Sunday, August 19, 2012

သတင်း...သတင်းအချို့

မြို့နယ်သုံးမြို့နယ်တွင် ကလေးသူငယ်အမှုများ အခမဲ့ဥပဒေအကျိုးဆောင်ပေးမည်
ရန်ကုန်၊ ဇူလိုင် ၁၀

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အင်းစိန်၊ လှည်းကူး၊ လှိုင်သာယာမြို့နယ်တို့တွင် ကလေးသူငယ်များနစ်နာမှုနှင့်ပတ်သက်၍သာမက ကလေးသူငယ်များအမှုအခင်းများဖြစ်ပွားပါက အထက်တန်းရှေ့နေလေးဦးက အခမဲ့ဥပဒေအကျိုးဆောင်ပေးသွားမည်ဖြစ်ကြောင်း ယင်းဥပဒေ အကျိုးဆောင်က The Voice Weekly သို့ပြောကြားသည်။

အဆိုပါ အထက်တန်းရှေ့နေများမှာ လှည်းကူးမြို့နယ်တွင် ဒေါ်ဖြူမွန်မောင်ကလည်းကောင်း၊ အင်းစိန်မြို့နယ်တွင် အထက်တန်းရှေ့နေ ဒေါ်ဖြိုးဖြိုးအိနှင့် ဒေါ်ခိုင်သဇင်မြင့်ကလည်းကောင်း၊လှိုင်သာယာမြို့နယ်တွင် ဒေါ်မြတ်စုထွေးကလည်းကောင်း ကလေးသူငယ်များ အတွက် ငွေကြေးတစ်စုံတစ်ရာမယူဘဲအခမဲ့ ဥပဒေအကျိုးဆောင်ပေးသွားမည်ဖြစ်ကြောင်း အထက်တန်းရှေ့နေဒေါ်ဖြိုးဖြိုးအိက ပြောကြားသည်။
ယင်းဥပဒေအကျိုးဆောင်များသည် ယခင်က ကလေးသူငယ်နှင့် အမျိုးသမီးများအတွက် UNICEF မှ ရရှိခဲ့သော်လည်း ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင်ယင်း Project ရုပ်သိမ်းသွားခဲ့ကြောင်းအထက်တန်းရှေ့နေ ဒေါ်ဖြူမွန်မောင်ကပြောကြားသည်။

"Project ပိတ်သွားပေမယ့် မပြတ်သေးလို့လိုက်နေတဲ့ အမှုတွေရှိပါသေးတယ်" ဟု ၎င်းင်းကရှင်းပြသည်။ အဆိုပါသုံးမြို့နယ်တွင် အခမဲ့
ဥပဒေအကျိုးဆောင်ပေးရန်မှာ ယခင်ထောက်ပံ့သည့်အဖွဲ့အစည်းရှိစဉ်ကကလေးသူငယ်အမှုများလိုက်ပါဆောင်ရွက်ခဲ့ရာ ယခု Project မရှိသော်လည်းရှေ့နေတာဝန်ကျေပွန်လိုသောကြောင့်ကလေးသူငယ်နှင့်ပတ်သက်သည့် အမှုများတွင် ဥပဒေအကျိုးဆောင်ပေးသွား မည်ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

အဆိုပါမြို့နယ်သုံးမြို့နယ်အတွင်း ကလေးသူငယ်များနှင့်ပတ်သက်၍ အမှုအခင်းများဖြစ်ပွားပါက ဒေါ်ဖြိုးဖြိုးအိ(အင်းစိန်) ၀၉-၄၃၁၃၃၀၁၇၊ ဒေါ်ခိုင်သဇင်မြင့် ၀၉-၇၃၁၄၈၈၇၉၊ ဒေါ်မြတ်စုထွေး (လှိုင်သာယာ) ၀၉-၅၁၈၇၂၈၀၊ဒေါ်ဖြူမွန်မောင် (လှည်းကူး) ၀၉-၄၂၁၀၆၇၂၀၆ စသည့်ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း ၎င်းတို့ထံမှသိရသည်။

ကလေးသူငယ်များမှာ ၎င်းတို့ဘ၀၊ အနာဂတ်နှင့် ထိခိုက်နစ်နာသည့်ဖြစ်စဉ်များဖြစ်ပွားလျက်ရှိရာ ယင်းကဲ့သို့အခမဲ့ ဥပဒေ အကျိုးဆောင် ပေးသည့်အပေါ်ကြိုဆိုကြောင်း ကလေးသူငယ်နှင့်ပတ်သက်သည့် လူမှုရေးလုပ်ငန်းဆောင်ရွက်နေသူ အသက် ၄၃ နှစ်အရွယ်အမျိုးသမီး တစ်ဦးက ပြောကြားသည်။
"သုံးမြို့နယ်သာမဟုတ်ဘဲ မြို့နယ်တိုင်းမှာလုပ်ပေးနိုင်ရင် ကလေးသူငယ်တွေကို ကာကွယ်ရာရောက်တယ်" ဟု၎င်းက မှတ်ချက်ပြု သည်။

၁၀ လအတွင်း မြန်မာနိုင်ငံတွင် Visa Card အသုံးပြုနိုင်မည်
ရန်ကုန်၊သြဂုတ် ၁၅

မြန်မာနိုင်ငံတွင် လာမည့် ၂၀၁၃ခုနှစ်၌ ကျင်းပပြုလုပ်မည့်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) အမီ Visa Card အသုံးပြုနိုင်ရန်စီစဉ်နေကြောင်း သမ၀ါယမဘဏ်မှတာဝန်ရှိသူတစ်ဦးက The Voice Weekly သို့ ပြောကြားသည်။ "ပြည်တွင်းမှာ အရင်ဆုံး MPU Card တွေ သုံးလို့ရမယ်။ အဲဒါပြီးမှ Visa Card တွေ အသုံးပြုလို့ရမှာပါ" ဟု၎င်းကဆိုသည်။
အဆိုပါ VISA Card ရရှိပါက ပြည်ပနိုင်ငံများမှ မည်သည့်နိုင်ငံသားမဆို ဘဏ်စာရင်းဖွင့်ထားနိုင်မည်ဖြစ်ပြီး ဗီဇာကတ်အသုံးပြုရန် ကိုးလခန့်ကြာမြင့်မည်ဖြစ်ကြောင်း ၎င်းင်းက ဆက်လက်ရှင်းပြသည်။သို့သော် အဆိုပါ VISA Card ကို မြန်မာနိုင်ငံသားများအနေဖြင့် အသုံးပြု၍မရသေးကြောင်း ၎င်းကဆိုသည်။

"ပြည်ပမှာ တော်တော်များများက ငွေသိပ်မကိုင်တော့ဘူး။ Plastic Money လို့ခေါ်တဲ့ VISA Card တွေပဲကိုင်တော့တယ်။ အဲဒါကိုသာ မြန်မာပြည်မှာ တရားဝင်ပေးသုံးလိုက်ရင် ပြည်ပက လာမယ့်နိုင်ငံခြားသားဧည့်သည်တွေအတွက် အဆင်ပြေပြီ။ အဲဒီတော့ ပြည်တွင်းမှာ ပိုက်ဆံမရှိတော့လည်း သူတို့ကတ်နဲ့ဆက်ပြီး သုံးလို့ရတယ်။ Tourist Attraction ဖြစ်တဲ့ ချောင်းသာတို့၊ ငွေဆောင်တို့လိုနေရာတွေမှာ ဗီဇာကတ်နဲ့ ငွေပေးလို့ရတယ်ဆိုရင် နိုင်ငံခြားသားဝင်အားလည်း အရင်ကထက် များလာနိုင်တယ်" ဟု အသက် ၂၅ နှစ်ခန့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

"ပြည်တွင်းက လူတွေကိုပါ VISA Card သုံးခွင့်ပေးလိုက်ရင် အွန်လိုင်းပေါ်ကနေ စီးပွားရေးလုပ်တာတို့၊ အွန်လိုင်းပေါ်ကနေ ပစ္စည်း ၀ယ်တာတို့ အဆင်ပြေပါပြီ။ ပြည်ပမှာ အွန်လိုင်းပေါ်ကနေပဲ အလုပ်လုပ်တာများတယ်" ဟု အင်တာနက်အသုံးပြုသူ အသက် ၃၂ နှစ်အရွယ် ဦးအောင်မော်က ဆိုသည်။

မြန်မာနိုင်ငံတွင် VISA Card အသုံးပြုခွင့်ပေးပါက Skype, Pfingo အစရှိသည်တို့ကို ငွေဖြည့်ပေးသော Online ပေါ်မှတစ်ဆင့် ၀ယ်ယူပေးသည့် ၀န်ဆောင်မှုလုပ်ငန်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားဖွယ်ရှိကြောင်း Myanmar Soft-Gate Technology ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးရန်နောင်စိုးက သုံးသပ်ပြောဆိုသည်။ "နိုင်ငံခြား Websites တွေကနေ ပစ္စည်းဝယ်ပေးတဲ့ကုမ္ပဏီတွေ ကတော့ မပျောက်ကွယ်နိုင်သေးဘူး။ e-Bay တို့၊ Amazon တို့ Website တွေက မြန်မာနိုင်ငံကို ပစ္စည်းတိုက်ရိုက်မပို့ပေးနိုင်လို့ပါ" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

"တကယ်လို့ မြန်မာနိုင်ငံမှာ VISA Card ကိုသာ ပေးသုံးမယ်ဆိုရင် လခပေးတာတွေကအစ ပိုင်ရှင်တွေကလည်း ဘဏ်ကိုလွှဲပေးလို့ရ တယ်။ ဘဏ်ကနေတစ်ဆင့် အစိုးရအနေနဲ့ကလည်း ၀င်ငွေခွန်ကို ချက်ချင်းဖြတ်လို့ရတယ်။ အလုပ်လုပ်တဲ့သူတွေလည်း အခွန်ရှောင် လို့မရဘူး။ ဒီလိုပဲနိုင်ငံခြားကလူတွေနဲ့ ဆက်သွယ်ပြီး အလုပ်လုပ်လို့ရပြီ" ဟု စင်ကာပူနိုင်ငံတွင် ဒီဇိုင်နာအလုပ်လုပ်ကိုင်နေသူအမျိုးသား တစ်ဦးကဆိုသည်။

ပြည်တွင်းဘဏ်တစ်ခုဖြစ်သော ကမ္ဘောဇဘဏ်ကို Visa ကုမ္ပဏီမှ လာရောက်ဆွေးနွေးမှုများလည်းရှိကြောင်းကမ္ဘောဇဘဏ်ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ဆိုသည်။
ယင်းအတူ စီးပွားရေးပိတ်ဆို့မှုများပွင့်သွားပါက VISA Card အသုံးပြုနိုင်ရန်အတွက် စီစဉ်သွားမည်ဖြစ်ကြောင်း အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ် (AGD Bank) ၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။ ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ခွင့်ကို ပုဂ္ဂလိက ဘဏ် ၁၁ ခုကို ခွင့်ပြုထားပြီး MPU Card ဖြစ်ပေါ်ရေးအတွက် ဘဏ် ၁၆ ခုနှင့် ချိတ်ဆက်လုပ်ဆောင်နေကြောင်း၊ MPU Card ကို ဖော်ဆောင်ရာတွင် ငွေသားကို ကိုင်တွယ်သုံးစွဲပေးချေနေရာမှ ငွေသားကဲ့သို့ တန်ဖိုးရှိသည့်ကတ်များဖြင့် စက်ကိရိယာနှင့် ဆက်သွယ်မှု ကွန်ရက်ကိုအသုံးပြုပြီး ဘဏ်နှင့် ပြည်သူလူထု၊ ကုမ္ပဏီ၊ ဆိုင်တို့အကြား အပြန်အလှန်ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်သည့်စနစ်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာ၏ဖော်ပြချက်များအရ သိရသည်။

မင်္ဂလာမန္တလေးမြို့သစ်စီမံကိန်း အဆောက်အအုံလေးခုကို တစ်နှစ်အပြီးတည်ဆောက်မည်
မန္တ္တလေး၊ သြဂုတုတ် ၁၁

မန္တလေးမြို့ပြစီမံကိန်းတွင်တစ်ခုအပါအ၀င်ဖြစ်သော မင်္ဂလာမန္တလေးမြို့သစ်တည်ဆောက်ခြင်းစီမံကိန်းအဆောက်အအုံလေးခုကို အရှေ့ တောင်အာရှဆီးဂိမ်းပွဲအမီ တစ်နှစ်နှင့်အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း CAD ဆောက်လုပ်ရေးကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာ ဦးဇင်မင်းဆွေက The Voice Weekly သို့ပြောကြားသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ (MCDC) နှင့် ကုမ္ပဏီနှစ်ခုတို့အကျိုးတူအကောင်အထည်ဖော်ရန် ကျပ်သိန်းပေါင်း ၉၁ ဘီလီယံ ကုန်ကျခံရင်းနှီးမြှုပ်နှံမှုရှိသည့် မင်္ဂလာမန္တလေးမြို့သစ်စီမံကိန်းတွင်ပါဝင်သည့် အခြေခံအဆောက်အအုံလေးခုကို တစ်နှစ် အတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။ အဆိုပါ စီမံကိန်းကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ New Star Light ဆောက်လုပ်ရေးကုမ္ပဏီနှင့် CAD ဆောက်လုပ်ရေးကုမ္ပဏီတို့မှ အကျိုးတူပူးပေါင်းကာ ကျပ်သိန်း ၉၁ ဘီလီယံ ကုန် အကျခံ၍ ၇၃ လမ်း၊ သဇင်လမ်းနှင့်ငုရွှေဝါလမ်းကြား၊ ချမ်းမြသာစည်မြို့နယ်တွင် သြဂုတ်လ ဒုတိယပတ်ခန့်မှ စတင်အကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းကုမ္ပဏီနှစ်ခုမှ တစ်နှစ်အတွင်း ကားအစီး ၁၀၀၀ မှ ဆိုင်ကယ်စီးရေ ၃၀၀၀ ထားနိုင်မည့်ကားပါကင်နှင့် မြန်မာ့ရိုးရာအစားအစာမှစ၍ တစ်ကမ္ဘာလုံးအစားအစာများပါရနိုင်မည့် Food ပလာဇာ၊ MCDCပိုင် ကြယ်သုံးပွင့်ဟိုတယ်နှင့် လူနေတိုက်ခန်းများကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာအပြီး တည်ဆောက်မည်ဖြစ်ပြီး တည်ဆောက်မှုကိုသတ်မှတ်ကာလအတွင်း မပြီးပါက တစ်ရက်ဒဏ်ငွေ ငါးသောင်းကျပ် MCDC သို့ ပေးသွင်းရမည်ဖြစ်ကြောင်း၊ မြို့သစ်စီမံကိန်းတွင်ပါဝင်သော ကျန်ရှိသည့် ကွန်ဒိုကြယ်လေးပွင့်ရဟိုတယ်နှင့် အိမ်ရာစီမံကိန်းများကို ၂၀၁၄ ခုနှစ်အပြီးတည်ဆောက်မည်ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။
"အခုတည်ဆောက်မယ့်မြို့သစ်စီမံကိန်းမှာ မြို့ပြအင်္ဂါရပ်တွေအတော်များများပါတယ်။ နိုင်ငံတကာ စံချိန်တွေ နဲ့အမီတည်ဆောက်ထား မှာပါ။ အဲဒီပတ်ဝန်းကျင်ကိုလည်း မန္တလေးစီးပွားရေးစင်တာတစ်ခုအဖြစ်ဖန်တီးထားတဲ့ မြို့ပြစီမံကိန်းကြီးတစ်ခုအဖြစ် တည်ဆောက် သွားမှာပါ" ဟု ၎င်းင်းအဆိုအရသိရသည်။

နောက်ကွယ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအထောက်အပံ့ပါဝင်နိုင်သည်ဟုခန့်မှန်းသုံးသပ်မှုများထွက်ပေါ်နေသည့်မင်္ဂလာ မန္တလေး မြို့သစ်စီမံကိန်းပြုလုပ်မည့်မြေနေရာတွင် ၁၉၈၃ ခုနှစ်ကစပြီးဆိုရှယ်လစ်အစိုးရက မြို့သစ်စီမံကိန်းများပြု လုပ်ရန်မြို့ပြအဖြစ်သိမ်း ထားပြီးဖြစ်သည်ဟု ဆိုရှယ်လစ်အစိုးရတိုင်းဒေသပါတီကော်မတီဝင်ဟောင်းတစ်ဦးက ပြောကြားသည်။

"မန္တလေးမှာလုပ်မယ့်စီမံကိန်းတွေကိုသဘာဝပတ်ဝန်းကျင်မထိခိုက်စေဘဲ၊မန္တလေးအငွေ့အသက် မကင်းတဲ့ပုံရိပ်တွေ ထည့်သွင်း ဖော်ဆောင်သင့်တယ်"ဟု မြို့ခံဗိသုကာပညာရှင်များက ဆိုသည်။

Credit: The Voice Weekly Journal (Monday, August 20 - 26, 2012)

No comments: