Wednesday, March 14, 2012

မြေအိုးလေးတွေနဲ့ ဟင်းချက်ရအောင်


နွေရာသီမှာ ချစ်သူခင်သူနှင့်အတူ ညနေခင်းမှာစားဖို့ ဟင်းအမည်နှစ်ခုကို တင်ဆက်လိုက်ပါတယ်။ ကျွန်တော်ချက်ပြုတ်တာတော့ မဟုတ်ဘူးနော်။ ကျွန်တော်ချစ်ရသော သူငယ်ချင်းက ချက်ပြုတ်ထားတာပါ။မြေအိုးနဲ့ချက်ပြုတ်ထားတဲ့ဟင်းအမယ်နှစ်ခုဖြစ်ပါတယ်။ မာလာဟင်းဆိုင်လေးတွေမှာတွေ့ရတတ်တဲ့ မြေအိုးလေးတွေနဲ့လေ။

ဘဲကင်ကြံမဆိုင်မွှေကြော်

ဘဲကင် တစ်ခြမ်း၊ ကြံမဆိုင် ၁၀ကျပ်သား၊ ဆီးချိုသီး ငါးလုံး၊ ပဲငါးပိ ထမင်းစားဇွန်း တစ်ဇွန်း၊ ကြက်သွန်ဖြူနုပ်နုပ်စဉ်း ထမင်းစား ဇွန်းတစ်ဇွန်း၊ ချင်းနုပ်နုပ်စဉ်း ထမင်းစားဇွန်း ၁/၂ဇွန်း၊ ငရုတ်သီးစိမ်း တစ်ဇွန်း၊ ကြက်ပြုတ်ရည် ၃၀၀ မီလီလီတာ။

ချက်ပြုတ်နည်း

(၁) ဘဲကင်ကို အနေတော်အတုံးများခုတ်ထားပါ။ ကြံမဆိုင်ကို ရေဆေး၊ ရေစစ်ပြီး ပါးပါးလှီးထားပါ။

(၂) မြေအိုးထဲတွင် ဆီသုံးဇွန်းကို အပူပေး၍ ကြက်သွန်ဖြူ၊ချင်း၊ပဲငါးပိနှင့် ငရုတ်သီးစိမ်းများထည့်ကာ မွှေးရနံ့ထွက်လာသည်အထိ ဆီသတ်ပါ။

(၃) မွှေးလာလျှင် ကြံမဆိုင်၊ ဘဲကင်၊ အရသာခတ်ရန်ပစ္စည်းများ၊ ကြက်ပြုတ်ရည်နှင့် ဆီးသီးထည့်ကာ ကြော်ပါ။ အိုးကိုဖုံးအုပ်ပြီး မီး နည်းနည်းဖြင့် နာရီဝက်ခန့်ချက်ပြီးလျှင် သုံးဆောင်လို့ရပါပြီ။

(ကြံမဆိုင်ဆိုတာ ကျွန်တော်တို့အခေါ်တော့ အချဉ်ရည်စိမ်ထားတဲ့ မုန့်ညင်းစိမ်း သို့မဟုတ် မုန်းညင်းချဉ်တွေကိုခေါ်တယ်ထင်တာပဲ)

ဆီတိုဟူး၊မျှစ်နုကြက်တောင်ပုံမြေအိုး

ပါဝင်ပစ္စည်းများ

ကြက်တောင်ပံ ၃၀ကျပ်သား၊ မျှစ်နုနု တစ်ဆယ့်ငါးကျပ်သား၊ ဆီတိုဟူး တစ်တုံး၊ ကြက်သွန်ဖြူနုပ်နုပ်စဉ်း ထမင်းစားဇွန်း တစ်ဇွန်း၊ ချင်းနုပ်နုပ်စဉ်း ထမင်းစားဇွန်း တစ်ဇွန်း၊ ကြက်ပြုတ်ရည် ၄၀၀ မီလီလီတာ၊

အရသာခတ်ရန်

ပဲငံပြာရည်အကျဲ ထမင်းစားဇွန်း တစ်ဇွန်း၊ သကြား ထမင်းစားဇွန်း တစ်ဇွန်း၊ နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊

ကြက်သားနှပ်ရန်

ပဲငံပြာရည်အကျဲ ထမင်းစားဖွန်းတစ်ဇွန်း၊ ငရုတ်ကောင်းမှုန့် အနည်းငယ်။

ချက်ပြုတ်နည်း

(၁) ကြက်တောင်ပံများကို ရေဆေးပြီး ရေစစ်ထားပါ။ ပြီးလျှင် နှပ်ရန်ပစ္စည်းများနှင့် နယ်ပြီး မိနစ်နှစ်ဆယ်ခန့်နှပ်ထားပါ။ မျှစ်များကိုလည်း အနေတော်လှီးပြီး ရေနွေးဆူဆူဖြင့် ခဏပြုတ်ကာ ပြီးလျှင်ရေစစ်ထားပါ။

(၂) မြေအိုးထဲတွင် ဆီကိုအပူပေးပါ။ ဆီပူလျှင် ကြက်တောင်ပံများကို ခဏထည့်ကြော်ပြီးနောက် ဆီစစ်ထားပါ။ ထိုမြေအိုးထဲတွင် ဆီထမင်းစားဇွန်းနှင့် နှစ်ဇွန်းထည့်ကာ အပူပေးပြီး ချင်း၊ ကြက်သွန်ဖြူနှင့် ဆီတိုဟူးတို့ကိုထည့်ကာ မွှေးရနံ့ထွက်လာသည်အထိ ကြော်ပါ။

(၃) မွှေးလာပြီဆိုလျှင် မျှစ်နှင့်ကြက်တောင်ပံ ထည့်ကြော်ပါ။ အရသာခတ်ရန်ပစ္စည်းများနှင့် ကြက်ပြုတ်ရည်ကိုပါ ထည့်ပြီးဖုံးအုပ်ကာ မီးနည်းနည်းဖြင့် ကြက်တောင်ပံနူးသည်အထိ ချက်ပါ။ နူးလျှင်ရပါပြီ။

အင်း ထမင်းဝိုင်းလေးမှာ တခြားဟင်းအမယ်တွေပါပါသေးတယ်။ ဒါပေမဲ့ အထက်ပါဟင်းအမယ်နှစ်မျိုးကတော့ ကျွန်တော့်အကြိုက်ပါပဲ။ အရသာတွေ့နိုင်ကြပါစေနော်။

No comments: