Thursday, March 1, 2012

သူငယ်ချင်းရေ

သို့/

သူငယ်ချင်းရေ

နေကောင်းတယ်မဟုတ်လား သူငယ်ချင်း။ ဆောင်းအကုန်နွေအကူးဆိုတာ သိပ်မသိသာလိုက်ပါဘူး ရန်ကုန်မှာလေ။ မင်းတို့ဆီမှာတော့ အအေးမကုန်သေးဘူးဆိုတာမင်းပြောလို့သိရတယ်။ ဒီမှာကတော့ မနက်ခင်းမိုးလင်းပိုင်းလေး မဆိုစလောက်လေးအေးတယ်လေ။ ချမ်းတယ်လို့မပြောဘူးနော်။ သူငယ်ချင်းဆီစာမရေးဖြစ်တာ နှစ်ချီကြာနေပြီဖြစ်ပေမဲ့ ပြောစရာအကြောင်းအရာကတော့ သိပ်ပြီးထူးထူး ထွေထွေမရှိပါဘူးကွာ။

'ဟီရိသြတ္တပ' ဆိုတဲ့ အရှက်အကြောက်တရား နှစ်ပါးကိုသိပ်သတိမမူမိတော့တဲ့ အမျိုးသားအချို့အကြောင်း ပထမဦးဆုံးပြောပြချင်တယ်။ အခုတလော ရန်ကုန်မှာ အဓိပတိ ပါရမီယာဉ်လိုင်းတွေမှာ အမျိုးသမီးသီးသန့်ယာဉ်ပြေးဆွဲတာတွေ၊ Whistle for help လို့ခေါ်တဲ့ ၀ီစီနဲ့ လက်ကမ်း စာရွက်လေးတွေ လိုက်ဝေတဲ့အစီအစဉ်လေး တွေကိုမြင်ရတာ၊ ဂျာနယ်ထဲမှာ ဖတ်လိုက်ရတာက ကားနောက်ပိုင်းခုံမှာ အသက်၄၀အရွယ် အမျိုးသားတစ်ယောက်ဟာ ဘေးမှာ အမျိုးသမီးခရီးသည်ပါတာတောင် သတိမမူပဲ တစ်ကိုယ်ရည်အာသာဖြေတဲ့ကိစ္စ လုပ်နေလို့ ဘေးက အမျိုးသမီးရှက်ပြီး ကားပေါ်ကဆင်း ခဲ့ရကြောင်း စသဖြင့်အကြောင်းအရာစုံလတ်တလောမြင်ရဖတ်ရတွေ့ရ မျက်လုံး ပြူးစဖွယ် ကြားသိရ ပါတယ်။

အမျိုးသားတွေက အရာရာမှာ တက်ကြွလှုပ်ရှားသူဖြစ်တယ်ဆိုတာတော့လက်ခံပါတယ်။ ဒါပေမဲ့ မိမိရဲ့ တဏှာရာဂစိတ်ကို လူသူကြား မရှောင် သောင်းကျန်းတာကတော့ နည်းနည်းတော့လွန်နေပြီလို့ အပြစ်တင်ချင်ပါရဲ့။ ကိုယ်လည်း ယောက်ျားပါပဲ ဒါပေမဲ့ အဲဒီလောက် ကြီးတော့ ကိုယ့်စိတ်ကိုကိုယ် ချွန်းမအုပ်နိုင်လောက်အောင် လွှတ်မပေးတတ်ပါဘူး။ အရှက်အကြောက်တရားက မိန်းကလေးတွေမှရှိရတဲ့ တရားမဟုတ်ပါဘူး မကောင်းမှုကိုပြုလုပ်ရမှာ ကြောက်ခြင်းရှက်ခြင်းဆိုတာ အမျိုးသားတွေမှာလဲရှိသင့်တယ်လေ ဟုတ်တယ်ဟုတ်။ အလုပ်မှာ အချိန်အားရလို့ လုပ်ဖော်ကိုင်ဖက်ခြင်းစကားစုပြောဖြစ်တော့ ဟိုးအရင်ကလည်း ရှိဖူးကြောင်း ဘယ်လိုတွေကြုံ တွေ့ရ ကြောင်းကိုပြောဆိုရယ်မောဖြစ်ကြပါတယ်။ တစ်ခုစဉ်းစားမိတာက အဲလိုကာယအိနြေ္ဒပျက်အောင် တစ်မျိုးမျိုးအနှောင့်အယှက်ခံရသူဟာ ကိုယ့်အစ်မ နှမ အမေ အဒေါ်တွေဆိုရင် ဘယ်လိုများခံစားရယ်မောကြမှာပါလိမ့်။ အွန်လိုင်းမှာ ဟိုသည်မွှေကြည့်တော့ မြန်မာပြည်က ဘတ်စ်ကားတွေပေါ်မှာလို ယာဉ်ပေါ်မှာအမျိုးသမီးတွေအနှောင့်အယှက်ခံရတာဟာ နေရာအနှံ့မှာဖြစ်တတ်ကြတယ်လို့ဆိုတယ်။ ဘာကြောင့်များလဲ အချောင်စိတ်တွေ ရာဂစိတ်တွေကိုသာ အလေးမူနေကြပြီလား အမျိုးသားကြီးများရယ်လို့ဆိုရမယ်ထင်တယ်နော်။

ချစ်ခင်နှစ်သက်မှုနှင့် လိင်အထိအတွေ့က မတူဘူးကွဲပြားတယ်လို့ဆိုမလား ဂျာနယ်တစ်စောင်ထဲမှာဖတ်မိရတဲ့အကြောင်းအရာကို ပြော ပြချင်တယ်ကွာ။ အရွယ်မရောက်သေးသူများ မိန်းမလျာတို့၏ သားကောင်ဖြစ်တတ်ပုံတဲ့ ဆောင်းပါးခေါင်းစဉ်က။ အိုအေစစ်ဂျာနယ်မှာ ပါတဲ့ဆောင်းပါးလေးတစ်ပုဒ်ပါ။ ဆရာဝန်တစ်ယောက်က နက်ကတော် ဦးတင်ဝင်းကို မေးခွန်းတစ်ခုထုတ် နတ်ကတော် ဦးတင်ဝင်းက ပြန်ဖြေထားတာကိုဖတ်မိပြီးအတွေးဝင်ကာ ပြန်ပြောဖြစ်ခြင်းနော်။

'ခင်ဗျားကို ယောက်ျားကြီးတွေကို ကြိုက်မယ့် ယောက်ျားတွေကို ဘယ်ကသွားရှာလဲ'

'ကျွန်တော်တို့ မိန်းမလျာတွေနဲ့ ကာမဆက်ဆံတဲ့ ယောက်ျားတွေကို ဘန်းစကားနဲ့ (အခြောက်လင်) လို့ခေါ်ပါတယ်။ ဒါပေမဲ့သူတို့က အခြောက်မဟုတ်ဘူး။ သူတို့မှာ ဇနီး၊သားသမီးရှိတယ်။ အခြောက်လင်ကို ဘယ်လိုရှာသလဲဆိုတော့ လူပျိုဖော်မ၀င်မီနဲ့ ၀င်ဆဲယောက်ျား လေးတွေကို အသက်(၂၀)နှစ် (၂၅)နှစ် အခြောက်တွေက ခင်အောင်ပေါင်း၊မုန့်ကျွေးပြီး အတွေ့အထိပေးလိုက်တာပါပဲ။ ဒီအရွယ်တွေက လူပျိုသိပ်မဖြစ်သေးပါဘူး။မိန်းမနဲ့အတွေ့အထိမရှိခင်မှာ ကျွန်တော်တို့က အငွေ့မဟုတ်ဘဲ အတွေ့ပေးလိုက်တာပါ။ သူတို့လည်း မိန်းကလေးရည်းစားရှိတာပဲ။ပုံမှန်ယောက်ျားတွေပါ။ လူကြီးတွေကို အခြောက်လင်လုပ်ဖို့ စည်းရုံးလို့မရဘူးလားဆိုတော့ရပါတယ်။ ဒါပေမဲ့ တအားခက်တယ်။လူပျိုမဖြစ်တဖြစ်တွေကအလွယ်ဆုံးပဲ'

ကဲ ဘယ်လိုလဲ အဲဒီဆောင်းပါးမှာ အဲလိုရေးထားတာအပြင် ဆောင်းပါးရှင်ကပြောထားသေးတယ် ကျူရှင်ဆရာ ဦးကိုကိုလတ်က ကျောင်းသားလေး မောင်တင်ဦးကို အခြောက်လင်ဇာတ်သွင်းခဲ့သောနည်းပင်ဖြစ်ပါကြောင်းတဲ့လေ။သူငယ်ချင်းအနေနဲ့ရော ချစ်ခင် နှစ်သက်မှုနဲ့ လိင်စိတ်ခံစားမှုက အတူတူပဲလို့ယူဆသလားဟင်။

စကားမစပ် Presenter နဲ့ Announcer ကအတူတူပဲလို့သာမန်အားဖြင့်ထင်မိပါတယ်။ ကိုဆန်းထွဋ်ရဲ့ အင်တာဗျူးလေးကိုဖတ်မိတော့မှ ကွဲကွဲပြားပြားမြင်မိတော့တယ်လေ။ Presenter ဟာ Announcer မဟုတ်ပါဘူး။ Announcer ဆိုတာ သူ့လက်ထဲမှာရှိတဲ့ဟာကို Announce လုပ်ပေးရတာပေါ့။ Presenter ကျတော့ Master of Stage သူက MC တစ်ယောက်အနေနဲ့က တာဝန်ယူရတဲ့ ပွဲကြီးတစ်ပွဲ လုံးရဲ့ မာစတာဖြစ်သွားပြီ။ အဲဒီ့ပွဲတစ်ပွဲဟာ ဟသွားတာ လစ်ဟာသွားတာတွေ အားလုံးမှာ သူဟာပါဝင်ဖြည့်ဆည်းပေးနိုင်ရမည်။ အဲဒီ အရည်အချင်းတွေ Presenter မှာရှိဖို့ဘာတွေဖြည့်ဆည်းရမယ်ဆိုတာကိုလည်းပြောထားပါသေးတယ်။ အင်း သူပြောတာ့အလုပ် သဘောသဘာဝမတူ လုပ်ကိုင်ရတာခြင်းမတူဆိုတာတွေကိုဖတ်မိရတော့ မြန်မာပြည်က အလုပ်အကိုင်အတော်များများမှာ လုပ်ငန်း သဘောဝရောထွေးလုပ်ကိုင်ပေးနေရတဲ့ ၀န်ထမ်းများဘက်က လုပ်ငန်းပိုင်ရှင်များကို ဘယ်လိုတုံ့ပြန်ပြောဆိုခွင့်များရှိမှာပါလိမ့်လို့ အတွင်းဝင်မိပါတယ်။ သူငယ်ချင်းကရော ဘယ်လိုထင်လဲပြောပြဦးနော်။

ဓာတ်ပုံတွေရိုက်တာပဲဖြစ်ဖြစ် မဂ္ဂဇင်းကာဗာတွေအလှဓာတ်ပုံတွေမှာပဲဖြစ်ဖြစ် မော်ဒယ်တွေက Sexy Pose ကိုအသားပေးရိုက်ခံတတ်ကြ ပါတယ်။ အဲလိုပုံတွေကို ကြည့်သူတိုင်းက သဘောကျတတ်ကြတယ် နှစ်သက်လက်ခံကြတယ်လို့ သူငယ်ချင်းထင်လား။ ကိုယ်လည်း Sexy Pose နဲ့ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကြည့်ရတာ သဘောကျတယ် မော်ဒယ်တွေရဲ့ခန္ဓာကိုယ်အချိုးအစားကျမှုကိုနှစ်သက်တတ် ပါတယ်။ ဒါပေမဲ့ Sexy Pose နဲ့ ဓာတ်ပုံအရိုက်ခံတာနဲ့ပတ်သက်ပြီး အမျိုးသားမော်ဒယ်တစ်ယောက်ဖြေထားတာလေးကို ပိုသဘောကျ တွေးမိရပါတယ်။ သူက 'Sexy Pose ဆိုတာကိုက လိုက်ဖက်တယ်ဆိုရင်ကောင်းတယ်။ မလိုက်ဖက်ဘဲ အတင်းဝတ်ထားရင် ကြည့် မကောင်းဘူး။ Sexy ၀တ်ထားတဲ့မိန်းကလေးတွေဆိုရင်တော့ အထင်သေးလားဆိုရင် အထင်မသေးပါဘူး။ဘာကြောင့်လဲဆိုတော့ အ၀တ် အစားနဲ့စိတ်ဓာတ် ဆိုင်မှမဆိုင်တာ။ Sexy ပုံစံမျိုးကိုတော့ ကြိုက်တယ်။ အဲဒီလိုပုံစံမျိုးကိုဖြစ်ချင်တယ်။ Sexy Pose ပိုင်တဲ့ Sexy နဲ့ လိုက်တဲ့မိန်းကလေးတွေဆိုရင် အရမ်းသဘောကျတယ်။ အ၀တ်အစားနဲ့ဒီဇိုင်း ကိုပြောတာပါ။ Sexy စိတ်ဓာတ်ရှိတဲ့ မိန်းကလေးမျိုးကို တော့ လုံးဝမကြိုက်ဘူး' တဲ့ဖြေပါတယ်။ ကိုယ်လည်းသူ့အတွေးအမြင်ကိုသဘောကျတယ်ဗျ။ Sexy ဖြစ်အောင်ဝတ်တတ်စားတတ်တာကို သဘောကျတယ် ဒါပေမဲ့ Sexy ဆန်တဲ့စိတ်မျိုးရှိသူကိုတော့ လုံးဝသဘောမကျပါဘူး။

ငယ်ငယ်ရွယ်ရွယ်နဲ့ အတောင်အလက်စုံတတ်တဲ့ စုံချင်ကြတဲ့လူငယ်လေးတွေကိုမြင်ရတာကိုလဲ ပြောချင်သေးတယ်ကွ။ ကိုယ်တွေလည်း အသက်သိပ်မကြီးသေးပါဘူး။ ဒါပေမဲ့ ကိုယ်တို့ရဲ့နောက်ထပ်မျိုးဆက်သစ်တစ်ချို့ဟာ တော်တော့်ကို ဆရာကျနေကြတာနော်။ ပညာ အရာ စီးပွားရှာတတ်တာ၊ ခေတ်ရှေ့ပြေးပြီး အရာရာမှာ ရလဒ်မျှော်လုပ်ကိုင်တတ်တာ စတာတွေကိုတော့ သဘောကျမိပါတယ်။ ကိုယ် မင်းကိုပြောပြချင်တာက လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး ရှေ့စောရောက်လွန်းတာကိုပဲ။ မီဒီယာတွေကြောင့်လို့ လက်ညှိုးထိုးလို့ရပေမယ့် သူတို့ကိုယ်တိုင်က ဒါကိုခေတ်မှီတယ် သူတို့အခွင့်အရေးသူတို့လုပ်တယ်လို့ ယူဆလာကြတာကိုတော့ နည်းနည်းလမ်းမမှန်ဘူးလို့ ဆိုရမယ်နော်။ 'ဆယ်ကျော်သက်အရွယ် ကျောင်းစိမ်းဝတ်စုံနဲ့စုံတွဲလေးတစ်တွဲ ကန်တော်ကြီးပန်းခြံဘမ်းမတလျှောက် လမ်းလျှောက် လာတယ် ကောင်လေးကို ကောင်မလေးက ခါးကိုဖက်ထားတယ်။ ကောင်လေးက နည်းနည်းအရပ်ရှည်တော့ ကောင်မလေးပခုံးကို ဖက်ရင်း လက်တစ်ဖက်က ကောင်မလေးရင်နှစ်မွှာကြားထဲ ရောက်ရောက်သွားတတ်တယ်။ ခဏနေတော့ kissing ကို လုပ်တယ်။ ပြီးတော့ လမ်းဆက်လျှောက်တယ် အေးဆေးပဲ' ဘယ်လိုလဲ ကိုယ့်သူငယ်ချင်းပြန်ပြောပြတဲ့ဖြစ်ရပ်လေးကို။ ဒါတောင်နော် ကလေးက ကလေး ပြန်ချီထားတဲ့ ငယ်ငယ်ရွယ်ရွယ်အိမ်ထောင်ပြုထားသူတွေကလေးချီ အပြင်ထွက်လာတာကို ကိုယ့်သူငယ်ချင်းမမြင်ဖူးသေးဘူး။

ကိုယ်တွေ သူတို့အရွယ်တုန်းက ရုပ်ရှင်အကြောင်း ဂီတအကြောင်း လေ့လာရေးခရီးထွက်ဖို့အကြောင်းတွေဘက်ကို ပိုအာရုံရောက်ပါ တယ်။ လိင်မှုကိစ္စမှာ ရည်းစားထားသာထားတယ် ရှေ့တစ်လှမ်းတိုးဖို့စိတ်ကူးမရှိခဲ့ပါဘူး။ ကိုယ့်ဘ၀တိုးတက်လမ်းအတွက် ဘာလုပ် သင့်တယ် ဘာလုပ်ရမယ် သူများတွေဘာလုပ်နေပြီဆိုတာကိုပဲ အထူးအာရုံကျခဲ့တာပါ။ လိင်မှုကိစ္စစောစောပိုပြီးခံစားဖူးတာက ဆရာပို ကျတယ် ဟီးရိုးပိုဖြစ်တယ်လို့ ခုနောက်ပိုင်း လူငယ်တချို့ကထင်မြင်လာကြပုံပဲ။ သူငယ်ချင်းတို့ နယ်မြို့လေးတွေမှာရော လူငယ်တွေ ဒီလိုအာရုံကျမှုတွေဖြစ်နေပြီလား ပြောပြဦးနော် မင်းစာရေးပို့တဲ့အခါ။

မကြာခင်သောကာလမှာ လစ်လပ်မဲဆန္ဒတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲတွေလုပ်တော့မှာပါ။ တစ်ချို့ရပ်ကွက်ရုံးတွေမှာ မဲပေး နိုင်တဲ့လူစာရင်း ဘယ်မှာမဲပေးရမယ်ဆိုတဲ့စာရွက်တွေတောင်ကပ်ထားပြီပြောတယ်။ အမေစုတို့ပါတီကိုတော့ ကိုယ်ငယ်ငယ်ကတည်းက ယုံကြည်တယ်အားကိုးတယ် သူတို့အမှန်တကယ်ပြည်သူတွေအတွက် အလုပ်လုပ်ပေးနိုင်မယ်လို့မျှော်လင့်စောင့်စားမိတာအမှန်ပဲဗျ။ အမေစု ဘယ်နေရာသွားသွား ပြည်သူတွေက သောင်းသောင်းဖျဖျကြိုဆိုအားပေးတဲ့မြင်ကွင်းကိုမြင်ရဖတ်ရကြားရတာ ကြက်သီးမွှေးညှင်း တောင်ထမိတယ်သိလား။ ပုဂ္ဒိုလ်ရေးအရပြောရရင် အမေစုလို အမေမျိုးကိုယ့်အမေကိုလည်းဖြစ်စေချင်တာပါ။ ဒါပေမဲ့ နိုင်ငံအရေးနဲ့ ကြည့်ရင်တော့ သူတို့ပါတီသည် အမှန်တကယ်အားကိုးထိုက်အောင် အလုပ်လုပ်မယ်လို့ယုံကြည်ကိုးစားမိလို့ တကယ့်ကို အားပေးမိ ရခြင်းဖြစ်ပါတယ်။ ကြောက်လို့တို့ တစ်ခုခုရမလားမျှော်ကိုးတာတို့ ပေါ်ပြူလာဖြစ်အောင်လို့ ဟိုနေရာပါရ ဒီနေရာပါရလို့ဆိုတဲ့ အ ကြောင်းတွေနဲ့ ဟိုပါတီကိုအားပေး ဒီပါတီကိုအားပေးလုပ်တာတော့ ကိုယ်က၀ါသနာမပါ မကြိုက်ဘူးဗျ။ အမြင်ကတ်တယ်။ 'နေစမ်းပါဦး မင်းနဲ့ နိုင်ငံရေးဘာဆိုင်လဲ ကိုယ့်အလုပ်ကိုယ်လုပ်အေးဆေးပေါ့'လို့ သူငယ်ချင်းတစ်ယောက်ကပြောတယ်။ ဟုတ်ပါတယ် ငါအခု လော လောဆယ် ဘယ်ပါတီ ဘယ်နိုင်ငံရေးအသင်းအဖွဲ့ကိုမှ ၀င်ရောက်မလှုပ်ရှားပါဘူး။ ဒါပေမဲ့ ကိုယ်ထမင်းစားနေတာ ရေသောက်နေတာ အလုပ်လုပ်နေတာလဲ နိုင်ငံရေးမဟုတ်ဘူးလား။ မိမိနေထိုင်နေတဲ့ နိုင်ငံ အလုပ်လုပ်နေ စီးပွားရှာနေတဲ့ မွေးရပ်မြေ နိုင်ငံ့အရေးကို စိတ်ဝင် စားမိတာ ဘာမှမဆိုင်ဘူးလား သူငယ်ချင်းရယ်လို့သူ့ကိုပြန်ပြောမိပါတယ်။ ထားပါလေ ကိုယ်ငယ်ငယ်ကတည်းကလို့ပြောရရင် တစ် သက်နီးပါးလုံး မျက်စိပိတ်နားပိတ်နေခဲ့ရတာအခုမှ လေ့လာခွင့်ရစပြုတဲ့ နိုင်ငံရေးကိုဘာဆိုတာသေချာတော့ မရှင်းပြတတ်ဘူး။ နိုင်ငံရေး၊ လူမှုရေး၊စီးပွားရေး၊ဘာသာရေးစတဲ့အရေးတွေဟာ လူတစ်ယောက်အသက်ရှင်သန်နေတဲ့ကာလတလျှောက် မလွဲမသွေပတ်သက်ရမယ့် အရာတွေဖြစ်တာတော့အမှန်ပဲမဟုတ်လား။

ဟဲဟဲ...သူငယ်ချင်း ပြောစရာစကားထွေထွေထူးထူးမရှိပါဘူးဆိုပေမဲ့ ဖတ်ရတာ မျက်စိညောင်းသွားပြီမဟုတ်လား။ ကိုယ်တို့သူငယ်ချင်း နှစ်ယောက်တွေ့ကြရင် တစ်နေကုန်ပြောစရာစကားမကုန် အကြောင်းအရာမထပ်ပြောတတ်ကြတာထက်စာရင်တော့ နည်းသေးတာ ပေါ့နော် ဟုတ်တယ်ဟုတ်။ ဒီတစ်စောင်တော့ ဒီလောက်ပဲရေးလိုက်တယ်နော်။ သူငယ်ချင်းပြန်စာရေးတာကိုမျှော်နေပါမယ့်။ ဒါပေမဲ့ မင်းကအလုပ်များနေတော့ အားမှရေးပါ။ ငါ့ကိုသတိရနေရင်ပြီးတာပါပဲ။ ကိုယ်ရေးခဲ့တာတွေက အစပေးစဉ်းစားစရာတွေပေးတဲ့သဘော ဖြစ်နေတာတော့အမှန်ပဲလေ။ အဲဒါကမင်းစာပြန်ရေးဆွေးနွေးဖို့ပဲပေါ့။

နွေရာသီ နေပူပူ အပြင်ကပြန်လာရင် ချက်ချင်း ခြေထောက်တွေကို ရေလောင်းဆေးတာမျိုး ရေချိုးပစ်တာမျိုး မလုပ်ရ။ ချွေးများများ ထွက်ရင် ရေများများသောက် ဓာတ်ဆားသောက်ချင်လည်းသောက် ဟုတ်ပြီနော်။ ဆရာလုပ်တာဟုတ်ဘူး အကြံပေးတာ...ဟိ။

သတိရခြင်း....တမ်းတခြင်း...ချစ်ခြင်းများစွာဖြင့်

ဇာနည်

No comments: