Friday, March 9, 2012

Kegel exercise For Men and Women




တင်ပါးဆုံတွင်းကြွက်သား (Pelvic floor muscles)

တင်ပါးဆုံတွင်းကြွက်သားက တင်ပါးဆုံရိုးခွေအတွင်းမှာ အပြားလိုက်ရှိနေတဲ့ ကြမ်းခင်းလို ကြွက်သားချပ်ပြားပါ။ စအို၊ ဆီးပြွန်နဲ့ မွေးလမ်းကြောင်းတို့က အဲဒီကြွက်သားကို ဖြတ်ပြီး အပြင်ကိုပွင့်တာပါ။ အဲဒီအပေါက်တွေရဲ့ အဖွင့်အပိတ်ကို ထိန်းထားပေးတဲ့ ရှုံ့ကြွက်သား (Sphincter muscles) တွေက တင်ပါးဆုံတွင်းကြွက်သားရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ အိမ်သာရှာမရတဲ့ အချိန်မျိုးမှာ ဆီး၊ ဝမ်းတို့ မထွက်အောင် တအားညှစ်ပိတ်ထားရတာမျိုး ကြုံဖူးကြမှာပါ။ အဲဒါ တင်ပါးဆုံတွင်းကြွက်သားကို ကျုံ့ထားပြီး အဝကို ပိတ်ထားလိုက်တာပါပဲ။ အဲ အိမ်သာရှာတွေ့ပြီဆိုရင်တော့ ဟင်းကနဲ သက်မကြီးချလို့ အားရပါးရ ကုန်စင်အောင် ဖွင့်ချလိုက်တာက အဲဒီကြွက်သားကို ဖြေလျှော့လိုက်တာပါပဲ။ ဒီလောက်ဆို အဲဒီကြွက်သားရဲ့ အရေးပါပုံနဲ့ လုပ်ငန်းဆောင်တာတွေကို သိရပြီပေါ့။

အဲဒီကြွက်သားရဲ့ အား (muscle tone) ကို စမ်းသပ်ကြည့်ချင်တယ်ဆိုရင်တော့ စအိုထဲကို ချောဆီသုတ်ထားတဲ့ လက်တစ်ချောင်းကို ထည့်ပြီး ညှစ်ကြည့်ရင် သိနိုင်ပါတယ်။ ခန္ဓာကိုယ်အောက်ပိုင်း အာရုံကြောတွေကို စမ်းသပ်တဲ့ နည်းလမ်းတစ်ခုလဲဖြစ်ပါတယ်။ ဆီးကျိတ်ခွဲခြင်းစတဲ့ ခန္ဓာကိုယ်အောက်ပိုင်း ခွဲစိတ်မှုများ (Pelvic surgery)၊ ကလေးမွေးခြင်း စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ဒီကြွက်သား အားနည်းနေပြီဆိုရင်တော့ သားအိမ်ကျခြင်း၊ ဆီးဝမ်းမထိန်းနိုင်ခြင်းတို့ ဖြစ်တတ်ပါတယ်။

တင်ပါးဆုံတွင်းကြွက်သား လေ့ကျင့်ခန်း (Pelvic floor exercise or Kegel exercise)

ကြွက်သားတစ်စုကို လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ အဲဒီကြွက်သား ပိုမိုသန်စွမ်းလာအောင် အဲဒီကြွက်သားစုရဲ့ လှုပ်ရှားမှု (Muscle action) ကို ထပ်ခါထပ်ခါ ပြုလုပ် လေ့ကျင့်ပေးတာပါပဲ။ အထပ်ထပ်အခါခါ လေ့ကျင့်ပေးရင် ကြွက်သားစုတစ်ခုလုံး သန်မာကြီးထွားလာပြီး အဲဒီကြွက်သားရဲ့ လှုပ်ရှားမှုမှာ အားပိုရှိလာမယ်၊ (Power or Strength) လှုပ်ရှားမှုလုပ်နေရင် ကြာကြာခံနိုင်လာပါမယ် (Endurance)။ ဝိတ်မတဲ့သူတွေလိုပါပဲ လေ့ကျင့်လေလေ ဝိတ်ပိုများများ 'မ'နိုင်လေ၊ ပိုကြာကြာ 'မ'နိုင်လေပါ။ တင်ပါးတွင်းကြွက်သားရဲ့ လှုပ်ရှားမှုကို သိပြီးမို့လို့ လေ့ကျင့်ခန်း ဘယ်လိုလုပ်ရတယ်ဆိုတာ အကြမ်းဖျဉ်းတော့ ခန့်မှန်းလို့ရနေပါပြီ။

လေ့ကျင့်ခန်းမလုပ်ခင်မှာ ဆီးသွားထားဖို့ လိုပါတယ်။ အဓိက ကတော့ စအိုဝကို ဝမ်းထိန်းသလို ရှုံ့လိုက် (Contraction)၊ ဝမ်းသွားဖို့ လျှော့လိုက်သလို ပွလိုက် (Relaxation)၊ ရှုံ့လိုက် ပွလိုက် လုပ်ရမှာပါ။ ဒါပေမယ့် ရှုံ့လိုက် ပွလိုက် ဖြစ်ရင်ပြီးရော မဟုတ်ပါဘူး။ ရှုံ့တဲ့အချိန်မှာ အားနဲ့ညှစ်ရှုံ့ရမှာပါ။ ဝမ်းထိန်းသလို ညှစ်ရှုံ့နေတုန်း အသက်ပုံမှန် ရှူရပါမယ်။ အသက်ရှူအောင့်ထားတာမျိုး၊ အံကြိတ်ထားတာမျိုး၊ ရင်ဘတ်၊ ဗိုက်နဲ့ ပေါင်တွင်းက ကြွက်သားတွေ ကူညှစ်ပြီး တင်းနေတာမျိုး မဖြစ်စေဖို့ သတိပြုရမှာပါ။ အဲလိုလွယ်ကူတဲ့ လေ့ကျင့်ခန်းမျိုးကို ထိုင်လျက်ဖြစ်ဖြစ်၊ မတ်တတ်ဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ ရုံးမှာ၊ ကျောင်းမှာ၊ ဘတ်စ်ကားပေါ်မှာ ဘယ်မှာဖြစ်ဖြစ် ဘယ်အချိန်ဖြစ်ဖြစ် ဘယ်သူမှမသိဘဲနဲ့ လုပ်နိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်နေရင်း မောလာတယ်ဆိုရင် အသက်ရှူအောင့်ထားမိလို့ ဖြစ်မှာပေါ့။ ပေါင်တွင်းကြော၊ ဗိုက်ကြောကြီးတွေတင်းပြီး နာလာတယ်ဆိုရင် အဲဒီ ကြွက်သားတွေ ကူညှစ်နေမိလို့ ဖြစ်မှာပေါ့။ ဘေးပတ်ဝန်းကျင်က လူတွေ ဂရုစိုက်စရာအထိ ဖြစ်နေမယ်ဆို လေ့ကျင့်ခန်းလုပ်တာ တစ်ခုခုလွဲနေပြီလို့သာ မှတ်လိုက်ပါ။

အဲလိုမျိုး ရှုံ့လိုက် ပွလိုက် လုပ်ရာမှာ အထူးသတိထားရမှာက ရှုံ့တဲ့အချိန်မှာ အားနဲ့ညှစ်ရှုံ့ရမှာဖြစ်ပြီး ပြန်လျှော့တဲ့အချိန်မှာ လုံးဝလျှော့ချလိုက်ရမှာပါ။ ရှုံ့ပုံရှုံ့နည်း မှန်ကန်ရင် ကပ္ပာယ်အိတ်နဲ့ ဥကလေး အပေါ်ကို မြောက်တက်လာတာကို သတိထားမိမှာပါ။ ဥကလေးကို ဆွဲတင်လိုက် ပြန်ချလိုက် ကစားနေသလိုပါပဲ။ အပေါ်ထိရောက်အောင် ဆွဲတင်ဖို့လိုသလို အောက်ထိ ပြန်ချပေးဖို့လဲ အရေးကြီးပါတယ်။ ဥ အပေါ်ရောက်ရောက်၊ အောက်ရောက်ရောက် ၁၀ စက္ကန့်ခန့် အနားပေးဖို့လည်း မမေ့ပါနဲ့။ လေ့ကျင့်ခန်း လုပ်ပုံလုပ်နည်း မှန်ပြီဆိုရင် တစ်ဆင့်တက်ပြောရရင် ရှုံ့ထား - ရှုံ့တဲ့အတိုင်း ၁၀ စက္ကန့်ခန့် ထိန်းထား - ပြန်လျှော့ - ၁၀ စက္ကန့်ခန့်နား ဆိုတဲ့ " ရှုံ့ - ထိန်း - လျှော့ - နား " အစီအစဉ်အတိုင်း လုပ်ရမှာပါ။ တစ်ခါလေ့ကျင့်ခန်းလုပ်ရင် ဒီလိုမျိုး " ရှုံ့ - ထိန်း - လျှော့ - နား " ၁၀ ခါခန့် လုပ်သင့်ပြီး တစ်နေ့ကို သုံးကြိမ်ခန့် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ တခြားလေ့ကျင့်ခန်းတွေလိုပဲ အစမှာ ကိုယ်နိုင်သလောက်စပြီး တဖြေးဖြေးနဲ့ အကြိမ်ရေတိုးလုပ်သွားရမှာပါ။ တစ်ခေါက်ကို ၁၀ ခါနဲ့ တစ်နေ့ကို သုံးကြိမ်ခန့် လုပ်ဖြစ်အောင် မှန်းထားရမှာပါ။

ဒီလေ့ကျင့်ခန်းလုပ်ရာမှာ တချို့သောသူများအတွက် ကိုယ့်ညှစ်အားကို ကိုယ်သိစေဖို့ အထောက်အကူဖြစ်စေဖို့ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ စအို၊ မွေးလမ်းကြောင်းစသည်တို့ထဲ ထည့်ထားရတဲ့ Dildo လိုလို၊ Vibrator လိုလို ကိရိယာတွေလည်း မျိုးစုံရှိပါတယ်။ များစွာသော လေ့လာမှုတွေအရတော့ ဒီကိရိယာတွေက လေ့ကျင့်ခန်းကို ပိုအကျိုးရှိစေတယ်လို့ မတွေ့ရှိရပါဘူး။ (ဒါကို ဖတ်ပြီး လေ့ကျင့်ခန်းလုပ်ချင်ရင် ကိရိယာအစား လော်ကီးထည့်ထားမယ်လို့တော့ မကြံကြစေလိုပါ။ ညှစ်လိုက် လျှော့လိုက်လုပ်ခြင်းသည် လော်ကီး၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သောကြောင့်ဖြစ်ပါသည်။)

အကျိုးနှင့်အပြစ်

ဒီလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် စအို၊ ဆီးပြွန်၊ မွေးလမ်းကြောင်းစသည်တို့ရဲ့ ရှုံ့ကြွက်သားများ သန်မာလာပြီး ဆီး၊ ဝမ်းသွားတဲ့အခါ ပိုမိုလွယ်ကူကာ အခက်အခဲမရှိ ထိန်းနိုင်၊ သွားနိုင်လာမှာပါ။ ကျားမ မရွေး လိင်ဆက်ဆံတဲ့အခါ ပိုပြီးတင်းကျပ်တဲ့ ခံစားမှုကို ရရှိလာမှာပါ။ အမျိုးသားများ 'ထ' လာရင် ပိုတင်း ပိုမတ်လာတယ်လို့လည်း အဆိုရှိပါတယ်။ (Stronger erections) တက်ထွက်များ (Premature ejaculation) အတွက်လည်း သုက်ထိန်းနိုင်လာတယ်လို့ ဆိုကြပါသေးတယ်။ ကြွက်သားရဲ့ ထိန်းထားနိုင်စွမ်းကြောင့် သုက်မလွှတ်ဘဲနဲ့ တစ်ကြိမ်မက ပြီးနိုင်တယ်လို့လည်း ဆိုကြပြန်ပါသေးတယ်။ သုက်လွှတ်ရင် ပိုဝေးဝေးကို ရောက်တယ်လို့လည်း ဆိုပါတယ်။ ငယ်ငယ်တုန်းက ဆီးသွားရင် ဘယ်သူပိုဝေးဝေးပန်းနိုင်လဲ ပြိုင်တတ်ကြတာ သတိရမိပါတယ်။ ကျန်းမာပြီးသားလူတွေလည်း ဒီလေ့ကျင့်ခန်းကို လုပ်နိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကို အကြောင်းအမျိုးမျိုးကြောင့် လိုအပ်လို့ လုပ်ရသူတွေအတွက်တော့ အမြန်ဆုံး ၄ ပတ်မှ ၆ ပတ်လောက်ရောက်မှ စသိသာလာမှာ ဖြစ်ပြီး ၃ လကျော်မှ တကယ့်အကျိုးကျေးဇူးရလာမယ်လို့ ဆိုကြပါတယ်။

အရာရာ တန်ဆေး၊ လွန်ဘေး ဆိုတာရှိသလို လေ့ကျင့်ခန်းကို အပြင်းအထန်လုပ်ရင် ကြွက်သားတွေဒဏ် (Muscle fatigue) ဖြစ်ပြီး နာလာတတ်ပါတယ်။ အဲဒီအခါကျမှ အောက်ပိုင်းကြွက်တက်သလို နာနေတတ်လို့ ဆီး၊ ဝမ်းသွားတဲ့အခါ ခက်ခဲတတ်ပါတယ်။ ကြွက်သားရဲ့ တဖြေးဖြေး သန်မာနိုင်စွမ်းက အတိုင်းအတာ တစ်ခုထိပဲရှိလို့ အပြင်းအထန် တစ်နေကုန်လုပ်လည်း လိုချင်တာ မြန်မြန်ရမှာ မဟုတ်ဘူးဆိုတာ သတိပြုရမှာပါ။

အခြားအသုံး (Other medical indications)

ဗဟုသုတအနေနဲ့ ပြောရရင် ဒီလေ့ကျင့်ခန်းကို သွေးဆုံးပြီး အမျိုးသမီးကြီးတွေ တင်ပါးဆုံတွင်းကြွက်သားတွေ အားနည်းလို့ သားအိမ်ကျတာ၊ ဆီးမထိန်းနိုင်တာကို ကုသတဲ့နေရာမှာ အထောက်အကူဖြစ်စေဖို့ စသုံးလာကြတယ်လို့ မှတ်သားဖူးပါတယ်။ ခုခေတ်မှာတော့ ကိုယ်ဝန်ဆောင်မိခင်တွေ ကလေးမွေးချိန်မှာ ညှစ်အားကောင်းဖို့၊ ကလေးမွေးပြီးချိန် အဲဒီကြွက်သားတွေ အားနည်းနေတာကို ပြန်သန်မာလာအောင် လေ့ကျင့်ပေးဖို့ ဆရာဝန်တွေ၊ သူနာပြုတွေလုပ်ခိုင်းတဲ့ လေ့ကျင့်ခန်းတွေထဲမှာ မပါမဖြစ်ပါ။ အမျိုးသားများအတွက်ကတော့ ဆီးကြိတ်ခွဲခြင်းလို အောက်ပိုင်း ခွဲစိတ်မှုလုပ်ပြီးတိုင်း ကြွက်သားတွေ ပြန်သန်မာလာအောင်၊ အကြောင်းအမျိုးမျိုးကြောင့် ဆီးမထိန်းနိုင်ဖြစ်နေတဲ့ လူနာများကို ဆီးပြန်ထိန်းနိုင်အောင် လေ့ကျင့်ပေးရာမှာ ဒီလေ့ကျင့်ခန်းကိုပဲ လုပ်ခိုင်းရပါတယ်။

ကျန်းမာသန်စွမ်းကြပါစေ။

စာကြွင်း။ www.mlgbts.com မှကူးယူဖော်ပြပါတယ်။ ဘလော့ခ်ရေးသူကိုတော့ မမှတ်ထားလိုက်မိလို့ဆောရီးပါ။

No comments: