Saturday, March 17, 2012

ပုစွန်ကြက်သွန်ဖြူ ချဉ်စပ်ဟင်း၊ ကန်စွန်းရွက်ကြော်



အင်တာနက်အွန်လိုင်းမှာ စင်ကာပူက သူငယ်ချင်းတစ်ယောက်နဲ့ ချက်တင်ဝင်လို့ စကားစပ်မိတိုင်း မင်းဘာဟင်းချက်စားလဲမေးလိုက်ရင် ပုစွန်လို့ဖြေတာနေ့တိုင်းကြားရပါတယ်။ အရသာကောင်းလို့ရယ် ဟင်းဖြစ်လို့ရယ်ဆိုပဲ။

ဒီတစ်ပတ် ကျွန်တော်လည်း အားကျမခံ ပုစွန်ကို ကြက်သွန်ဖြူနည်းနည်းကဲကာ ချဉ်စပ်ဟင်းလေးချက်မယ်၊ ပြီးတော့ အရံဟင်းအဖြစ် ကန်စွန်းရွက်ပဲကြော်စားပါတော့မယ်။

ပုစွန်ကြက်သွန်ဖြူ ချဉ်စပ်ဟင်း (ပါဝင်ပစ္စည်းများ)

ပုစွန်အရွယ်တော် - ၅၀ ဆယ်သား။ ကြက်သွန်နီ ၂ ဥ၊ ကြက်သွန်ဖြူ ၁၀မြွှာ (အခွံနွှာထုထောင်းပြီး)၊ ချင်း - လက်တစ်ဆစ် (အခွံနွှာ ထောင်းထားရန်)၊ ငရုတ်သီးစိမ်းအနီတောင့် - ၁၀တောင့် (ရေဆေးပြီး အစေ့ထုတ် ပါးပါးလှီးပါ)၊ မျှစ်ချဉ် - ၁၀ဆယ်သား (ပါးပါးလှီးပါ)၊ ယိုးဒယားငရုတ်ချဉ်ရည် - စားပွဲတင်ဇွန်း ၂ ဇွန်း၊ ငံပြာရည် စားပွဲတင်ဇွန်း ၂ဇွန်း၊ သောက်ရေသန့် လက်ဖက်ရည်ပန်းကန်လုံး ၁လုံး၊ ပြောင်းကော်မှုန့် လက်ဖက်ရည်ဇွန်းသေး ၂ဇွန်း၊ ဆီ သုံးကျပ်သားခန့်၊ ဆား/သကြား အနည်းငယ်၊ ပင်စိမ်းရွက် အနည်းငယ်။

(ယိုးဒယား ငရုတ်ချဉ်ရည်ဆိုတာက ယိုးဒယားကလာတဲ့ ငရုတ်ဆော့စ်လို့မျိုး ငရုတ်သီးဖတ်တွေနဲ့ အချဉ်အရသာကဲတဲ့ ငရုတ်ရည် ပုလင်းမျိုးပါပဲ။)

ပြင်ဆင်ချက်ပြုတ်ပုံ

ပုစွန်ကို အပေါ်ခွံခွာပါ။ ပုစွန်အမြီးနဲ့တွဲလျက် အခွံတစ်ဆစ်ကိုချန်ထားပါ။ ပုစွန်ကျောပေါ်မှ ချေးကြောင်းကို ဖယ်ရှားပစ်ပါ။ ပြီးရင် ရေ ဆေး၍ ဆား၊သကြား နယ်ထားပါ။

ကြက်သွန်နီကို အခွံခွာပြီး လခြမ်းကွေးလေးတွေရအောင် အပေါ်အောက် ဒေါင်လိုက်ပါးပါးလှီးပါ။

ဒယ်ပြားတစ်လုံးမှာ ဆီထည့်ပြီး ဆီပူလာရင် ကြက်သွန်နီ၊ အဖြူ၊ ဂျင်းနဲ့ ငရုတ်သီးလှီးဖြတ် ထုထောင်းထားတာတွေထည့်ပြီး မွှေကြော် ဆီသတ်ပါ။ အစာတွေမွှေးလာရင် ပုစွန်ကိုထည့်ပြီး အရောင်ပြောင်းကာ ပုစွန်လေးတွေ ကွေးလာတဲ့အထိ မွှေပေးပါ။ ပုစွန်ကွေးလာရင် ပါးပါးလှီးထားတဲ့ မျှစ်ကိုထပ်ထည့်ပါ။ ဇလုံငယ်တစ်ခုထဲတွင် ယိုးဒယားငရုတ်ချဉ်ရေ၊ငံပြာရည်၊ ရေ၊ပြောင်းကော်မှုန့်၊ ဆား၊သကြားများ ထည့်ဖျော်ပြီး ပုစွန်ဟင်းထဲ လောင်းထည့်ပြီး ဟင်းရည်ပျစ်လာတဲ့အထိ မွှေပေးပါ။ပုစွန်ဟင်းပျစ်လာရင် ရေဆေးပြီးသင်ထားတဲ့ ပင်စိမ်း ရွက်နုများကို ထည့်အုပ်ပေးပြီးရင် ပူပူနွေးနွေး စားသုံးလို့ရပါပြီ။

ကန်စွန်းရွက်ကြော် (ပြင်ဆင်ကြော်ချက်ပုံ)

တရုတ်ကန်စွန်းနုနု - ၂စည်း (အရိုးသတ်သတ်၊ အရွက်သီးသန့်ခြွေ၍ ရေဆေးထားရန်)

ကြက်သွန်ဖြူ - အမြွှာ ၂၀ (အခွံနွှာပြီး မညက်တညက်ထောင်းပါ)

ဆား၊သကြား - အနည်းငယ်

ဆီ - ခုနှစ်ကျပ်ခွဲသားခန့်

ဆီဒယ်အိုးထဲတွင် ဆီထည့်ပြီး အပူပေးပါ။ ဆီပူလာရင် ကြက်သွန်ဖြူများ ဆီသတ်ပါ။ ကြက်သွန်များ ရွှေဝါရောင်သန်းပြီး အနံ့လေးမွှေး လာရင် ကန်စွန်းအရိုးများကို အရင်ထည့်မွှေပါ။ ၁မိနစ်လောက်ကြာမှ အရွက်များထည့်ပြီး အဖုံးခဏအုပ်ထားပါ။ ကန်စွန်းရွက်များကျက်ပြီး အနည်းငယ်နွမ်းသွားရင် ဆား၊ သကြား အနေတော်ထည့်ကာ သမအောင် မွှေပေးပြီးလျှင် အရသာမြည်း၍ မီးဖိုပေါ်မှချလို့ရပါပြီ။ ကြက်သွန်ဖြူအနံ့လေးနဲ့ ကန်စွန်းရွက်ကြော် မွှေးမွှေးလေးကို ပူပူလေး သုံးဆောင်ပါ။

No comments: