Tuesday, August 14, 2012

ရောင်စုံမီးတွေကြားက ဘဝတက္ကသိုလ်

ခုတလော နေ့စဉ် ရက်ဆက်ဆိုသလို မိုးတွေ အဆက်မပြတ် ရွာသွန်း နေပါတယ်။ နေ့ဘက်မှာ ရွာတာက အရေးမဟုတ်။ ညဘက်မှာသာ ငွေ ရှာရတဲ့ ကျမတို့ အဖို့ ညဘက်မှာမိုးရွာပြီးဆိုရင် ဧည့်သည်တွေ အလာကျဲပြီး ညတာ တွက်ချေမကိုက် ဖြစ်တတ်ပါတယ်။

ဒီနေ့လည်း မနက်ကတည်းက ရွာချလိုက်တဲ့မိုး ညရောက်တဲ့အထိ မစဲဘဲ သည်းကောင်းနေတုန်း။ တညလုံး ဆက်ရွာမယ့်ပုံပဲ—။ မိုး ရွာနေတာကြောင့်လည်း ဧည့်သည်တွေ သိပ်မလာ။ ည (၁ဝ) နာရီတောင် ထိုးပြီ ဖြစ်ပေမယ့် ဧည့်သည် (၅) ဦးသာ ရောက်လာပါသေးတယ်။ နောက်ထပ် ရောက်လာမယ့် ပုံမပေါ်တော့— ။

ဒီအတိုင်းဆို ဒီညလည်းတွက်ချေကိုက်မယ်မထင်— ။ ရောက်လာတဲ့ ဧည့်သည် (၅) ဦးလည်း မိတ်ဆွေဖြစ်မယ့် ပုံမပေါ် (မိတ်ဆွေဆိုတာ ဖောက်သည်ကိုပြောတာ)။ ဘယ်လိုပဲဖြစ်ဖြစ် ရောက်လာသမျှ ဧည့်သည်တွေအလိုကျ ဧည့်ခံရမှာက ကျမတို့အလုပ်။ သတ်မှတ်ထားတဲ့ ဈေးနှုန်း အတိုင်း မိတ်ဆွေတွေရဲ့ လိုအင်ဆန္ဒ ပြည့်ဝသွားအောင် ပြုစု ယုယပေးရမှာက ကျမတို့ အလုပ်။ တခေါက်ဆက်ဆံပြီးတိုင်းလည်း နောက် တခေါက် ထပ်လာချင်အောင် အစွမ်းကုန် မြူဆွယ် ရမှာက ကျမတို့အလုပ်။

ဧည့်သည်က (၅) ဦးထဲမို့ သူငယ်ချင်းမတွေကို ဦးစားပေးတဲ့ အနေနဲ့ ဆိုင်အပြင် ကောင်တာသို့ ကျမထွက်ထိုင် နေလိုက်ပါတယ်။ ဧည့်သည်တွေ ထပ်ရောက်လို ရောက်ငြားနဲ့ ကောင်တာမှာ ထိုင်စောင့်နေရင်း တံခါးဝက မှိတ်တခါ လင်းတလှည့် ဖြစ်နေတဲ့ ရောင်စုံမီးတွေကို အဓိပ္ပာယ်မဲ့ ငေးကြည့်ကာ ဆိုင်ထဲမှ တုန်ခါ လွင့်ထွက်လာတဲ့ သီချင်းသံတွေကို နားထောင်ရင်း အတွေးတွေက အတိတ်က ပုံရိပ်တွေထဲ ပျော်ဝင်စီး မျောသွားပါတော့တယ်။

(၂)
ကျမရဲ့ ဇာတိက ပဲခူးတိုင်း။ တောရွာ တရွာကပါ။ တောရွာ ဆိုပေမယ့် အိမ်ခြေ (၃ဝဝ) ကျော် ခန့်ရှိတဲ့ ရွာကြီး တစ်ရွာဖြစ်ပြီး (၁ဝ) တန်း အထိရှိတဲ့ အထက်တန်းကျောင်း တစ်ကျောင်းလည်း ရှိပါတယ်။ ကျမရဲ့ မိဘတွေက ကျပန်း အလုပ်သမားပါ။ နွေဘက်ဆိုရင် တောတက်ပြီး ဒညင်းတက်။ သစ်ခုတ်။ ဝါးခုတ်။ ကြိမ်ခုတ် ပါတယ်။

ကျမရဲ့ မိသားစုဟာ ပင်ပင်ပန်းပန်း ရုန်းကန်နေရတဲ့ ဆင်းရဲသား နင်းပြားတွေပါ။ မွေးချင်း (၃) ဦးထဲမှာ ကျမက အကြီးဆုံး။ ကျမ အောက်မှာ မောင်ငယ်တစ်ဦးနဲ့ ညီမငယ် တစ်ဦးရှိပါတယ်။ ကျမတို့ မောင်နှစ်မတတွေ ကျောင်းတက်နိုင်ဖို့ အရေး အဖေဟာ အလုပ်မှန်သမျှ ကုန်းရုန်း ရှာဖွေ လုပ်ကိုင်နေရပါတယ်။ အမေလည်း အိမ်အလုပ်အပြင် တဖက်တလမ်းမှ ဝင်ငွေရအောင် ရုန်းကန် နေရရှာပါတယ်။

သိတတ်စ အရွယ်မှ စပြီး ပင်ပင်ပန်းပန်း ရုန်းကန်နေရတဲ့ မိဘတွေကို ကြည့်ကာ ကျမ အရမ်း သနားမိပါတယ်။ ဒါကြောင့်လည်း ကျောင်းမတက်ခင် အမေ့ကို အိမ်အလုပ်တွေ ဝိုင်းလုပ်ပေး တတ်ပါတယ်။ ကျောင်းဆင်းလို့ ကျောင်းက ပြန်လာပြီဆိုရင်လည်း ပင်ပင်ပန်းပန်းနဲ့ အိမ်ပြန်လာတဲ့ အမေ သက်သာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အမေပြန်မလာခင် အိမ်အလုပ် တချို့ ကျမ လုပ်ထားနှင့်တတ်ပါတယ်။ အိမ်ပြန် ရောက်လာလို့ အမေက “ကြည့်စမ်း— သမီးကြီးက လိမ်မာလိုက်တာ” ဆိုတဲ့ အမေ့ရဲ့ ချီမွမ်းသံတွေ ကြားတိုင်း ကျမ ပီတိဖြစ်ရမြဲ—  ။

ကျမ (၅) တန်း တက်တဲ့ နှစ်မှာ စနေ။ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာ ယာတောထဲ နေ့စား အလုပ် ဝင်လုပ်ဖို့ အမေ့ကို ပြောပါတယ်။ အမေက ဘာမှ မပြောပေမယ့် အဖေက ပေးမလုပ်ချင်— ။ သို့သော်–တနှစ်ပြီး တနှစ် ကုန်ဈေနှုန်းတွေ တက်လာတာနဲ့ အမျှ ကျမတို့ မောင်နှစ်မ (၃) ဦးရဲ့ ကျောင်းစရိတ်တွေလည်း ထောင်းလာပြီမို့ အဖေက မပြောသာတော့ပဲ ခွင့်ပြု လိုက်ရပါတယ်။ ကျောင်းတက်ရင်း အလုပ်လုပ်– ။ အလုပ် လုပ်ရင်း ကျောင်းတက်ပေါ့— ။

(၃)

ကျမ (၇) တန်း တက်တဲ့ နှစ်မှာ အမေဆုံးသွားပါတယ်။ ရောဂါက အလုပ် ပင်ပန်းလွန်းလို့ အားနည်းပြီး ကိုယ်ခံအား ကျရာမှ အဖျားပိုး ဝင်တာဖြစ်ပေမယ့် ဆေးကုသရင် အလွယ်တကူ ပျောက်နိုင်မယ့်ရောဂါပါ။ သို့သော်– အမေက သားသမီးတွေကို ငဲ့တဲ့အနေနဲ့ ဆေးကုရင် ငွေကုန်မှာစိုးလို့ ပေပြီးနေရာမှ အသက်ပါ ဆုံးသွားရတဲ့ အထိဖြစ်ခဲ့ရပါတယ်။ အဖျား တဖြေးဖြေးပြင်းလာတော့ အဖေက ဆေးရုံ တက်ပြီး ကုသဖို့ ပြောသေးပေမယ့် အမေက “ဒီလောက်လည်း မလိုသေးပါဘူး။ ဗမာဆေးတွေ သောက်လိုက်ရင် သက်သာ သွားမှာပါ” လို့သာ ပြောပြီး ဆေးရုံ တက်ဖို့ ငြင်းဆန်ခဲ့တယ်။

ဟုတ်ပါတယ်။ ဆေးရုံတက်ပြီး ကုသဖို့ဆိုတာ လွယ်တာမဟုတ်။ ဆေးရုံ တခါတက်ရင် ငွေသိန်းနဲ့ ချီပြီး ကုန်ကျ တတ်ပါတယ်။ ရောဂါ ပျောက်တာ မပျောက်တာက တစ်ပိုင်း– ။ ဒါကြောင့် ကျမတို့ရွာမှာ ရှိတဲ့ ဆင်းရဲသူ ဆင်းရဲသားတွေအဖို့ ဖျားနာပြီဆိုရင် အပူကျ ငန်းဆေးတို့။ ကွမ်းရွက်ပုံ– အဖျားဖြတ်ဆေးတို့– စတဲ့ ဈေးပေါပေါနဲ့ရနိုင်တဲ့ ဗမာဆေးတွေကိုသာ ဝယ်ယူ သုံးစွဲ ကုသကြပါတယ်။ ငွေရှိတဲ့ သူတွေဆိုရင်တော့— တမျိုးပေါ့လေ။ တော်ရုံတန်ရုံ ရောဂါလောက် ဆိုရင်လည်း ဗမာဆေး သောက်လိုက်ရင် သက်သာ ပျောက်ကင်း သွားတတ်ပါတယ်။ အမေလည်း ထို့နည်းတူ ဗမာဆေး သောက်လိုက်ရင် သက်သာ ပျောက်ကင်းသွား လိမ့်မယ်လို့ ထင်ပုံရတယ် (မိသားစုကို ငဲ့တာလည်း ပါမယ် ထင်ပါရဲ့)။ သို့သော် — ရောဂါက ပျောက်မသွားပဲ အမေ့ရဲ့အသက်သာ ပျောက်သွား ရရှာတယ်။ ကံစီမံရာ လည်စင်း ခံရပြီပေါ့ — ။

အမေဆုံးပြီးနောက် ကျမက ကျောင်းထွက်ပြီး လုပ်ငန်းခွင်ထဲ ခြေစုံပစ် ဝင်ရောက် လုပ်ကိုင်ဖို့ အဖေ့ကို ပြောပါသေးတယ်။ အဖေက လက်မခံ။ ကျောင်း ဆက်တက်ဖို့သာ ပြောပါတယ်။ တကယ့် တကယ်တော့လည်း ကျမက ကျောင်းထွက်ချင်တဲ့ စိတ်ဆန္ဒမရှိ၊ အငယ်နှစ်ဦးကို ငဲ့ပြီး ပြောလိုက်ခြင်းသာ ဖြစ်တယ်။

ညနေ ကျောင်းဆင်းချိန်မှာ အိမ်ကို တန်းမပြန်သေးပဲ ဝင်ငွေလေး ရလိုရငြား ရွာရိုးလျှောက် အလုပ် လိုက်ရှာတယ်။ အဝတ်လျှော်၊ ရေခပ်၊ ထင်းခွဲ၊ သန့်ရှင်းရေး — အကုန်လုပ်ပါတယ်။ ခိုင်းသမျှ လုပ်ပြီး ပေးသမျှသာ ယူပါတယ်။ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာ နေ့စား အလုပ် မရှိရင် တောထဲသွားပြီး ထင်ခွေကာ ရွာထဲ လိုက်ရောင်းပါတယ်။

အမေမရှိတဲ့ နောက်ပိုင်း (၃)၊ (၄) နှစ်အတွင်းမှာပဲ နားရက်မရှိအောင် ပင်ပင်ပန်းပန်း ရုန်းကန်ခဲ့ရတဲ့ အတွက်ကြောင့် အဖေဟာ အတော်လေး အိုမင်းရင့်ရော် သွားခဲ့ရသလို ကျမရဲ့ဘဝဟာလည်း နွမ်းလျှကြေ မွသွားခဲ့ရလေပြီ— ။

(၄)
ကျမရဲ့ဘဝကို အကြီးအကျယ် ပြောင်းလဲစေတဲ့ လူတစ်ဦးရှိပါတယ်။ သူနာမည်က ဦးချစ်ညို။ အများကသူ့ကို ဦးချစ်လို့ခေါ်ပါတယ်။ အရပ် ထောင်ထောင်မောင်းမောင်း၊ အသားညိုညို၊ ခုလောက်ဆို သူ့အသက်က (၅ဝ) ဝန်းကျင်ခန့်သာ ရှိဦးမယ်။ သားသမီး (၅) ဦးရှိပြီး အကြီးဆုံးသမီးက ဘွဲ့ရ ကျောင်း ဆရာမတောင် ဖြစ်နေတာကြာပြီ။

ဦးချစ်က တောသူဌေး။ ဆန်စက်တစ်လုံးရှိတဲ့ အပြင် လယ်ဧက ပေါင်းများစွာကို ပိုင်ဆိုင်ထားတဲ့သူ။  ကျမတို့ ဒေသ ဝန်းကျင်မှာ သူ့ကို မသိတဲ့သူ ခပ်ရှားရှား။ သာရေးနာရေး၊ ရပ်ရေးရွာရေး၊ ဘာသာရေး၊ လူမှုရေး–စတဲ့ ကိစ္စရပ်တွေမှာ သူ မပါတဲ့ပွဲ မရှိသလောက်ပင်။ ကျမတို့လို စားဝတ်နေရေး မပြေလည်တဲ့ ဆင်းရဲသား မိသားစုတွေက သူဆီမှာ ငွေချေး၊ ဆန်ချေး၊ စပါးချေး — ချေးနေကျ — ။

ကျမတို့ သားအဖနှစ်ဦး ဘယ်လိုပဲ တက်ညီလက်ညီ ရုန်းကန်နေစေကာမူ မကြာခဏ ပြတ်လတ် သွားတာမျိုး  ဖြစ်တတ်ပါတယ်။ ကုန်းဈေးနှုန်း မတရား တက်လာတော့ လူ (၂) ဦး လုပ်စာဟာ မိသားစု (၄) ဦး တစ်နေ့ စားရုံသာ အနိုင်နိုင် ဖြစ်နေတယ်။ ကျမက ကျောင်းဆင်းချိန်နဲ့ ကျောင်းပိတ်ရက်တွေမှာသာ အလုပ် ရှာရတယ် ဆိုပေမယ့် အလုပ်က ရှာတိုင်းလည်း ရတာမဟုတ်။ အဖေ့ရဲ့လုပ်အား တစ်ခုတည်းနဲ့သာ မိသားစု အရေး ဖြေရှင်းရတာမို့ မနက်စာ ချက်စရာ ဆန်မရှိတဲ့ အခါမျိုးတွေမှာ ဖြစ်စေ။

ကျမတို့ မောင်နှစ်မ ကျောင်းနဲ့ ပတ်သက်တဲ့ကိစ္စ၊ သာရေး နာရေး၊ ရပ်ရေးရွာရေး — စတဲ့ ကိစ္စရပ်တွေ အတွက် အရေးတကြီး ငွေ လိုအပ်လာပါက ဦးချစ်ဆီ ပြေးရတော့တာပဲ —– ။ အဖေ ကိုယ်တိုင် သွားရောက် ချေးယူတာ ရှိသလို ကျမကို လွတ်ပြီး ချေးယူစေတာလည်းရှိပါတယ်။
အတိုးက (၂ဝ) ရာခိုင်နှုန်း ပေးရတယ် ဆိုတော့ အတိုးကိုသာ ဦးစားပေးဆပ်လိုက်။ ပထမ အရင်းကို မဆပ်နိုင်သေးပဲ နောက်တခါ ထပ်ချေးလိုက်နဲ့ အကြွေး သံသရာ လည်နေပါတော့တယ် — ။
ဆပ်ပြီးရင်ဆပ်ပြန်၊ ချေးပြီးရင် ချေးပြန်နဲ့မို့ ကျမတို့ရဲ့မိသားစုဟာ ဦးချစ်ရဲ့ ငွေဝယ်ကျွန်ပမာ ဦးချစ် ခိုင်းတာလုပ်၊ စေရာ သွားရတဲ့ ဘဝတွေ ဖြစ်လာခဲ့ရပါတယ်။

အကြွေး သံသရာထဲမှာ ရုန်းထွက်ဖို့ ကျမတို့ သားအဖ အစွမ်းကုန် ကြိုးစား ခဲ့ပါသေးတယ်။ သိုသော် —လူသာ လက်ပန်း ကျသွားတယ်။ ရုန်းလေလေ နှစ်လေလေဖြစ်ပြီး အဆုံးမှာတော့ ကျမရဲ့ဘဝကိုပါ ဦးချစ်ရဲ့ လက်ထဲ လုံးလုံး ပုံအပ် ပေးလိုက်ရပါတော့တယ် —

(၅)

(၈) တန်း စာမေးပွဲဖြေတော့ “ဒီနှစ် အောင်ပါ့မလား မသိဘူး” လို့ အဖေ့ကို ပြောတော့ အဖေက “မအောင်ရင်လည်း အရေးမကြီးပါဘူး သမီးရယ် — ။ စာမေးပွဲ ကျတော့လည်း ကျောင်းထွက်ပြီး အလုပ် လုပ်ရုံပဲပေါ့ မဟုတ်လား —- ။ အေ — အောင်ရင်တော့ ဆက်တက်ပေါ့ကွာ—”တဲ့။ အဖေက ပြောသာ ပြောလိုက်ရတယ်ဆိုပေမယ့် ဒီလို ပြောလိုက်ရလို့ စိတ်ကောင်းပုံမရ။ ဟုတ်တယ်လေ။ ဘယ်မိဘကမှ ကိုယ့်ရဲ့ သား သမီးတွေကို ကျောင်းထွက်စေပြီး အလုပ်ကြမ်း လုပ်ခိုင်းစေချင်ပါ့မလား — ။ အဖေလည်း ထို့နည်းတူပဲပေါ့။ မတတ်သာလို့သာ ပြောလိုက်ရတာ ဖြစ်တယ်ဆိုတာ ကျမသိတာပေါ့။ တတ်နိုင်ဘူးလေ–။

အစတုန်းက ကျောင်းထွက်ပြီး လုပ်ငန်းခွင်ထဲဝင်ဖို့ ပြောခဲ့ပေမယ့် အဖေက လက်မခံ။ သို့သော်–ခုတော့ စားဝတ်နေရေး ကျပ်တည်းလွန်းတာမို့ အဖေက ကျမကို ကျောင်းထွက်ပြီး အလုပ်လုပ်စေချင်တဲ့ ပုံရပါတယ်။ သို့ပေမယ့် အလုပ်လုပ်ရင်း ကျောင်တက်ရတယ်ဆိုပေမယ့် တစ်နှစ်တစ်တန်း ပုံမှန်အောင်နေတဲ့ သူ့သမီးကို ကျောင်းထွက်ရန် ပြောဖို့ခက်နေတယ်ထင်ပါရဲ့— ။
မိသားစုအရေး အဖေတစ်ဦးတည်း ရုန်းလို့ မနိုင်တော့ဘူးဆိုတာ သမီးသိတာပေါ့။ အကြွေးတွေလည်း လည်နှစ်နေပြီးဆိုတာ သမီးမသိတာမှ မဟုတ်တာ။ ဒါပေမယ့် အဖေရယ်— စာမေးပွဲအောင်ရင် သမီး ကျောင်း ဆက်တက်ပါရစေနော်— ။

(၈) တန်း စာမေးပွဲ အောင်စာရင်း ထွက်ပြီ ကြားတာနဲ့ ကျမတို့ သူငယ်ချင်းမ တသိုက် အပြေးအလွား အောင်စာရင်း သွားကြည့်ကြပါတယ်။ စာကြည့်ချိန် သိပ်မရခဲ့တဲ့ အတွက် ဒီနှစ်အောင်ကော အောင်ပါ့မလား ဆိုပြီး ရင် တထိတ်ထိတ်နဲ့ပေါ့။ အကယ်၍ စာမေးပွဲ ကျခဲ့လို့ရှိရင် ကျောင်း ထွက်မယ်။ အောင်ရင်ဆက်တက်မယ်။ မကျမချင်း ကျောင်းဆက်တက်မယ်။ ဘွဲ့ တစ်ခုခု ရအောင်ယူမယ်လို့ ကျမဆုံးဖြတ်ထားပြီးသား — ။ ဒါကြောင့်– မအားလပ်တဲ့ ကြားထဲက စာကို အပတ်တကုတ် ကြိုးစားခဲ့တာပေါ့။ သို့ပေမယ့် ရှုံးရင် ကျောင်း ထွက်ရတော့မယ်ဆိုတဲ့ အသိက ရင်ကို တထိတ်ထိတ်ဖြစ်စေပါတယ်။

အောင်စာရင်းမှာ ကျမနာမည် ပါလာတော့ ကျမ အရမ်းပျော်သွားပါတယ်။ ပျော်လွန်းလို့ မျက်ရည်တောင် ထွက်ရတဲ့ အထိပါပဲ။ (၈) တန်း အောင်သွားပြီ။ (၉) တန်း ဆက်တက်ရတော့မယ်ဆိုတဲ့ အတွေးနဲ့ အိမ်အပြန်လမ်း တလျှောက် ခြေလှမ်းတွေက အပျော်တွေနဲ့ သွက်လက်ပေါ့ပါးလို့ — ။
အောင်စာရင်းကြည့်ပြီး အိမ်အပြန် ခြံအဝင်ဝမှာ ခြံဝန်းထဲမှ ထွက်လာတဲ့ ဦးဘငြိမ်းနဲ့ဆုံပါတယ်။
“ဟာ — အတော်ပဲ။ ဦးက ငါ့တူမကို လာရှာတာ။ အပြင် ထွက်သွားတယ်ပြောလို့ ပြန်လှည့်လာတာ”

“ဘာကိစ္စ ရှိပါသလဲ — ဦး”

“ကိုချစ်က ငါ့တူမကို တွေ့ချင်လို့တဲ့။ ည (၇) နာရီလောက် ဦးအိမ်ကိုလာခဲ့ပါတဲ့။ သူ စောင့်နေမယ့်တဲ့။ ဆက်ဆက် လာခဲ့ဖို့လည်း မှာလိုက်တယ်။ အဲဒါ ဦးလာပြောတာပါ”

“ဟုတ်ကဲ့ — သမီးလာခဲ့ပါ့မယ်”

“ကဲ့ — ဒါဆိုရင်လည်း ဦးပြန်လိုက်ဦးမယ်။ လာဖြစ်အောင် လာခဲ့နော် ငါ့တူမ”

ဘာကိစ္စမှန်း မသိရသေးပေမယ့် ဦးချစ် ခေါ်တယ်ဆိုတော့လည်း သွားရမှာပေါ့လေ။ သူက သမီးတို့ရဲ့ အကြွေးရှင် မဟုတ်လား — ။ တခုခုများ ခိုင်းစရာရှိလို့ခေါ်တာ ဖြစ်မယ်ထင်ပါရဲ့— ။
ညနေ ရေမိုးချိုး၊ ထမင်းစားပြီး “မောင်လေး —- အစ်မ အပြင် ခဏ သွားလိုက်ဦးမယ်။ အဖေပြန်လာလို့ မေးရင် အပြင်ခဏသွားတယ်လို့ ပြောလိုက်ပါ — နော်” ဆိုပြီး မောင်လေးကို မှာခဲ့ကာ ဦးဘငြိမ်းအိမ်သို့ ကျမ ထွက်လာခဲ့ပါတယ်။

ဦးဘငြိမ်းဆိုတာက ဦးချစ်ရဲ့ကျေးဇူးခံ ကျေးဇူးစား။ ကျမတို့လိုပဲ ဦးချစ်ထံမှာ အကြွေးယူနေကျ — ။ အသက် (၅ဝ) ခန့်ရှိပြီ ဖြစ်ပေမယ့် အိမ်ထောင်မရှိ။ အလုပ် လုပ်လိုက်၊ သောက်လိုက်နဲ့ ဆိုပေမယ့် လူချစ် လူခင်တော့ အများသား။ အရက်သောက်တယ် ဆိုပေမယ့် ဟော့ဟော့ရမ်းရမ်း မရှိ။ ပြုံးပြုံးရွှင်ရွှင် အေးအေးဆေးဆေးပင်။ တကိုယ်ရည် တကာယသမား ပီပီ ပျော်ပျော်နေတတ်သူ — ။
ဦးဘငြိမ်းနဲ့ ကျမတို့အိမ်က (၁၅) မိနစ်ခန့် လျှောက်ရပါတယ်။ အိမ်က ပျဉ်ခင်းထရံကာ သေးသေး လေးဖြစ်ပေမယ့် ရွာအစွန်မို့လားမသိ ခြံဝန်းတော့အကျယ်သား— ။ ခြံစည်းရိုးပတ်ပတ်လည်မှာတော့ ပိန္နဲပင်။ သရက်ပင်တွေ စိုက်ထားတာ အပြည့်—။

ဦးဘငြိမ်းအိမ်ကို ကျမ ရောက်လာတော့ ဦးဘငြိမ်းနဲ့ ဦးချစ်တို့ နှစ်ဦး မျက်နှာချင်းဆိုင် ထိုင်ပြီး စကား ပြောနေကြပါတယ်။ ကျမ ရောက် လာတာ တွေ့တော့ ဦးဘငြိမ်းက“ဟော— ငါ့တူမတောင် ရောက်လာပြီ။ လာလာ — အထဲကိုဝင်လာခဲ့ ငါ့တူမ။ “လာ — ဒီမှာထိုင်”ဆိုပြီး ဦးချစ်ဘေးမှာ လက်ညှိုးထိုး ထိုင်ခိုင်းတော့ ဦးချစ်ဘေးမှာ ခပ်ရို့ရို့လေး ကျမ ဝင်ထိုင်လိုက်ပါတယ်။
ကျမ ဝင်ထိုင်ပြီး ခဏ အကြာမှာတော့ ဦးဘငြိမ်းက“ကဲ့ — ကိုချစ်တို့ အေးအေးဆေးဆေး စကားပြောနင့်ဦး။ ကျနော် စားစရာ သောက်စရာလေး သွားဝယ်လိုက်ဦးမယ်”ဆိုပြီးထွက်
သွားတော့ အိမ်ထဲမှာ ကျမတို့ နှစ်ဦးတည်း ကျန်ရစ်ခဲ့ပါတယ်။

ဦးဘငြိမ်း ထွက်သွားပြီးတဲ့နောက် ဦးချစ်က ကျမကို အတန်ကြာအောင် စကားမပြောသေးပဲ သက်ပြင်း တချချနဲ့ တခုခုကိုပြောဖို့ အားယူနေတာလား မသိ။ ချီတုံချတုံဖြစ်နေပါတယ်။ ဦးချစ် အရက် သောက်ထား တာလား။ အခန်းထောင့်မှာ ထောင်ထားတဲ့ ပုလင်းဆီက ထွက်လာတာလားမသိ တချက် တချက်လေ အဝှေ့မှာ အရက်နံ့က ထောင်းခနဲ့ထွက်လာပါတယ်။

“ဦးချစ် စကားပြောစရာရှိတယ်ဆို။ ဘာပြောမလို့လဲ — ဦး” တိတ်ဆိတ်မှုကို ကျမကပဲ စတင်ဖြိုခွဲ လိုက်ပါတယ်။

“အင် — ကလေးမကို ဘယ်ကစပြီး ပြောရမှန်းတောင် မသိတော့ဘူး။ အားတော့နာပါတယ်။ သို့ပေမယ့် မပြောလို့လည်း မဖြစ်ပြန်ဘူး”

“ဟုတ်ကဲ့ — ပြောပါ —- ဦး”

“အကြွေးကိစ္စပဲ ဆိုပါတော့— ။ ဒီလိုလေ — ”

ဦးချစ်က စကားကို ဆက်မပြောသေးပဲ ရပ်ထားလိုက်ပါတယ်။ ပြီးတော့ ကျမကို တကိုယ်လုံး ခြုံပြီး စူးစူးရဲရဲ စိုက်ကြည့်နေပါတယ်။ ဦးချစ်ရဲ့ အကြည့်ကြောင့် ကျမ မလုံမလဲဖြစ်ကာ စိတ်ထဲမှာလည်း ကြောက်သလိုလို ခံစားလာရပါတယ်။ သို့သော်လည်း ကိုယ့်အဖေ အရွယ် လောက် ရှိတာပဲ။ မဟုတ်တာတော့ လုပ်မှာ မဟုတ်ပါဘူးလေဆိုပြီး စိတ်တင်းလိုက်ပါတယ်။ ဦးဘငြိမ်း မြန်မြန်ပြန်လာပါစေလို့ ကြိတ်ပြီး ဆုတောင်း နေမိ ပါတယ်။

“ဒီလိုပါ၊ ကလေးမတို့က ဦးဆီမှာ အကြွေးတွေ ယူထားတာ များနေပြီ မဟုတ်လား။ သို့ပေမယ့် အရင်းမပြောနဲ့ အတိုးတွေကိုတောင် ကလေးမတို့ အနိုင်နိုင် ပြန်ဆပ်နေရတယ်။ ဒါ့ကြောင့် ကလေးမတို့ ဘယ်လိုပဲ လုပ်လုပ် ပြန်ဆပ်နိုင်မှာ မဟုတ်တော့ဘူး —- ဦးထင်တယ်။ အေ — ဒါပေမယ့် ပြန်ဆပ်နိုင်တဲ့ နည်းလမ်းတစ်ခုတော့ ရှိတယ်။ အဲဒါကလည်း ကလေးမ ကိုယ်တိုင်ဆပ်မှ ရနိုင်မယ်။ ဒါ့အတွက် ကလေးမကို ဦးက ခေါ်ခိုင်းလိုက်တာပါ”

“ဟုတ်ကဲ့ — ကျမ ဘာလုပ်ပေးရမှာလဲ — ပြောပါ — ဦး” တုန်နေတဲ့ အသံကိုထိန်းပြီး မရဲတရဲနဲ့ ဦးချစ်ကို ကျမ မေးလိုက်ပါတယ်။

“ဘာ လုပ်ပေးရမှာလဲဆိုတော့ — ။ ဦးရဲ့ဆန္ဒကို ကလေးမ— ဖြည့်ဆည်းပေးလိုက်ရုံပါပဲ။ ဒါကိုတော့ ကလေးမ— လုပ်ပေးနိုင် လိမ့်မယ်လို့ ဦးထင်ပါတယ်”

တည့်တိုးကြီး ပြောချလိုက်တဲ့ ဦးချစ်ရဲ့စကားတွေကြောင့် ကျမ အထိတ်တလန့် ဖြစ်သွားပါတယ်။
“ဘယ်လိုလဲ။ လုပ်နိုင်တယ် မဟုတ်လား”ပြောပြီး ကျမဘေးကိုတိုးထိုင်ကာ လက်တစ်ဖက်ကလည်း ကျမရဲ့ပခုံးကို သိုင်းဖက် ထားလိုက်ပါတယ်။

ကျမ ဘယ်လိုပြောရမှန်း  မသိတော့— ၊ မျက်ရည်တွေလည်း ပါးပြင်ပေါ် တသွင်သွင်စီးကျလို့— ။
“ဦးရယ်— တခြားကိစ္စတွေ လုပ်ခိုင်းပါလား။ ဦးခိုင်းသမျှ ကျမ အကုန် လုပ်ပေးပါ့မယ်”
ကျမရဲ့တိုးလျှိုး တောင်းပန်သံတွေက ရှိုက်သံတွေနဲ့ ပလုံးပထွေး— ။

“ဦးပြောပြီးပြီကော — တခြားအလုပ်တွေ ဘယ်လိုပဲ လုပ်လုပ် ကလေးမတို့ ဘယ်လိုမှ ပြန်ဆပ်နိုင်မှာ မဟုတ်ဘူး။ နည်းနည်းပါးပါး ဆိုရင်လည်း လျော်ပေးလို့ ရသေးတယ်။ ခုဟာက နည်းတဲ့ အကြွေးတွေမှ မဟုတ်တာ။ ကလေးမပဲစဉ်းစား ကြည့်လေ။ အေ — လူဆိုတာ အယူရှိရင် အပေးရှိရမယ်ဆိုတာ ကလေးမ–သိထားဖို့ လိုတယ်။ ဒါကို မမေ့နဲ့ဦး”

ကျမ ထပ်ကာထပ်ကာ တောင်းပန်ပါသေးတယ်။ သို့ပေမယ့် ဘယ်လိုပဲတောင်းပန် ရုန်းထွက် နေစေကာမူ ဦးချစ်ရဲ့ တိုး— တိုးပြီး။ တင်း— တင်းကြပ်တဲ့ ပွေ့ဖက်လုံးထွေးမှု အောက်မှာ ရှိုက်သံတွေနဲ့အတူ ကျမ နာကျင်လူးလွန့်— မောဟိုက်လို့— ။

နေ့ခင်းဘက်မှာ စာမေးပွဲအောင်လို့ ပျော်ခဲ့ရတဲ့ အပျော်တွေလည်း ညဘက်အရောက်မှာတော့ ရေစုန်မျော— နွမ်းလျှခဲ့ရပြီ ဖြစ်သလို ဦးဘငြိမ်း အိမ်မှအပြန် ခြေလှမ်းတွေလည်း ချည့်နဲ့— ယိမ်းယိုင်လို့— ။

(၆)
ကျမနဲ့ ဦချစ်အကြောင်းသိတဲ့ လူတချို့က ကျမကို ဦးချစ် အပျော်မယားတဲ့။ ဦးချစ်ရဲ့ ပျော်တော်ဆက်တဲ့။ တချို့ကလည်း ဦးချစ်ကို မြေနှိမ့်ရာလှံစိုက်တဲ့သူ။ ကိုယ့်သမီးထွေး အရွယ်လောက် သာရှိသေးတဲ့ သူကိုတောင် မညာမတာ လုပ်ရက် လိုက်တာဆိုပြီး ကျမဘက်က နာတဲ့သူလည်းရှိပါတယ်။
လူတွေ ဘယ်လိုပဲ ပြောနေကြပါစေ၊ ကဲ့ရဲ့ကြပါစေ ကျမ ဂရုမစိုက်နိုင်အား— ။ ကျမ ကျောင်းဆက်တက်ချင်တယ်။ ကျမရဲ့ မိသားစု စားဝတ်နေရေးအတွက်၊ မောင်ငယ်၊ ညီမငယ်တွေရဲ့ ကျောင်းစရိတ်၊ ကျမရဲ့ ကျောင်းစရိတ်— ကျမ ခေါင်းထဲမှာ ဒါတွေပဲရှိပါတော့တယ်။
ကျန်တာဘာမှမရှိ— ။ ခံစားမှုတွေလည်းပျက်သုဉ်းခဲ့ရပြီ
။ မျက်ရည်တွေလည်း ခမ်းသွားတာကြာပြီ။ နောက်ထပ်ကျစရာ မျက်ရည်တွေ မရှိတော့— ။

အိမ်မှ မထွက်ခွာမီ အချိန်ထိ ဦးဘငြိမ်းရဲ့အိမ်ဟာ ကျမနဲ့ ဦးချစ်ရဲ့ ပုံမှန် အပေးအယူ လုပ်နေကျနေရာလေး ဖြစ်ခဲ့ပါတယ်။ ဒီ အကြောင်းတွေကို အဖေသိမသိ ကျမမပြောတတ်– ။ သိနေပေမယ့်လည်း မပြောရက် မပြောသာလို့သာ ဘာမှမပြောတော့ပဲ နေလိုက်တာ လည်း ဖြစ်ချင်ဖြစ်မယ်။ ကျမကို ခွင့်လွတ်ပါ အဖေရယ်– ။

(၁ဝ) တန်း စာမေးပွဲ ဖြေပြီးလို့ ကျောင်းပိတ်စ အချိန်မှာ ရွာနီးချင်း သူငယ်ချင်းမ တစ်ဦးနဲ့ လုပ်ငန်း ကိစ္စ အချိတ်အဆက် ရပါတယ်။ သူက “ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ကြရအောင်။ ဟိုမှာက ဝင်ငွေ ပိုကောင်း တယ်။ နင့်ဟာက သူများအပျော် မယားလုပ်ရမယ့်အတူ ဟိုမှာ အလုပ်သွားလုပ်တာကမှ ပိုကောင်း ဦမယ်။ တရပ်တကျေးမှာဆိုတော့ ကိုယ့်ကိုသိတဲ့လူလည်း မရှိတော့ လွတ်လွတ်လပ်လပ် လုပ်စားလို့ ရတာပေါ့။ ငွေလေး ဘာလေးစုမိတဲ့ အခါအိမ်ပြန်ပြီး ကျောင်းဆက်တက်ပေါ့။ ငါလည်း ဒီလိုပဲလုပ်လာခဲ့တာ (၃) နှစ် တောင်ရှိပြီ။ သွားလိုက် လာလိုက်ပဲ ဆိုပါတော့။ ဒီမှာက နင်သိတဲ့ အတိုင်းပဲ။ လုပ်စားရတာ မလွယ်ဘူး—ဟာ။ တွက်ချေလည်း မကိုက်ဘူး။ နောက်အပတ်ကျရင် ငါသွားမယ်။ နင် — လိုက်ခဲ့ပါလား။ အဖော်ရတာပေါ့” ဆိုပြီး ကျမကို လာညှိပါတယ်။
သူက ပဲခူးဒီဂရီကောလိပ်မှာ နောက်ဆုံးနှစ် တက်နေတဲ့သူ။ ကျမနဲ့ ရွာနီးချင်း။ သူ့ ဘဝလည်း ကျမလိုပဲထင်ပါရဲ့— ။

သူပြောသလိုဟုတ်ပါတယ်။ ခုနောက်ပိုင်း ဦးချစ်နဲ့ အပေးအယူလုပ်ရတာ အဆင်သိပ်မပြေတော့— ။ လူကို နှိမ်လာတယ်။ မှိုချိုး၊ မျှစ်ချိုးစကားတွေ ပြောလာတယ်။ အပေးအယူ လုပ်တိုင်းလည်း ငွေချေချင်မှ ချေ တာ။ ငွေချေတော့လည်း မဖြစ်စလောက်လေးနဲ့၊ ဆန် တပြည်ဖိုးတောင် အနိုင်နိုင်။ လူကိုများ တိရိစ္ဆာန် အောက်မေ့နေလားမသိ— အမျိုးမျိုး— ။ အပေးအယူ လုပ်ခဲ့ပေမယ့် ငွေမရပဲ အိမ်ကို ပြန်လာခဲ့ရတာလည်း အခါခါ— ။

ဦးချစ်နဲ့ ဒီအတိုင်းဆက်သွားနေရမယ့် အတူတူ ထိုင်းနိုင်ငံကို သွားပြီး အလုပ် သွားလုပ်တာကမှ ပိုကောင်းဦးမယ်။ ဟိုမှာ အလုပ်လုပ်ရင်း ငွေစုမယ်။ ငွေစုမိပါက အိမ်ပြန်လာပြီး ကျောင်းဆက်တက်မယ်— ။ ဟုတ်ပြီ—- ကျမ ထိုင်းနိုင်ငံကို လိုက်သွားမယ်— ။ ဘာပဲဖြစ်ဖြစ် ကျမ သွားမယ်— ။ ကျမရဲ့ဘဝ ဒီထက်ပိုပြီး နာစရာမရှိ—- ။

အဖေ့ကို တိုင်ပင်တော့ အဖေက “သမီး ကောင်းသလိုသာ ဆုံးဖြတ်ပါ။ သမီးက ကလေးမှ မဟုတ် တော့တာ။ အဖေ ဘာမှ မပြောလို ပါဘူး” လို့ သာပြောပေမယ့် မျက်နှာတော့ မကောင်းရှာ— ။ ဘာမှ မသိရတဲ့ တရပ်တကျေးကို အလုပ် သွားလုပ်ဖို့ဆိုတာ ဘယ်မိဘကမှ ကိုယ့်သား သမီးတွေကို စိတ်ချလက်ချနဲ့ လွတ်နိုင်ရိုးလား— ။ အဖေလည်း ကျမကို လွတ်ချင်တဲ့ပုံ မရ။ သို့ပေမယ့် စားဝတ်နေရေး အကျပ်အတည်းက မသွားပါနဲ့လို့ ဟန့်တား နိုင်လောက်အောင် အဖေ့ကို ပြောမထွက် စေတာတော့ အမှန်ပဲ— ။

သွားခါနီး အဖေ့ကို နှုတ်ဆက်တော့ အဖေ့မျက်ဝန်းမှာ မျက်ရည်တွေ အိုင်လို့— ။

(၇)
ကံကြမ္မာက ကျမကို တခါမျှ မျက်နှာသာမပေးခဲ့— ။ မဲဆောက်ရောက်လို့ နှစ်လတောင် မပြည့်သေး။ ရဲဝင်ဖမ်းလို့ နှစ်ထပ် အချုပ်ထဲ ရောက်သွားပါလေရော— ။ ခန္ဓာကိုယ်၊ သွေး၊ ချွေးနဲ့ ရင်းပြီး စုဆောင်းထားတဲ့ ရှိစုမဲ့စု ငွေတွေလည်း အသိမ်းခံလိုက်ရတာ— ကုန်ရော— ။ ဘာဆိုဘာမှမကျန်တော့— ။
ရဲကဖမ်းလိုက်၊ အလုပ်ခေါင်းက ပြန်ရွေးလိုက်၊ အလုပ်ခေါင်း ပြန်ရွေးထားတဲ့ အကြွေးတွေ ပြန်ဆပ်လိုက်နဲ့ သံသရာ လည်နေရော— ။ ဘာများ တတ်နိုင်ဦးမှာလဲ—- ။

ထိုင်းနိုင်ငံကို ထွက်လာတာ နှစ်နှစ်တောင် ကျော်ပြီဖြစ်ပေမယ့် အိမ်ကို ဗမာငွေ (၂) သိန်းသာ ပြန်ပို့နိုင်ခဲ့ပါတယ်။ သို့သော်— ပို့လိုက်တဲ့ ငွေတွေ အဖေ့လက်ထဲ ရောက်မရောက်မသိ— ။ အိမ်နဲ့လည်း အဆက်အသွယ်တခါမှမရ— ။

အဖေတော့ ပြန်လာနိုးနိုးနဲ့ အဝေးရောက်နေတဲ့ သမီးကြီးကို မျော်နေရှာရောပေါ့— ။ အဖေနဲ့ မောင်ငယ်။
ညီမငယ်တို့တတွေ— ဘယ်လိုများ ရုန်းကန် နေကြရပါသလဲ—
“ဟေ့—- ဘာဖြစ်လို့ငိုနေတာလဲ”

သူငယ်ချင်းမ တစ်ဦး ပခုံးကို လာပုတ်တော့မှ ကျမရဲ့ အတွေးစတွေ ရုတ်တရက် လွင့်ပျယ်သွားပါ တော့တယ်— ။

“ဘာမှ မဟုတ်ပါဘူး။ အိမ်ကို သတိရလို့ပါ” ပြောပြီး ထိုင်ရာမှထကာ ကမန်းကတန်း ရေချိုးခန်းထဲ ပြေးဝင်သွားပြီး အားပါးတရ ကျမ ငိုချ လိုက်ပါတော့တယ်—- ။

ငွေထုပ်ကိုပိုက်ကာ အိမ်ကိုပြန်ပြီး ကျောင်း ဆက်တက်မယ်ဆိုတဲ့ ကျမ မှိတ်တခါ လင်းတ လှည့်ဖြစ်နေတဲ့ ရောင်စုံမီးတွေ ကြားမှာ ဘယ်အထိ ဆက်လျှောက်နေရဦးမှာလဲ—-

အိမ်အပြန်လမ်းရယ်— ရှိကော ရှိပါတော့မလား—–

အပြောကျယ်လှတဲ့ ဟောဒီ လူ့ လောကရဲ့ ဒုက္ခ ပင်လယ်ကြီးထဲမှာ ဘယ်အထိ ဆက်လက် ကူးခတ်နေရဦးမှာလဲ—
မသေချာ မရေရာခြင်းများစွာနဲ့ တရွှေ့ရွှေ့—  လွင့်မျောနေရင်း—- ။                 ။

အဒီး
မောက္ခ - ရောင်စုံမီးတွေကြားက ဘဝတက္ကသိုလ် 

No comments: