Friday, August 17, 2012

မန်နေဂျာ မပီသသူတွေပြောတတ်တဲ့ စကား(၁၀)ခွန်း


ဒါဟာ မန်နေဂျာတိုင်းကို ပြောလိုတာ မဟုတ်ပါဘူး။ သို့သော်လည်း အဲ့လို မန်နေဂျာမျိုးတွေလည်းရှိတယ်ဆိုတာကိုတော့ ထုတ်ဖော်ပြော ဆိုချင်ပါတယ်။

'ဟယ်...လုပ်ထားတာ အဆင်ပြေလိုက်တာ၊ အလုပ်လုပ်ရတာ အဆင်မပြေရင် ပြော..။ ငါလည်း ကူစဉ်းစားပြီး ဖြေရှင်းပေးမယ်' ဆိုတဲ့ စကားတွေ 'အလုပ်လုပ်တာလည်း လုပ်တာပေါ့။ နားချိန်တန်ရင်တော့ နား..။ အဲဒါပြီးမှ ဆက်လုပ်လည်းရတယ်'ဆိုတဲ့ စကားတွေက တော်တဲ့မန်နေဂျာတွေဆီက ကြားရတတ်ပါတယ်။

ကူကယ်ရာမရှိတဲ့စကားတွေ၊ အားပေးရာ မရောက်ဘဲ အားကုန်စေတဲ့စကားတွေ၊ ယုံကြည်မှုမရှိတဲ့စကားတွေကတော့ မန်နေဂျာဆိုးတွေ ဆီကပဲ ကြားရတတ်ပါတယ်။

ကဲ ဒီတော့ ဘော်ဒါတို့ရေ ဘယ်လိုစကားမျိုးတွေကို မန်နေဂျာမပီသသူတွေဆီက ကြားရတတ်သလဲဆိုတာ (၁၀)ခွန်းလောက်ပဲ စုစည်း ကြည့်လိုက်ရအောင်။ အဲဒီစကားတွေက သင့်ပတ်ဝန်းကျင်မှာရှိနေတဲ့ မန်နေဂျာတွေဆီက ကြားရတတ်တဲ့စကားမျိုးတွေ ဖြစ်နေနိုင်သလို အခုတလောလေးကမှ သင်ကိုယ်တိုင် အပြောခံလိုက်ရတဲ့ စကားမျိုးတွေလည်း ဖြစ်နေနိုင်ပါသေးတယ်။

ရှင်လုပ်မှဖြစ်တာမဟုတ်ဘူး....တခြားလုပ်နိုင်တဲ့တစ်ယောက်ကိုရှာလိုက်မယ်...
အလုပ်ရှင်နဲ့ အလုပ်သမားကြားက ဆက်ဆံရေးတစ်ခုဟာ အလုပ်သမားက ဦးနှောက်နဲ့ချွေးတွေစိုက်ထုတ်ပြီး အလုပ်ရှင်ဘက်က ငွေ ကြေးကို အလုပ်အခငွေအဖြစ် ပေးတယ်ဆိုတာထက် အများကြီးပိုတယ်ဆိုတာကို တကယ်တတ်သိတဲ့ ခေါင်းဆောင်တွေ ကောင်း ကောင်းသိကြပါတယ်။ အဲဒီအပေးအယူဟာ မှန်ကန်တယ်ဆိုပေမဲ့ အရေးကြီးဆုံးအစိတ်အပိုင်း တစ်ခုတော့မဟုတ်ပါဘူး။ ဒါကြောင့် ခေါင်းဆောင်ကောင်းတွေဟာ လုပ်သားကောင်းတွေ၊ လူကောင်းတွေကို အရယူနိုင်သလို၊ ထိန်းလည်းထိန်းသိမ်းထားနိုင်သူတွေဖြစ်တယ်။ ခေါင်းဆောင်ကောင်းတွေဟာ သူ့လူတွေကိုလွတ်လပ်မှုပေးသလို၊ သူတို့ရဲ့ ပါဝင်ဆောင်ရွက်မှုဟာ အဖိုးတန်ကြောင်း သိစေသူလည်း ဖြစ်တယ်။ မင်း ငါ့အတွက် အလုပ်လုပ်ပေးနေတာပါ ဆိုတဲ့အသိမျိုး အလုပ်သမားရဲ့စိတ်ထဲကို ထည့်ပေးနိုင်သူဟာ ခပ်ချာချာ မန်နေဂျာ တွေသာဖြစ်တယ်။

မစဉ်းစားပေးနိုင်ဘူး....
သူတို့စိတ်ထဲဘ၀င်မကျနိုင်တဲ့ စိတ်ကူးစိတ်သန်းမျိုးများပေးမိပြီဆိုရင် အဲဒီလိုစကားမျိုးတွေပြောတတ်ပါတယ်။ ဒီလိုစိတ်ကူးမျိုးဟာ သူ တို့ရဲ့ပါဝါအာဏာတွေကို ခြိမ်းခြောက်နိုင်တဲ့ စိတ်ကူးမျိုးဖြစ်နိုင်သလို၊ သူတို့ကို နည်းနည်းဦးနှောက်စားပေးနိုင်တဲ့ စိတ်ကူးမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ ပြီးတော့ "ကဲ...ပြောတာကိုလုပ်ပါ၊ ကျန်တာတွေ ဘာမှလာမပြောနဲ့၊ ဘာမှစဉ်းစားမပေးနိုင်ဘူး..." ဆိုတဲ့စကားကို လည်း စီမံခန့်ခွဲမှုဆိုတဲ့စကားလုံးကို နားမလည်တဲ့ မန်နေဂျာတွေ မန္တန်ရွတ်သလို ရွတ်တတ်ပါသေးတယ်။ ကဲ....ဒီတော့ အဲလို စကားလုံး တွေပြောတတ်တဲ့ တစ်စုံတစ်ယောက်အနားမှာ သင့်ရဲ့ နောက်ထပ် နောက်ထပ်မိနစ်တွေ ဖြုန်းတီးပစ်ဖို့အတွက် ဘ၀ဆိုတာ သိပ်တို တောင်းလွန်းတယ်လို့ မထင်မိဘူးလား..။

အလုပ်ဆင်းသွားတဲ့အချိန်မှာ Facebook သုံးတာတို့ ESPN ကြည့်တာတို့လုပ်မနေနဲ့...
တချို့တချို့သော မန်နေဂျာတွေဟာ သူတို့လက်အောက်က၀န်ထမ်းတွေကို အချိန်အကန့်အသတ်မရှိ လုပ်စေချင်တာမျိုးလည်း ရှိတတ် ပါသေးတယ်။ ၀န်ထမ်းပဲဖြစ်ဖြစ်၊ မန်နေဂျာပဲဖြစ်ဖြစ် အသက်ရှင်သန်နေထိုင်မှု၊ စားသောက်မှုနဲ့ အိပ်စက် နားနေမှုတို့ဟာလည်း သူတို့ လုပ်ကိုင်ဆောင်ရွက်ရမယ့် တာဝန်ထဲမှာပါတယ်ဆိုတာ သတိပြုသင့်ပါတယ်။ ၀န်ထမ်းတွေလည်း မနက်စောစောရုံးကိုလာ၊ အလုပ်တွေ မနားတမ်းလုပ်တာနဲ့ သူတို့ဘ၀ကိုပြည့်စုံမသွားစေပါဘူး။ အချိန်တန်အိမ်ပြန်ပြီး တစ်နေ့တာလုံးပင်ပန်းသမျှကို ကျန်နေတဲ့ အချိန်မှာ လည်း အနားယူဖို့လိုအပ်ပါတယ်။ ကျွန်ုပ်တို့ အားလုံးဟာ စက်ရုပ်တွေမဟုတ်တဲ့အတွက် အချိန်အကန့်အသတ်မရှိ အလုပ်မလုပ်နိုင် ပါဘူး။

သေချာစဉ်းစားကြည့်လိုက်ဦးမယ်...
လုပ်သမျှဖြစ်ပြီး ခေတ်ကောင်းနေတဲ့ အချိန်မျိုးမှာ ဘယ်သူမှ ဒီလိုစကားကို ပြောမှာမဟုတ်ပါဘူး။ "သေချာစဉ်းစားကြည့်လိုက်ဦးမယ်ဆို တာက သွားသေလိုက်စမ်းပါ။ ငါ့ဘက်က မမေးမချင်း ဘာစကားမှမပြောနဲ့.." လို့အဓိပ္ပာယ်ရပါတယ်။ ဒီလိုစကားမျိုးကို ထပ်တလဲလဲ ပြောလာခဲ့ပြီဆိုရင်တော့ "မင်းဘက်က ဘာပဲအကြံပေးပေး ငါလုပ်ချင်တာကိုလုပ်မယ်၊ မင်းရဲ့ သဘောထားဆိုတာထက် ငါလုပ်နိုင်တာကို ပိုတန်ဖိုးထားတယ်" ဆိုတဲ့သဘောသက်ရောက်ပါတယ်။

ဘယ်သူ့ခွင့်ပြုချက်နဲ့လုပ်တာလဲ....
နည်းပညာ ကုမ္ပဏီကြီးတစ်ခုမှာလုပ်တဲ့ အစ်ကိုတစ်ယောက်ရဲ့ အတွေ့အကြုံတစ်ခုကိုပြောပြချင်ပါတယ်။ တစ်နေ့မှာ သူနဲ့ သူ့ရဲ့အဖွဲ့ လေဆိပ်မသွားခင်မှာ ဟိုဘက်မှာလုပ်ရမယ့် အကြောင်းအရာတွေအကြောင်းကို အစည်းအဝေးလုပ်ကြတယ်။ အဲဒီအချိန်မှာပဲ အစည်း အဝေးအခန်းတံခါးပွင့်လာပြီး မန်နေဂျာက အခန်းထဲလျှောက်ဝင်လာရင်း "ဒီအစည်းအဝေးကို ဘယ်သူခေါ်ထားတာလဲ။ အစည်းအဝေး ဆိုတာ Level 5 အဆင့်ရှိတဲ့လူတွေကိုပဲ ခေါ်လို့ရတာမသိဘူးလား' လို့အမေးခံခဲ့ရပါတယ်။ လူတွေဟာ အဲဒီလိုအသုံးအနှုန်းတွေအပေါ် မှာ ခံစားရခက်တယ်ဆိုတာ စီမံအုပ်ချုပ်မှုအဆင့်မှာရှိတဲ့လူတွေ သိသင့်တဲ့အချက်ဖြစ်ပါတယ်။

လုပ်နေတာတွေအကုန်ချပြီး ဒါကိုပဲ ခုချက်ချင်းလုပ်...
လုပ်နေသမျှအလုပ်တွေ အကုန်ဘေးချပြီး အရေးတကြီး အပူတပြင်းဆောင်ရွက်ရတဲ့ အနေအထားမျိုးတွေ မန်နေဂျာတိုင်း ကြုံတွေ့လာရ နိုင်ပါတယ်။ တကယ့်အကြပ်အတည်းတွေ ဖြစ်လာတဲ့အချိန်မှာ စီမံခန့်ခွဲမှုကောင်းတဲ့ မန်နေဂျာတွေဟာ အခြေအနေအရပ်ရပ်ကို ပေါ့ပေါ့ ပါးပါး သွက်သွက်လက်လက်နဲ့ ဆွဲဆောင်ခေါ်ယူသွားနိုင်သူတွေသာဖြစ်ပါတယ်။ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ မန်နေဂျာတွေကတော့ အဓိကနဲ့ သာမညကို မခွဲနိုင်လောက်အောင် ပြာယာခတ်ပြီး သူတို့ပြောထားသမျှတွေကို မေ့လျော့ပြီး မနေ့ကအရေးကြီးတာက ဒီနေ့အရေးမကြီး တော့တာတွေဖြစ်ပြီး လုပ်ကိုင်ရသူတွေကို ပိုပြာယာခတ်သွားစေသူတွေသာဖြစ်ပါတယ်။ ဒီလိုမန်နေဂျာမျိုးက သင့်ကို အဲလိုစကားတွေ ပြောလာပြီဆိုရင်တော့ "ဟုတ်ကဲ့...ရပါတယ်...လုပ်လိုက်ပါမယ်...မနေ့က အရေးကြီးလို့လုပ်ခိုင်းထားတာတွေကို နောက်အပတ် ကြာသပတေးမှ အပြီးပေးရင်ရတယ် မဟုတ်လား" လို့ပြန်မေးကြည့်လိုက်ပါ။

ပြဿနာတွေ ယူယူမလာနဲ့...အဖြေပဲယူလာ...
မန်နေဂျာတွေ သေသေချာချာနားလည် သဘောပေါက်စရာတစ်ခုကို ပြောပြချင်ပါသေးတယ်။ ၀န်ထမ်းတိုင်း ၀န်တမ်းတိုင်းဟာ သူတို့ အထက်အရာရှိကို ၀င်ရောက်အကူအညီတောင်းတာထက် သူတို့ဖြေရှင်းစရာ နိစ္စဓူဝ ကိစ္စတွေကို သူတို့ကိုယ်တိုင်ဖြေရှင်းဖို့ ပိုဆန္ဒရှိ ကြပါတယ်။ သို့သော်လည်း အထက်မှာဖော်ပြထားတဲ့စကားကို မန်နေဂျာတော်တော်များများပြောလေ့ရှိကြပြီး အဲဒါက "အထွန့်မတက် နဲ့...ပါးစပ်ပိတ်ထား....ပြီးအောင်လုပ်..."လို့အဓိပ္ပာယ်ရပါတယ်။ သူတို့ မန်နေဂျာဆီကို ရောက်လာတဲ့အကြောင်းကတော့ တခြား ကြောင့်မဟုတ်ပါဘူး။ ပြဿနာကို ဖြေရှင်းစရာ လိုအပ်တဲ့သတင်းအချက်အလက်တွေ သူတို့ဆီမှာ ရှိမနေတဲ့အတွက်ကြောင့်ပဲ ဖြစ် ပါတယ်။

ကိုယ်ရေးကိုယ်တာကိစ္စတွေကိုလာမပြောနဲ့....
ဝန်ထမ်းတွေကို အလုပ်သဘောအရ ဆက်ဆံရတယ်ဆိုပေမဲ့ တစ်ခါတစ်ရံ ကိုယ်ရေးကိုယ်တာနဲ့နွယ်တဲ့ ကိစ္စတွေကိုလည်း ဖြေရှင်းပေးရ တတ်ပါတယ်။ တကယ်တမ်း လူမှုရေးပြဿနာတွေ ဖြေရှင်းပေးရတယ်ဆိုရင်လည်း သာတူညီမျှဆိုတဲ့ အခြေခံနဲ့ ဖြေရှင်းပေးတတ်ဖို့လို ပါတယ်။

ရှင့်အကြောင်း ပြန်ပြောသံတွေ ကြားကြားနေရတယ်... ရှင့်လုပ်ဖော်ကိုင်ဖက်တွေကလည်း ဒီအတိုင်းပဲ ခံစားရတယ်...
တကယ်ကို ကျိုးကြောင်းခိုင်လုံလာပြီဆိုရင်တော့ တတ်သိတဲ့မန်နေဂျာတွေက သူတို့ရဲ့ဝန်ထမ်းတွေကို ပြောပြရင်းနဲ့လမ်းကြောင်းမှန် အောင် တည့်မတ်ပေးလေ့ရှိပါတယ်။ စီမံခန့်ခွဲမှုကိုသေချာနားမလည်သူတွေကတော့ အပြစ်တင်ဖို့၊ ရှုံ့ချဖို့လောက်ပဲကြိုးစားပြီး "ရှင့် လုပ်ဖော်ကိုင်ဖက်တွေကလည်း ဒီအတိုင်းပဲ ခံစားနေရတယ်" လို့လည်းပြောလေ့ရှိပါတယ်။ အဲလိုအပြောခံရပြီး သိပ်မကြာခင်မှာပဲ သင်ဟာ သင့်အနီးအနားမှာရှိနေသူတွေကို ယုံကြည်မှုမရှိတော့ဘဲ ကြည့်မရဖြစ်လာပါလိမ့်မယ်။

အခုလိုအချိန်မှာ အလုပ်မြဲနေတာကိုပဲ ကံကောင်းတယ်လို့မှတ်...
"အခုအချိန်အထိ ဒီအလုပ်မှာမြဲနေတာကို ကံကောင်းတယ်လို့မှတ်" ဆိုတဲ့စကားကို နှုတ်က မချပြောတတ်တဲ့ မန်နေဂျာတွေဟာ သိပ်ရယ်စရာကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကိုယ်တိုင်လည်း ၀န်ထမ်းပဲဖြစ်နေတဲ့အတွက် တခြားလူတွေလိုပဲ သူတို့အလုပ်မြဲနေတာလည်း ကံကောင်းတယ်လို့ ဆိုနိုင်ဖို့ပါ။

Ref: Ten Things Only Bad Manager Say by Liz Ryan

No comments: