Wednesday, October 19, 2011

ပရိတ်သည် မန္တန်မဟုတ်ပါ

ပရိတ်ဟူသော ဝေါဟာရသည် ပရိတ္တ ဆိုသည့် ပါဠိမှ ဆင်းသက်လာပြီး
မြန်မာဘာသာအားဖြင့် အရံအတား ဟုအဓိပ္ပာယ်ရကြောင်း ဗုဒ္ဓ ဘာသာဝင်များ
အသိပင်ဖြစ်သည်။ သို့ရာတွင် အရံအတားဟုဆိုလိုက်တိုင်း လူအတော်များများမှာ
မိမိတို့အပေါ်ကျရောက်လာမည့် ဘေးအန္တရာယ်အသွယ်သွယ်မှ ကာကွယ်ပေးမည့်
အဆောင်လက်ဖွဲ့သဖွယ် ထင်မှတ်မှားကြသည်။ အချို့ကလည်း ပရိတ်ဆိုသည်မှာ
ဗုဒ္ဓဘာသာဝင်တို့၏ ဂါထာမန္တန်တစ်မျိုးဟု ယူဆကြသည်။
အကယ်စင်စစ်အားဖြင့်လည်း ယင်းသို့ယူဆသူများကို အပြစ်မဆိုသာပေ။ ဗုဒ္ဓ၀ါဒသည်
ဗြာဟ္မဏ၀ါဒအကြီးအကျယ်ထွန်းကားရာ မဇ္ဈိမ ဒေသ၌ပေါက်ဖွားခဲ့ပေရာ
အနှစ်သာရပိုင်းတွင်မဟုတ်စေကာမူ အသွင်သဏ္ဌာန်ပိုင်းတွင်ကား ဗြာဟ္မဏ၀ါဒ၏
သြဇာသက်ရောက်မှုက ရိုးရာဓလေ့စရိုက်ပုံစံဖြင့်
အတိုင်းအတာတစ်ခုအထိရှိခဲ့ပေသည်။
သို့ဖြစ်ရာ နှောင်းပိုင်းကာလ ခေတ်အဆက်ဆက်တွင် ကမ္ဘာ့ဒေသအသီးသီးသို့
ဗုဒ္ဓ၀ါဒပျံ့နှံ့ခဲ့စေကာမူ ဗြာဟ္မဏ၀ါဒလောင်းရိပ်က ထပ်
ကြပ်မကွာစိုးမိုးခဲ့ပေရာ ဗုဒ္ဓ၀ါဒ၏အနှစ်သာရသည် အမှန်တကယ်အားထုတ်လေ့လာကာ
ပင်ကိုယ်ဥာဏ်ကို အသုံးချသူတို့အတွက်သာ ဖြစ်ခဲ့ပေသည်။
ဘာသာရေးကို မလုပ်မဖြစ်ကိစ္စတစ်ရပ်အနေနှင့် သဘောထားသည့်
မိရိုးဖလာဗုဒ္ဓဘာသာဝင် အများစုမှာကား ဗြာဟ္မဏ၀ါဒလောင်းရိပ် အောက်မှ
မလွတ်နိုင် မကျွတ်နိုင်ဖြစ်လျက် ရှိကြကုန်သည်။
အထက်ကဆိုခဲ့သည့်အတိုင်း ပရိတ်ကိုဗုဒ္ဓဘာသာဝင်တို့၏ အဆောင်လက်ဖွဲ့
မန္တန်တစ်မျိုးဟု ယူဆကြသူများမှာ ထိုသို့သော ဗြာဟ္မဏ ၀ါဒလောင်းရိပ်မိသူ
အမည်ခံဗုဒ္ဓဘာသာဝင်များပင် ဖြစ်ပေသည်။
ပရိတ်တရားတော် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊
နာယူခြင်းစသည့်လုပ်ငန်းဆောင်တာများသည် ဗြာဟ္မဏ၀ါဒလောင်းရိပ်ကို
တွန်းလှန်ဖယ်ရှား လျက် ဗုဒ္ဓ၀ါဒရှူထောင့်စစ်စစ်မှ
ကြည့်မြင်သုံးသပ်မည်ဆိုပါက ဗုဒ္ဓမြတ်စွာနှင့်တကွ ဓမ္မကိုဆက်ခံလိုက်နာ
ဖြန့်ဖြူးကြကုန်သည့် သာသနာ့ ၀န်ဆောင်ပုဂ္ဂိုလ်ကြီးများက ပုထုဇဉ်လူသားတို့၏
အသိဥာဏ်အဆင့်အတန်းနှင့်အညီ လက်တွေ့ဘ၀တွင် အကျိုးကျေးဇူးခံစားကြရစေ
ခြင်းငှာ အထူးစီမံခဲ့သော အဆုံးအမသြ၀ါဒ တရားထူးများသာ ဖြစ်ပေသည်။
ယခုအခါ ဗုဒ္ဓဘာသာဝင်အများသူငါ ရွတ်ဖတ်နာယူသမှု
ပြုနေကြသည့်ပရိတ်ကြီး(၁၁)သုတ်၏အရင်းအမြစ်ကို လေ့လာမည်ဆိုပါက မင်္ဂလသုတ်၊
ရတနသုတ်နှင့် မေတ္တသုတ်တို့ကို ခုဒ္ဒကနိကာယ်၊ ခုဒ္ဒကပါဌနှင့်
သုတ္တနိပါတ်တို့တွင်လည်းကောင်း၊ ခန္ဓသုတ်ကို ၀ိနယ ပိဋကတ် စူဠ၀ဂ်၊
ခုဒ္ဒကနိကာယ်မှ ဇာတကနှင့် အင်္ဂုတ္တရနိကာယ်တို့တွင်လည်းကောင်း
တွေ့ရှိရမည်ဖြစ်သည်။ မောရသုတ်ကို ခုဒ္ဒက နိကာယ် ဇာတက၀တ္ထုအား
အခြေပြု၍လည်းကောင်း၊ ၀ဋ္ဋသုတ်ကို ဇာတက၀တ္ထုနှင့် စရိယာပိဋကတ်တို့အား
အခြေပြု၍လည်းကောင်း ရေးဖွဲ့ထားခြင်းဖြစ်ပေသည်။
ထို့အပြင် ဓဇဂ္ဂသုတ်ကို သံယုတ္တနိကာယ်၊ သတ္တယံယုတ်မှ လည်းကောင်း၊
အာဋာနာဋိယသုတ်ကို ဒီဃနိကာယ် ပါထိက၀ဂ်နှင့် ခုဒ္ဒက နိကာယ်
ဓမ္မပဒတို့မှလည်းကောင်း၊ အင်္ဂုလိမာလသုတ်ကို မဇ္ဈိမနိကာယ်
မဇ္ဈိမပဏ္ဏာသမှလည်းကောင်း၊ ဗောဇ္ဈင်သုတ်ကို သံယုတ္တ နိကာယ်
မဟာဝဂ္ဂသံယုတ်မှလည်းကောင်း ရွေးနုတ်ထားခြင်းဖြစ်သည်ကို တွေ့ရှိရသည်။
ပုဗ္ဗဏှသုတ်မှာမူ ခုဒ္ဓကနိကာယ်မှ သုတ္တနိပါတ် ခုဒ္ဒကပါဌနှင့်
အင်္ဂုတ္တရနိကာယ်တို့မှ ဘုရားဟောဂါထာအချို့ကို နှောင်းခေတ်ပညာရှင်တို့က
ပေါင်းစပ်ဖွဲ့စည်းထားခြင်း ဖြစ်ပေသည်။
ပရိတ်တရားတော်သည် ဗြာဟ္မဏ၀ါဒလောင်းရိပ် မကင်းသူတို့အတွက် အဆောင်လက်ဖွဲ့-
မန္တန် - ဆုတောင်းစာတစ်မျိုးဟု ထင်မှတ်မှား ဖွယ်ဖြစ်ကောင်း
ဖြစ်ပေလိမ့်မည်။ သို့ရာတွင် မိမိကိုယ်ပိုင်ဆင်ခြင်တုံတရားကိုအသုံးပြုလျက်
ကျိုးကြောင်းဆက်စပ် ပိုင်းခြားဝေဖန်တတ် သူတို့အတွက်မူကား ရွတ်ဖတ်၊
နာယူနေရုံ သက်သက်မျှမဟုတ်ဘဲ ဘ၀တစ်သက်တာအတွက်
လမ်းညွှန်ချက်များသာဖြစ်ကြောင်း ကောင်းစွာသဘောပေါက်ကြမည်သာဖြစ်သည်။
ယင်းအချက်ကို ရိပ်စားမိကြကုန်သော သာသနာ့ဝန်ဆောင် ပညာရှင်ကြီးများကလည်း
ပရိတ်တရားတော် ရွတ်ဖတ်နာယူသူများအား ရွတ်ဖတ်နာယူရကျိုးနပ်စေရန်
လိုက်နာကျင့်ကြံသင့်သည့်အချက်များကို လမ်းညွှန်ပေးခဲ့ကြ ပေသည်။
ပါထိက၀ဂ်၊ အဋ္ဌကထာ၊ အာဋာနာဋိယသုတ်အဖွင့်တွင် ကျမ်းပြုဆရာက ပရိတ်တရားတော်
ရွတ်ဖတ်သရဇ္ဈာယ်သော ပုဂ္ဂိုလ်တို့အနေ နှင့် -
(၁) အနက်သဒ္ဒါကို သုတ်သင်၍ ကောင်းစွာ သင်ယူထားခြင်း၊
(၂) ပုဒ်၊ ဗျည်းတို့ကို မယုတ်လျော့စေရဘဲ ပြည့်စုံစွာ လေ့လာကျက်မှတ်ထားခြင်း၊
(၃) လာဘ်လာဘကို မငဲ့ကွက်ဘဲ မေတ္တရှေ့ထား၍ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဟူသည့်
အင်္ဂါရပ်များနှင့် ပြည့်စုံရန် လိုအပ်ကြောင်း ရေးသား ဖော်ပြသွားခဲ့ပေသည်။
ဤတွင် သတိပြုရန်မှာ ဗုဒ္ဓဘာသာဝင်တစ်ဦး ပရိတ်တရားတော်ရွတ်ဖတ်သရဇ္ဈာယ်ရာတွင်
လိုက်နာအပ်သောအင်္ဂါရပ်များသည် အခြား သာသနာမှ မန္တန်ဆရာများ
လိုက်နာလေ့ရှိသောအင်္ဂါရပ်များနှင့် လုံးဝခြားနားခြင်းပင်ဖြစ်သည်။
ပရိတ်တရားတော် ရွတ်ဖတ်သရဇ္ဈာယ်သူသာမက အခြားမည်သည့်ပုဂ္ဂိုလ်မဆို
မိမိနှုတ်ဖျားမှထွက်လာသည့် စကားလုံးတိုင်း၊ စကားလုံး တိုင်း၏
အနက်အဓိပ္ပာယ်နှင့် ခရီးတာသွားမှုကို ကောင်းစွာသိရှိနားလည်ကြရမည်သာ
ဖြစ်သည်။ မိမိပြောသောစကားကိုပင် မိမိနား မလည်သူကို
လူတန်းစေ့ကျပ်ပြည့်သူဟု သတ်မှန်ရန် ခဲယဉ်းလှပေသည်။ သို့သော် ယခုအခါ၌ကား
အချို့သောဂန္ဓာရီဆရာ၊မှော်ဆရာ ယောင်ယောင်၊ ပယောဂဆရာယောင်ယောင်
ပုဂ္ဂိုလ်များသည် မိမိနှုတ်ကရွတ်ဆိုနေသည်များကို
မိမိကိုယ်တိုင်ပင်နားမလည်ဘဲ အဓိပ္ပာယ်မဲ့စွာ
လူအထင်ကြီးခံလိုစိတ်ဖြင့်ရွတ်ဆို နေတတ်ကြသည်။
မိမိပြုနေသော ကာယကံအမှု၊ ၀စီကံအမှု၊ မနောကံအမှုတို့၏ အဓိပ္ပာယ်ကိုမျှ
မိမိနားမလည်ဘဲပြုနေသူအား လူဟုပင်ခေါ်ရန်ခက်လှ ပေရာ
ယင်းသို့အဓိပ္ပာယ်မဲ့သည့် အပြုအမူမျိုးကို ဗုဒ္ဓ၀ါဒက မည်သည့်အခါကမျှ
အားပေးခဲ့ခြင်းမရှိပါပေ။
ယင်းအချက်ကို ပိုမိုထင်ရှားစေစိမ့်ငှာ ဗုဒ္ဓ၀ါဒီတို့၏
ပရိတ်တရားတော်ရွတ်ဖတ်မှုကို သာသနာပ ဗြာဟ္မဏပုဏ္ဏားတို့၏ ဝေဒမန္တန် သင်ယူ
ရွတ်ဖတ်မှုနှင့် နှိုင်းယှဉ်ဖော်ပြပါဦးမည်။
ရှေးအခါက ဗြာဟ္မဏပုဏ္ဏားတို့၏ ဝေဒမန္တန်သင်ကြားမှုသည် အနက်အဓိပ္ပာယ်
နားလည်စရာမလိုဘဲ နှုတ်မှအာဂုံဆောင် ရွတ်ဖတ်နိုင် ရေးသာလျှင် အဓိကဖြစ်သည်။
ဗြာဟ္မဏတို့ ရွတ်ဖတ်သောမန္တန်များကို နာယူသူတို့မှာလည်း အနက်အဓိပ္ပာယ်အား
သိနားလည် စရာမလိုချေ။ မန္တန်ပါစကားလုံးတိုင်းသည် ဖန်ဆင်းရှင်မဟာဗြဟ္မာကြီးက
စကြာဝဠာမဟာ တံတိုင်းတွင် ရေးထိုးထားခြင်းဖြစ်ပြီး သိဒ္ဓိရှင်
ရသေ့ရှစ်သောင်း ဆရာအပေါင်းက ကူးယူထားခဲ့ခြင်းသာဖြစ်သည်ဟု ယုံကြည်ကြသည်။
ထို့ကြောင့် မန္တန်ပါ စကားလုံးတိုင်းသည် ဖန်ဆင်းရှင် မဟာဗြဟ္မာကြီးနှင့်သာ
သက်ဆိုင်သည်ဖြစ်ရာ ရွတ်ဆိုနေသောမန္တန်တို့ကို ဗြဟ္မာကြီးကကြားသိပြီး
၎င်းတို့အပေါ်ကောင်းချီး မင်္ဂလာပေးရေးသာလျှင် အဓိကလိုရင်းဖြစ်ပေသည်။
ယခုခေတ်တိုင်အောင် ဗြာဟ္မဏဘာသာဝင် အတော်များများမှာ မိမိတို့ရွတ်ဖတ်
နာယူနေသည့် ဝေဒမန္တန်ပါ ဝေါဟာရများ၏ အနက် အဓိပ္ပာယ်ကို နားလည်းမလည်၊
နားလည်အောင် ကြိုးပမ်းရကောင်းမှန်းလည်း မသိကြချေ။ ယင်းအချက်တွင်
မိရိုးဖလာဗုဒ္ဓဘာသာဝင် အတော်များများနှင့် အတန်ပင်တူညီသည်ကိုတွေ့
ရှိနိုင်ပေသည်။
မည်သည့်ဘာသာစာပေမဆို အနက်အဓိပ္ပာယ်မသိဘဲ အာဂုံဆောင်ခြင်းသည် အချိန်ကာလ
ကြာညောင်းလာ သည်နှင့်အမျှ အပြောင်း အလဲ
အယိုအဖိတ်များစွာရှိလာနိုင်သည့်အပြင် ချဲ့ကားဖြည့်စွက်မှုများပါတိုးပွားလာ
နိုင်ပေသည်။ ထို့ကြောင့် အနက်သဒ္ဒါကို ကောင်းစွာ သင်ယူခြင်းနှင့် ပုဒ်၊
ဗျည်းတို့ကို မယုတ်မလျော့စေဘဲ ပြည့်စုံစွာ လေ့လာကျက်မှတ်ခြင်းတို့သည်
လုံးဝဆက်နွယ်နေပေသည်။ ဗုဒ္ဓဘာသာတွင်ပင် ယင်းသို့ကာလ ကြာရှည်
အာဂုံဆောင်ခဲ့ကြရသည်ဖြစ်ရာ နှစ်ကာလကြာညောင်းလာသည့်အလျောက် ပြင်ဆင်ဖြည့်
စွက် ချဲ့ကားမှုများ ပိဋကတ်တော်အတွင်း ၀င်ရောက်လာခဲ့ပေသည်။ သို့ကြောင့်ပင်
အနက်သဒ္ဒါကို ကောင်းစွာ သင်ယူတတ်မြောက် သော သာသနာ့ပညာရှင်များ၏
အကူအပံ့ဖြင့် သုတ်သင်တည်းဖြတ်ကာ သင်္ဂါယနာ တင်ခဲ့ရသည်မှာ
အထင်အရှားပင်ဖြစ်တော့သည်။
ရှေးအခါကဆိုလျှင် ဗြဟ္မဏပုဏ္ဏားတစ်ဦး ဝေဒမန္တန်သင်ယူနေသည်ကို
ဇာတ်မြင့်မဟုတ်သည့် အောက်တန်း လွှာမှ ဗြဟ္မဏဘာသာဝင် ဇာတ်နိမ့်သူစဏ္ဍာလတစ်ဦးက
နားထောင်မိပါက ကြီးလေးသောဘာသာရေး ပြစ်မှုကြီးကို
ကျူးလွန်ခြင်းပင်ဖြစ်တော့သည်။
ဝေဒမန္တန်သင်ကြားခြင်း၊ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအလုပ်များသည်
ဗြာဟ္မဏဘာသာဝင်ချင်းတူစေကာမူ ဗြဟ္မဏကြီးခံတွင်းမှ ပေါက်ဖွား လာသည်ဟု
သူတို့ကိုယ်ကိုအမွှမ်းတင်ကာ လူတန်းစားခွဲခြားထားသည့် ဗြာဟ္မဏပုဏ္ဏားတို့၏
အလုပ်သာဖြစ်သည်။ သို့ဖြစ်ရာ ဝေဒ မန္တန်သင်ကြားမှုကို ခိုးယူနားထောင်သူ
အောက်တန်းစားတစ်ဦးအား ဖမ်းမိသွားပါက နားထဲသို့ သံရည်ပူလောင်းထည့်၍ပင်
အပြစ်ပေးခဲ့ ကြသည်။ ယင်းသို့လုပ်ဆောင်ကြခြင်းမှာ အကြောင်းမဲ့မဟုတ်ချေ။
မျက်မှောက်ခေတ်၌ ဝေဒကျမ်းဂန်များသည် ကမ္ဘာ့စာပေနှင့်သမိုင်း
သုတေသီတို့အတွက် လေ့လာစရာမှတ်တမ်းကြီး ဖြစ်နေသော်လည်း ရှေးအခါကမူ
ဗြာဟ္မဏတို့၏ အသက်မွေးရာ ထမင်းအိုးကြီးများ ဖြစ်နေသောကြောင့်ပင်ဖြစ်ပေသည်။
ဝေဒကျမ်းဂန်လာမန္တန်များ ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ယဇ်နတ်ပူဇော်ပေးခြင်း
စသည့်အလုပ်များကို ဗြာဟ္မဏပုဏ္ဏားတို့ကသာ မူပိုင်ယူ၍
လုပ်ကိုင်စားသောက်နေခြင်းဖြစ်ရာ သူတို့၏မန္တန်များကို အခြားလူ့အလွှာမှ
ပုဂ္ဂိုလ်များသာ တတ်သိနားလည်သွားပါက ၄င်းတို့အား
ပင့်ဖိတ်ပူဇော်ခြင်းမပြုတော့မှာကို စိုးရိမ်၍ဖြစ်ပေသည်။
လာဘ်လာဘ ဆိတ်သုဉ်းသွားမည်ကို ကြောင့်ကြသဖြင့် ဤဝေဒမန္တန်များသည်
ဗြာဟ္မဏပုဏ္ဏားတို့အတွက် သာ မဟာဗြဟ္မာကြီးက ရေးထိုးသွားခဲ့ခြင်းဖြစ်ပြီး
အခြားလူ့အလွှာများနှင့် မထိုက်တန်ဟု ၀ါဒဖြန့်ခဲ့ကြ သည်။ တစ်နည်းအားဖြင့်
ဗြာဟ္မဏပုဏ္ဏားတို့သည် ၄င်းတို့၏ ထမင်းအိုးကို ထိန်းသိမ်း ကာကွယ်ခဲ့ကြခြင်း
ပင်ဖြစ်သည်။ အနီးစပ်ဆုံး ဥပမာပြုရလျှင် ယင်းဗြာဟ္မဏပုဏ္ဏားများသည် ယခုခေတ်
မိရိုးဖလာဗုဒ္ဓဘာသာ ၀င်များအကြား ရေပန်းစားနေသည့် ဘုရားကိုးဆူဆရာများ၊
ဦးရှင်ကြီးနတ်တင်ဆရာများ၊ ကန္နားစီးများ ကဲ့သို့ပင် ဖြစ်တော့သည်။
ဗုဒ္ဓသာသနာတော်မှ ပရိတ်တရား ရွတ်ဖတ်သရဇ္ဈာယ်ခြင်းကား နာယူသူတို့ထံမှ
ပူဇော်ပေးကမ်းစွန့်ကြဲလာမည့် လာဘ်လာဘ၊ အထင် ကြီးလေးစားမှုနှင့် မိမိအား
သိဒ္ဓိရှင်တစ်ဦးသဖွယ် ကိုးကွယ်မှုတို့အပေါ် မျှော်ကိုး၍ မပြုစကောင်းပေ။
ပရိတ်ရွတ်သူအနေနှင့် ပရိတ်တရား နာယူသူအတွက် တစ်စုံတစ်ယောက်သော
တန်ခိုးရှင်ထံပါး ၀တ်ပြုဆုတောင်းပေးနေခြင်းလည်း မဟုတ်ချေ။
စစ်မှန်သော ထေရ၀ါဒဗုဒ္ဓသာသနာရှုထောင့်မှ ကြည့်မည်ဆိုလျှင် ပရိတ်ရွတ်သူသည်
ပရိတ်နာသူအား ဗုဒ္ဓမြတ်စွာ၏ သြ၀ါဒအဆုံးအမ လမ်းညွှန်ဒေသနာများကို
မေတ္တာဖြင့်သင်ကြားပေးခြင်းသာ ဖြစ်ပေသည်။ ဂါထာတစ်ပိုဒ် မန်းလိုက်၊
မှုတ်လိုက်၊ ဟိန်းလိုက်၊ ဟောက်လိုက် ရုံမျှဖြင့် ဘာဖြစ်စေသတည်း၊
ညာဖြစ်စေသတည်းဆိုသည့် မန္တန်မျိုးမဟုတ်ပေ။ နာယူသူ၏ကိုယ်ပိုင်ဥာဏ်နှင့်
လုံ့လစိုက်ထုတ်တွေး ခေါ်နိုင်စွမ်းအပေါ် မူတည်၍ ဘ၀ခရီးလမ်းညွှန်အဖြစ်
လိုက်နာအပ်သည့် ဗုဒ္ဓမြတ်စွာ၏အဆုံးအမ ဒေသနာများသာဖြစ်သည်။
သို့ဖြစ်ရာ ပရိတ်တရားတော် ရွတ်ဖတ်သရဇ္ဈာယ်သူတို့အနေနှင့် ဌာန်ကရိုဏ်းကျကျ
ရွတ်ဆိုပေးလိုက်ရုံနှင့် တာဝန်ကျေပြီဟု မယူဆ သင့်ပေ။
မိမိရွတ်ဖတ်သရဇ္ဈာယ်လိုက်သည့် ပရိတ်တရားတော်တို့၏ အနက် အဓိပ္ပာယ်ကိုပါ
နာယူသူတို့ နားလည်သဘောပေါက်အောင် ရှင်းလင်းဖွင့်ဆိုပြသင့်ပေသည်။
ပရိတ်ကြီး (၁၁)သုတ် ကုန်အောင်ရွတ်ပြီး ပြန်သွားခြင်းထက် ပရိတ်တော်
တစ်သုတ်မျှကိုပင်ဖြစ်စေ ရွတ် ဖတ်သရဇ္ဈာယ် ပြီးသည့်နောက် နာယူသူတို့အား
ဤတရားတော်၏ အနက်အဓိပ္ပာယ် ဆိုလိုရင်းနှင့် လက်တွေ့ဘ၀တွင် အကျိုးရှိအောင်
မည်သို့မည်ပုံ လိုက်နာအပ်သည်တို့ကို သွန်သင် ညွှန်ပြသင့်ပေသည်။
ပရိတ်တရားတော် ရွတ်ဖတ်သရဇ္ဈာယ်သူများ၌ ရှိအပ်သော အင်္ဂါရပ်များကို
ဖော်ပြခဲ့ပြီးသည့်နောက် နာယူသူတို့တွင် ရှိသင့်သည့်အင်္ဂါရပ် များကိုလည်း
ဆက်လက်အကြံပြု ဆွေးနွေးသွားပါဦးမည်။
ပရိတ်တရားတော် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ နာယူခြင်းတို့ပြုကြရာတွင်
ရွတ်ဖတ်သရဇ္ဈာယ်သူက မည်မျှပင်အားထုတ်သမှုပြုစေကာမူ
နာယူသူဘက်ကနည်းလမ်းမကျပါက ရသင့်ရထိုက်သောအကျိုးကျေးဇူးကို အပြည့်အဝ
ခံစားကြရလိမ့်မည် မဟုတ်ပေ။ နာယူသူတို့ ဘက်ကလည်း
ထိုက်တန်သောအားထုတ်မှုဖြင့် ပေးဆပ်မှသာ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့သည့်
တရားဒေသနာတော်တို့၏ အဆီအနှစ်ကို ရရှိနိုင်ပေလိမ့်မည်။
ပရိတ်တရားတော်ဟူသည် သာသနာပမန္တန်ဆရာတို့က ၄င်းတို့၏ ထင်ပေါ်ကျော်စောလိုမှု၊
လာဘ်လာဘပေါများလိုမှုကို ရည်မျှော်၍ အသုံးပြုသော ပျောက်စေမန္တန်မျိုး
မဟုတ်သည့်အလျောက် ရွတ်ဖတ်သူကိုချည်း အားကိုးနေရုံဖြင့်
အကျိုးထူးလိမ့်မည်ဟု မမျှော်လင့်အပ်ပေ။
ထေရ၀ါဒဗုဒ္ဓဘာသာဝင်များအနေနှင့် အထူးသိသင့်သည်မှာ ထေရ၀ါဒပိဋကတ်တော်လာ
ဘုရားဟောဒေသနာတော်များဖြင့် စုစည်း သီကုံးထားသော ပရိတ်တရားတော်တို့သည်
မိမိမှတစ်ပါးအခြားအခြားသော ပရလောကမှ သဘာဝလွန်ဖန်ဆင်းရှင်၊
တန်ခိုးရှင်တစ်စုံ တစ်ဦး၏ ကယ်တင်စောင်မ ကောင်းချီးမင်္ဂလာပေးမှုကို
တောင်းခံပန်ကြား အသနားခံသော ဂါထာမန္တန်များမဟုတ်ခြင်းပင်ဖြစ်သည်။
ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင်က မိမိသည် ဖန်ဆင်းရှင် ကယ်တင်ရှင်မဟုတ်၊
သစ္စာတရားကိုသိမြင်ပြီး မိမိသိသလိုသိမြင်အောင် လမ်းညွှန် ပေးသူသာ ဖြစ်သည်ဟု
အတိအလင်း မြွက်ကြားခဲ့ပြီး ဖြစ်သည်။ ထို့အပြင် လောကတွင် အစဉ်ထာဝရ
တည်မြဲအစိုးရနေသောအရာဟူ၍ မြူမျှမရှိဟု ဟောကြားခဲ့သဖြင့်
လောကကိုအစဉ်စောင့်ရှောက် ကယ်တင်စောင်မနိုင်သည့်
ပုဂ္ဂိုလ်ဟူ၍လည်းမရှိနိုင်ချေ။ သို့ဖြစ်ရာ မိမိမှ တစ်ပါးအခြားတွင်
ကယ်တင်ရှင်ရှာဖွေခြင်း၊ မျှော်ကိုးတမ်းတခြင်းသည် ဗုဒ္ဓဘာသာဝင်များ၏
အလုပ်မဟုတ်ပေ။ ထို့ကြောင့် -
ပရိတ်တရားတော်တို့၏ အကျိုးကို အမှန်တကယ်ခံစားလိုသူ
ဗုဒ္ဓဘာသာဝင်များအနေနှင့် မိမိ၌ သီလ၊ သမာဓိ၊ ပညာတည်းဟူသော
ဝမ်းစာတရားများပြည့်ဝစေရန် အားထုတ်ကြရပေလိမ့်မည်။ သီလ၊သမာဓိ၊ပညာနှင့်
ပြည့်စုံအောင် အားထုတ်လိုသည့်ဆန္ဒပင်မရှိသော ပုဂ္ဂိုလ်များအတွက်ကား
ပရိတ်တရားတော်နာယူခြင်းသည် အချည်းနှီးသာဖြစ်ပေလိမ့်မည်။ ယင်းအချက်ကို
ကောင်းစွာသဘော ပေါက်သော မိလိန္ဒပဥှာကျမ်းပြုဆရာက ပရိတ်တရားတော်
နာယူသူများအနေနှင့် -
(၁) ပဉ္စာနန္တရိယကံမရှိခြင်း၊
(၂) နိယတမိစ္ဆာဒိဋ္ဌိမဟုတ်ခြင်း၊
(၃) ပရိတ်တန်ခိုးကိုယုံကြည်ခြင်းဆိုသည့် အင်္ဂါရပ်များနှင့် ပြည့်စုံမှသာ
ပရိတ်တရားတော်တို့ အစွမ်းထက်မည်ဖြစ်ကြောင်း ရေးသားသွားခဲ့သည်။
ထို့အပြင် ပရိတ်အရံအတားဟူသည် အသက်ရှင်နိုင်ခွင့် ရှိသေးသော၊
အရွယ်ကောင်းသော၊ ကံကြီးငါးပါးမှ ကင်းလွတ်ကုန်သောသူ တို့အတွက်သာဖြစ်သည်။
အသက်ရှင်သန်နိုင်ခွင့် ကုန်သောသူအား ပရိတ်ရွတ်ဖတ်ပေးခြင်းဖြင့်
အသက်ဆက်ရန် မစွမ်းနိုင်ချေ ဟူ၍ အတိအလင်းရေးသား ဖော်ပြထားသည်ကိုလည်း
တွေ့ရှိနိုင်ပေသည်။
ဤနေရာတွင် မိလိန္ဒပဥှာကျမ်းပြုဆရာ ရည်ညွှန်းသော ပရိတ်နာသူတို့၌
ရှိသင့်သည့်အင်္ဂါသုံးရပ်ကို အနည်းငယ်ဖွင့်ဆိုလိုပေသည်။ ပထမအင်္ဂါရပ်ဖြစ်သည့်
ပဉ္စာနန္တရိယကံမရှိခြင်း ဆိုသည့်အချက်မှာ ပရိတ်နာသူ၏
ကိုယ်ကျင့်သီလပြည့်စုံမှု အတိုင်းအတာကို ဆိုလိုရင်း ဖြစ်သည်။
ပဉ္စာနန္တရိယကံဆိုသည်မှာ (၁) အမိကိုသတ်ခြင်း၊ (၂) အဖကိုသတ်ခြင်း၊ (၃)
ရဟန္တာကိုသတ်ခြင်း၊ (၄) ဗုဒ္ဓမြတ်စွာကို သွေး ထွက်သံယို ဖြစ်အောင်ပြုခြင်း
(ဤနေရာတွင် သတိပြုရန်မှာ သံဃာကိုသွေးထွက်သံယို ဖြစ်အောင်ပြုခြင်းသည်လည်း
ဗုဒ္ဓကို သွေးထွက် သံယိုဖြစ်အောင်ပြုခြင်းနှင့်
ထပ်တူဖြစ်သည်ဆိုခြင်းပင်ဖြစ်သည်။ယခုခေတ်၌ ဗုဒ္ဓမြတ်စွာ
သက်တော်ထင်ရှားမရှိတော့ပြီဖြစ်ရာ ဤကံမျိုး ကျူးလွန်စရာ ရှိပါဦးအံ့လောဟု
ဆင်ခြေတက်လိုသူ များ စဉ်းစားနိုင်ရန်ဖြစ်သည်)၊ (၅)
သံဃာကိုသင်းကွဲအောင်ပြုမူခြင်း တို့ပင်ဖြစ် ပါသည်။ သီလမရှိသူများအား
ပရိတ်အကျိုး မခံစားနိုင်ဟု ဖော်ပြခဲ့ခြင်းပင်ဖြစ်ပေရာ သာသနာပ တန္တရ၊
မန္တရဂိုဏ်း ဆရာတို့အလိုအား ဖြင့် ရွတ်ဖတ်ရုံနှင့် ပဉ္စာနန္တရိယကံကြီးမှ
လွတ်ကင်းနိုင်သည်ဟုဆိုသော မန္တန်တို့နှင့်ကား ထေရ၀ါဒဗုဒ္ဓဘာသာဝင်တို့၏
ပရိတ်တရား တော်တို့သည် ပြဒါးတစ်လမ်း၊ သံတစ်လမ်းပမာ ခြားနားလှကြောင်း
ထင်ရှားပေတော့သည်။ လောက၌ သီလမဲ့သူသည် သမာဓိမရှိနိုင် ချေ။ သမာဓိကင်းသူသည်
ပညာမဲ့မည်သာ ဖြစ်တော့သည်။ ထိုပညာမဲ့သူတို့ကြောင့် ၄င်းတို့ကိုယ်တိုင်ရော
ပတ်ဝန်းကျင်ပါ အန္တရာယ် ကြီးမားလှပေသည်။ ထို့ကြောင့် သီလမဲ့သူ၊
သီလနှင့်ပြည့်စုံအောင်လည်း အားထုတ်ရန်ဆန္ဒမရှိသူတို့အဖို့
ပရိတ်တရားတော်သည် အချည်းအနှီးပင်ဖြစ်တော့သည်။
နိယတမိစ္ဆာဒိဋ္ဌိမဟုတ်ခြင်း ဆိုသည်မှာ ပညာနှင့်ပြည့်စုံရန်လိုအပ်ခြင်းကို
ရည်ညွှန်းပေသည်။ လောက၌ အချို့သောပုဂ္ဂိုလ်တို့သည် ကုသိုလ်ကံ၊
အကုသိုလ်ကံတို့ကို ယုံကြည်မှုမရှိကြချေ။ လူနပ်ချမ်းသာဆိုသောစကားသည်
သူတို့၏နှလုံးသား၌ ထာဝစဉ်ချိတ်ဆွဲထား သောဆောင်ပုဒ်ဖြစ်သည်။ လောက၌
လျင်သူစားစတမ်း တောရိုင်းဝါဒကိုသာ ယုံကြည်သည်။ မိမိတို့ပြုခဲ့သော
ကုသိုလ်၊ အကုသိုလ်ကံ တို့သည် မိမိဘ၀တစ်သက်တာခရီးဝယ်
တစ်နေ့နေ့တစ်ချိန်ချိန်၌ ပြန်လည်အကျိုးပေးလိမ့်မည်ဟု မယုံကြည်ပေ။
နတ္တိကဒိဋ္ဌိ အယူစွဲ လမ်းနေသူများပင် ဖြစ်သည်။
အချို့ကမူ လောက၌အရာရာသည် ကြောင်းကျိုးဆက်စပ်ဖြစ်ပေါ်နေကြောင်း
မယုံကြည်ချေ။ အရာရာကို ဓမ္မဓိဋ္ဌာန်ကျကျ တွေးခေါ် ဆင်ခြင်ရန်
အားမထုတ်လိုတော့ဘဲ အကြောင်းတရား မဲ့စွာ အကျိုးတရားဖြစ်နိုင်သည်ဟု
လက်ခံထားကြသည်။ ကြောင်းကျိုးဆက်စပ် တွေးခေါ်မှုကိုပစ်ပယ်ကာ လွယ်လွယ်တွေး၊
လွယ်လွယ်ပြော၊ လွယ်လွယ်ယုံ၊ လွယ်လွယ်လုပ်လိုသူများသာဖြစ်ရာ ၄င်းတို့မှာ
အဟေတုကဒိဋ္ဌိ အယူ စွဲလမ်းနေသူများပင်ဖြစ်သည်။
အချို့ကလည်း မိမိတို့ပစ္စုပ္ပန်၌ ခံစားနေရသော ကောင်းကျိုးဆိုးပြစ်တို့သည်
မိမိတို့အတိတ်က တွေးခေါ်၊ ပြောဆို၊ ကျင့်ကြံအားထုတ် ခဲ့မှုတို့၏
အကျိုးရလဒ်ဖြစ်သည်ဆိုခြင်းကို လက်မခံလိုကြပေ။ ထို့ကြောင့် မိမိအနာဂတ်
ကောင်းကျိုးအတွက် ယခုပစ္စုပ္ပန်၌ ကောင်း သောအတွေး၊ ကောင်းသောအပြောအဆို၊
ကောင်းသောအကျင့်အကြံတို့ဖြင့် အားထုတ်လုပ်ဆောင်ရန်
လိုအပ်သည်ဆိုခြင်းကိုလည်း မယုံကြည်ချေ။ အနာဂတ်ကံကြမ္မာသည်
ပစ္စုပ္ပန်လုပ်ဆောင်မှုအပေါ် အခြေတည်သည်ဆိုခြင်းကို လက်မခံလိုသည့်အလျောက်
သတ္တ၀ါ တို့အနေနှင့် ကောင်းမှုပြုလည်း ကောင်းကျိုးမဖြစ်၊ မကောင်းမှုပြုလည်း
မကောင်းကျိုးမဖြစ်ဟုသာ လက်ခံထားရကား ထိုသူတို့ကို အကိရိယဒိဋ္ဌိ အယူ
စွဲလမ်းသူများဟု သတ်မှတ်နိုင်သည်။
အထက်ကဖော်ပြခဲ့သည့် နတ္တိကဒိဋ္ဌိဖြစ်စေ၊ အဟေတုကဒိဋ္ဌိဖြစ်စေ၊ အကိရိယဒိဋ္ဌိဖြစ်စေ
ဒိဋ္ဌိတစ်မျိုးမျိုးစွဲကပ်နေသူအား နိယတမိစ္ဆာဒိဋ္ဌိ အယူရှိသူဟု
ခေါ်ဆိုနိုင်ပေသည်။ ပရိတ်တရားတော်တို့မှာ ကောင်းသောအပြုအမူသည်
ကောင်းကျိုးချမ်းသာ၏ အရင်းမူလဖြစ်ပြီး မကောင်းသောအပြုအမူသည်
မကောင်းကျိုးပြစ်၏ အရင်းမူလသာဖြစ်သည်ဆိုသော မူအပေါ်အခြေခံသည့်
ဗုဒ္ဓမြတ်စွာ၏ ဒေသနာ တော်များသာ ဖြစ်သည်။ သို့ဖြစ်ရာ
နိယတမိစ္ဆာဒိဋ္ဌိတည်းဟူသော ပညာဥာဏ်ကင်းမဲ့သူတို့၏ အယူကို စွဲလမ်းနေသရွေ့
ယင်းပုဂ္ဂိုလ် မျိုးသည် ပရိတ်တရားတော်၏အကျိုးကို ခံစားနိုင်ဖွယ်ရာ
အကြောင်းမရှိပါချေ။
ပရိတ်တန်ခိုးကို ယုံကြည်ခြင်း ဆိုသည်ကား ဤမည်သော ပရိတ်ကိုရွတ်ဖတ်ခြင်း၊
နာယူခြင်းပြုရုံမျှဖြင့် တစ်စုံတစ်ယောက်သော ကယ်တင် ရှင်က ကောင်းချီးမင်္ဂလာ
ပေးအပ်လာလိမ့်မည်ဟုမှတ်ယူရန်ဆိုလိုခြင်းမဟုတ်ချေ။ အချို့သောမန္တန်ဆရာတို့
ယူဆသကဲ့သို့ ပရိတ်ရွတ် သူ၏အသံလှိုင်းတွင် တန်ခိုးသတ္တိများရှိပေရာ
ယင်းတို့၏ စွမ်းပကားကြောင့် နာယူသူတို့၌ ချက်ချင်းလက်ငင်း
အပြောင်းအလဲဖြစ်ပေါ် လာလိမ့်မည်ဟု ယုံကြည်ရန်လည်း မဟုတ်ပေ။
ယင်းသို့ ကြောင်းကျိုးကင်းမဲ့သော ယုံကြည်မှုမျိုးဖြင့် ယုံကြည်ပါက
ပရိတ်အကျိုးမခံစားရသည့်အပြင် ကြောင်းကျိုးဆက်စပ်လက်ခံမှုကို
ပစ်ပယ်ရာရောက်သည့်အတွက် အဟေတုကဒိဋ္ဌိပင် ဖြစ်နိုင်ပေသေးသည်။ ထို့ကြောင့်
ပရိတ်ရွတ်သံကို ကက်ဆက်ခွေဖွင့်ထားရုံဖြင့် မင်္ဂလာရှိမည်၊
လာဘ်ရွှင်မည်၊ဈေးရောင်းကောင်းမည်ဟု လွဲမှားစွာယုံကြည် နေသူများသည်
နိယတမိစ္ဆာဒိဋ္ဌိဝါဒီများပင် ဖြစ်ပေသည်။ နေ့စဉ်ဝတ်မပျက် ပရိတ်ရွတ်၊
ပရိတ်ကက်ဆက်ခွေဖွင့်နေကြသော်လည်း ပရိတ်၏အနက်အဓိပ္ပာယ်ကို မသိ၊ သိအောင်လည်း
အား မထုတ်သူတို့မှာကား ပရိတ်တရားတော်၏ အကျိုးကို ခံစားရဖွယ်ရာ
အကြောင်းမမြင်ပေ။
တိဗက်ပြည်ရှိ တန္တရဗုဒ္ဓဘာသာဝင်များသည် သူတို့၏ ထာဝရဗုဒ္ဓဘုရားသခင်၏သားတော်
ကယ်တင်ရှင် အ၀လောကိတေဿရအား ရှိခိုးသော'ဥုံမဏိပဒ္ဓမေဟုံ' ဆိုသည့်မန္တန်ကို
လေရဟတ်၊ ရေရဟတ်များတွင်ရေးသား တပ်ဆင်ထားတတ်ကြသည်။ ယင်းရဟတ်များ
ခေါက်ရေများများလည်ပတ်လေ ကုသိုလ်များများရလေဟု အကြောင်းအကျိုးမဲ့စွာ
ယုံကြည်ကြပေရာ ယခုအခါမြန်မာနိုင်ငံ၌ ပရိတ် တရားတော်အသံ
ကက်ဆက်ခွေဖွင့်ထားပြီး လုပ်ချင်ရာလုပ်နေသူတို့နှင့် ဘာမျှမထူးကြောင်း
သတိပြုအပ်ပေသည်။
ဤသို့ဆိုလျှင် ပရိတ်တန်ခိုးကို ယုံကြည်ခြင်းဆိုသည်မှာ အဘယ်သို့သော
ယုံကြည်မှုမျိုးဖြစ်ပါသနည်းဟု မေးဖွယ်ရာရှိပါသည်။ ထေရ
ဝါဒဗုဒ္ဓဘာသာတွင်ရှိသော ယုံကြည်မှုသည် ဥာဏ်ပညာနှင့်
ယှဉ်သောယုံကြည်မှုမျိုးသာလျှင် ဖြစ်သည်။ ဥာဏ်ပညာနှင့်မယှဉ်သည့်
အကန်းယုံကြည်မှုမျိုးကို ဗုဒ္ဓမြတ်စွာက မည်သည့်အခါကမျှ အားပေးအားမြှောက်
မပြုခဲ့ချေ။ ထို့ကြောင့် ပရိတ်တန်ခိုးကို ယုံကြည်သည် ဆိုရာ၌ ဦးစွာပထမ
ယင်းပရိတ်တရားတော်တို့၏ အနှစ်သာရကို ဟောကြားတော်မူခဲ့သည့် ဗုဒ္ဓမြတ်စွာကို
ယုံကြည်ရန်လိုအပ်ပေသည်။
ဗုဒ္ဓကိုယုံကြည်သူသည် ဓမ္မကိုယုံကြည်သူပင် ဖြစ်သည်။ ဓမ္မကိုမယုံကြည်ဘဲ
ဗုဒ္ဓကိုယုံပါသည်ဟု ပြောဆိုသူကား ရှေ့စကား၊နောက် စကားမညီသူ အဓမ္မသမားသာ
ဖြစ်ပေလိမ့်မည်။ ဓမ္မကိုယုံကြည်သူမှန်ပါက ဓမ္မကို စောင့်ထိန်းကြစမြဲ၊
ဓမ္မနှင့်အညီ ကြံစည်ပြောဆို လိုက်နာကျင့်ကြံကြစမြဲပင် ဖြစ်သည်။

ထို့ကြောင့် ပရိတ်တန်ခိုးကို ယုံကြည်ခြင်းဆိုသည်မှာ
ဗုဒ္ဓမြတ်စွာထုတ်ဖော်ဟောကြားခဲ့သော ဓမ္မဒေသနာတော်တို့ကို ယုံကြည်လက်ခံ
လိုက်နာကျင့်သုံးခြင်းကို ဆိုလိုခြင်းပင်ဖြစ်သည်။ ဤမည်သော
ပရိတ်တရားတော်ကိုနာယူလိုက်ရုံဖြင့် တစ်စုံတစ်ရာသောအကျိုးရလဒ်ကို
ခံစားရလိမ့်မည်ဟု ယုံကြည်ခြင်းသည်ကား ဗုဒ္ဓအလိုတော်ကျ ယုံကြည်ခြင်း
မမည်ပေ။ ယုံကြည်ခြင်းနှင့် လိုက်နာကျင့်သုံးခြင်းသည်
အပြန်အလှန်ဆက်စပ်နေပေသည်။ ပရိတ်တရားတော်လာ ဗုဒ္ဓမြတ်စွာ၏
အဆုံးအမဒေသနာတော်များမှာပါရှိသော သီလ၊သမာဓိ၊ ပညာ ပိုင်းဆိုင်ရာ
ကျင့်စဉ်တို့ကို လိုက်နာကျင့်သုံးဖူးသူတိုင်း ဤအချက်ကို
သဘောပေါက်ကြပါသည်။ ဗုဒ္ဓအဆုံးအမနှင့်အညီ လိုက်နာခြင်းဖြင့်
အကျိုးကျေးဇူးခံစားကြရသလို အကျိုးကျေးဇူးခံစားရခြင်းအပေါ်မှီ၍
ဗုဒ္ဓမြတ်စွာ၏ သြ၀ါဒ ဒေသနာတော်များအား ယုံကြည်မှုသဒ္ဓါတရား
တိုးပွားလာကြစမြဲဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် ပရိတ်တရားတော်များ နာယူရခြင်း၏ အကျိုးကျေးဇူးကို
အပြည့်အ၀ခံစားလိုကြကုန်သော ထေရ၀ါဒဗုဒ္ဓဘာသာ ၀င်သူတော်စင်တို့အနေဖြင့်
ဦးစွာပထမ ပရိတ်တရားတော်တို့၏ ဆိုလိုရင်းအဓိပ္ပာယ်နှင့်အနှစ်သာရကို
အမိအရနားလည်အောင် ကြိုးပမ်းအားထုတ်သင့်သည်။ နားလည် သဘောပေါက်သည့်အလျောက်
မိမိဘ၀တစ်သက်တာတွင် လိုက်နာခံယူ ကျင့်သုံးသင့်ပေသည်။
ယင်းသို့ လိုက်နာကျင့်သုံးသဖြင့် ရရှိခံစားလာရသော အကျိုးကျေးဇူးကို
အကြောင်းပြု၍သာလျှင် ပရိတ်တရားတော်တို့၏ အစွမ်း အာနိသင်အစစ်အမှန်ကို
သိရှိနားလည် ခံစားနိုင်ကြပေမည်။ အကယ်စင်စစ် ပရိတ်တရားတော်လာ
ဗုဒ္ဓမြတ်စွာ၏ဓမ္မအစစ်အမှန်ကို လေ့လာစေ့ငုနိုင်မည်ဆိုပါက ပရိယတ္တိ၊ပဋိပတ္တိ၊
ပဋိဝေဓ ဟူသော သာသနာသုံးရပ် ပြုရာလည်းရောက်ပေလိမ့်မည်။
ပရိတ်တရားတော်တို့၏ အဓိပ္ပာယ်အနှစ်သာရကို လေ့လာစေ့ငုခြင်းသည်
ပရိယတ္တိသာသနာပြုခြင်းမည်ပြီး တရားတော်ပါလမ်းညွှန်ချက် များနှင့်အညီ
လိုက်နာကျင့်သုံးခြင်းသည် ပဋိပတ္တိသာသနာပြုခြင်းမည်ပါပေသည်။
ဤသို့လိုက်နာကျင့်သုံးမှု၏ ကောင်းကျိုးအာနိသင်ကို ခံစားရခြင်းသည်ကား
ပဋိဝေဓသာသနာသို့ အရောက်လှမ်းနိုင်ခြင်းပင်ဖြစ်တော့ရာ
ထေရ၀ါဒဗုဒ္ဓဘာသာဝင်များအနေနှင့် ပရိတ်တရား
တော်များကိုသာသနာပမန္တန်များကဲ့သို့ ပေါ့ပေါ့တန်တန် သဘောမထားသင့်ချေ။
ဤနေရာတွင် အလျဉ်းသင့်သဖြင့် သင်္ဂဇာဆရာတော်နှင့် မင်းတုန်းမင်းတို့
ပရိတ်တရားပွဲတွင် အချီအချပြောဆိုခဲ့ပုံကို တင်ပြလိုပါသည်။
ရတနာပုံနေပြည်တော် မန္တလေးမြို့တွင် မင်းတုန်းမင်းစိုးစံစဉ်က
လေးပြင်လေးရပ်ရှိ ဆရာတော်များအား နန်းတော်သို့ပင့်ဖိတ်၍
မင်းတုန်းမင်းနှင့်တကွ နန်းတွင်းသူ၊ နန်းတွင်းသားများ
ပရိတ်တရားတော်နာခဲ့ကြဖူးသည်။
ဤတွင် ဆရာတော်များပရိတ်ရွတ်အပြီးတွင် မင်းတုန်းမင်းက ပရိတ်အိုးကိုကြည့်ကာ
- 'သီရိဓမ္မာသောကမင်းလက်ထက် အရှင်မဟာ မောဂ္ဂလိပုတ္တတိဿ ရဟန္တာအရှင်မြတ်တို့
ပရိတ်ရွတ်သောအခါ ပရိတ်ရေများ ဆူပွက်လာသည်ဟု မှတ်သားရဖူးပါသည်။ ယခုအရှင်
ဘုရားတို့ ပရိတ်ရွတ်သောအခါ ပရိတ်အိုးများ ဆူပွက်ဖို့ဝေးစွ၊
လှုပ်ရှားမှုပင်မရှိ၊ တည်ငြိမ်သောသမာဓိနှင့် ရှိနေပါကလားဘုရား'
ဟုလျှောက်တင်တော့သည်။
ဤသို့ မိရိုးဖလာဗုဒ္ဓဘာသာဝင်တို့၏ ယုံကြည်မှုအလျောက်
ပရိတ်ရေမဆူပွက်သည်နှင့်ပင် ဆရာတော်များအား တရားမပြည့်စုံဟုဆိုချင် သော
မင်းကြီးအား အခြားဆရာတော်များက ခပ်မဆိတ်နေခဲ့သော်လည်း သင်္ဂဇာဆရာတော်ကမူ
သူ့အရိုးနှင့် သူထိုးဆိုသကဲ့သို့ မင်းကြီး ၏ စကားကိုချေပနိုင်ခဲ့ပုံမှာ -
'သီရိဓမ္မာသောကမင်းကြီးသည် နဂါးတို့ကိုပင် အာဏာစက်ဖြင့် ခေါ်နိုင်သည်။
ဘုန်းကြီးတို့ကား သူ့ဆရာ အရှင်မဟာမောဂ္ဂလိပုတ္တ တိဿမထေရ်ကဲ့သို့
ရဟန္တာများမဟုတ်သဖြင့် ပရိတ်အိုးမပွက်သည်ကို ထားလေဦး၊
ရေမြေ့ရှင်ကိုယ်တိုင်ကပင် နဂါးကိုခေါ်ဖို့ဝေးစွ၊ ရေမြွေကလေးတစ်ကောင်မျှပင်
လာအောင်မခေါ်နိုင်ပါလျက်နှင့် ပရိတ်အိုးမပွက်သည်မှာ ၀မ်းနည်းစရာမရှိပေ'
ဟူ၍ဖြစ်သည်။
အမှန်ကား ပရိတ်အိုးပွက်ခြင်း၊ မပွက်ခြင်းဖြင့် သံဃာတော်တို့၏ သီလ၊သမာဓိ၊
ပညာတို့ကို အကဲဖြတ်၍ မရစကောင်းသလို နဂါးတို့ကို
အာဏာစက်နှင့်ခေါ်နိုင်ရုံမျှဖြင့် ရာဇ၀င်တွင် မင်းကောင်းမင်းမြတ်ဟု
သတ်မှတ်၍မရနိုင်ပေ။
သို့သော် သင်္ဂဇာဆရာတော်၏ဆိုလိုရင်းကား ပရိတ်ဟူသည် ရွတ်ဖတ်သရဇ္ဈာယ်သူ၏
ကိုယ်ကျင့်သီလ၊ သမာဓိ၊ ပညာ ပြည့်စုံနေရုံဖြင့် နာယူသူတွင်
အကျိုးထူးမည်မဟုတ်ဘဲ နာယူသူတို့၌လည်း မိမိတို့ကိုယ်တိုင်မိမိတို့ သီလ၊
သမာဓိ၊ ပညာ တည်းဟူသော ၀မ်းစာ တရားတို့နှင့်ပြည့်စုံအောင်အားထုတ်မှသာ
လိုရာဆန္ဓပြည့်ဝပေလိမ့်မည် ဟူ၍သာဖြစ်ပါကြောင်း တင်ပြလိုက်ရပေသတည်း။

ဝင်းသိန်းဦး
(၇-၈-၉၃)
ဓမ္မရံသီ၊ ၁၉၉၃ခုနှစ်၊ ဒီဇင်ဘာလနှင့် ၁၉၉၄ခုနှစ်၊ ဇန်န၀ါရီလ။



























































No comments: