Thursday, March 8, 2012

ဝိပဿနာရေးရာ အမေးအဖြေများ

ဘုရားစေတီပဲသွားသွား ကမ္မဋ္ဌာန်းရိပ်သာကိုပဲသွားသွား တရားအားထုတ်တယ်ဆိုတဲ့အလုပ်ကိုလုပ်ဆောင်နေသူ အများ အပြားကိုတွေ့ရပါတယ်။ တရားအားထုတ်တယ်ဆိုတာဘာပါလဲ? တရားအားထုတ်ချင်ရင် ဘယ်တရားကိုအားထုတ်ရ မှာပါလဲ? ပြီးတော့ နိဗ္ဗာန်ချမ်းသာရဖို့ တရားအားထုတ်ရတာ လွယ်ကူပါသလား? ဆိုတဲ့အမေးလေးတွေကတော့ လူတိုင်း စိတ်ထဲ သိချင်စိတ်ဖြစ်မိကြမှာပါ။ ဒါကြောင့် ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒ ရဲ့ ပိပဿနာတရားသင်တန်း အမေး အဖြေများ (၁) စာအုပ်လေးထဲက ဒီမေးခွန်းသုံးခုကိုဖြေကြားထားချက်လေးများအား အရင်ဦးဆုံးကူးယူဖော်ပြပါရေစေ။

မေး - တရား ဘာလို့အားထုတ်ကြပါသလဲ။

ဖြေ - ကောင်းကျိုးချမ်းသာကို လိုလားလို့ တရားအားထုတ်ကြပါတယ်။ သံသရာမှ ထွက်မြောက်ချင်လို့၊ ၀ဋ်ဒုက္ခဆင်းရဲမှ ကင်းဝေးချင်လို့၊ အပါယ်မကျချင်လို့ ဆိုပြီး အဖြေပေးရင်လဲမှန်ပါတယ်။ ဆင်းရဲဒုက္ခမျိုးစုံမှ လွတ်မြောက်ပြီး နိဗ္ဗာန်ချမ်းသာ ရဖို့လို့ ဖြေရင်လည်း မှန်တာပဲ။

ချမ်းသာဆိုတာ လောကီချမ်းသာ၊ လောကုတ္တရာချမ်းသာ။ လူတို့ရဲ့ ကာမဂုဏ်ချမ်းသာ၊ နတ်တို့ရဲ့ ကာမဂုဏ်ချမ်းသာ၊ ဗြဟ္မာတို့ရဲ့ ဈာန်ချမ်းသာ၊ ၀ိပဿနာချမ်းသာ၊မဂ်ချမ်းသာ၊ ဖိုလ် ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာလို့လည်းအဆင့်အတန်းအလိုက် (၇) မျိုး ရှိတယ်။

ရှာဖွေလို့ရရှိတဲ့ချမ်းသာ၊ ရရှိတာကို ခံစားတဲ့ချမ်းသာ၊ ခံစားတဲ့အခါ အကြွေးကင်းတဲ့ချမ်းသာ၊ နောက်ပြီး အပြစ်ကင်းတဲ့ ချမ်းသာလို့လည်း (၄) မျိုးရှိတယ်။

ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာလို့လည်း ရှိတယ်။အခု လက်ငင်းချမ်းသာ၊ နောက်တမလွန်ချမ်းသာလို့လည်း ရှိတယ်။

တကယ်တမ်းကတော့ အခုလက်ငင်းရော၊ နောင်အချိန်တွေမှာပါ ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာဖြစ်ပြီး နိဗ္ဗာန်ချမ်းသာကို ရရှိ၊ ရောက်ရှိချင်လို့ တရားအားထုတ်ကြတာပါ။

မေး - တရားအားထုတ်ချင်ရင် ဘယ်တရားကိုအားထုတ်ရပါမလဲ။

ဖြေ - တရားဆိုတာ ပါဠိစကား 'ဓမ္မ'ကိုခေါ်ပါတယ်။ ဓမ္မရဲ့ အဓိပ္ပာယ်တွေက သဘောတရား၊ ပရိယတ္တိစာပေ၊ မှန်ကန်တဲ့ သစ္စာ၊ အသိဉာဏ်၊ သိသင့်တဲ့ တရား၊အကြောင်းအကျိုး စတဲ့ အနက်အဓိပ္ပာယ်တွေ ရှိပါတယ်။

ကောင်းကျိုးချမ်းသာကို လိုလားလို့၊ တရားအားထုတ်ကြတဲ့ သူတွေအတွက် ကောင်းကျိုး ချမ်းသာ ရစေနိုင်တဲ့အကြောင်း၊ ကုသိုလ်အလုပ်၊ ကုသိုလ်တရားကို အားထုတ်ရပါမယ်။ ကုသိုလ်ကလွဲလို့ ကောင်းကျိုး ချမ်းသာပေးနိုင်တဲ့ တရားဆိုတာ မရှိပါဘူး။

ကုသိုလ်က ဒါန- အလှူပေးတာ။ သီလ -ကိုယ်နှုတ်ကို စောင့်ထိန်းတဲ့ စည်းကမ်း ရှိတာ။ သမထမိမိစိတ်ကိုအပြစ်ကင်းပြီး တည်ကြည် ငြိမ်းချမ်းအောင်ထိန်းသိမ်း စောင့်ရှောက်တာ။ ၀ိပဿနာ - သဘောတရားအရှိအမှန်ကို တရားသဘောရယ်လို့ အသိဉာဏ်နဲ့ အရှိအတိုင်း အမှန်အတိုင်း ကြည့်နေ၊ သိနေတာလို့ (၄) မျိုးရှိပါတယ်။

ကြီးသူကို ရိုသေတာ၊ ဝေယျာဝစ္စ လုပ်ပေးတာ၊တရားနာတာ၊ တရားဟောတာ၊ အမျှပေးဝေတာ၊ သာဓုခေါ်တာ၊ လောကကို သဘောပေါက် နားလည်ပြီး အမြင်မှန်နဲ့ ကြည့်တတ်တာတွေဟာလည်း ကုသိုလ် ဖြစ်စေတဲ့တရားတွေပေါ့။

ကုသိုလ်ဖြစ်နေရင် အမြဲတမ်း ကောင်းကျိုးချမ်းသာတွေ ရနေတယ်။ အကုသိုလ်အပြစ်၊ မကောင်းကျိုး ဆိုးဒုက္ခတွေလည်း ကင်းပျောက်နေတယ်။ ကုသိုလ် ဖြစ်နေသူဟာကိုယ့်စိတ်ထဲမှာကိုပဲ ကြည်လင် အေးချမ်းပြီး ချမ်းသာရဲ့အရသာကို ကိုယ်တိုင် မြင်နေ၊ သိနေတယ်။ ဒီလောက်ကောင်းကျိုး ချမ်းသာ ပေးတဲ့ ကုသိုလ်ကို လိုချင်၊ ရချင်ရင်တော့ သင့်တော် မှန်ကန်တဲ့ နှလုံးသွင်းစိတ်ထားကို အမြဲတမ်းလက်ကိုင်ထားရမယ်။

ကုသိုလ်က ကောင်းကျိုးချမ်းသာပေးတဲ့ သဘောအနေနဲ့ တစ်မျိုးတည်းပါ။ ဒါပေမဲ့ ဒါနက စီးပွား ဥစ္စာပြည့်စုံရရှိမှုကိုလည်း ထပ်ပြီး အကျိုးပေးတယ်။ သီလကအသက်ရှည် ကျန်းမာစေတယ်။ သမထက နှလုံးစိတ်ဝမ်းအေးချမ်းတည်ကြည်မှုကို ရစေတယ်။ အသိဉာဏ် တိုးတက်တဲ့ အကျိုးကိုတော့ ၀ိပဿနာက ပေးစွမ်းနိုင်တယ်။

ကောင်းကျိုး ချမ်းသာ အမျိုးမျိုးကို စုံနေအောင်ရချင်၊ ခံစားချင်တဲ့ သူတွေအတွက် ကုသိုလ်ကိုလည်း အမျိုးစုံ အောင်လုပ် ကြဖို့ အရေးကြီးတယ်။ ကုသိုလ်တရားကို အားထုတ်ရမယ်။

သီးခြားအနေနဲ့ ကိုယ်ချမ်းသာ၊ စိတ်ချမ်းသာအောင်နေတတ်ပြီး၊ နိဗ္ဗာန်ချမ်းသာအထိ အလိုရှိတယ်ဆိုရင် သတိ ပဋ္ဌာန် တရားကို ကြိုးစားအားထုတ်ကြရမှာ ဖြစ်ပါတယ်။

မေး - နိဗ္ဗာန်ချမ်းသာရဖို့ တရားအားထုတ်ရတာ လွယ်ကူပါသလား။

ဖြေ - နိဗ္ဗာန်ရဖို့ သတိပဋ္ဌာန်တရားအားထုတ်ရတာ "လွယ်ပါတယ်" လို့ ဖြေရင် နိဗ္ဗာန်၊ နိဗ္ဗာန်နဲ့စပ်တဲ့ တရားတွေကို ပေါ့ပေါ့ဆဆ ဂရုမစိုက်ဘဲ ဖြေလိုက်သလို ဖြစ်လို့တရားတော်ကို မလေးစားရာ၊ ဂါရ၀ မရှိရာ ရောက်သွားနိုင်ပါတယ်။

ဒါဖြင့် "ဘယ်လွယ်ပါ့မလဲ၊ မလွယ်ကူဘူး" လို့ဖြေရင်လည်း နိဗ္ဗာန်ချမ်းသာကို လိုလားကြတဲ့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတွေရဲ့ သဒ္ဓါ၊ ဆန္ဒ၊ ၀ီရိယတွေကို လျော့နည်းသွားစေတတ်လို့ ဒီလိုလည်း မဖြေသင့်ပါဘူး။ ထမင်းအိုး တည်တာနဲ့ လေယာဉ်ပျံမောင်းတာဘယ်ဟာ လွယ်သလဲမေးရင် ထမင်းအိုးတည်တာ လွယ်ပါတယ်လို့ လွှတ်ခနဲ ဖြေကြ မှာပါ။ ထမင်းအိုးတည်တတ်ပေမယ့် လေယာဉ်မမောင်းတတ်၊ လေယာဉ်မောင်းတတ်ပေမယ့် ထမင်းအိုး မတည် တတ်၊ နှစ်မျိုးလုံး လုပ်တတ်၊နှစ်မျိုးလုံး မလုပ်တတ်တဲ့ သူတွေလည်း ရှိပါတယ်။

တကယ်တမ်းကျတော့ ထမင်းအိုး တည်တာပဲဖြစ်ဖြစ်၊ လေယာဉ်မောင်းတာပဲ ဖြစ်ဖြစ်၊ ဘယ်အလုပ်ပဲဖြစ်ဖြစ်၊ လုပ်ချင်စိတ် ရယ်၊ လုပ်တတ်တာရယ်။ လုပ်နေကျရယ် (၃) မျိုးစုံရင် လွယ်တယ်။ မစုံရင် မလွယ်ဘူး။နိဗ္ဗာန်ရဖို့ သတိပဋ္ဌာန် အလုပ် လည်း ဒီအတိုင်းပါပဲ။လုပ်ချင်တဲ့ စိတ်ဆန္ဒရယ်၊ လုပ်တတ်တဲ့ အသိဉာဏ်ရယ်၊ လုပ်နေကျ ၀ီရိယရယ် ဒီသုံးမျိုး ပြည့်စုံရင် လွယ်တယ်။ ဒီသုံးမျိုး မပြည့်စုံရင် မလွယ်ဘူး။ စိတ္တ၊ ဆန္ဒ၊၀ီမံသ၊ ၀ီရိယ ဆိုတဲ့ သတ္တိတွေ အားကောင်းဖို့ အရေးကြီးတာ ပါပဲ။

နိဗ္ဗာန်ရဖို့ သတိပဋ္ဌာန်တရား အားထုတ်တယ်ဆိုတာ ဘာဝနာ ကုသိုလ်ပါ။ စိုးရိမ်သောကကို ပျောက်စေတယ်။ ငိုကြွေးမှု ကင်းတယ်။ ကိုယ်ဆင်းရဲ ဒုက္ခလည်းပျောက်တယ်။ စိတ်ဆင်းရဲလည်း မဖြစ်တော့ဘူး။ စိတ်စင်ကြယ်တယ်။ အရိယာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ရနိုင်တယ်။ နိဗ္ဗာန်ကို ရနိုင်၊ ရောက်နိုင်၊ မျက်မှောက်ပြုနိုင်တယ်။ဒီအကျိုးတရားတွေကို သတိပဋ္ဌာန် အားထုတ်မှု၊ဘာဝနာ ကုသိုလ်က ပေးတာပါ။ ဘာဝနာကုသိုလ် ဆိုတာစိတ်အလုပ် လုပ်ရတာပါ။ ကုသိုလ် တရားတွေ မိမိ စိတ်မှာဆထက်တပိုး တိုးပွားအောင် ကြိုးစားနေရတယ်။ မကောင်းတဲ့ အပြစ်ဖြစ်စေတဲ့ ကိလေသာ နီဝရဏတွေကို ဖယ်ရှားပစ်နေတဲ့ အလုပ်ကို ဘာဝနာလို့ ခေါ်ပါတယ်။

စိတ်အလုပ်ကို လုပ်တယ်ဆိုတော့ နိဗ္ဗာန်ကိုလိုချင်တဲ့ စိတ်ဆန္ဒ ရှိရမယ်။ နိဗ္ဗာန်ကို ရောက်စေနိုင်တဲ့သတိပဋ္ဌာန်၊ မဂ္ဂင် တရား အလုပ်ကို လုပ်တတ်ရမယ်။ လုပ်လည်း လုပ်နေကျ ဖြစ်ရတယ်။ အဲဒီလိုဆိုရင် နိဗ္ဗာန်ကိုရဖို့သေချာသွားတယ်။ လွယ်ကူသွားပါတယ်။

စာကြွင်း။ ။ ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒ ဖြေဆိုပြုစုထားတဲ့ ပိပဿနာတရားသင်တန်း အမေးအဖြေများ (၁) စာအုပ်လေးထဲက အမေးအဖြေလေးတွေကိုအဆက်မပြတ်ပြန်လည်ဝေငှမှာဖြစ်ပါတယ်။ ဆရာတော်က ၀ိပဿနာ သင်တန်းများမှာ သင်တန်းသားများနှင့် အမေးအဖြေပြုလုပ်ဖြစ်ထားချက်များကို ပြန်လည်ပြုစုရေးသားထားခြင်းဖြစ်ကြောင်း ရေးသားထားပါတယ်ခင်ဗျ။

No comments: