Monday, March 19, 2012

သူငယ်ချင်းရေ

သို့/

သူငယ်ချင်းရေ

ရန်ကုန်နွေဟာတော်တော်ပူတာပဲ။ ကိုယ်တို့မန္တလေးရဲ့အပူရှိန်နီးပါးပါပဲလေ။ တော်သေးတယ် ဒီနှစ်မျက်စိမကျိန်းတာ။ နှစ်တိုင်း ဒီလို ရာသီရောက်ရင် မျက်စိနာရတာနဲ့ နည်းနည်းကိုယ်ပူရှိန်တက်ရတာနဲ့ တော်တော်အလုပ်များတယ်။ ကိုယ်ကတော့ ရာသီဥတုပူတယ် ဆိုပေမဲ့ Gym ကိုသွားဖြစ်နေတယ်လေ။ အသက်က ၃၀နားနီးလာတာနဲ့ ဗိုက်မှာ အဆီကစုချင်လာတယ်မဟုတ်လား။ လှချင်တာလည်း ပါတယ်..ဟဲဟဲ။

ကိုယ်သိရသလောက်ကတော့ သူငယ်ချင်းက စာကိုရွေးဖတ်တတ်တယ်နော်။ လက်တွေ့အသုံးကျတာကိုပဲရွေးဖတ်တတ်တာ သတိ ထားမိတယ်။ ကိုယ်ကတော့လေ အသုံးမကျဘူးပြောချင်ပြော အနှစ်သာရပြည့်တယ်ဆိုတဲ့ စာအုပ်ထူကြီးတွေကို ဖတ်ဖို့ အားမစိုက်ထုတ် မိပါဘူး။ မရယ်နဲ့ဗျ....ကိုယ်က ဖတ်ချင်စိတ်ရှိရင် တနေကုန်မထတန်းဖတ်တတ်တာ။ အဖေကဆို ငယ်ငယ်ကပြောလေ့ရှိတယ် 'မင်း ကျောင်းစာကိုသာ ဒီလောက်ဖတ်ရင် လေ့လာရင် ပါမောက္ခဖြစ်နေလောက်ပြီ'တဲ့။ ငယ်ငယ်ကျောင်းတက်တုန်းကတော့ စာမေးပွဲအောင်ရုံ ပေါ့ဆိုတဲ့စိတ်ရှိခဲ့တော့ ဂရုမစိုက်မိခဲ့ပါဘူး။ အခုအရွယ်ကျတော့ အလုပ်လုပ်ရာမှာပဲဖြစ်ဖြစ် မိတ်ဆွေသူငယ်ချင်းများကြားမှာပဲဖြစ်ဖြစ် ပညာအရည်အချင်းမြင့်သူက ပိုအရေးပါတတ်တာ လက်တွေ့ပဲ။ ကိုယ် အင်္ဂလိပ်စာကို ၀ါသနာပါပေမဲ့ အပျင်းထူတော့ လုပ်စားလို့တောင် မဖြစ်ပါဘူး အခု။ ဆရာကြီးဦးအောင်သင်း ပြောခဲ့တဲ့ 'ငယ်ငယ်က ကိုယ့်ကိုယ်ကိုယ်မခိုင်းရင် ကြီးလာရင် သူများခိုင်းတာခံရပြီသာမှတ်' ဆိုတာ အခုတော့ လက်မခံချင်ဘဲ လက်ခံနေရပြီလေ။

စကားမစပ် အထက်တန်းကျောင်းရဲ့နောက်ဆုံးသောအတန်း (၁၀) တန်းစာမေးပွဲကြီးပြီးသွားပြန်ပြီ ဒီတစ်နှစ်။ တစ်နှစ်ပတ်လုံးကုန်းရုံးပြီး ကျက်ဟယ် တွက်ဟယ်နဲ့ အခုတော့လေး လွတ်လပ်ပေါ့ပါးပြန်ပြီထင်ပါ့ သူတို့လေးတွေ။ အောင်စာရင်းထွက်လာရင် သူတို့တကယ် နှစ်သက်လေ့လာချင်တဲ့ တက္ကသိုလ်တွေကို ရွေးချယ်တက်ခွင့်ရကြမလား ဒါမှမဟုတ် မိဘတွေက သူတို့ငယ်ငယ်ကမဖြစ်ခဲ့ရတဲ့ သူ တို့ဖြစ်ချင်တဲ့ ပညာရပ်ကိုအတင်းလေ့လာခိုင်းလို့ ရွေးချယ်တက်ကြရမလား တွေးစရာပါ။ အခုခေတ် ကိုယ်တို့မြန်မာ့လူ့ဘောင်မှာ ပညာရေးကို ဘွဲ့လက်မှတ်တစ်ခု၊စက္ကူတစ်ရွက်လို့သာ အကြမ်းဖျင်း ခံယူထားကြသူက အများစုဖြစ်နေပါတယ်။

စာကိုအမှန်တကယ်လေ့လာသင်ယူတယ် ကိုယ့်ရှေ့ရေးကိုကြိုတွေးတတ်တယ်ဆိုတဲ့ မိသားစုတွေမှာပေါက်ဖွားလာတဲ့ ကျောင်းသား လူငယ်တွေတော့ မပြောလိုပေမဲ့ အများစု ကိုယ်တွေတုန်းကလို ဆယ်တန်းအောင်တယ် ရတဲ့အမှတ်နဲ့မှီတဲ့ တက္ကသိုလ်တစ်ခုခုကို တက်ရရင်ပြီးရောဆိုတဲ့ အတွေးမျိုးတွေးမိနေချင်ကြမယ်ဆို ဘယ်လိုများလုပ်ကြမလဲနော်။ ဘာတတ်ချင်မှန်း၊ ဘာဝါသနာပါမှန်း သေ သေချာချာမစေ့ငှဘဲ ဘွဲ့တစ်ခုဆိုတဲ့ စက္ကူတစ်ရွက်အတွက်တော့ အချိန်အကုန်ခံပြီး ဘာလုပ်ကြမလဲနော်။ ဘ၀မှာ တခြားသင်စရာတွေ အများကြီးရှိသေးတယ်မဟုတ်လားဗျ။ တကယ်တော့ တက္ကသိုလ်ပညာဆိုတာဟာ ဘွဲ့ရဖို့ထက် လေ့လာလိုက်စားဖို့၊ တတ်မွန်ဖို့ ပိုလို အပ်ပါတယ်။ စာမေးပွဲအောင်ရေးထက် အဲဒီ့ဘာသာရပ်ကို နှံ့နှံ့စပ်စပ်ထိုးထွင်းသိမြင်နိုင်ဖို့လည်း လိုပါတယ်။ ပညာရေးဆိုတာ ပီတိ၊ အဆင်တန်ဆာ၊ အစွမ်းအစဆိုတဲ့ ပေတံနဲ့ အတိုင်းခံနိုင်မှ မိမိအတွက် ပြည့်စုံမယ်မဟုတ်လား။

ကိုယ်ကလေ အလုပ်လုပ်တာကို ပိုဦးစားပေးခဲ့တယ် ကျောင်းမပြီးခင်မှာကိုပဲ။ တက္ကသိုလ် ပထမနှစ်မှာကိုပဲ အတန်းချိန်တချို့ကိုလစ်ကာ အချိန်ပိုင်းအလုပ်လုပ်နေခဲ့တယ်။ အလုပ်လုပ်မှ ရင့်ကျက်တယ်ဆိုပေမဲ့ ပညာရေးကို လေ့လာသင့်ချိန်မှာ အချိန်မပေးနိုင်ခဲ့ချင်းက အခု ခေတ်လူငယ်တချို့ရဲ့ ဘ၀စတိုင်လ်များဖြစ်နေမလားလို့။ နောင်တဆိုတဲ့ စကားလုံးကိုရေရွတ်မိချိန်ဟာ အတော်နောက်ကျသွားပြီတဲ့။ မရကောင်းတဲ့ အရာဆိုလည်းဟုတ်တယ်။ ကိုယ်တွေလို နောက်လူငယ်တွေကိုမဖြစ်စေချင်တာအမှန်ပဲဗျ။ ပညာတတ်၊ နိုင်ငံ့အရေး၊ လူမှုရေး၊စီးပွားရေးတွေကို နိုင်ငံတကာနဲ့ရင်ဘောင်တန်းတတ်သိနေစေချင်တာ။ သူများတွေလဲ အလုပ်လုပ်ရင် သင်ယူလေ့လောနေကြ တာပဲဆိုနိုင်ပေမဲ့ အပျင်းထူတဲ့စိတ်က တစ်ဝက်မို့ လူပျင်းဖြစ်နေတယ် သူငယ်ချင်းရေ။ လူပျင်းကနေ အခုတော့ လူဖျင်းဖြစ်နေသလားပဲ။

မနေ့က Elle Magazine က Mark Ellen ရဲ့ Lady Gaga နဲ့အင်တာဗျူးကိုဖတ်မိတယ်။ သူတို့အမေးအဖြေလေးထဲက တချို့ကို ရေးပြရရင် - 'ခင်ဗျားဘ၀မှာ နောင်တရစရာတွေများ ရှိခဲ့သေးလား'

'ကျွန်မဘ၀မှာ ဘာကိုမှနောင်တမရဘူး။ နောင်တချည်းပဲရနေလို့ စိတ်ဓာတ်ကျနေရမယ်ဆိုရင် ဒီနေ့မှာဒီလိုအောင်မြင်လာမှာ မဟုတ်ပါ ဘူး။ ဘာလို့လဲဆိုတော့ ကျွန်မက ကိုယ်တစ်ခုခုလုပ်လိုက်လို့ နောင်တရသွားမှာကို မမှုပါဘူး။ ကြောက်လည်းမကြောက်ပါဘူး။'

အကြောင်းရှိလို့ အကျိုးဖြစ်တယ်ပဲပြောပြော တစ်ခုခုလုပ်လို့တစ်ခုခုဖြစ်လာတတ်တဲ့ ဘ၀မှာ နောင်တဆိုတာ ရတတ်ကြတာပါပဲ။ အဲဒီ့ နောင်တအပေါ်မှာပဲ စိတ်ဓာတ်တွေချုံးချုံးကျပြီး နလန်မထူရင် ကျွန်တော်တို့ ဘာများလုပ်ကြမှာလဲနော်။ Lady Gaga ကတော့ သူ့ကိုယ် သူ ယုံကြည်ချက်ပြင်းထန်ပြီး အလုပ်လုပ်ခဲ့တော့ နောင်တမရဘူးလို့ဖြေခဲ့တယ်ထင်ပါတယ်။

'ကိုယ့်ကိုယ်ကိုတောင်မှ ယုံကြည်မှုမရှိကြဘူးဆိုရင် အောင်မြင်မှုလည်း ရှိလာကြမှာ မဟုတ်ပါဘူး။ ကိုယ့်အနုပညာကိုတောင်မှ ယုံကြည်မှု မရှိကြတဲ့သူတွေဟာ အနုပညာလောကမှာလည်း အောင်မြင်လာကြမှာ မဟုတ်ပါဘူး'

ယုံကြည်ချက်ဆိုတာကတော့ ဘာပဲလုပ်လုပ်ရှိသင့်တယ်။ တချို့တွေက ဘာပဲလုပ်လုပ် ပန်းတိုင်ထားတတ်ကြတယ်။ ပန်းတိုင်တစ်ခုကို ရောက်ဖို့ ရည်မှန်းချက်နဲ့ မိမိကိုယ်ကို ယုံကြည်မှုဆိုတာကလည်း အရေးပါတယ်လေ။ ကိုယ်ငယ်ငယ်ကဘယ်လိုအတွေးဝင်ခဲ့လဲသိလား ပန်းတိုင်လည်းမရှိ ယုံကြည်ချက်လည်းမရှိ ဘ၀ဆိုတာ ကံကြမ္မာရဲ့စေစားရာလို့ပေါ့။ ကိုယ့်ရဲ့ ယုံကြည်ချက်အတိုင်း ရွက်လွှင့်သူတွေကို ဘေးပတ်ဝန်းကျင်က အမြင်တစ်မျိုးနဲ့ကြည့်တတ်ကြတာသဘာဝပါ။ ဒါကိုမြင်ရကြားရတွေ့ရပြီး ခြေလှမ်းကို ရပ်တန့်လိုက်မှာလား မေး ချင်တယ်သူငယ်ချင်းကို။ ကိုယ်တွေအောင်မြင်နေလို့ နောက်က ဖော်လံဖားနေကြပေမဲ့ ဖော်လံဖားနေကြတဲ့သူတွေထဲမှာ ကိုယ်နဲ့အမြင် မတူသူတွေလည်းရှိနေနိုင်တာပဲဆိုတာ သတိထားရမှာပေါ့နော်။

'ကျွန်မဖွဲ့နွဲ့လိုက်တဲ့ ဂီတ၊ ကျွန်မသီဆိုလိုက်တဲ့ သီချင်းနဲ့ ကျွန်မလုပ်နေတဲ့ အနုပညာလုပ်ငန်းတွေကို နားမလည်နိုင်တဲ့သူတွေ ရှိမှာပါ။ ဒါပေမဲ့ ကျွန်မအနုပညာကို အားကျနေတဲ့သူတွေလည်း ရှိပါတယ်။ ကျွန်မဖြစ်ချင်နေတာက ဒီလိုပုံစံမျိုးပါ။ ကျွန်မကို လူတွေက ကိုယ့်ယုံ ကြည်ချက်အတွက် သတ္တိရှိရှိလုပ်တတ်တဲ့ သူမျိုးဆိုပြီးတော့ အသိအမှတ်ပြုစေချင်လို့ပါ'

သူမကို လူငယ်တွေ ဘာကြောင့် လက်ခံလာကြတာလဲ? ဗရမ်းဗတာဖက်ရှင်လို့ ခေါ်ကြတဲ့ ဖက်ရှင်ဆန်းတွေကြောင့်လား? ခပ်ကြောင် ကြောင် Performance တွေလို့ခေါ်တဲ့ အရာတွေကြောင့်လား? ဒါမှမဟုတ် ဒီထက်ပိုပြီး လေ့လာသင့်ပါတယ် အောင်မြင်မှုအပေါ်။

သူငယ်ချင်း ငါကလေ မင်းနဲ့တွေ့ပြီးစကားအများကြီးပြောချင်တာ။ ဒါပေမဲ့ တစ်နယ်စီဆိုတော့လည်း စာနဲ့ပဲရေးပြီးပြောချင်ရာပြောရတာ ပဲ။ မင်းတို့စုံတွဲကတော့ အတော်လေးအဆင်ပြေနေကြတာ တစ်နှစ်တောင်ကျော်လာပြီဆိုတော့ congratulation ပါ။ နှစ်ယောက်အတူ နေတာပဲဖြစ်ဖြစ် အိမ်ထောင်တစ်ခုတည်ထောင်ထားတာပဲဖြစ်ဖြစ် ကာလဒဏ်ကိုခံဖို့ အတော်ကြိုးစားကြရတာနော်။

'ချစ်တယ်' ဆိုတာ ကာလကြာရှည်မယ်လို့မထင်ပါဘူး။ အတူနေတာကြာလာရင် မေတ္တာစိတ်လေးပါမှ ရေရှည်မှာပိုပြီး သံယောဇဉ် တွယ်ကြမယ် ထင်တယ်နော်။ မနေ့က ဖတ်တဲ့ မဂ္ဂဇင်းထဲက ဒေါက်တာ ခင်မောင်ညို ပြောထားတာလေး ပြန်ရေးပြမယ်။ 'မေတ္တာစိတ် တွေထားတာ ကောင်းပါတယ်။ တစ်ယောက်ယောက်က ဒီနေ့ (Valentine Day) မှာလာပြီး ချစ်စကားပြောရင် ဘာလုပ်မလဲ။ ချစ်ရင် လည်း ချစ်တယ်၊ မချစ်ရင်လည်းမချစ်ဘူးပေါ့။ စဉ်းစားဦးမယ်ဆိုရင်လည်း မဆိုးပါဘူး။ ဒါပေမဲ့ ချစ်တာဟာ မုန်းတာထက်တော့ ကောင်း ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်အမုန်းမပွားပါနဲ့။မေတ္တာဆိုတာ ရယူလိုခြင်းထက် ပေးဆပ်တာတွေအများကြီးပါဆိုတာ လက်ခံဖို့ပါ' သူရည်ရွယ်ပြောတာက လူငယ် ချစ်စုံတွေလေးတွေကိုညွှန်းဆိုတာပါပဲ။ ဒါပေမဲ့ ကိုယ်တွေလည်း အလေးမူသင့်တဲ့စကားလို့ဆိုရမယ်။

စကားမစပ် စကားမစပ်နဲ့ ထည့်ထည့်ရေးပြီး ကိုယ်ပြောချင်တာကို ရေးရေးနေတာကလဲ ပြောချင်တာတွေများနေလို့ကွ။ ဧပြီလ (၁) ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲက နေရာအတော်များများမှာ ကျင်းပတော့မယ်။ အဲဒါနဲ့ပတ်သက်ပြီး ဂျာနယ်တစ်စောင်ထဲက ကိုယ်ကူးထားတဲ့စာသားလေးတွေ သဘောကျလို့ သူငယ်ချင်းကို ပြန်ဝေငှလိုက်ဦးမယ်ကွာ။

'မြန်မာပြည်သူတွေရဲ့ နိုင်ငံရေးအမြင်က ပုဂ္ဂိုလ်ရေးကိုးကွယ်မှုအဓိကဖြစ်နေတယ်တဲ့လား?။ တခြား ဘယ်နိုင်ငံပြည်သူတွေ ကရော ပုဂ္ဂိုလ်ရေး သဘောကျမှုမရှိဘဲ ပြည့်သူ့ခေါင်းဆောင်လို့ လက်ခံတတ်ကြပါသလဲလို့မေးပါရစေ။ ပြည်သူလူထု ခေါင်းဆောင်လို့ သမုတ်ခံရရန် လိုအပ်တဲ့အရည်အချင်းတွေကို မသိလောက်အောင် မြန်မာပြည်သူတွေ မညံ့ကြပါဘူး။ မအကြပါဘူးလို့နော်..။'

'ရှင်ကြီးဝမ်းရော ရှင်ငယ့်ဝမ်းပါ ၀င်ခဲ့ဖူးကြတဲ့ မြန်မာပြည်သူတွေဟာ အပြောတွေ၊ လုပ်ရပ်တွေက ရင်ဘတ်ထဲကို အမှန်တကယ်လာထိမှ၊ ခံစားချက်တွေနဲ့ တစ်ထပ်တည်းရှိနေမှ ချစ်ခဲ့ကြတယ်၊ချစ်နေကြတယ်ဆိုတာ ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင်တွေကို ပြည်သူတွေရဲ့ ကြိုဆိုခဲ့ကြတဲ့ မြင်ကွင်းတွေက ထင်ရှားစေခဲ့ပြီပဲ။'

'မေးချင်ပါသေးတယ်....'ကျွန်တော်က နိုင်ငံရေးသမားတွေကို မယုံတတ်ဘူးဗျ' ဆိုတဲ့အပြောစကားကို။ ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ဖို့က နိုင်ငံရေးသမားတွေက ဦးဆောင်ရမှာ မဟုတ်ဘူးလားဗျ..ဟင်။'

'ကျွန်တော်ကတော့ မိမိအသက်ရှင်သန်ရေးအတွက် သာမန် အသက်မွေးဝမ်းကျောင်းအလုပ်ကိုသာလုပ်နေတဲ့ သာမန် ပြည်သူ ပြည်သား တစ်ယောက်ပါ။ ကိုယ်မလုပ်နိုင်တဲ့ အလုပ်တွေကို စွန့်လွှတ်ခြင်းများစွာနဲ့ လုပ်ကိုင်နေတဲ့ ယနေ့ထိ လှုပ်ရှား ရုန်းကန်နေသော နိုင်ငံရေး သမားများကို ဘယ်သူတွေဘာပြောပြော ယုံကြည် ကိုးစား ချစ်ခင်ကြောင်းပါခင်ဗျား'

မတ်လ ၁၄ ရက်နေ့ညနေပိုင်းက အန်တီဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၅မိနစ်စာမိန့်ခွန်းကို နားထောင်ရင်း အရမ်းသဘောကျတာပဲ။ သူ များတွေလို စာလုံးတစ်လုံးမှား တစ်ကျပ်ဖြစ်မှာစိုးလို့ဆိုတဲ့ တုန့်ဆိုင်းဆိုင်း စကားပြောဟန်မဟုတ်ပဲ မျက်လုံးနဲ့ နှုတ်ခမ်းသာ အသာလှုပ် ရင်း တည်တည်ငြိမ်ငြိမ်ရဲရဲဝင့်ဝင့်နဲ့။ ကိုယ်စားနေကျ မုန့်ဟင်းခါးဆိုင်က မုန့်ဟင်းခါးသည် အမရဲ့ သားလေးကဘာပြောလဲသိလား 'ဒေါ်အောင်ဆန်းစုကြည်က မိုက်တယ်ကွာ စာရွက်မကိုင်ဘဲပြောသွားလိုက်တာ မေကြီး ဒေါ်အောင်ဆန်းစုကြည်ကိုပဲ အမှန်ချစ်လိုက် တော့'တဲ့။ ကလေးအထာနဲ့ပြောသွားတာမှန်ပေမယ့် ကိုယ်တော့ သဘောကျမိပါရဲ့။

ကဲကဲ...ငါ စာရေးရင်းနဲ့အပျင်းထူလာပြန်ပြီ အိပ်ငိုက်လာပြီ နောက်မှပဲ စာဆက်ရေးတော့မယ် သူငယ်ချင်းရေ။ အခုလောလောဆယ် ဘာရေး ညာရေးထက် ဘော်ဒါကဏ္ဍလုပ်နေရတယ်ဟေ့။ သူငယ်ချင်းတစ်ယောက် ဘော်ဒါဆောင်အခန်းတစ်ခုငှားနေချင်တာ အဲဒါ ရှာတွေ့ဖို့ကြိုးစား ပေးရဦးမယ်။

သတိရခြင်း....တမ်းတခြင်း...ချစ်ခြင်းများစွာဖြင့်

ဇာနည်

No comments: