Thursday, August 23, 2012

မာမာအေး



'မာမာအေး' တဲ့ သီချင်းဆိုသူနာမည်လေးတစ်ခု။ ဟိုးငယ်စဉ် ကလေးပေါက်စကတည်းက အဒေါ်အပျိုကြီးတွေ ညည်းညည်းနေတတ်တဲ့ သီချင်းတွေ၊ ရေဒီယိုက လာတတ်တဲ့သီချင်းငြိမ့်ငြိမ့်ငြောင်းငြောင်းတွေ၊ အရွယ်လေးရောက်လို့ အမေတို့တာဝန်ကျရာရွာကိုရောက်သွား တော့ အသံချဲု့စက်နဲ့ နေ့ညမပြတ်နည်းပါး ကြားကြားနေရတဲ့ အလှူမင်္ဂလာတေးသံတွေ၊ မြန်မာ့ရုပ်မြင်သံကြား တီဗီအစီအစဉ်က မြင်တွေ့နားဆင်ခဲ့ရတဲ့ သီချင်းတွေ အို.... ကျွန်တော့် တစ်ဘ၀လုံးနည်းပါး ထိတွေ့ နားဆင်နေရတဲ့ သီချင်းဆိုသူတစ်ယောက်က 'မာမာအေး' ပါ။

မြန်မာသံ အဆိုတော်တွေဘယ်လောက်ပဲ ပေါ်ပေါ် ဘယ်သူတွေဘယ်လောက်ဆိုဆို မြန်မာသံသီချင်းများဆိုရင်တော့ 'မာမာအေး' သာဆိုရင် နားဆင်ပြီးသားလို့ပြောရပါမယ်။

'သက်တန့်ပေါ်မှာကစားမယ်' 'ရင်တွင်းဆု' 'မေ့ကွက်ကိုရှာ' 'တစ်နေ့တော့မောင်ပြန်လာမည်' သီချင်းလေးတွေကတော့ ဘာမှန်းမသိ နားထောင်ရင်း အခုအချိန်ထိ အမှတ်ရမိနေဆဲပါ။

အခုအချိန်မှာတော့ မြန်မာသံတွေကို တစ်ခါတရံမှ နားဆင်ဖြစ်ပေမဲ့ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်က ပြောပြစရာတွေ အစီအစဉ်ကို တခုတ် တရ နားဆင်ဖြစ်ပါတယ်။ မနေ့က စာအုပ်ဆိုင်ကိုသွားမွှေတော့ မာမာအေးရဲ့ ကိုယ်ရေးအတ္ထုပ္ပတိတစ်ပိုင်း ရင်ဖွင့်ကြည့်ပါ သူငယ်ချင်း စာအုပ်ကို ဖတ်မိတော့ ကျွန်တော် သဘောတကျ နားဆင်တဲ့ အန်တီ ဒေါ်မာမာအေးရဲ့ ကိုယ်ရေးအကျဉ်းကို တွေ့ရှိလေ့လာမိရပါတယ်။

(ကိုယ်ရေးအကျဉ်း)

(၁) မြန်မာသက္ကရာဇ် ၁၃၀၄ ခုနှစ်၊ ဒုတိယ၀ါဆိုလတွင် မြောင်းမြမြို့ ရှမ်းကုန်းပိုင်း၌ ဖွားမြင်သည်။

(၂) ဖခင် နှဲဆရာ ဦးအေး၊ မိခင် ဒေါ်သန်းနှစ် (အဆိုတော် မြောင်းမြသန်း)

(၃) အမည်ရင်း - မအေးမြင့်

(၄) အသက်သုံးနှစ်ကျော်မှစ၍ ခေတ်သစ်ရာဇ၀င်ပြဇာတ်အဖွဲ့တွင် သီချင်းဆို၊ ပြဇာတ်ကခဲ့သည်။

(၅) အသက်(၈)နှစ်တွင် စတင်အသံလွှင့်ခဲ့သည်။

(က) သန်းသန်းမြင့် အမည်ဖြင့် စန္ဒရားမြမြအေး အပျော်တမ်း တူရိယာအဖွဲ့

(ခ) မြင့်မြင့်အေး အမည်ဖြင့် "ပွင့်ဦးတေးသံ အပျော်တမ်း တူရိယာအဖွဲ့"၊ မြင့်သီရိ အပျော်တမ်း တူရိယာအဖွဲ့၊ ချိုတေးသံ တူရိယာအဖွဲ့

(ဂ) မာမာအေး အမည်ဖြင့် ရဲသီဟ အပျော်တမ်းတူရိယာအဖွဲ့

(ဃ) စစ်ရဲဂီတ တူရိယာအဖွဲ့၊ ကေသီပန် တူရိယာအဖွဲ့၊ ဂီတမာလာ သီချင်းကြီး တူရိယာအဖွဲ့၊စောင်းဦးခင်မြင့် သီချင်းကြီး တူရိယာအဖွဲ့
မန္တလေး စန္ဒရား ဦးအုန်းမောင် သီချင်းကြီး တူရိယာအဖွဲ့

(၆) ၁၉၅၅ ခုနှစ်တွင် သက်တန့်ပေါ်မှာ ကစားမယ် သီချင်းဖြင့် နိုင်ငံသိအဆိုတော်ဖြစ်လာသည်။

(၇) ၁၉၅၆၊၅၇၊၅၈ - ကျောင်းပေါင်းစုံ ကဗျာရွတ်ပြိုင်ပွဲတွင် အလယ်တန်း ပထမဆု သုံးနှစ်ဆက်တိုက်ရရှိ၍ တံခွန်စိုက်ဆုနှင်းခြင်း ခံရသည်။

(၈) ၁၉၅၇ ခုနှစ်တွင် လေးမာ ကလောင်အမည်ဖြင့် ကဗျာ စာညွှန့်၊ သီချင်းများ ရေးခဲ့သည်။

(၉) ၁၉၆၁ မှ ၆၄ ဒုတိယ မြန်မာပိုင်းအစီအစဉ် လက်ထောက်ထုတ်လွှင့်ရေးမှူး။

(၁၀) ၁၉၆၄ မှ ၆၅ မြန်မာနိုင်ငံ ခေတ်ပေါ်တေးဂီတကောင်စီ အမှုဆောင်အဖွဲ့ဝင်။

(၁၁) ၁၉၆၄ မှ ၇၇ မြန်မာ့အသံ လက်ထောက်ထုတ်လွှင့်ရေးမှူး (အလုပ်သမားပညာပေးအစီအစဉ်)

(၁၂) ၁၉၆၈ မှ ၇၀ မြန်မာနိုင်ငံ ဂီတကောင်စီ အမှုဆောင်နှင့် ဂီတပဒေသာ မဂ္ဂဇင်း ကော်မတီဝင်။

(၁၃) ၁၉၆၉ မှ ၇၃ - ရုပ်ရှင်သရုပ်ဆောင်အဖြစ် မြချူသံ၊ သူ့ကိုမှ ချစ်သည်၊ မန်ဒါလီ ရိုက်ကူးခဲ့သည်။

(၁၄) ၁၉၇၁ ခုနှစ်တွင် တေးသံရှင် ဓာတ်ပြားထုတ်လုပ်ရေး တည်ထောင်ခဲ့သည်။

(၁၅) ၁၉၇၄ ခုနှစ်တွင် သိုးကလေးမေမေ လုံးချင်းဝတ္ထုရေးသားခဲ့သည်။

(၁၆) ၁၉၇၆ ခုနှစ်တွင် အေး အဆိုလေ့ကျင့်ရေးကျောင်း တည်ထောင်ခဲ့သည်။

(၁၇) ၁၉၇၇ ခုနှစ်တွင် မာမာအေး တေးဂီတလုပ်ငန်း တည်ထောင်ခဲ့သည်။

(၁၈) ၁၉၈၉ ခုနှစ်တွင် အမျိုးသား ဂီတပညာရှင်များအဖွဲ့ချုပ်၊ အတွင်းရေးမှူး (၁)

(၁၉) ၁၉၉၅ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ မဟာဂီတသီချင်းကြီးများ စိစစ်ရေးနှင့် ဂီတသင်္ကေတ မှတ်တမ်းပြုရေး ကော်မတီအဖွဲ့ဝင်၊ စည်းဝါးသံကျ စိစစ်ရေးအဖွဲ့ အတွင်းရေးမှူး။

(၂၀) ၁၉၉၅၊၉၆၊၉၇တွင် ဆိုကရေးတီးပြိုင်ပွဲ၊ အဆိုအဖွဲ့ အတွင်းရေးမှူး (မဟာဂီတ)

(၂၁) ၁၉၉၇ ခုနှစ်တွင် Studio-A အသံသွင်းခန်း တည်ထောင်ခဲ့သည်။

(၂၂) ၁၉၉၈ ခုနှစ်မှစ၍ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ခေတ္တနေထိုင်လျက်၊ ဂီတမှတ်တမ်းများ ရေးသားပြုစု ရင်း၊ ဆေးပညာ သင်တန်းများ တက်ရောက်သင်ကြားရင်း၊ အမေရိကန်ပြည်နယ်များနှင့် အင်္ဂလန်၊ သြစတေးလျ၊ ဂျပန်နိုင်ငံများရောက် မြန်မာ့ဂီတချစ်သူ များကို သွားရောက် ဖျော်ဖြေလည်ပတ်ရင်း၊ အင်္ဂလန် ဘီဘီစီ မြန်မာပိုင်းအစီအစဉ်မှာ တစ်ဆင့် သောတရှင်ပြည်သူများအတွက် ပြောပြ စရာတွေလည်း တစ်ပုံကြီးရှိသေးတယ် ခေါင်းစဉ်ဖြင့် ရေးသားပေးပို့ အသံလွှင့်နေပါသည်။

မကြာခင် ၂၀၁၂ နှစ်ကုန်ကာနီးမှာ မြန်မာပြည်ကို ပြန်လာပြီး မွေးနေ့အထိမ်းအမှတ် ဂီတပွဲလာလုပ်မယ်လို့ သတင်းတွေကိုဖတ်ရ ကြားမိပါတယ်။ အားတက်သရော သွားရောက်ကြည့်ရှုဖို့ အားခဲထားပါတယ်။

ကျန်းမာပါစေ ပျော်ရွှင် လန်းဆန်းပါစေ အန်တီ 'မာမာအေး' ရေ
မေတ္တာအားဖြင့်
ဇာနည်
စာကြွင်း          မာမာအေး - ရင်ဖွင့်ကြည့်ပါ သူငယ်ချင်း စာအုပ်မှ ကိုယ်ရေးအကျဉ်းကို ကူးယူမှီးငြမ်းသည်။

No comments: