Sunday, August 19, 2012

မွတ်ဆလင်နိုင်ငံများဖြေရမည့် ဆီးရီးယားပုစ္ဆာ

ဆီးရီးယားတွင် အစိုးရနှင့်အတိုက်အခံများအကြား စစ်ပွဲဖြစ်ပွားခဲ့သည်မှာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး သေဆုံးသူများလည်း တစ် သောင်းကျော်သွားခဲ့ကာ လူပေါင်းများစွာမှာလည်းအိုးမဲ့အိမ်မဲ့ဖြစ်ပွားလျက်ရှိသည်။ ဆီးရီးယားအရေးကို ကုလသမဂ္ဂ အာရပ်အဖွဲ့ချုပ် တို့က ၀င်ရောက်ဖြေရှင်းပေးနေသော်လည်း ပြဿနာမှာ ပြေလည်သွားခြင်းမရှိဘဲ တိုး၍သာ ဆိုးဝါးလာသည်ကိုတွေ့ရသည်။ ဤအခြေ အနေတွင် ကမ္ဘာပေါ်ရှိ အစ္စလ္စလာမ်များစုဖွဲ့ထားသော Origanisation of Islamic Cooperation (OIC)မှာ ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာမြို့တွင် အစည်းအဝေးပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် ဆီးရီးယားကို OIC  အဖွဲ့ဝင်နိုင်ငံအဖြစ်မှ ဆိုင်းငံ့ထားလိုက်သည်။ ဤတွင်ဆီးရီးယားအရေးကို OIC အဖွဲ့အနေဖြင့် မည်မျှထိရောက်အောင်ဖြေရှင်းနိုင်မည်နည်း၊ OIC အဖွဲ့တွင်းရှိ အခြေအနေများမည်သို့ ရှိမည်နည်း စသည်တို့ကို အရှေ့အလယ်ပိုင်းလေ့လာရေးဌာနမှ အကြီးတန်းသုတေသီတစ်ဦးဖြစ်သူ Ed Husain ၏ အမြင်များကို ဖော်ပြလိုက်ပါသည်။

မေး - ဘာဖြစ်လို့ ဒီဆွေးနွေးပွဲလုပ်တယ်လို့ထင်ပါသလဲ။ ဘယ်ကိစ္စတွေကို ဆွေးနွေးကြမယ်လို့ထင်ပါသလဲ။
ဖြေ - ဒီဆွေးနွေးပွဲလုပ်တဲ့အချိန်အခါနဲ့ အခြေအနေကစိတ်ဝင်စားစရာလည်းကောင်းသလို အရေးလည်းကြီးတယ်ဗျ။
ဒီဆွေးနွေးပွဲက မွတ်ဆလင်ဘာဘာဝင်တွေရဲ့ ရာမဒန်ဥပုသ်လကုန်ခါနီးနောက်ဆုံးသုံးရက်မှာ လုပ်တဲ့ဆွေးနွေးပွဲဆိုတော့တစ်ကမ္ဘာလုံးမှာ ဘာသာရေးနဲ့ ပတ်သက်ပြီး စိတ်ဓာတ်တွေနှိုးကြားတက်ကြွနေတဲ့အချိန်ပေါ့ဗျာ။ ဒီဆွေးနွေးပွဲကို အရင်ကတော့ ပါကစ္စတန်က အစ္စလာမာဘတ်မြို့တို့၊ တခြားအာရပ်မွတ်ဆလင်နိုင်ငံမြို့တော်တစ်ခုခုမှာပဲလုပ်ခဲ့တာ။ ဒါပေမဲ့အခုတစ်ခေါက်ကိုတော့ ဆော်ဒီအာရေး ဗီးယားနိုင်ငံ မက္ကာမြို့မှာလုပ်မှာဆိုတော့ဒီမြို့မှာက ဒီလိုအဆင့်ဆွေးနွေးပွဲမျိုးကိုဆော်ဒီအစိုးရလက်ခံမှပဲ လုပ်လို့ရတာမျိုးပါ။ သဘော ကတော့ ဒီဆွေးနွေးပွဲကိုဆော်ဒီမှလုပ်ခြင်းအားဖြင့် ဒေသတွင်းရော၊ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ မွတ်ဆလင်အများစုရှိတဲ့ နိုင်ငံတွေအပေါ် ဆော်ဒီအာရေးဗီးယားအနေနဲ့ လွှမ်းမိုးနိုင်စွမ်းရလာနိုင်တာပေါ့ဗျာ။ မွတ်ဆလင်တွေရဲ့ခေါင်းဆောင်မှုရရှိဖို့၊ မွတ်ဆလင်တွေရဲ့ စိတ်နှလုံး ကိုသိမ်းပိုက်နိုင်ဖို့နဲ့ ပတ်သက်ပြီး အီရန်နဲ့ဆော်ဒီအာရေးဗီးယားဟာအရှေ့အလယ်ပိုင်းမှာ စစ်အေးတိုက်ပွဲဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ အခုလိုဆွေးနွေးပွဲကို ဆော်ဒီအာရေးဗီးယားမှာလုပ်နိုင်လိုက်တဲ့အခါကျတော့ အီရန်ရဲ့အဆိုသဘောထားတွေအပေါ် စိန်ခေါ်မှု တွေပိုရှိ လာနိုင်တယ်။ ဆော်ဒီအာရေးဗီးယား ပြောနေပုံကတော့ "ကြည့်စမ်း၊ငါတို့ဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဆွန်နီမွတ်ဆလင်အများစုတွေကို ဦးဆောင်နိုင်တုန်းပဲ" ဆိုပြီးတော့ပေါ့။

ဆီးရီးယားမှာဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီးပြောရရင် ဆီးရီးယားမှာရှိတဲ့ ဆွန်နီတွေကို မွတ်ဆလင်မဟုတ်ဘူးလို့ သတ်မှတ်ထား တဲ့ အာလာဝိတ်ဘာသာဝင်ဆီးရီးယားအစိုးရကချေမှုန်းနေတဲ့အပေါ် ဆော်ဒီတွေကစိတ်ဒုက္ခရောက်နေကြတာပါ။ ဆော်ဒီတွေနဲ့ဆီးရီး ယားတွေက မျိုးနွယ်အနေနဲ့ကလည်းအဆက်အစပ်တွေရှိနေကြတယ်။ ဒီတော့ဆော်ဒီနဲ့ ဆီးရီးယားတွေရဲ့ဆက်ဆံရေးက ပုဂ္ဂိုလ်ရေး သဘောလို့တောင်ပြောလို့ရတယ်။ ဒီအစည်းအဝေးနဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ ဆီးရီးယားမှာဖြစ်နေတဲ့ ပဋိပက္ခတွေကို မွတ်ဆလင်အနေနဲ့ ဘာလုပ်နေနိုင်မလဲ၊ ဒါမှမဟုတ်ဆီးရီးယားပဋိပက္ခကို တားဆီးနိုင်စွမ်းမရှိတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကနေ OIC အနေနဲ့ ဘယ်လိုသင်ခန်းစာမျိုးရယူကြမလဲဆိုတာမေးခွန်းထုတ်စရာပါပဲ။

မေး - ဒီ OIC အစည်းအဝေးကို အီရန်သမ္မတအာမက်ဒီနေဂျက်လ်လည်းတက်မယ်လေ။ တကယ်လ်လို့ဒီအစည်းအဝေးမှာ ဆီးရီယားကို OIC အဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့ထားမယ်ဆိုရင် ဆီးရီးယားအစိုးရနဲ့ အဆင်ပြေတဲ့အီရန်ကဘယ်လိုမျိုးတုံ့ပြန်နိုင်မယ်လို့ထင်ပါသလဲ။
ဖြေ - ဆီးရီးယားကို OIC အဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့ထားဖို့ကိစ္စကို OIC အမှုဆောင်ကောင်စီကတော့ အတည်ပြုပြီးပြီ။ ဒါကို OIC အစည်းအဝေးမှာ ချပြပြီး အတည်ပြုချက်ယူချင်တာပါ။ဒီကိစ္စနဲ့ပတ်သက်ပြီး အီရန်နဲ့တခြားနိုင်ငံတွေအကြားမှာ တင်းမာမှုရှိလာနိုင်ပါ တယ်။ အီရန်ထောက်ပြနိုင်တာကတော့ အရင်က အီရတ်မှာရော၊ ဟိုးအရင်က အီရန်မှာသာမက ဆူဒန်လိုနိုင်ငံတွေမှာ လူသားမျိုးနွယ် အပေါ်ပြစ်မှုကျူးလွန်တာမျိုးတွေရှိခဲ့ပေမယ့် သူတို့ကို OIC အဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့တာမျိုးမရှိခဲ့ဘူး။ ဆိုတော့ အခုမှ ဆီးရီးယားကို ဘာလို့ဆိုင်းငံ့သလဲဆိုတာမျိုးပြောလာနိုင်ပါတယ်။ နောက်ပြီးဆီးရီးယားမှာလည်း အီရန်အပြင်အခြားမဟာမိတ်တွေရှိပါသေးတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ဒီလိုအစည်းအဝေးမျိုးကို အီရန်က လုပ်တုန်းကဆီးရီးယားအစိုးရကိုထောက်ခံတဲ့အခြား မွတ်ဆလင်နိုင်ငံတွေ လည်းတက်ကြပါသေးတယ်။ ပါကစ္စတန်တို့၊ အီရတ်တို့ပေါ့။
ဒီအစည်းအဝေးမှာ ဆီးရီးယားကိစ္စကတော့ အကြီးအကျယ်ငြင်းခုံကြရမှာပါ။ ဒါပေမဲ့နောက်ဆုံးတော့လည်းလက်တွေ့အလုပ်ဖြစ်မယ့် အဖြေမျိုးထွက်မလာနိုင်ပါဘူး။ အာရပ်အဖွဲ့ချုပ်ကတော့ ဆီးရီးယားကိုအဖွဲ့ဝင်နိုင်ငံအဖြစ်ကနေဆိုင်းငံ့ထားပြီးပါပြီ။ ဒါပေမဲ့ လက်တွေ့မှာ တော့ ဘာမှထူးထူးခြားခြားဖြစ်မလာပါဘူး။

မေး - ဆီးရီးယားပဋိပက္ခက ဘာသာရေးအကွဲ၊ လူမျိုးရေးအကွဲအပြဲလိုဆိုနိုင်တော့ ဒေသတွင်းနိုင်ငံတွေအပေါ် ဘယ်လောက်အန္တရာယ် ပေးနိုင်မလဲဗျ။ ဆီးရီးယားမီးပွားလွင့်စဉ်တာခံရမယ့် ဒေသတွင်းနိုင်ငံတွေကဘာတွေဖြစ်မလဲဗျ။
ဖြေ - ပထမဆုံး မီးပွားလွင့်တာထိမယ့် နိုင်ငံကတော့ လက်ဘနွန်ပဲဗျ။ဆီးရီးယားရဲ့မီးပွား လက်ဘနွန်ကို လွင့်စဉ်သွားတာကိုတွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆီးရီးယားရဲ့လူမျိုးရေး၊ ဘာသာရေးဂိုဏ်းဂဏဖွဲ့စည်းပုံမျိုးဟာ လက်ဘနွန်ဖွဲ့စည်းပုံ မျိုးကို ရောင်ပြန်ဟပ်စေပါတယ်။ လက်ဘနွန်နိုင်ငံမှာ ခရစ်ယာန်တွေ၊ ဆီးရီးယားသမ္မတအာဆတ်လိုလားသူတွေ၊ အာဆတ်ကို ဆန့်ကျင်တဲ့ဆွန်နီတွေရဲ့ ပဋိပက္ခတွေကို တွေ့ရပြီးပါပြီ။

နောက်ပြီး လက်ဘနွန်က ဟစ်ဇဘိုလာအဖွဲ့ဆိုရင်လည်း ဆီးရီးယားသမ္မတအာဆတ်လိုလားသူတွေပါ။ ဒီတော့ လက်ဘနွန်က ဆီးရီးယားက လွင့်စဉ်မီးပွားကို ပထမဆုံးထိမယ့် နေရာပါ။ ပြီးရင်အီရတ်နောက်ကပါလာနိုင်တယ်။ နောက်ပြီးနယ်မြေချင်းထိနေတဲ့ အီရန်နဲ့ ဆီးရီးယားတို့ရဲ့ ပဋိပက္ခကိုလည်း မေ့ထားလို့မရပါဘူး။ နောက် အစ္စရေးနဲ့ဂျော်ဒန်ကိုလည်း အတိုင်းအတာတစ်ခုထိ ရိုက်ခတ်နိုင်ပါတယ်။ နောက်တူရကီလည်းထိနိုင်တာပဲ။ အမြန်ဆုံးထိမယ့်နိုင်ငံကတော့ လက်ဘနွန်ပါပဲ။

မေး - OIC မှာာ ဘာသာရေး ဂိုဏ်းဂဏကရော ဘယ်လိုအခန်းကရှိပါသလဲ။ အထူးသဖြင့် ဆူဖီအယူဝါဒနဲ့ပတ်သက်လို့ပေါ့။
ဖြေ - OIC အဖွဲ့ဟာ ကမ္ဘာတစ်ဝန်းက မွတ်ဆလင်အစိုးရတွေကို ထင်ဟပ်နိုင်တဲ့အဖွဲ့အစည်းပါ။ ဒါပေမဲ့ အယူ ၀ါဒကွဲတဲ့နိုင်ငံ သုံးလေး နိုင်ငံလောက်တော့ ခြွင်းချက်ရှိပါတယ်။ ဒီတော့ OIC အဖွဲ့ဟာ ကမ္ဘာတစ်ဝန်းက ဆွန်နီမွတ်ဆလင်အများစုကို ထင်ဟပ်စေတဲ့ အဖွဲ့ကြီး ပါ။ ဒီမှာဆွန်နီမဟုတ်တဲ့ အီရန် တိုဟစ်ဇဘိုလာ အဖွဲ့တို့ကတော့အရေးပါတဲ့အဖွဲ့ဝင်တွေပေါ့။ သူတို့ကတော့ ဒီအယူဝါဒ ကွဲပြားမှုကိုကိုင် ပြီးကစားချင်တာပေါ့။
ဆူဖီအယူဝါဒဆိုတာက ဆွန်နီနဲ့ရှီးယိုက်ဘာသာရေးအယူဝါဒကြားကအယူဝါဒပါ။ ပါကစ္စတန်နဲ့ အင်ဒိုနီးရှားတို့မှာရှိတဲ့ မွတ်ဆလင်အများစု က ဆူဖီအယူဝါဒရှိကြပါတယ်။ ဆိုမာလီယာမှဆိုရင်လည်း ဆူဖီအယူဝါဒဘက်ကိုညွှတ်တာပါ။ ဒီတော့ ကမ္ဘာ့မွတ်ဆလင်အများစုက ဆွန်နီအယူဝါဒကိုလက်ခံကြတယ်။ သို့သော် သူတို့ထဲက အများစုက ဆူဖီအယူဝါဒအလေ့အထတွေကိုကျင့်သုံးကြတယ်။ အီဂျစ်မှာ၊ အင်ဒိုနီးရှားမှာဆိုရင် ဆူဖီအယူဝါဒကိုလိုက်နာကြတယ်။ ဒါပေမဲ့ ဆူဖီအယူဝါဒက ဒီလောက်ကြီးဂိုဏ်းဂဏသဘောမျိုးမဆောင်ပါဘူး။ အရှေ့အလယ်ပိုင်းနိုင်ငံရေးမှာက ဆွန်နီ၊ ရှီးယိုက်အယူဝါဒကသာအရေးပါတဲ့နေရာများရှိနေတာပါ။

မေး - အီဂျစ်မှာ မွတ်ဆလင်ညီ အစ်ကိုများအဖွဲ့က သမ္မတဖြစ်လာခဲ့တော့ ဒီကိစ္စက OIC အဖွဲ့တွင်းနိုင်ငံရေးကို ဘယ်လိုအကျိုးသက် ရောက်မှုတွေရှိလာနိုင်သလဲ။
ဖြေ - အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးမှာ အစ္စလာမ်မစ်ပုံစံတစ်ခုခုကိုတော့ ကြုံတွေ့နေရတာပါ။ အီဂျစ်မှာ မွတ်ဆလင်ညီအစ်ကိုအဖွဲ့ အာဏာရလာတာဟာ အစ္စလာမ်မစ်တွေထွက်ပေါ်လာတယ်လို့ မဆိုနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ဘာသာရေးနဲ့ပတ်သက်ပြီးဖြစ်တည် တာမျိုးတွေက အမြဲတမ်းရှိနေတာပါ။ နောက်လည်းရှိနေဦးမှာပါ။ အီဂျစ်က မွတ်ဆလင်ညီအစ်ကိုအဖွဲ့ရုပ်လုံးပြလာနိုင်တာက နိုင်ငံရေး အရဖြစ်စေ၊ခေတ်မီမှုအရဖြစ်စေ၊ ပြဿနာပဋိပက္ခရင်ဆိုင်ရေးမှာဖြစ်စေ၊ အစ္စလာမ်အယူဝါဒအရဖြစ်စေ ပုံစံသစ်တစ်မျိုးပေါ်လာတယ်လို့ ဆိုနိုင်ပါတယ်။ တူနီးရှားအစ၊အီဂျစ်အလယ်၊ ယီမင်အဆုံး အခုဒီလိုလမ်းကြောင်းတစ်ခုဖြစ်လာနေပါတယ်။

မေးရမယ့်မေးခွန်းက OIC အနေနဲ့ ဒီအပေါ်ရဲရဲတင်းတင်းလက်ခံယုံကြည်နိုင်သလားဆိုတာပါပဲ။တူရကီကိုပဲကြည့်ပါ။ တူရကီဟာ တိုးတက်မှုရှိတဲ့ ဘာသာရေးနဲ့နိုင်ငံရေးမရောယှက်တဲ့အစ္စလာမ်ပုံစံအဖြစ်ဆုံးပါ။ ဒါပေမဲ့ တူရကီရဲ့စိတ်ခံစားမှုအရရော၊ မဟာဗျူဟာ အရကပါ ဘာသာရေးဘောင်ထဲမှာပဲရှိနေတာတွေ့ရပါတယ်။အခုအခြေအနေကိုကြည့်မယ်ဆိုရင် အရှေ့အလယ်ပိုင်းမှာရှိတဲ့ တခြား အစ္စလာမ်မစ် အဖွဲ့အစည်းဖြစ်တဲ့မွတ်ဆလင်ညီအစ်ကိုများအဖွဲ့လို၊ ဟားမစ်အဖွဲ့လို၊ တူရကီ AKP ပါတီလိုမျိုး တွေက လက်တွေ့ ရလဒ်တစ်ခုခုရဖို့အားသန်ကြတယ်။ ပြီးတော့ အဲဒီအဖွဲ့တွေကတော်လှန်ရေးလို၊ ရွေးကောက်ပွဲလိုမျိုးကြီးကြီးမားမား ရုန်းကန်ခဲ့တာပါ။ OIC အဖွဲ့ကတော့ အဲဒီလိုရုန်းကန်ခဲ့ရတာမျိုးမဟုတ်ပါဘူး။ OIC အဖွဲ့ဟာ၁၉၆၉ ခုနှစ်လောက်မှာ ကျန်နေခဲ့တဲ့ အဖွဲ့ဟောင်းကြီးတစ်ခု လို့ပြောနိုင်ပါတယ်။

ဒီအဖွဲ့ဟာ ပါလက်စတိုင်းတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့လည်း ထူးထူးခြားခြားလုပ်မပြနိုင်ခဲ့ပါဘူး။ ၁၉၆၉ခုနှစ်က စပြီး အရှေ့အလယ်ပိုင်းမှဖြစ်တဲ့ အရေးကြီးတဲ့ ပဋိပက္ခတွေမှာဆိုရင် OIC ဟာ အရန်အဖွဲ့လောက်လို့ပဲဆိုရမှာပါ။ ဒီတော့ တခြားအဖွဲ့တွေရဲ့ အမြင်မှာ OIC ဟာ စိတ်ဝင်စားစရာကောင်းတဲ့စကားပြောစင်မြင့်တစ်ခုလောက်လို့ပဲမြင်ကြတာပါ။ OIC အဖွဲ့ဟာ 'စကားပြောစင်မြင့်' ထက်သာတဲ့အဖွဲ့မျိုးဖြစ်နိုင်လောက်တဲ့ အခြေအနေတွေရှိနေပါတယ်။ ဒါပေမဲ့ လက်ရှိခေါင်းဆောင်တွေလက်ထက်မှာတော့ မဖြစ်နိုင် လောက်ဘူး။
တင်အေးကျော်
Ref: Muslin States and the Syria Question
Credit: The Voice Weekly Journal (Monday, August 20 - 26, 2012)

No comments: