Thursday, March 1, 2012

ငါးပါးနီနဲ့ ပဲငါးပိအချိုနှပ်၊ ပုစွန်ခြောက် ငရုတ်သီးကြော်နှင့် ချဉ်ပေါင်ရည်ကျဲဟင်း


ဟင်းချက်ဖို့ဆို မျက်လုံးထဲတန်းမြင်တာက ငါးအမျိုးမျိုးပါပဲ။ ကျွန်တော့်ကိုရန်ကုန်ရောက်ကာစက သူငယ်ချင်းကပြောတယ် မင်းကလဲ ငါးဟင်းပဲနေ့တိုင်းစားနေတယ်တဲ့။ အခုသူ လားရှိုးပြောင်းသွားတော့ ငါးစားချင်တာ ရှားပါးနေလို့ ငါးဟင်းကိုတမ်းတနေလေရဲ့။ အခု မြန်မာဆန်ဆန် ဟင်းအတွဲအစပ်လေးတစ်ခုဖော်ပြပေးလိုက်ပါတယ်။ သူငယ်ချင်းတို့ ထမင်းမြိန်ပါစေ...။

ငါးပါးနီနှင့် ပဲငါးပိအချိုနှပ် ပါဝင်ပစ္စည်းများ

ငါးပါးနီ အနေတော်အရွယ် - သုံးကောင်

ခရမ်းချဉ်သီး - ၂လုံး

ကြက်သွန်နီ - ၂ ဥ

ကြက်သွန်ဖြူ - ဆယ်မြွှာ

ပဲငါးပိအချို - စတီးဇွန်းသေး တစ်ဇွန်း

ဆား၊ သကြား၊ နနွင်း - အနည်းငယ်

နံနံပင် - ဆယ့်ငါးပင်

ဆီ - ဆယ့်ငါးကျပ်သား

ပြင်ဆင်ချက်ပြုတ်ပုံအဆင့်ဆင့်

ပထမဆုံး ငါးကိုအကြေးထိုး၊ ဗိုက်ဖောက်ပြီး အထဲမှကလီစာများထုတ်၍ ရေစင်အောင်ဆေးပါ။ ပြီးလျှင် ငါးကို အကောင်လိုက် ဓားနဲ့မွှန်း ပြီး ဆား၊ သကြား၊ နနွင်းတို့နှင့် အသားထဲစိမ့်ဝင်အောင်နယ်၍ ငါးကိုရွှေဝါရောင်သန်းလာတဲ့အထိ ကျက်အောင်ကြော်ထားပါ။ ခရမ်းချဉ်သီးကိုရေဆေး၍ လေးစိတ် စိတ်ပါ။ ကြက်သွန်အနီနဲ့ အဖြူကိုအခွံနွှာရေဆေးပြီး မညက်တညက်ထောင်းပါ။ ဟင်းစချက်တော့ မယ်ဆိုရင် ငါးကြော်ထားတဲ့ ဆီများထဲမှဆီကို ငါးကျပ်သားခန့် ချန်ထားပြီး ဆီပူအောင်ပြန်တည်ပါ။ ဆီပူလာလျှင် ကြက်သွန်အနှစ်များ၊ ခရမ်းချဉ်သီးများထည့်ဆီသတ်ပါ။ ကြက်သွန်များနွမ်းပြီး အနံ့လေးမွှေးလာရင် ပဲငံပြာရည်အကျဲ၊ ပဲငါးပိအချို၊ သကြားတို့ကိုထည့်၍ သမအောင်မွှေပေးပါ။ ပဲငံပြာရည်အကျဲက အငန်ဓာတ်ပါတဲ့အတွက် ဆားထပ်ထည့်စရာမလိုပါ။ ပြီးလျှင် အရသာမြည်းကာ ကြော်ထားတဲ့ ငါးများကို ထည့်မွှေ၍ ဟင်းအိုးချကာနီးမှာ နံနံပင်ကိုရေဆေးပြီး အုပ်ခတ်လိုက်ပါ။ ပဲငါးပိအနံ့လေးနဲ့ နံနံပင်အနံ့လေး သင်းနေတဲ့ ငါးပါးနီ ပဲငါးပိအချိုနှပ်ဟင်း ရပါပြီ။

ပုစွန်ခြောက် ငရုတ်သီးကြော်အတွက် ပြင်ဆင်ချက်ပြုတ်ပုံ

ပုစွန်ခြောက် - ငါးကျပ်သား (အရံသင့်ထောင်းပြီး)

ငရုတ်သီးအကြမ်းမှုန့် - နှစ်ကျပ်ခွဲသား

ကြက်သွန်နီ - လေးဥ

ကြက်သွန်ဖြူ - ဆယ်မြွှာ

ဆီ - တစ်ဆယ်သား

ငံပြာရည်(အချိုစား) - စတီးဇွန်းသေးတစ်ဇွန်း

အချိုအရသာအတွက် - ကြက်သားမှုန့် (အနည်းငယ်)

နနွင်း - အနည်းငယ်

ပထမဆုံး ပုစွန်ခြောက်ကို မညက်တညက် ထောင်းထားပါ။ ကြက်သွန်နီကို ထက်ခြမ်းခြမ်းကာ ပါးပါးလှီး၍ ဆီအိုးထဲတွင် ရွှေဝါရောင်သန်း လာတဲ့အထိကြော်၍ ပန်းကန်တစ်ချပ်ထဲမှာ ဆယ်ထားပါ။ ပြီးလျှင် ကျန်တဲ့ ဆီအိုးထဲသို့ နနွင်းအနည်းငယ်နဲ့ ငရုတ်သီးအကြမ်းမှုန့်ကို ထည့်ကြော်၍ ငရုတ်သီးအစိမ်းနံ့ပျောက်လျှင် ပုစွန်ခြောက်၊ အသားမှုန့်နဲ့ ငံပြာရည်တို့ကိုထည့်ပြီး သမအောင်မွှေပြီးလျှင် နှစ်မိနစ်ခန့် ထား၍ ထပ်မွှေပြီးရင် မီးဖိုပေါ်မှချလိုက်ပါ။ ပုစွန်ခြောက်များအေးသွားမှ စောစောက ကြော်ထားတဲ့ ကြက်သွန်အနီ၊ အဖြူတို့ကို ရောထည့် ကာ မွှေပေးပြီးရင် သုံးဆောင်လို့ရပါပြီ။

ချဉ်ပေါင်ရည်ကျဲ ဟင်းရည်အတွက် ပြင်ဆင်ချက်ပြုတ်ပုံ

ချဉ်ပေါင်ရွက် - တစ်စည်း (အရွက်ချည်းခြွေ၍ ရေဆေးထားရန်)

မျှင်ငါးပိ(အချိုစား) - ကွမ်းသီးလုံးခန့်

ကြက်သားမှုန့်၊ဆား - အနည်းငယ်

ကြက်သွန်ဖြူ - ၅မြွှာ (အရံသင့် ထုထောင်းထားပြီး)

အနေတော် ဒန်အိုးထဲတွင် ချဉ်ပေါင်ရွက်၊ ကြက်သားမှုန့်၊ ကြက်သွန်ဖြူ၊ ဆားနှင့် မျှင်ငါးပိကို ရေအနည်းငယ်ဖျော်ထည့်ပါ။ရေကို နို့ဆီဘူး ၄ဘူးခန့်ထည့်ပြီး ဆူပွက်တဲ့အထိ တည်ပါ။ ချဉ်ပေါင်ရွက်များ၊ နူးပြီး အစိမ်းနံ့ ပျောက်သွားပြီဆိုရင် အရသာမြည်း၍ သုံးဆောင်နိုင်ပါပြီ။ ဟင်းအစပ်အဟပ်က ချိုချဉ်စပ်တွဲနေလို့ ဒီကနေ့အတွက်တော့ ထမင်းစားမြိန်စေမယ့် ဟင်းအတွဲအဖက်တစ်မျိုးပါ။

No comments: