Monday, August 13, 2012

Electronic Transaction Law (Episode VI)


အခန်း (၁၀)

စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူခြင်း
၂၈။ ကြီးကြမှ်ုအဖွဲ့သည် သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူက လိုင်စင်စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင်ဖြစ်စေ၊ ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်ဖြစ်စေ ထိုသူအား အောက်ပါစီမံခန့်ခွဲရေး ဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည် 

(က) သတ်မှတ်ထားသော ဒဏ်ကြေးငွေ တပ်ရိုက်ခြင်း၊

(ခ) လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း၊

(ဂ) လိုင်စင်ကို ပယ်ဖျက်ခြင်း။

၂၉။ သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူသည် ငှားရမ်းသုံးစွဲသူက သက်သေခံလက်မှတ်ပါစည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက် ဖျက်လျှင်ဖြစ်စေ၊ ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်ဖြစ်စေ ထိုသူအား အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည် 

(က) သက်သေခံလက်မှတ်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း၊

(ခ) သက်သေခံလက်မှတ်ကို ပယ်ဖျက်ခြင်း။

အခန်း (၁၁)

ပြင်ဆင်ပေးရန် လျှောက်ထားခြင်းနှင့် အယူခံခြင်း

၃၀။ (က) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူက သက်သေခံလက်မှတ် ထုတ်ပေးရန်ငြင်းပယ်ခြင်း၊ သက်သေခံလက်မှတ်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း (သို့) ပယ်ဖျက်ခြင်းနှင့် စပ်လျဉ်း၍ ချမှတ်သည့် အမိန့် (သို့) ဆုံးဖြတ်ချက် တစ်ရပ်ရပ်ကို မကျေနပ်သူသည် အဆိုပါအမိန့် (သို့) ဆုံးဖြတ်ချက် ချမှတ်သည့် နေရက်မှ ရက်ပေါင်း (၃၀) အတွင်း ကြီးကြပ်မှုအဖွဲ့ထံ ပြင်ဆင်ပေးရန် လျှောက်ထားနိုင်သည်။

(ခ) ကြီးကြပ်မှုအဖွဲ့သည် သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူက ချမှတ်သော အမိန့် (သို့) ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင် ဆင်ခြင်း (သို့) ပယ်ဖျက်ခြင်း ပြုနိုင်သည်။

၃၁။ (က) ကြီးကြပ်မှုအဖွဲ့က လိုင်စင်ထုတ်ပေးရန် ငြင်းပယ်ခြင်း၊ သတ်မှတ်ထားသော ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊ လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း (သို့) ပယ်ဖျက်ခြင်းနှင့်စပ်လျဉ်း၍ ဖြစ်စေ၊ ပုဒ်မ ၃၀ ၊ ပုဒ်မခွဲ (ခ)အရ ချမှတ်သည့် အမိန့် (သို့) ဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို ဖြစ်စေ မကျေနပ်သူသည် အဆိုပါအမိန့် (သို့) ဆုံးဖြတ်ချက်ချမှတ်သည့် နေရက်မှ ရက်ပေါင်း (၆၀)အတွင်း ဗဟိုအဖွဲ့သို့ အယူခံနိုင်သည်။

(ခ) ဗဟိုအဖွဲ့သည် ကြီးကြပ်မှုအဖွဲ့ ချမှတ်သော အမိန့် (သို့) ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ပြင်ဆင်ခြင်း (သို့) ပယ်ဖျက်ခြင်း ပြုနိုင်သည်။

၃၂။ ဗဟိုအဖွဲ့က ပုဒ်မ ၃၁ ၊ ပုဒ်မခွဲ (ခ) အရ ချမှတ်သည့် ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။

Note: အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ အခန်းစုစုပေါင်း (၁၃)ခန်းရှိသည်ကို ဆက်လက်ဝေငှပါမည်။

No comments: