Tuesday, October 25, 2011

ဒါတွေ မပြင်နဲ့

ရန်ကုန်မြို့ လယ်ကောင်မှာ တိုက်ဟောင်းတွေ တော်တော် များများကို
ဖြိုလိုက်ပြီး အထပ်မြင့် တိုက်တွေ ဆောက်နေတာ သတိထား မကြည့်ရင်တောင်
တွေ့နေ ရပါပြီ။

(မန္တလေးမှာလည်း မြို့လယ် နေရာတွေကို ကျောက်စိမ်း ကိုကိုတွေ ၀င်ရောက်နေရာ
ယူလို့ မြန်မာ စစ်စစ်တွေ မြို့ပြင်ကို ရောက်နေပါပြီ။) ဆိုတော့ကာ
နောက်ဆိုရင် ရန်ကုန်မြို့မှာ ရပ်ကွက် ဓလေ့လေးတွေ ပျောက်ကွယ်
ကုန်ပါတော့မယ်။ အိမ်နီးချင်း ဆိုပြီး တံခါးမရှိ ဓားမရှိ ၀င်ထွက်
သွားလာတာမျိုး၊ အိမ်သော့ ပေးခဲ့တာမျိုး၊ မုန့်တွေစုပြီး
လုပ်စားကြတာမျိုး၊ ကလေးထိန်းဖို့ ဘေးအိမ်ကို အပ်ခဲ့တာမျိုး စသဖြင့်ခေတ်
အဆက်ဆက်က ဓလေ့ စရိုက်တွေ ပပျောက် သွားပါတော့မယ်။

အခန်းပေါင်း ၃၊ ၄၀ ပါမယ့် တိုက်တစ်တိုက်မှာ တစ်ခန်းနဲ့ တစ်ခန်း
မေးထူးခေါ်ပြော အဆင့်တောင် မရှိကြတာမျိုး၊ မျက်နှာချင်းဆိုင် အခန်းမှာ
ဘယ်သူနေမှန်း မသိတာမျိုး၊ ကိုယ့် အခန်းတွင်းက ထွက်လိုက်တာနဲ့ ကိုယ်နဲ့
ဘာမှ မဆိုင်တော့ ဘူးဆိုတဲ့ အတွေးမျိုးနဲ့ နေထိုင်ကြတဲ့ မြို့ကြီးသား
အချို့လည်း ရှိလာကြပါပြီ။ အသစ်သစ်သော တိုက်ခန်းများ မှာလည်း ထိုသို့သော
သူမျိုးများ တိုးပွားလာမှာ မုချ မလွဲပင်။ ပိုဆိုးတာက ခေတ်စနစ်ရဲ့
လိုအပ်ချက်အရ အိမ်သူ အိမ်သားတိုင်း အချိန်ပြည့် အလုပ်ထွက်လုပ် နေကြ ရသလို
အိမ်နီးနားချင်း များအပေါ် ရှေးယခင်ကလို ဂရုတစိုက် မရှိနိုင်တော့။
ကိုယ့်အလုပ် တွေနဲ့ကိုယ် မအားနိုင်ကြ တော့ဘူးကိုး။ ကျွန်တော်ကတော့
မြန်မာပီပီ အိမ်နီးနား ချင်းတွေဆီ ၀င်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်၊
လိုတာရှိတောင်း၊ ပေးစရာ ရှိပေး၊ နွေးနွေး ထွေးထွေး ဓလေ့စရိုက် များကို
မပြုပြင် စေလိုသေးပေ။

ဇာတိရင်းမြစ် ဖြစ်တဲ့ မြင်းခြံမြို့အနီး ကန်ဆင့်ဆိုတဲ့ ရွာလေးကို မကြာ
သေးမီက ရောက်ခဲ့ပါတယ်။ ရွာကို ရောက်ရောက်ချင်း ကျွန်တော် ပထမဆုံး
တောင်းဆို မိတာက ထန်းရည်တောထဲ မှာ ထန်းရည်စစ်စစ် သောက်ချင်တာပါ။
ကျွန်တော့် အမျိုးတွေ ကလည်း ကျွန်တော့် ဆန္ဒကို ဖြည့်ပေးရှာ ပါတယ်။
ဒါပေမဲ့- ဒါပေမဲ့ဗျာ။ ထန်းရည် တောထဲကို ဘာနဲ့ခေါ် သွားတယ်မှတ်သလဲ။
ဆိုင်ကယ်နဲ့ဗျ။ ကျွန်တော်က လမ်းလျှောက် သွားမယ်လို့ ပြောတာတောင် ဝေးပါတယ်
ဆိုပြီး ဆိုင်ကယ် နောက်ကိုတင်ကာ တဘူးဘူးနဲ့ ခေါ်သွားပါ တော့တယ်။ ထန်းတော
ထဲရောက်တော့ ထန်းမြူအိုးကို တွေ့တာနဲ့ အားရပါးရ သောက်ဖို့ဆိုပြီး
ခွက်ထဲငှဲ့ထည့် လိုက်တော့ ခွက်က တရုတ် တံဆိပ်တောင် မခွာရ သေးတဲ့ ဖန်ခွက်
အသစ် စက်စက်ကြီး ဖြစ်နေပြန်တယ်။ မြို့ကလာတဲ့ ဧည့်သည်မို့လို့ ဖန်ခွက်
အသစ်ထုတ် ပေးထားတယ် ထင်ပြီး အုန်းမှုတ်ခွက် တောင်းတော့ ထန်းရည်အိုး
လာချပေးတဲ့ ကောင်လေးက မျက်လုံးလေး ကလယ် ကလယ်နဲ့ ပြန်ကြည့်တယ်။ သူတို့
ထန်းတောထဲမှာ ဖန်ခွက်ပဲ သုံးပါသတဲ့။

ရပါတယ်လေ ဆိုပြီး ဖန်ခွက်နဲ့ တစ်မြူကုန်အောင် သောက်ပြီးတော့ ကျွန်တော့်
အစ်ကို ၀မ်းကွဲကို ရွာရဲ့ ကွမ်းတောင်ကိုင် ကောင်မလေး တစ်ယောက်လောက်
မြင်ဖူးတယ် ရှိအောင် ပြပါဗျလို့ ဂျီကျလိုက်တယ်။ ကျွန်တော့် အစ်ကိုက
"ငါ့ကောင်ရဲ့၊ ငါတို့ရွာမှာ ကွမ်းတောင်ကိုင် မရှိတာ ကြာပြီ"ဆိုပြီး
ခေါင်းကို တဗျင်းဗျင်း ကုတ်နေတယ်။ သူ့သူငယ်ချင်း တွေကလည်း ဒီကောင်နဲ့တော့
ဒုက္ခပဲ ဆိုပြီး တဟားဟားရယ် နေကြတယ်။ ကျွန်တော်က အတွန့်တက်ပြီး ဖက်စိမ်း
ကွမ်းတောင်တို့ ဘာတို့ သိလားလို့ မေးတော့ ကိုယ့်ဆရာသမားတွေ တစ်ယောက်မှ
မသိကြဘူး။ ဒါနဲ့ စကားစဖြတ်ပြီး ရွာထဲကို ဆိုင်ကယ်နောက်က ကားရားခွပြီး
ပြန်လိုက်ခဲ့ ရတယ်။

ညရောက်တော့ လည်းမီးစက်တွေ တအုန်းအုန်း မောင်းပြီး ကိုရီးယားကား ကြည့်ကြ၊
တရုတ်ကား ကြည့်ကြနဲ့ တော်ရုံ မအိပ်ကြဘူး။ သစ်ပင်ကြီးအောက်
ကွပ်ပျစ်ပေါ်မှာ ထိုင်ပြီး ပုံပြင် မပြောကြ ဘူးလား ဆိုတာကိုတော့ မေးမနေ
တော့ပါဘူး။ ကျွန်တော်ကတော့ မီးစက်သံတွေ ကြားထဲမှာ ထိုင်ရင်း ကျေးလက်ဓလေ့
စရိုက်တွေ မပျောက်သေးတဲ့ ရွာလေးတွေ ရှိပါသေးရင် မူလ ဇာစ်မြစ်စရိုက်
တွေကို မပြုပြင်ဖို့နဲ့ ဆက်လက် ထိန်းသိမ်းကြဖို့ တောင်းဆိုချင်တာ
ကလွဲလို့ ဘာမှ မတတ်နိုင်ဘဲ သူတို့နဲ့အတူ ကိုရီးယား ကားတွေ လိုက်ကြည့်
နေမိပါတယ်။

ကျွန်တော်တို့ ငယ်ငယ်က လက်ဖက်ရည် ဆိုင်ထိုင်တဲ့ အခါ လူကြီးတွေက
မနှစ်မြို့ကြ၊ တားမြစ်ကြပါတယ်။ အလကား အချိန်ဖြုန်းတယ် ဆိုပြီး ဆူပူကြ
ပါတယ်။ ၀တ္ထုတွေ ဖတ်ရင်လည်း ထိုနည်းလည်း ကောင်းပါပဲ။ ဒါပေမဲ့ အခုကျတော့-
သူငယ်ချင်းတွေနဲ့ ဘီယာဆိုင်မှာ ၀ိုင်းဖြစ်တဲ့ အခါတိုင်း သတိထားမိတာ
တစ်ခုရှိတယ်။ အနီးအနား ၀ိုင်းတွေမှာ ထိုင်နေတဲ့ ကောင်လေးတွေ
သိပ်ငယ်သေးတယ် ဆိုတာပဲ။ သူတို့နဲ့ ပါလာတဲ့ ကောင်မလေး တွေလည်း ငယ်ငယ်လေး
တွေပဲ။ တချို့ဆို ဆေးလိပ်ကို လက်ကြားက မချကြ။

အင်တာနက်ဆိုင် တွေမှာကော ဘာထူးလို့လဲ။ ကျောင်းဆင်းချိန်ဆို အဖြူ
အစိမ်းတောင် မလဲကြဘဲ အပြေးအလွှား ချက်နေ လိုက်ကြတာ။ ကောင်လေးတွေရော
ကောင်မလေး တွေရော တစ်ပုံတစ်ပင်။ ကျွန်တော်တို့ ငယ်ငယ် တုန်းကလို
ကာတွန်းတွေ မဖတ်ကြတော့ ဘူးလား။ ရပ်ကွက်ထဲမှာ စုဖွဲ့ မကစားကြ တော့ဘူးလား။
လက်ဖက်ရည် ဆိုင်တွေမှာ ဖတ်ခဲ့ဖူးတဲ့ ၀တ်္ထုတွေ အကြောင်း အာပေါင်
အာရင်းသန်သန် မငြင်းခုံကြ တော့ဘူးလား။ ဘီယာဆိုင်မှာ ထိုင်တဲ့ သားသမီး
တွေရဲ့ မိဘတွေ ကကော လျစ်လျူရှုထား ကြတာလား။ ဒါမှမဟုတ် သူတို့သား သမီးတွေ
အကြောင်းကို မသိတော့ တာလား။ သိဖို့အချိန် မရှိတော့ တာလား။ ကျွန်တော်ကတော့
ကျွန်တော်တို့ ငယ်ငယ်တုန်း ကလို စာကျက်ချင် ယောင်ဆောင်ပြီး ကာတွန်း
ခိုးဖတ်ခဲ့ တာတို့၊ ၀ိုင်းထဲက ဂျင်ကို ကွဲသွားအောင် အားရှိ ပါးရှိထု
ချလိုက်တာတို့ စတဲ့ ဓလေ့ စရိုက်တွေကို မပြင်ကြ ပါနဲ့လို့ တောင်းဆိုချင်
ပါတယ်။

ခြေတစ်ဖက်ကို ခုံအပြင် ထုတ်ထားတယ်။ ကလင် ကလင် ဆိုတာနဲ့ ၀ုန်းခနဲ ထပြီး
ထွက်ပြေးတယ်။ စာကြည့်တိုက်ထဲ အရင်ဆုံး ရောက်မှ စာအုပ် အသစ်တွေကို
ဦးဦးဖျားဖျား ဖတ်ခွင့်ရမှာ မဟုတ်လား။ မဟုတ်ရင် ကိုယ့်ထက်ဦး ထားတဲ့
ကောင်တွေက မုန့်စားကျောင်း မတက်မချင်း ဖတ်နေတာနဲ့ အသစ်တွေ ဖတ်ခွင့်
မရတော့ပေ။ အခုတော့ ကျွန်တော်တို့ ကျောင်းက စာကြည့်တိုက် အခန်းဟာ
ကွန်ပျူတာ အခန်း ဖြစ်သွားပါပြီ။ စာကြည့်တိုက် လေးကတော့
ကျောင်းနောက်ဘက်မှာ မျက်နှာငယ်နေ ရှာပါတယ်။ သူ့ရင်ဘတ်ကို သော့ပိတ်ထားတာ
ကြာပါပြီ။ ကျောင်းသား တွေကလည်း အဖက် မလုပ်တော့။

အထက်တန်း ကျောင်းတင်ပဲလား ဆိုတော့ မဟုတ်သေး ပြန်ဘူး။ မြို့စွန်မြို့
ဖျားက တက်္ကသိုလ်ကြီး တွေမှာလည်း စာကြည့်တိုက် ဆိုတာ ကျောင်းသား
တွေစုစည်းရာ၊ ဗဟုသုတ ရှာဖွေရာ ရတနာ သိုက်ကြီး မဟုတ်တော့ ပါဘူး။
စာကြည့်တိုက် ထဲမှာ တွေ့ကြ၊ ချိန်းကြပြီး ချစ်သူတွေ ဖြစ်သွားတယ် ဆိုတာ
ဆရာ ငြိမ်းကျော်တို့၊ ဆရာ နွမ်ဂျာသိုင်းတို့ ၀တ္ထုတွေနဲ့ အတူ
ကျန်ခဲ့ပါပြီ။ အထက်တန်း ကျောင်းသားလေး တွေကလည်း အဖက် မလုပ်တော့သလို
တက္ကသိုလ် ကျောင်းသားကြီး တွေကလည်း အရေးတယူ မရှိတော့တဲ့ စာကြည့်တိုက်
တော်တော် များများဟာ သော့ခလောက်ကြီးတွေနဲ့ ဖြစ်နေတာ မဆန်းတော့ပေ။

ဒါပေမဲ့ တစ်ခု အားတက်စရာ ကတော့ မန္တလေး၊ မြင်းခြံ၊ ဖျာပုံစတဲ့
မြို့တော်တော် များများမှာ ပုဂ္ဂလိက တစ်ပိုင်တစ်နိုင် စာကြည့်တိုက်
လေးတွေ၊ စာဖတ်ဝိုင်း လေးတွေ ရှိနေတယ်လို့ ကြားတွေ့ရ ပါတယ်။ ကျေးဇူး
တင်ပါတယ်။ အဲဒီ စာကြည့်တိုက် လေးတွေ၊ စာဖတ်ဝိုင်း လေးတွေလည်း အင်တာနက်
ကဖီးတို့၊ ကာရာအိုကေ ခန်းမတို့ အဖြစ်ကို ပြောင်းလဲ မသွားအောင် ၀ိုင်းဝန်း
ထိန်းသိမ်းကြ ပါလို့ မေတ္တာရပ်ခံ လိုက်ရ ပါတော့တယ်။

မြေမှုန်လွင်
(Teen မဂ္ဂဇင်း၊အောက်တိုဘာလ ၂၀၁၁)

No comments: