Wednesday, October 5, 2011

News

Apple iphone အသစ်ထွက်ပြီ

တယ်လီဖုန်းပိုင်ရှင်က စကားပြောခိုင်းစေတဲ့ အလုပ်တွေကို တုံ့ပြန်ပြီး လိုက်လုပ်နိုင်တဲ့စွမ်းရှိတဲ့ နောက်ဆုံးပေါ် Iphone အသစ်ကို Apple ကုမ္ပဏီက စပြီး မိတ်ဆက်လိုက်ပါပြီ။

ကုမ္ပဏီတည်ထောင်သူ Steve Job ရဲ့ ရာထူးကို ဆက်ခံသူ Apple အမှုဆောင်အရာရှိချုပ် Tim Cook က ကယ်လီဖိုးနီးယား ပြည်နယ်ရှိ ကုမ္ပဏီ ရုံးချုပ်ရှိရာ Cupertino မှာ အင်္ဂါနေ့ကလုပ်ခဲ့တဲ့ 4S လို့ ခေါ်တဲ့ Iphone အသစ်အတွက် မိတ်ဆက်ပွဲကို တာဝန်ယူပြီး ဆောင်ရွက်ခဲ့ပါတယ်။ Iphone အသစ်ကို သုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ ဖုန်းကို တိုက်ရိုက်စကားပြောပြီး သတင်းအချက်အလက် ရှာခိုင်းတာနဲ့ အမိန့်ပေးခိုင်းစေခိုင်းတာတွေ လုပ်နိုင်မယ်လို့ ဆိုပါတယ်။

တယ်လီဖုန်းပိုင်ရှင်က သတင်းအချက်အလက် ရှာခိုင်းတဲ့အခါ Iphone က internet ကနေ သတင်းကို ရှာဖွေပြီး တယ်လီဖုန်းပိုင်ရှင်ကို ပြန်ပြီးအဖြေပေးမှာ ဖြစ်ပါတယ်။ အဲဒီ Iphone အသစ်မှာ အဆင့်မြင့် ဓာတ်ပုံကင်မရာ တပ်ထားပြီး တခြား Apple စက်ပစ္စည်းတွေ အားလုံးရဲ့ သတင်းအချက်အလက်တွေကို စုဆောင်းပြီး နောက်ဆုံးရတဲ့ သတင်းအချက်အလက်တွေကို တင်ပေးနိုင်စွမ်းရှိပါတယ်။ မကြာခင် ကမ္ဘာ့နိုင်ငံပေါင်း ၇၀ မှာ အဲဒီ Iphone အသစ်ကို ၀ယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

Credit: http://multiplygroups.multiply.com/reviews/item/215


ထက်ထက်မိုးဦး၏ တရားခွင် ကြားနာစစ်ဆေးမှု

။ ။ ဆဲဗင်းဒေး အပတ်စဉ်ထုတ်ဂျာနယ် သတင်းထောက် မအေးသူစံမှ တရားစွဲဆိုထားသည့်
အမှုတွင် ရုပ်ရှင်သရုပ်ဆောင် ဒေါ်ထက်ထက်မိုးဦးကို တရားခွင်ကြားနာစစ်ဆေးမှုတခု အင်္ဂါနေ့က ရန်ကင်းမြို့နယ် တရားရုံးတွင် ပြုလုပ်ခဲ့သည်။

တရားလိုမအေးသူစံကို တရားရုံးတွင် ၅၁ ကြိမ် စစ်ဆေးပြီးနောက် ယခု ၅၂ ကြိမ်မြောက် ရုံးချိန်းတွင်
ဒေါ်ထက်ထက်မိုးဦး က ထွက်ဆိုရန် တရားရုံးသို့ လာရောက်ခဲ့ခြင်းလည်း ဖြစ်သည်။

၂ဝ၁ဝပြည့်နှစ် မေလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ဒေါ်ထက်ထက်မိုးဦးက ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့သည်ဟု စွပ်စွဲကာ ရန်ကင်းမြို့နယ် တရားရုံးတွင် မအေးသူစံမှ တရားစွဲဆိုခဲ့သည်။ ဒေါ်ထက်ထက်မိုးဦး
သည် ပြစ်မှုကျင့်ထုံးဥပဒေ ၄၉၆ အရ ငွေကျပ် ဆယ်သိန်းဖြင့် အာမခံရရှိထားသည်။

ဆဲဗင်းဒေးဂျာနယ် သတင်းထောက်က သာမန်နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅ဝ၆ တို့ဖြင့် ရန်ကင်း မြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခဲ့သော်လည်း ယခုအခါ သာမန်နာကျင်စေမှု ပုဒ်မ ၃၂၃ တခုတည်းသို့
ပြောင်းလဲ လက်ခံထားကြောင်းလည်း သိရသည်။

လာမည့် အောက်တိုဘာ ၁၈ ရက်နေ့သို့ အဆိုပါ အမှုကိုထပ်မံစစ်ဆေးရန် ချိန်းဆိုလိုက်ကြောင်း ရန်ကင်းတရားရုံး
၏ အရာထမ်းတဦးက ပြောသည်။

Credit: http://multiplygroups.multiply.com/reviews/item/214


ကန့်သတ်ချက်များသည့် တရားဝင် နိုင်ငံခြားငွေလဲကောင်တာ စဖွင့်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ပုဂ္ဂလိကဘဏ် ၆ ခုက နိုင်ငံခြားငွေလဲ ကောင်တာများကို ရန်ကုန်မြို့ သိမ်ဖြူလမ်းတွင် အောက်တိုဘာ ၁ ရက်နေ့မှ စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သော်လည်း ကန့်သတ်ချက် များပြားလွန်းနေကြောင်း သိရသည်။
"သိမ်ဖြူ နိုင်ငံခြားငွေလဲလှယ်ရေး စင်တာ" အမည်ရှိ အဆိုပါ ငွေလဲလှယ်ရာ ဌာနတွင် သတ်မှတ်ပမာဏထက် ကျော်လွန်သော နိုင်ငံခြားငွေ လဲလှယ်သူများစာရင်းကို ပြည်ထဲရေး ၀န်ကြီးဌာနထံ တိုက်ရိုက် အစီရင်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေများကို လဲလှယ်ကြရာတွင် ၀င်ငွေရရှိခဲ့သည့် နည်းလမ်းနှင့် သက်သေခံ လက်မှတ်များ ပြသရန်လည်း စည်းကမ်း သတ်မှတ်ထားသည်ဟု သူက ဆိုသည်။

"ကျပ် သိန်းတထောင်နဲ့အထက် ဒေါ်လာ လာဝယ်တဲ့သူတွေကို မှတ်တမ်းတင်ပြီး ချက်ချင်း ပြည်ထဲရေးဝန်ကြီး ဌာနဆီ သတင်းပို့ရမယ်။ အဓိက ငွေမည်း ခ၀ါချတွေမဖြစ်အောင်ပါ" ဟု နိုင်ငံခြားငွေ လဲလှယ်ခွင့်ရထားသည့် အင်းဝဘဏ်မှ တာဝန်ရှိသူတဦးက ပြောသည်။

နိုင်ငံခြားငွေ လာရောင်းဝယ် သူတိုင်း မြန်မာနိုင်ငံသားဖြစ်ပါက မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ် ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသားဖြစ်ပါက နိုင်ငံကူး လက်မှတ် ပြရမည်ဖြစ်ကာ မှတ်ပုံတင်နှင့် နိုင်ငံကူးလက်မှတ် မိတ္တူယူထား၍ ကွန်ပျူတာ စာရင်းသွင်းမည်ဖြစ်ကြောင်း၊ ဒေါ်လာ အရောင်းအ၀ယ် လုပ်သူတိုင်း လက်မှတ်ထိုး ပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါငွေလဲစင်တာတွင် FEC၊ ယူရိုငွေ၊ စင်ကာပူဒေါ်လာနှင့် အမေရိကန်ဒေါ်လာတို့ကို လဲလှယ်ရောင်းဝယ်မည်ဖြစ်ပြီး နေ့စဉ်ဈေးနှုန်း ပြောင်းလဲသတ်မှတ် ရောင်းဝယ်သွားမည် ဖြစ်ကြောင်း၊ FEC ကို အများပြည်သူအားလုံး ကန့်သတ်ချက် မရှိ လဲလှယ်ရောင်းဝယ်နိုင်ကြောင်း သိရသည်။

ယင်းငွေလဲစင်တာတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းများကို သတ်မှတ်ထားရာ အောက်တိုဘာလ ၂ ရက်နေ့က FECတယူနစ် ၀ယ်ဈေး ၈၃၀ကျပ်၊ ရောင်းဈေး ၈၃၄ ကျပ်၊ အမေရိကန်တဒေါ်လာ ၀ယ်ဈေး ၈၃၀ ကျပ်၊ ရောင်းဈေး ၈၃၄ ကျပ်၊ တယူရိုလျှင် ၀ယ်ဈေး ၁၀၈၀ ကျပ်၊ စင်ကာပူတဒေါ်လာလျှင် ၀ယ်ဈေး ၆၃၅ ကျပ် ဖြစ်သည်။

ပုဂ္ဂလိက ဘဏ် ၆ ခုက ဖွင့်လှစ်ထားသော ငွေလဲကောင်တာများတွင် ကန့်သတ်ချက်များ ရှိနေသောကြောင့် တရားမ၀င် နိုင်ငံခြားငွေကြေး ဈေးကွက် ဆက်လက်ရှင်သန်နေဦးမည် ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေးသမား များက ပြောသည်

"၀င်ငွေရလမ်း ပြရမှာတို့ဘာတို့ ကန့်သတ်ချက်တွေက ရှိနေတော့ တရားမ၀င်ဈေးကွက်က ဆက်ပြီးရှိနေမှာပါ။ ငွေလဲတဲ့ ဈေးနှုန်းကတော့ တရားဝင်ဈေးကွက်နဲ့ တရားမ၀င်ဈေးကွက် တူလိမ့်မယ်။ တရားဝင်ဈေးကွက်က လွတ်လပ်မှုမရှိတော့ တရားမ၀င် ဈေးကွက်က အများကြီးအားသာ နိုင်တယ်။ ပိုပြီး အလုပ်ဖြစ်နေဦးမယ်" ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဗဟိုအလုပ်အမှုဆောင် တဦးက ဆိုသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ကမ္ဘောဇဘဏ်၊ CB ဘဏ်၊ အင်းဝဘဏ်၊ မြ၀တီဘဏ်၊ မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ် စုစုပေါင်း ဘဏ် ၆ ခုကို နိုင်ငံခြားငွေလဲလှယ် ရောင်းဝယ်ခွင့် လိုင်စင်များ ချထားပေးခဲ့သည်။

Credit: http://multiplygroups.multiply.com/reviews/item/213

No comments: