Friday, August 3, 2012

တိုင်းရင်းသားဟင်းလျာ စားမြိန်စရာ



ပါးစပ်လေးတွေ ၀လုံးဖြစ်သွားလောက်အောင်ပဲ တိုင်းရင်းသားရိုးရာ ဟင်းလျာလေးတွေက တစ်မျိုးအရသာထူးပါတယ်။ ဒီလိုအရသာထူး တဲ့ ဟင်းလျာတွေမှာ ကြည့်လိုက်ရင် ဆီပါဝင်မှုနှုန်းကလည်း နည်းပါတယ်။ လတ်ဆတ်တဲ့ အသီးအရွက်သားငါးတွေနဲ့ချက်ပြုတ်ထား တာမို့ စားရတာကိုက တစ်မျိုးလေးပါ။ဒါကြောင့် ဟင်းချက်နည်းလေးတွေကို ဝေမျှတဲ့ ပြည်ထောင်စုရိပ်သာလမ်းပေါ်က Feel မြန်မာစား သောက်ဆိုင်လေးကို သွားပြီး စားသောက်ကြည့်ကြပါစို့လို့ သတင်းပေးလိုက်ပါတယ်။

စားရခဲတဲ့ ပဒေါင်ရိုးရာ ဟင်းလျာ၊ ရှူးရှူးရှဲရှဲအရသာ ရခိုင်ရိုးရာ ဟင်းလျာ၊ ထမင်းစားမြိန်စေမယ့် ရှမ်းရိုးရာ တစ်မျိုးစီကိုရွေးချယ်ထား ပါတယ်။ 

ကယန်းဟင်း
လတ်လတ်ဆတ်ဆတ် အသီးအရွက်စုံမှာ အသားရောပြွမ်းချက်ပြုတ်ထားတဲ့ ပဒေါင်ရိုးရာဟင်းလျာတစ်မျိုးဖြစ်ပါတယ်။ ထူးခြားချက်အနေ နဲ့က မက်ခါးသီးအမှုန့်ကို ထည့်သွင်းချက်ပြုတ်ထားတာတွေ့ရပါတယ်။ မက်ခါးပင်ဟာ အေးတဲ့ဒေသမှာ ပေါက်ရောက်လေ့ရှိတဲ့ ဆေး ဖက်ဝင်အပင်ဖြစ်ပြီး တရုတ်လို ၀ှာကျောင်းလို့ခေါ်တယ်လို့ သိရပါတယ်။

ဟင်းချက်စရာအသားကိုသုံးတဲ့နေရာမှာ ကယန်းတိုင်းရင်းသားတွေဟာ တာရှည်ခံအောင်အခြောက်လှန်းထားတဲ့ ကြက်သားခြောက်၊ ၀က်သားခြောက်တွေကို အသုံးပြုလေ့ရှိကြပေမဲ့ ဟင်းချက်စရာဝယ်ယူရလွယ်တဲ့ မြို့ပြနေရာမျိုးမှာတော့ လတ်လတ်ဆတ်ဆတ် အသား မျိုးကို ရွေးချယ်ပြီး ချက်ပြုတ်နိုင်မှာဖြစ်ပါတယ်။အခုဟင်းပွဲမှာတော့ ၀က်နံရိုးကို အသုံးပြုထားတာဖြစ်ပါတယ်။

ကယန်းဟင်းအတွက် လိုအပ်ပသောပစ္စည်းများ
ဝက်နံရိုး (၅၀)ကျပ်သား၊ ပဲလိပ်ပြာ (၁၀)ကျပ်သား၊ မျှစ်နု (၁၀)ကျပ်သား၊ ရွှေဖရုံသီး (၂၅) ကျပ်သား၊ ဂေါ်ရခါးသီး (၁) လုံး၊ မုန့်ညှင်းထုပ် (၁၀)ကျပ်သား၊ ဂေါ်ရခါးညွှန့် (၁)စည်း၊ ဖရုံညွှန့် (၁)စည်း၊ ဟင်းနုနယ် (၁) စည်း၊ ကြက်သွန်ဖြူထောင်း - စားပွဲဇွန်း (၁)ဇွန်း၊ ငရုတ်သီး စိမ်း (အသေး) - အတောင့် (၃၀)၊ မက်ခါးသီးအမှုန့် - ဇွန်းသေး (၃)ဇွန်း မောက်မောက်၊ ဆား - ဇွန်းသေး (၁)ဇွန်း၊ ဆီ - စားပွဲဇွန်း (၁)ဇွန်း။

ချက်ပြုတ်နည်း
ရွှေဖရုံသီး၊ ဂေါ်ရခါးသီးနဲ့ မျှစ်များကို အတုံးခပ်ကြီးကြီးတုံးပါတယ်။ မုန်ညင်းထုပ်ကို လက်နှစ်ဆစ်ခန့်လှီးထားပါတယ်။ အရွက်အညွှန့် များကို သင့်တော်တဲ့အနေအထားလှီးဖြတ်ထားပါတယ်။ ငရုတ်သီးစိမ်းတောင့်များကို ညက်အောင်ထောင်းထားပါတယ်။

ဝက်နံရိုးများကို အနေတော်တုံးပြီး ဆား၊နနွင်းနယ်ထားပါတယ်။

အိုးတစ်လုံးမှာ ကြက်သွန်ဖြူဆီသတ်ပြီး ၀က်နံရိုးများကိုထည့်လှိမ့်ပါတယ်။

ပဲလိပ်ပြာနဲ့ မျှစ်ကိုပါရောထည့်လိုက်ပြီး ရေထည့်တည်လိုက်ပါတယ်။ ဆားနဲ့ဟင်းခပ်မှုန့်ထည့်ပါတယ်။

ဝက်နံရိုးများ နူးအိလာတဲ့အထိချက်ပေးပြီး အသီးများကိုထည့်ပါတယ်။ အသီးနူးလာတဲ့အခါ အရွက်များကိုထည့်ပါတယ်။
နောက်ဆုံး မီးဖိုပေါ်က ချခါနီးအချိန်မှာ ငရုတ်သီးစိမ်းထောင်းနဲ့ မက်ခါးသီးအမှုန့်ကို ထည့်လိုက်ပြီး ချိုချိုခါးခါးနဲ့ အရသာတမူထူးခြားတဲ့ ကယန်းဟင်းကို သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ 
( ဟင်းပွဲထဲပါတာကိုကြည့်ရတာက ပဲလိပ်ပြာဆိုတာ ကျွန်တော်တို့အခေါ် ရွှေပဲသီးကိုများ ခေါ်သလားပဲ။ ပြင်ဆင်ထားပုံကတော့ ဟင်းချိုပန်းကန်လို ခပ်ပက်ပက်ထဲမှာ ရွှေဖရုံသီး၊ဂေါ်ရခါးသီး အတုံးလေးတွေကို ဖြန့်ခင်းတယ်။ အလယ်က ၀က်နံရိုးနဲ့အရွက်တွေကို လှလှပပထည့်၊ အရည်လေးတွေလည်းပါသည်ပေါ့။)

အင်းလေးအစားအစာ
ရှမ်းရိုးရာဟင်းပွဲတွေအနေနဲ့ တောင်ကြီး၊ အင်းလေး၊ ညောင်ရွှေအစရှိတဲ့ ဒေသတွေက အလှူပွဲတွေမှာ ကျွေးမွေးဧည့်ခံလေ့ရှိတဲ့ ဟင်းလျာအတွဲအစပ်ရှိပါတယ်။ ပဲဆေးခါးဟင်း သို့မဟုတ် ငါးဆေးခါးဟင်း၊ ၀က်သားဆီပြန်ချက်၊ ဂျူးမြစ်သုပ်၊ ငါးခြောက်နှပ်၊ ဇီးဖြူသီးထောင်းစတဲ့ ဟင်းလျာတွေဖြစ်ပါတယ်။ နာမည်ကြားလိုက်တာနဲ့တင် မြိန်လှတာမို့ ဒီဟင်းလျာအတွဲအစပ်တွေထဲက ချက်စားနေကျမဟုတ်တဲ့ ဆေးခါးဟင်းနဲ့ ဂျူးမြစ်ရှမ်းသုပ်ကို စူးစမ်းကြည့်ခဲ့ပါတယ်။

ဂျူးမြစ်သုပ်
ဂျူးမြစ်ရှမ်းသုပ်ဟာ မြေပြန့်က လူတွေနဲ့ သိပ်မစိမ်းလှပေမဲ့ အသုပ်သုပ်တဲ့ ပုံစံမှာတော့ တစ်ဦးနဲ့တစ်ဦး အနည်းငယ်စီကွဲပြား လေ့ရှိကြပါတယ်။

လိုအပ်တဲ့ပစ္စည်းတွေကတော့
ဂျူးမြစ် (၂၅)ကျပ်သား၊ မန်ကျည်းသီး (၁)ကျပ်သားခန့်၊ နနွင်းမှုန့် - အနည်းငယ်၊ ခရမ်းချဉ်သီးအနှစ် - စားပွဲဇွန်း(၅) ဇွန်း၊ နှမ်းထောင်း (နှမ်းနက်) - စားပွဲဇွန်း(၄)ဇွန်း၊ ပဲပုပ် (၂)ချပ်၊ ဆား - အနည်းငယ်။

အသုပ်ပြုလုပ်နည်း
အသုပ်ဆိုတဲ့အတိုင်း ကြက်သွန်ဖြူ၊နီ ဆီချက်လေးကတော့ မပါမဖြစ်မို့လို့ ပြင်ဆင်ထားရပါမယ်။
ပဲပုပ်နှစ်ချပ်ကိုကင်ပြီး ညက်အောင်ထောင်းပါတယ်။

ခရမ်းချဉ်သီးအနှစ်အတွက် ခရမ်းချဉ်သီးများကိုပြုတ်ပြီး အစေ့ထုတ်ကာ ကြိတ်ချေထားနိုင်ပါတယ်။
ဂျူးမြစ်များကို နနွင်းနဲ့ မန်ကျည်းသီးထည့်ပြုတ်ပြီး ခဏအကြာမှာပြန်ဆယ်ကာ ရေအေးထဲစိမ်လိုက်ပါတယ်။
ရေအေးထဲစိမ်ထားတဲ့ ဂျူးမြစ်တွေကို အနေတော်လှီးဖြတ် ရေစစ်ပြီးတဲ့အခါ ကြက်သွန်ဆီချက် (၃)ဇွန်း၊ နှမ်းထောင်း၊ပဲပုပ်ကင်ထောင်း၊ ခရမ်းချဉ်သီးအနှစ်နဲ့ ဆားအနည်းငယ်ထည့်နယ်သုပ်ပြီး စိတ်ကြိုက်အရသာပြင်ဆင်နိုင်ပြီဖြစ်ပါတယ်။

ငါးရံ့ဆေးခါးဟင်း
ဆေးခါးဟင်းကတော့ ဆေးခါးပင်မှုန့်၊ ခရမ်းကဆော့သီးအမှုန့်၊ ဇီးဖြူသီးအမှုန့်နဲ့ ဂွေးသီးခြောက်မှုန့်တို့ကို ပေါင်းစပ်ထားတဲ့ ဆေးခါး မှုန့်ကိုထည့်သွင်းချက်ပြုတ်ထားတာ ဖြစ်ပါတယ်။ တောင်ကြီး အင်းလေးအစရှိတဲ့ ရှမ်းပြည်ဒေသများမှာ ဆေးခါးမှုန့်ကို အသင့်ဝယ်ယူ ရရှိနိုင်တယ်လို့သိရပါတယ်။ ဆေးခါးဟင်းကို အင်းလေးမှာ ငါးဖိန်းလိုငါးမျိုးနဲ့ချက်လေ့ရှိကြသလို ပဲနဲ့လည်းပဲဆေးခါးဟင်းအဖြစ် ချက် လေ့ရှိကြပါတယ်။ ဒီမှာတော့ ငါးဖိန်းမရနိုင်တဲ့အတွက် ငါးရံ့ဆေးခါးဟင်းအဖြစ် ချက်မှာဖြစ်ပါတယ်။ ဒါမှမဟုတ် မိမိနှစ်သက်ရာ ငါးအမျိုး အစားကို ရွေးချယ်ချက်ပြုတ်နိုင်ပါတယ်တဲ့။

ငါးဆေးခါးဟင်းအတွက် လိုအပ်တာတွေကတော့ -
ငါးရံ့ (၂၅)ကျပ်သား၊ ခရမ်းသီးအသေး(အရှည်) (၅)လုံး၊ ကြက်ဟင်းခါးသီး (၅)ကျပ်သားခန့်၊ နံနံပင် (၂) ကျပ်သား (ခပ်ကြမ်းကြမ်း လှီးထားပါ)၊ ပဲပုပ် (မီးကင်ပြီးထောင်းထားပါ) (၂) ချပ်၊ ကြက်သွန်ဖြူထောင်း - စားပွဲဇွန်း(၁)ဇွန်း၊ ချင်းထောင်း - စားပွဲဇွန်း(၁) ဇွန်း၊ ဆန်လှော်မှုန့် (၁၀)ကျပ်သား (ရေဖျော်ထားပါ)၊ ဆား - သင့်ရုံ၊ ဆေးခါး - ဇွန်းသေးတစ်ဝက်။

ချက်ပြုတ်နည်း
ငါးနဲ့ခရမ်းသီးကို ဆားအနည်းငယ်ထည့်နယ်ပြီး ရေတစ်ဝက်ခန့်ထည့်ထားတဲ့ အိုးတစ်လုံးမှာ နူးရုံပြုတ်လိုက်ပါတယ်။ နူးလာတဲ့အခါ ခရမ်းဦးများကိုထောင်းပြီး ငါးကိုအသားနွှာကာ ပြုတ်ရည်အိုးထဲကို ပြန်ထည့်ပါတယ်။ ဟင်းရည်ဆူလာတဲ့အခါ ကြက်ဟင်းခါးသီးထည့် ပါတယ်။ ဟင်းရည်ထဲမှာ ကြက်ဟင်းခါးသီးပျော်ဝင်သွားတဲ့အထိ တည်လိုက်ပြီး ကျန်ရှိနေတဲ့ပါဝင်ပစ္စည်းများနဲ့ အရသာများအားလုံးကို ထည့်လိုက်ပါတယ်။ နောက်ဆုံးအကြိမ် ဟင်းအိုးဆူလာပြီဆိုရင်တော့ ငါးရံ့ဆေးခါးဟင်းပူပူနွေးနွေးကို မြည်းစမ်းနိုင်ပြီဖြစ်ပါတယ်။

ရခိုင်ရိုးရာ ငါးသောက်ရေဆမ်းဟင်း
ရခိုင်ရိုးရာ ဟင်းအမယ်တွေထဲက ငါးသောက်ရေဆမ်းဟင်းကလည်း ထမင်းမြိန်စေလွန်းလှတာမို့ နည်းလမ်းလေး ပေးလိုက်ချင်ပါတယ်။ ငါးသောက်ရေဆမ်းချက်ရာမှာလည်း ကြိုက်ရာငါးကို ရွေးချယ်နိုင်ပါတယ်။

ဒီ့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ -
ငါး (၅၀)ကျပ်သား၊ ဆား - သင့်ရုံ၊နနွင်း - သင့်ရုံ၊ စပါးလင် - (၅)ပင်၊ ကြက်သွန်ဖြူ (၄)ဥ၊ ငါးပိ(ထိုင်းငါးပိ) - စားပွဲဇွန်း (၁)ဇွန်း၊ ဆီ စားပွဲဇွန်း (၂)ဇွန်း၊ ပဒဲကော (၄)ကျပ်သား၊ မရမ်းပြားခြောက် - (၁၀)ပြား၊ မန်ကျည်းသီးစိမ်းတောင့် (အနု) - (၅)ကျပ်သား (အခွံခြစ် ထားပါ)၊ ကြက်သွန်နီ (၅) ဥ (မထူမပါးလှီးထားပါ)၊၊ ငရုတ်သီးစိမ်း - စိတ်ကြိုက်ထည့်ပါ။

ချက်ပြုတ်နည်း
ငါးကို အကွင်းကြီးကြီး သို့မဟုတ် အတုံးကြီးကြီးလှီးပြီး ဆား၊ နနွင်းနယ်ထားပါ။ စပါးလင်နှစ်ပင်ကိုထုပြီး ထုံးထားပါတယ်။ ကြက်သွန်ဖြူ များကို ဓားပြားရိုက်ထားပါတယ်။ အိုးတစ်လုံးမှာ ရေထည့်ပြီး ငါး၊ စပါးလင်၊ကြက်သွန်ဖြူနဲ့ ငါးပိကိုထည့်ကာ ငါးကျက်တဲ့အထိ ပြုတ်လိုက် ပါတယ်။

နောက်တစ်ဆင့်အနေနဲ့ စပါးလင်(၃)ပင်ခန့်နဲ့ ပဒဲကောကို နုပ်နုပ်စင်းပြီး ဆီသတ်ပါတယ်။ ဆီသတ်တာကျက်တဲ့အခါ ငါးများနဲ့ ပြုတ် ရည်အိုးထဲက အရည်များအားလုံးကို ရောထည့်လိုက်ပါတယ်။

တစ်ဆက်တည်းမှာပဲ မရမ်းပြားခြောက်၊ မန်ကည်းသီးစိမ်း၊ ငရုတ်သီးစိမ်းများကိုပါထည့်လိုက်ပြီး မန်ကျည်းသီးစိမ်းတောင့်နုနုလေးများ ဟင်းရည်ထဲမှာ ပျော်ဝင်သွားတဲ့အထိ ဆူပွက်နေအောင်ချက်ပြီးတဲ့အခါ ပါးပါးလှီးထားတဲ့ ကြက်သွန်နီများကိုဖြူးထည့်ပြီး ဟင်းအိုးချလို့ ရပါပြီ။

အရသာရှိရှိနူးအိနေတဲ့ ငါးအသားတွေနဲ့ မွှေးရနံ့ရရုံနဲ့တင် ဗိုက်ဆာလာစေမယ့် ချဉ်ချဉ်စပ်စပ်အရသာ ငါးသောက်ရေဆမ်းဟင်းလျာကို ချက်မယ်ဆိုရင် အဲဒီနေ့မှာ ထမင်းပိုချက်ထားဖို့တော့ အကြံပြုလိုက်ပါရေစေနော့..။

No comments: