Thursday, August 30, 2012

မျှစ်တာလပေါ ဟင်းချို နဲ့ သခွားသီးသုပ်


ကျွန်တော်ဖတ်နေကျ မြင်ကွင်းမဂ္ဂဇင်းလေးမှာ အနုပညာရှင်လေးတွေက သူတို့အိမ်မှာ ချက်ပြုတ်နေကျ ဟင်းလျာလေးတွေကို ချက် ပြုတ်တင်ဆက်တဲ့ ကဏ္ဍပါပါတယ်။ 

အခု မိုးဟေမာန်ခင်တို့ သားအမိက မျှစ်တာလပေါ ဟင်းချိုလေးနဲ့ သခွားသီးသုပ်လေးကို တင်ဆက်ထားပြန်ပါတယ်။ အသားဟင်းထပ် ချက်ချင်တယ်ဆိုရင်တော့ ကဏန်းဟင်းဆီပြန်ကို ဟင်းတစ်ခွက်အနေနဲ့ ထည့်ချက်လို့ရကြောင်းပါနော်။

မျှစ်တာလပေါ ဟင်းချို
ပါဝင်ပစ္စည်းများ
မျှစ်စိမ်း - ဟင်းတစ်ခွက်စာ (၁၀ကျပ်သားခန့်)
တညင်းသီးပြုတ် - ၅ လုံး
ကြက်သွန်ဖြူ - အလုံးသေး ၅ လုံး
ဆန်လှော်မှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
မျှင်ငါးပိ - အနည်းငယ်
ပင်စိမ်းရွက် - အနည်းငယ်
ပုစွန်ခြောက် (သို့) ပုစွန်ဆိတ် - ၁၀ကျပ်သား

ပြုလုပ်ပုံ အဆင့်ဆင့်
မျှစ်စိမ်းကို အရင်ဆုံး ပါးပါးလှီးပြီး ရေတစ်ည စိမ်ထားလိုက်ပါ။ ရေစိမ်ထားတဲ့ မျှစ်ကို မီးဖိုပေါ်တင်ထားပြီး ငါးပိစိမ်းစားကို မီးဖုတ်ထားတဲ့ ဟာကိုထည့်၊ ပြီးရင် ပုစွန်ဆိတ်လေးတွေကို ထောင်းထည့်၊ ကြက်သွန်ဖြူထောင်းထည့်၊ ပြီးရင် မျှစ်အိုး ရေဆူလာပြီဆိုလျှင် ပြုတ်ထားတဲ့ တညင်းသီးတွေကို ပါးပါးလှီးထည့်၊ ဆန်မှုန့်ကိုတော့ ကိုယ့်ဘာသာ အိမ်မှာ ဆန်လှော်ပြီးထောင်းထည့်လည်းရတယ်။ အဲဒါက ပိုမွှေးမှာ ပေါ့နော်။ အိုးချခါနီးမှာ အပေါ့အငန်ထည့်ပြီးတော့မှ ပင်စိမ်းလေး အုပ်ပေးလိုက်ပါ။ ဒီဟင်းချိုက လွယ်လည်းလွယ်ပါတယ်။ အဲဒီဟင်းက ဘာနဲ့လိုက်လည်းဆိုတော့ သခွားသီးသုပ်နဲ့လိုက်ဖက်တယ်။

သခွားသီးသုပ်
ပါဝင်ပစ္စည်းများ
သခွားသီးအကြီး - ၁လုံး
ရှောက်သီး(အရွယ်ကြီးကြီး) - တစ်ခြမ်း
ပါးပိစိမ်းစား - အနည်းငယ်
ငရုပ်သီးထောင်း - အနည်းငယ်
ပုစွန်ခြောက် (သို့) ပုစွန်ဆိတ် - ၁၀ကျပ်သား

ပြုလုပ်ပုံ အဆင့်ဆင့်
သခွားသီးသုပ်ကျတော့ သခွားသီးအကြီးကြီးတွေက ဒီလိုမိုးဦးစမှာ ပေါ်တာလေ။ သခွားသီးသေးသေးလေးတွေကျတော့ သုပ်စားလို့ မကောင်းဘူး။ သခွားသီးအကြီးကို တစ်ခြမ်းခြမ်းလိုက်ပါ။ ပြီးရင် အလယ်က အစေ့တွေကို ဖယ်လိုက်ပါ။ကျန်တဲ့အသားတွေကို ခြစ်ပါ။ ပြီးရင် ပုစွန်ခြောက်ထည့်၊ အပေါ့အငန်လေးထည့် မီးဖုတ်ထားတဲ့ ငါးပိစိမ်းစားနဲ့ ငရုတ်သီးစိမ်းထောင်းထားတာကိုထည့်ပါ။ ရှောက်သီး လည်း ညှစ်ထည့်ပါ။ အားလုံးထည့်ပြီး သမအောင် နယ်ပါ။ ပြီးသွားပြီဆိုရင်တော့ မျှစ်တာလပေါဟင်းချိုနဲ့ တွဲဖက်စားသုံးလို့ရပါပြီ။

1 comment:

ဆူးသစ် said...

ခင်ဗျားအဲဒီပုံကိုတင်ချင်ရင်ပိုင်ရှင်ဖြစ်တဲ့ရသာချိုဘလော့မှာခွင့်တောင်းပြီးတင်သင့်တယ်။အခုခင်ဗျားဖော်ပြထားပုံကမိုးဟေမာန်ခင်တို့ကချက်တယ်။ရသာချိုဘလော့ကပုံကဘယ်သူကယူသုံးတာလည်းမသိတဲ့ပုံမျိုးဖြစ်နေတယ်။ဆောင်းပါးကတစ်ယောက်၊ပုံကတစ်ယောက်။ပုံမှာပါစာပါတယ်။ရသာချိုဘလော့ကဆိုတာ။