲ့၊ ပခုံးလွယ်ထားတဲ့ လွယ်အိတ်ထဲမှာလည်း လောက်စာ လုံးတွေနဲ့ပေါ့။ ပုဆိုးအဟောင်းကလည်း တိုတိုဝတ်ထားတယ်။

နွားကျောင်းနေရင်း သစ်ပင်ပေါ်မှာ ငှက်တစ်ကောင်ကို တွေ့တယ်။ ဒီတော့ ငှက်ကို လိုချင်တယ်။ ပစ်လည်း ပစ်ချင်တယ်။ ငှက်ကို ပစ်ဖို့ လောက်စာလုံးကိုလည်း လိုချင်လို့ လွယ်အိတ်ထဲကို နှိုက်ရတယ်။

လောက်စာလုံးကို ကြည့်ပြီး နှိုက်မလား၊ ငှက်ကိုကြည့်ပြီး နှိုက်မလား။

"ပျံသွားတော့မှာပဲ၊ လွတ်သွားတော့မှာပဲ" ဆိုတဲ့စိုးရိမ်စိတ် တန်းလန်းနဲ့ ငှက်ကိုလည်း လိုချင်လို့ ကြည့်နေတယ်။ လွယ်အိတ်ထဲမှာ လောက်စာလုံး ရှိတယ်။ နှိုက်ယူလိုက်ရင် ရမယ်လို့လည်း သိတယ်။ ယုံလည်း ယုံကြည်တယ်။ နှိုက်ယူတယ်။ လွယ်အိတ်ထဲကိုတော့ ငုံ့မကြည့်ဘူး။ နှိုက်ယူတဲ့ အလုပ်ပဲ လုပ်တယ်။ ရလည်း ရတယ်။

မသေချာဘဲ ငှက်ကို စိုးရိမ်ပူပန်စိတ်နဲ့ လိုချင်နေတာက လောဘလိုချင်မှုလို့ ခေါ်တယ်။ဒီလွယ်အိတ်ထဲမှာ ဒီလို ရှိတယ်။ ဒီလို နှိုက်ယူရင်ရမယ်။ နှိုက်လည်း နှိုက်ယူတယ်။ သေချာပေါက် ရတယ်ဆိုတဲ့ အလုပ်မျိုးကို လုပ်ပြီး လိုချင်မှုကတော့ ဆန္ဒလိုချင်မှုလို့ခေါ်တယ်။ လိုချင်မှု နှစ်မျိုးက ကွာခြားပါတယ်။

သာမန်လောကီ ကိစ္စရပ်တွေမှာကိုပဲ လောဘသဘောနဲ့ ဆန္ဒသဘော လိုချင်မှုတွေဟာ ကွဲပြားခြားနားသိသာပါတယ်။

ကာမဂုဏ်အာရုံတွေကို လိုချင်မှုနဲ့ နိဗ္ဗာန်ကိုလိုချင်မှုသဘောဟာ ပိုပြီး ကွဲကွဲပြားပြား သိသာပါတယ်။ နိဗ္ဗာန်ကို လိုချင်မှု၊ နိဗ္ဗာန်ကို ရစေ၊ ရောက်စေနိုင်တဲ့အလုပ်ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါး၊ သတိပဋ္ဌာန်တရား အားထုတ်မှုတွေဟာ လောဘ၊ လိုချင်မှု မဟုတ်ပါဘူး။ ကောင်းမြတ်တဲ့ဆန္ဒ လိုချင်မှုသာ ဖြစ်ပါတယ်။

စာကြွင်း။ ။ ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒ ဖြေဆိုပြုစုထားတဲ့ ပိပဿနာတရားသင်တန်း အမေးအဖြေများ (၁) စာအုပ်လေးထဲက အမေးအဖြေလေးတွေကိုအဆက်မပြတ်ပြန်လည်ဝေငှမှာဖြစ်ပါတယ်။

No comments: