Saturday, October 15, 2011

အကြီးအကဲ…ဆိုတာ

ကျွန်မတို့၏ ပါတ်ဝန်းကျင်တွင်လည်း ထိုကဲ့သို့သော အကြီးအကဲဆိုသူများ ရှိနေတတ်ကြပါသည်။

(၁)
တခါက တိုင်းပြည် အကြီးအကဲ တစ်ဦးသည် မိမိ၏ နာမည်နှင့် ဂုဏ်ကို မြှင့်တင်ချင်သည့်အတွက် ကိုယ့်ပုံကို တံဆိပ်ခေါင်းအဖြင့် ထုတ်ဝေခဲ့သည်။ ထုတ်ဝေပြီး  တလအကြာတွင် ရောင်းအား ကောင်းမကောင်း စာတိုက်ကြီးသို့ ကိုယ်တိုင် သွားရောက် စုံစမ်းခဲ့သည်။

အကြီးအကဲ >>> " ငါ့ပုံနဲ့ တံဆိပ်ခေါင်းတွေ ရောင်းအားကောင်းရဲ့လားဟေ့ "

စာတိုက်မှုး  >>>  " ဟုတ်ကဲ့.. ကောင်းပါတယ်ခင်ဗျာ..၊ ဒါပေမယ့် တံဆိပ်ခေါင်းကော်က သိပ်မကပ်ဘူးလို့ ပြောနေကြတယ်… "

အကြီးအကဲ >>> " မဖြစ်နိုင်တာ.. "

ဒါနဲ့ အကြီးအကဲက ကိုယ်တိုင် တံဆိပ်ခေါင်း တစ်ခုကို ယူပြီး နောက်ကျောကို တံတွေးထွေးကာ စာအိတ်ပေါ်တွင် ကပ်ကြည့်လိုက်သည်။

အကြီးအကဲ >>> " ကဲ… ဒီမှာ ကြည့်စမ်း၊ ကပ်တာမှ မြဲနေတာပဲ… "


စာတိုက်မှုး  >>> " အကြီးအကဲ ခင်ဗျာ… သူတို့က တံထွေးကို တံဆိပ်ခေါင်းအရှေ့ဘက်ကို  ထွေးကြလို့ပါ… "


(၂)

တခါက အကြီးအကဲသည် ညအချိန်တွင် တစ်ယောက်တည်း အပြင်ထွက်မိရာ လမ်းတွင် လုယက်သူနှင့် တိုးတော့သည်။

လုယုက်သူ  >>> " ဟေ့လူ…ပါသမျှ ပိုက်ဆံ အကုန်ထုတ် "
အကြီးအကဲ >>> " ငါဘယ်သူလဲဆိုတာ မင်းသိလား…ငါဟာ ဒီတိုင်းပြည်ရဲ့ အကြီးအကဲကွ "
လုယုက်သူ >>> " ကြိုက်ပြီ… ဒါဆို ယူထားသမျှတွေ အကုန်ပြန်ပေး "

(၃)

တစ်ခါက အကြီးအကဲသည် နောက်လိုက်များနှင့် အစည်းအဝေးအတွက် ခရီးထွက်ကြသည်။ လမ်းတွင် မတော်တဆ ယာဉ်တိုက်မှုဖြစ်ပြီး အားလုံးဆေးရုံသို့ ရောက်သွားကြသည်။ အကြီးအကဲ၏ သတင်းကို မေးမြန်းစုံစမ်းရန်အတွက် သတင်းထောက်များ လာရောက်ပြီး ဆရာဝန်အား မေးမြန်းခဲ့ကြသည်။

သတင်းထောက်>>> " ဆရာ…ဆရာ..အကြီးအကဲ အခြေအနေ ဘယ်လိုလဲ "
ဆရာဝန် >>> " အင်း…အခြေအနေကတော့ သိပ်မကောင်းလေဘူး "
သတင်းထောက်>>> "သူ့ရဲ့  နောက်လိုက်တွေကော "
ဆရာဝန် >>> " သူတို့လဲ အခြေအနေ မကောင်းဘူး "
သတင်းထောက်>>> " ဒါဆို ဘယ်သူအခြေအနေ ကောင်းလဲ ဆရာ "
ဆရာဝန် >>> " ငါတို့ တိုင်းပြည် အခြေအနေ ကောင်းပြီ "

(၄)

တခါက အကြီးအကဲသည် စိတ္တဇဆေးရုံသို့ သွားရောက် ကြည့်ရှုခဲ့သည်။ ဆေးရုံရှိ  လူနာများက အကြီးအကဲကို တွေ့သည်နှင့်.. " အကြီးအကဲ ကျန်းမာပါစေ… နေကောင်းပါစေ…. သက်တော် ရှည်ပါစေ…" ဟု ကောင်းချီးပေးကာ ကြိုဆိုကြသည်။ သို့သော် ထိုလူနာတစ်ဦးမှာ ဘာမှမပြောဘဲ အကြီးအကဲအား မျက်နှာလွှဲပြီး နေသည်။ အကြီးအကဲက မြင်သော် " ဒီလူနာက ငါ့ကိုမြင်တာ တောင် မကြိုဆိုပါလား" ဟု ဆေးရုံအုပ်အား မေးလိုက်သည်။

ဆေးရုံအုပ် ပြန်ဖြေလိုက်သည်မှာ….

"လူနာရဲ့ စိတ် ဒီနေ့ အခြေအနေကောင်းနေတယ်"  ဟူ၏။

(၅)

လူတစ်ယောက်ဟာ သူတို့ အကြီးအကဲကို " အသုံးမကျတဲ့လူ " လို့ ပြောလို့ အဖမ်းခံရ သတဲ့။ ရုံးတင်စစ်ဆေးပြီး နောက် တရားသူကြီးက သူ့ကို ထောင်ဒဏ် ၁၀နှစ်နဲ့ ၆ရက် အမိန့်ချလိုက်တယ်။ ဘာဖြစ်လို့ ဒီလောက်တောင် ကြီးလေးတဲ့ အပြစ်ကို ပေးရသလဲလို့ မေးတော့ တရားသူကြီးက " ပြစ်ဒဏ် ၆ရက်က အကြီးအကဲကို စော်ကားတဲ့ အတွက်၊ ပြစ်ဒဏ် ၁၀နှစ်က နိုင်ငံတော်ရဲ့  လျှို့ဝှက်ချက်ကို ဖော်ကောင် လုပ်တဲ့အတွက်" လို့ ပြောလိုက်သတဲ့။


(၆)
တစ်ခါက လူသားစားသော လူမျိုးနွယ် အကြီးအကဲ တစ်ဦး လေယာဉ်ပျံစီးလေသည်။
လေယာဉ်မယ် >>> " လူကြီးမင်း…ဘာများ သုံးဆောင်ချင်ပါသလဲရှင်…"
အကြီးအကဲ >>> " ခရီးသည်တွေရဲ့  နာမည်စာရင်းကို အရင်ပြစမ်းပါ…"

(၇)

တစ်ခါက နိုင်ငံတော် အကြီးအကဲ ခေါင်းဆောင်သုံးဦးဟာ ရဟတ်ယာဉ်စီးပြီး နိုင်ငံအခြေအနေကို လှည့်လည်ခဲ့တယ်။

ပထမအကြီးအကဲ>>>  " တကယ်လို့ အခုချိန်မှာ ငါသာ ငွေတစ်ထောင်တန် တစ်ရွက်ပစ်ချလိုက်ရင် ကောက်ရတဲ့လူက အရမ်းပျော်မှာပဲ"

ဒုတိယအကြီးအကဲ>>> " တကယ်လို့ ငါသာ ၅၀၀တန်နှစ်ရွက် ပစ်ချလိုက်ရင် လူနှစ်ယောက် ပျော်ရမယ်"

တတိယအကြီးအကဲ>>> " တကယ်လို့ ငါသာ ၅၀၀တန်ဆယ်ရွက် ပစ်ချလိုက်ရင် လူဆယ်ယောက် ပျော်ရမယ်"

သူတို့အချင်းချင်း ပြောနေတဲ့ စကားကိုကြားတော့ လေယာဉ်မှုးက အခုလို ပြောလိုက်သတဲ့…

"အကြီးအကဲတို့ သုံးဦးလုံးသာ ခုန်ချလိုက်ရင် နိုင်ငံမှာရှိတဲ့ လူတွေ အားလုံး ပျော်ကြမှာပဲ" ဟူ၏။

(၈)

တစ်ခါက နိုင်ငံအကြီးအကဲ သုံးဦးဟာ ဘုရားသခင်ကို တွေ့ဖို့ အခွင့်အရေးရခဲ့တယ်။ ဘုရားသခင်က သူတို့ကို မေးခွန်းတစ်ခုစီ မေးဖို့ ခွင့်ပြုလိုက်တော့…

ပထမနိုင်ငံအကြီးအကဲ>>>"ဘုရားသခင်ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေ ကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ"
ဘုရားသခင် >>> " အနှစ် ၅၀ စောင့်ရလိမ့်မယ်"
ပထမနိုင်ငံရဲ့ အကြီးအကဲ (စိတ်ပျက်ဝမ်းနည်းစွာနဲ့) "ဒါဆို ကျွန်တော် မမီတော့ဘူးထင်တယ်"

ဒုတိယနိုင်ငံအကြီးအကဲ>>>"ဘုရားသခင်…ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေ ကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ"
ဘုရားသခင် >>> "နှစ် ၁၀၀ စောင့်ရလိမ့်မယ်"
ဒုတိယနိုင်ငံအကြီးအကဲ (စိတ်ပျက်ဝမ်းနည်းစွာနဲ့) " ဒါဆို ကျွန်တော် မမီတော့ဘူးထင်တယ်"

တတိယနိုင်ငံအကြီးအကဲ>>> "ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေ ကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ"
ဘုရားသခင် (စိတ်ပျက်ဝမ်းနည်းစွာနဲ့) " ဒီတစ်ခါတော့ အကျွန်ုပ် မမီတော့ဘူး ထင်တယ်" ဟူတည်း။

—————————————————

ဒီရက်ပိုင်း ပို့စ်အသစ်များ မရေးနိုင်ဖြစ်နေပါတယ်။ အဓိကက လက်ဆွဲတော် ကွန်ပြူတာလေး ဆိုင်ပို့ထားရပြီး အဲ့ဒီကွန်ပြူတာထဲမှာ ရေးလက်စ ပို့စ်တွေ ပါသွားပါတယ်။ ဒေတာတွေ ပြန်ဆည်လို့ မရရင်တော့ နှမျောစိတ်နဲ့ ရင်ကွဲရဦးပါမယ်။ ထုံးစံအတိုင်း စိတ်ညစ်နေရင် ရယ်စရာတွေဘက် လှည့်ဖြစ်နေပြန်ပါတယ်။ အပေါ်က ရယ်စရာစာစုများဟာ မြသွေးနီဆီကို မိတ်ဆွေများ မေးလ်နဲ့ ဖော်ဝေါ့လုပ်ပေးထားတာတွေထဲက စုစည်းပေးလိုက်တာပါ။ မူရင်းရေးသူများကို ဒီနေရာကနေ ခရက်ဒစ်ပေးပါရစေရှင်..။

ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

Credit: http://www.myathwayni.com/?p=3388

No comments: