Wednesday, October 12, 2011

ရွှေအိုးညွှန်ပြသူများ

Written by အရှင်ပညာသီဟာဘိဝံသ (တရားဦးဓမ္မစကြာ)

ရဟန်းတို့ 'လက်ကိုကိုင်စွဲ ဒါရွှေအိုးပဲ' ဟု ညွှန်ပြသူကို စိတ်မဆိုး
အမျက်မထွက်ကြသကဲ့သို့ အပြစ်ကို ထောက်ပြသူ ပညာရှင်ကိုလည်း ဒေါသအမျက်
မထွက်ကြရ။ အမြဲညွှန်ပြ ဆိုဆုံးမဖို့ ချည်းကပ်ထားကြရမည်။ ပညာရှင်၏
လမ်းညွှန်ထိန်း ကျောင်းပေးခြင်းကို ခံရသူများအဖို့ ဆုတ်ယုတ်ခြင်း၊
နိမ့်ကျခြင်းမျိုး ဘယ်သောအခါမျှ မဖြစ်နိုင်ဟု ဓမ္မပဒဒေသနာတွင်
ဗုဒ္ဓမိန့်တော်မူခဲ့ပါသည်။

ဆင်းရဲနွမ်းပါးသူကို 'ဒါဟာ ရွှေအိုး' ဟု ခြိမ်းခြောက်ရိုက်နှက်၍
ညွှန်ပြသော်လည်း ရွှေအိုးရသူက ''ငါ့ကိုရိုက်ရကောင်းလား'' ဟု စိတ်လည်းမဆိုး၊
အမျက်လည်းမထွက် ထို့အတူ မိမိအတွက်၊ နိုင်ငံနှင့်လူမျိုးအတွက်
မသင့်တော်သော ချွတ်ချော် တိမ်းပါး၊ ဆုံးရှုံးနစ်နာစေနိုင်သော ကိစ္စကို
ကောင်းကျိုးလိုလား၊ မွန်မြတ်စိတ်ထားဖြင့် ပြောဆိုညွှန်ပြသူကို
အမျက်မထွက်ပဲ နှစ်လိုဝမ်းသာစွာဖြင့် လက်ခံကြရပါမည်။ ရွှေအိုးညွှန်ပြသူနှင့်
တူသောကြောင့်ဖြစ်၏။

''ကျွန်တော်က အလုပ်များသူမို့ပါ။ အကယ်၍ မသင့်တော်သော ကိစ္စ၊ မလျော်ကန်သော
အရာများရှိခဲ့ပါလျင် နောင်လည်း အားမနာပါနှင့်ဆုံးမပါ'' ဟု ဖိတ်မံခြင်း၊
ပညာရှင် ဆရာအရာထားလျက် နေ့စဉ် ခြေဆုပ်လက်နယ်ပြုခြင်း၊ သြ၀ါဒ ကို
လေးစားလိုက်နာခြင်း၊အကြံဉာဏ် ယူခြင်းစသဖြင့် ပညာရှင်ကို ပစ်မထားကြရပါ။
ဆောင်ရွက်မည့် ကိစ္စကို နယ်ပယ်အလိုက် ပညာရှင်တို့ဖြင့်
ညှိနှိုင်းတိုင်ပင်ခြင်းသည် အမှားကင်းနိုင်၏။ သို့မဟုတ်
အမှားနည်းမည်ဖြစ်၏။

အခုတလော အလွှာပေါင်းစုံမှ မြစ်ဆုံကိစ္စကိုရေးသား၊ ပြောဆို၊
ဆွေးနွေးဟောပြောကြသည်ကို ဖတ်နေရ ကြားနေရပါသည်
သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ များစွာ ဗဟုသုတရပါသည်။ ဥပဒေဘောင် အတွင်းမှ
လွတ်လပ်စွာရေးသားခွင့် ပြုခြင်း၏ အကျိုးကျေးဇူးပင်ဖြစ်၏။

ရှေးမင်းတို့သည် တိုင်းသားပြည်သူတို့၏ ဆန္ဒ၊ တိုင်းသားပြည်သူတို့၏ အသံ၊
တိုင်းသားပြည်သူတို့၏ မျော်လင့်ချက်များကို ကိုယ်တိုင်
ကိုယ်ကျသိရှိနိုင်ရန် မြို့ရွာအတွင်း ရုပ်ဖျက်လျက် စနည်း (စနဲ) နာကြသတဲ့။
သည်ကနေ့ခေတ်မှာတော့ မီ ဒီယာကိုသာ လွတ်လပ်စွာထုတ်ဖော် ရေးသားခွင့်၊
ပြောဆိုခွင့်ကိုပေးထားလျှင် စနည်းနာစရာလိုမည်မဟုတ်။ မင်းနားတစ်ထောင်ဖြစ်၍
ကြားကြမည်သာ။

''သဘာဝပတ်ဝန်းကျင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ'' ဟောပြောပွဲကို
၂၄-၉-၂၀၁၁ ရက်နေ့ ၁ နာရီ၌ Park Royal Hotel တွင် ပြုလုပ်ကြ၏။ ထိုပွဲသို့
တက်ရောက်နားထောင်ခွင့်ရခဲ့ပါသည်။

ယန်စီမြစ်၊ မြစ်ဝါမြစ်တို့၏ လက်ရှိဖြစ်ပေါ်နေသည့် အနေအထား
ပျက်စီးနေမှုများ၊ ဧရာဝတီ၏ တစ်စတစ်စယိုယွင်းလာနေမှု၊ သောင်များ အကြီးအကျယ်
ပေါ်ထွန်းနေမှုများကို ပရိုဂျက်တာဖြင့်ပြပေး၍ ရှင်းရှင်းလင်းလင်း
တွေ့မြင်ခဲ့ရ၏။ ရေကာ တာကြီးများ ဆောက်လုပ်ခြင်းကြောင့်
တရုတ်နိုင်ငံအပါအ၀င် ဖွံ့ဖြိုးပြီး နိုင်ငံကြီးများမှာပင် သဘာဝဘေးအန္တရာယ်
ဖြစ်ပေါ်ခြင်း၊ ရေချိုမြစ်တို့ ခန်းခြောက်ပြီး သဘာဝတရားတို့
ဟန်ချက်ပျက်ခြင်း၊ သက်ရှိသက်မဲ့တို့ ဒုက္ခရောက်ခြင်း၊ ပျက်စီးနေခြင်းများ
ကိုလည်း နားထောင်ခဲ့ရ၏။သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ များစွာ ဗဟုသုတရ၏။

ယခင်က 'မိခင်ဧရာဝတီသည် ရေချို၊ သား၊ ငါး၊ သယံဇာတ၊ ပဲ မျိုးစုံ၊ ဆန်စပါး၊
ဆေးရွက်ကြီး၊ ကုန်ရောင်းကုန်ဝယ်၊ သွားရေးလာ ရေး၊ သဲ၊ ကျောက်စရစ်စသဖြင့်
နိုင်ငံနှင့်လူမျိုးကို များစွာအကျိုးပြု၏။ မှီတင်းနေထိုင်ကျက်စားကြသော
ရေ နေ သတ္တ၀ါများကိုသာမက အခြားသော သားငှက်တိရစ္ဆာန်များကိုပါ
မျိုးမတုန်းအောင် ရှင်သန်ခွင့်ရှိစေ၏။ နိုင်ငံသူ၊ နိုင်ငံသားတို့အား
နှစ်ပေါင်း ရာထောင်ချီပြီး ကျွေးမွေးစောင့်ရှောက်ပေးနေသော
ကျေးဇူးရှင်ကြီးဖြစ်၏' ဟု လူပြိန်းသိမျှထက်မပိုခဲ့။
ရေချိုမြစ်ကြီးတစ်စင်းခန်း ခြောက်သွား၍ ပက်ကြားအက်နေသောမြေများ၊
သေကျေနေသော ငါးများ၊ လိပ်များ၊ လုံးဝစိုက်ပျိုး၍မဖြစ်နိုင်သော
ကျောက်တုံးကျောက်ခဲများ၊ ကြပ်တီးကုန်းကဲ့သို့ဖြစ်နေသော သောင်များကို
ထိတ်လန့်ဖွယ်ရာ တွေ့မြင်ရ၏။ သတိသံဝေဂယူစရာ၊ ဆင်ခြင်ဖွယ်ရာ၊
အလေးထားစရာဖြစ်၏။
နိုင်ငံနှင့် လူမျိုးအတွက် မသင့်တော်သော ချွတ်ချော်တိမ်းပါး၊
ဆုံးရှုံးနစ်နာစေနိုင်သော ကိစ္စကို ကောင်းကျိုးလိုလား၊
မွန်မြတ်စိတ်ထားဖြင့် ပြောဆိုညွှန်ပြသူကို အမျက်မထွက်ဘဲ
နှစ်လိုဝမ်းသာစွာဖြင့် လက်ခံကြရပါမည်။
နိုင်ငံနှင့် လူမျိုးအတွက် မသင့်တော်သော ချွတ်ချော်တိမ်းပါး၊
ဆုံးရှုံးနစ်နာစေနိုင်သော ကိစ္စကို ကောင်းကျိုးလိုလား၊
မွန်မြတ်စိတ်ထားဖြင့် ပြောဆိုညွှန်ပြသူကို အမျက်မထွက်ဘဲ
နှစ်လိုဝမ်းသာစွာဖြင့် လက်ခံကြရပါမည်။

ထို့ကြောင့် မြစ်ဆုံကိစ္စသည် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့၏ ကိစ္စမဟုတ်။
တစ်နိုင်ငံလုံးနှင့်ဆိုင်သော ကိစ္စဖြစ်၍ သူတစ်လူ ငါတစ်မင်း
ပြောနေကြခြင်းထက် နားလည်တတ်ကျွမ်းသည့်ပညာရှင်များ
စုံညီစွာတိုင်ပင်ညှိနှိုင်း အဖြေရှာသင့်၏။ ''ကျွန်တော်တို့လည်း
ဧရာဝတီကိုချစ်ပါသည်'' ဟု ပြောဆိုနေကြရုံမျှဖြင့် ပြီးသွားမည့်
ကိစ္စမဟုတ်တော့။

စာရေးသူဇာတိသည် ရွှေတောင်မြို့နယ် ညောင်စာရေးရွာဖြစ်၏။ ရွာအနောက်ဖက်
တစ်မိုင်ကျော်ကျော် အကောက်တောင်တောင်ခြေတွင် ဧရာဝတီမြစ်ကြီးသည်
စီးဆင်းလျက်ရှိ၏။ ၀ါခေါင်-တော်သလင်းတွင် ရွာထဲသို့
ရောက်အောင်ရေတက်လေ့ရှိ၏။ ထိုကဲ့သို့ ရေကြီးလျှင် ရွာသူရွာသားတို့
ပျော်ကြ၏။ မြေနူးပြီး နုန်းတင်၍ မြေနုကျွန်း (ကိုင်း)များ၌
မြေပဲတို့များစွာ ဥမည်ဖြစ်သောကြောင့် ဖြစ်၏။

စာရေးသူတို့ရွာနည်းတူ ဧရာ ၀တီမြစ်ကြီးကို မှီတင်းနေထိုင် ရှင်သန်နေကြရသော
ရွာများစွာ မြို့များစွာရှိ လူသားတို့သည် မြန်မာနိုင်ငံသူ/သားများ
ဖြစ်ကြပါသည်။မြစ်ဆုံကိစ္စနှင့် ပတ်သက်၍ ပြောကြဆိုကြရေးသားကြ၏။
ထိုအရေးအသားများအနက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာအေးမောင်ပြောဆိုချက်ကို ဤသို့ဖတ်ရပါသည်။

'ဧရာဝတီမြစ်ဆုံရေကာတာကိစ္စ ကိုလိုနီလက်သစ်များ၏ ပထ၀ီနိုင်ငံရေးအရ
စီးပွားနယ်ချဲ့မှုကို သတိပြုရန်လို၊ ကျွန်တော်တို့ဟာ
နိုင်ငံကြီးတစ်ခုရဲ့ပြဋ္ဌာန်းခံ ပြည်နယ်တစ်ခု မဖြစ်သွားဖို့လိုပါတယ်။
သတိပြုဖို့ ဆင်ခြင်ဖို့ အန္တရာယ်တွေဟာ စီမံကိန်းကြီးတွေရဲ့
နောက်မှာရှိနေတယ်ဆိုတာ သတိပြုမိဖို့လိုပါတယ်'

ထိုစာကိုဖတ်ရတော့ လွန်ခဲ့သော နှစ်ပေါင်း ၆၀ က မဟာဂန္ဓာရုံ
ဆရာတော်ဘုရားကြီး ရေးသားတော်မူခဲ့သည့် အနာဂတ်သာသနာရေး ကျမ်းလာစာများကို
သတိရမိပါသည်။ ဆရာတော်ကြီးက''မြန်မာပြည် လွတ်လပ်ရေးအောင်ပွဲနေ့က ဒါတို့
ပြေ၊ ဒါတို့မြေ'' ဟု ကြွေးကြော်ခဲ့ကြ၏။ ကြက်သီးထဖွယ် အားရဖွယ်ပေ။
သို့ရာတွင် အော်နေသော ထို အမျိုးသား၊ အမျိုးသမီးများသည် ကြွေးကြော်ရင်း
မိမိတို့ ပိုက်ဆံအိတ် ကို နှိုက်ကြည့်စေလို၏

'ပြည်ထောင်စုကို အသက်ပေးလို့ ဒို့ကာကွယ်မလေ' တဲ့။ ဘာနဲ့ကာကွယ်ကြမှာလဲ
ဟရို့၊ လက်နဲ့ကာလို့ လုံမှာမဟုတ်ဘူးနော်။ အမျိုးသား၊ အမျိုးသမီးတွေက
အော်အော်ပြီး သိပ်အသုံး ပက်စက်ကြတာကိုး။ ဘာပိုက်ဆံစုမိကြ မှာလဲ''
'ဇာတ်တော်မှာ 'မယှက' ခေါ်တဲ့ ငှက်အကြောင်းပါတယ်။ ထိုငှက်ကလေးဟာ
အသီးတွေဝေဆာနေတဲ့ ညောင်ပင်ကြီးပေါ်တက်ပြီး ''ဒါငါ့ဟာ ဒါငါ့ဟာ'' ဟုအော်နေ၏။
သူအော်နေတုန်းမှာ အခြားငှက်တွေလာ၍ စားကြ၏။ သူကား ''ငါ့ဟာ ငါ့ ဟာ'' ဟု
အော်နေတုန်းပင်။ ညောင်ပင်ကြီးမှာ အသီးတွေကုန်၍ အခြားငှက်တွေ
ပျံသွားသည့်တိုင်အောင် အော်လျက်ကျန်နေရှာ၏။ ထို့အတူပင် အမျိုးသား၊
အမျိုးသမီးတွေက 'ဒါ တို့ပြေ၊ ဒါတို့မြေ' ဟု အော်နေကြတုန်း
နိုင်ငံခြားငှက်တွေက အ မြတ်ကြီးကြီး အသီးသီးကောင်းကောင်းတွေကိုစား၍
ပျံသွားကြလေပြီ။ တချို့ကား မပြန်တော့ဘဲ အခြေစိုက်၍ အသိုက်ဖွဲ့ကာ ငွေကိုသာ
သွင်သွင်ပို့ကြလေသည်' ဟု အော်နေရုံမျှနှင့်တော့ ပြည်ထောင်စုကြီးကို
မကာကွယ်နိုင်သည်ကို ဆုံးမတော်မူခြင်း ဖြစ်ပါသည်။

ဆရာတော်ကြီးသည် လွတ်လပ်ရေးရပြီး တစ်နှစ်ကျော်အကြာ ၁၉၅၀ ပြည့်နှစ်တွင်
ဤအနာဂတ် သာသနာရေးကျမ်းစာကို ရေးသားခြင်းဖြစ်၏။ နိုင်ငံတော်တွင်
စီးပွားရေး ချို့တဲ့ခြင်း၊ နိုင်ငံသူ၊ နိုင်ငံသားတို့
အသုံးစွဲကြီးကြခြင်း၊ စီးပွားရေးလုပ်ငန်း
ကြီးအများစုကိုတိုင်းတစ်ပါးသားတို့၏ လက်ဝါးကြီး အုပ်ခံနေရခြင်းတို့ကို
တွေ့မြင်ရသဖြင့် နိုင်ငံချစ်သည့်စိတ်၊ အမျိုးချစ်သည့်စိတ်၊
ဝံသာနုရက္ခိတစိတ်ဖြင့်ထိုစာ၊ ထိုစကားတို့ အံထွက်ကျလာခဲ့ဟန် တူ၏။

စာရေးသူ ကိုရင်ငယ်ဘ၀ဖြင့် အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်တွင်
စာသင်သားအဖြစ်ရှိစဉ်က ဆရာတော်ကြီးသည် နေ့စဉ် အရုဏ်ဆွမ်းစားပြီး
ကျောင်းတိုက်သံဃာအားလုံးကို သြ၀ါဒပေးတော်မူ၏။ နိုင်ငံဆင်းရဲခြင်း၊
လူမျိုးပညာမဲ့ခြင်းသည် တိုင်းကြီးပြည်ကြီးများ အနီးတွင်
တိုင်းငယ်ပြည်ငယ်အဖြစ်ဖြင့် မျက်နှာငယ်မယ်။ နိုင်ငံနှင့်လူမျိုး
အထင်သေးခံရမယ်။ ထိုအခါ လူမျိုး၊ ဘာသာ၊ သာသနာမှေးမှိန်
ပျောက်ကွယ်သွားလိမ့်မယ် စသဖြင့် ဆုံးမတော်မူတတ်ပါသည်။ ထိုအခါမျိုးတွင်
ဆရာတော်ကြီး၏အသံတော် မှာ ကြေကွဲဆို့နစ်နေတတ်တာကို ထိုစဉ်ကပင် သတိထားမိ၏။
ထိုအနာဂတ် သာသနာရေးကျမ်းသည် စောင်ရေများစွာဖြင့်
အကြိမ်ကြိမ်ရိုက်နှိပ်ရသောစာအုပ်ဖြစ်သည့်အပြင် တကယ့်တိုင်းကျိုးပြည်ပြု
သာသနာပြုစာအုပ်ဖြစ်ကြောင်း ထိုစဉ်က လူတိုင်းချီး မွမ်းကြပါသည်။

တေးပြုစာဆိုကြီး ရန်နိုင်စိန် ရေးသားပြီး အဆိုတော်ကြီး
ဒေါ်မေလှမြိုင်နှင့် အခုအခါ မြင့်မြင့်ကြည်တို့ သီဆိုသော 'ကြွေးကြော်သံ'
သီချင်းသည် လည်းအလားတူဖြစ်၏။ ကြွေးကြော် နေရုံမျဖြင့် အသံသာရှိပြီး
အဆန်မရှိ သောသင်္ကြန်အမြောက်ကြီးကဲ့သို့ 'တို့ပြေ တို့မြေ
တို့ပြည်ထောင်စုကြီး' ကို မကာကွယ်နိုင်၊ ကိုယ့်မှာ ဘာမှမရှိလျှင်
ခါချဉ်ကောင်မာန်ကြီးပြီး တောင်ကြီးကို ဖြိုမယ်ကြံ ခါးကမသန်
အားမာန်လျော့ကြရမည်ဖြစ်ထွေမို့ ပြည်ထောင်စုအမွေ၊ ရေပေါ် ရေအောက်၊
မြေပေါ်မြေအောက် သယံဇာတများ၊ မြေ၊ ရေ၊ နိုင်ငံသူ၊ နိုင်ငံသားတို့ကို
မစောင့်ရှောက်နိုင် ဖြစ်မည်ကို အသိပေး၊ သတိပေးခဲ့ကြ၏။

ယခုအခါ ဓမ္မကထိကဆရာတော်များက တရားဟောရန်၊ စာရေးဆရာများက စာပေဟောပြောရန်၊
အနုပညာရှင်များက ဖျော်ဖြေရန်၊ စာနယ်ဇင်းဆရာများက လေ့လာရန်၊
အားကစားမောင်မယ်တို့က အားကစားရန်၊ ဆေးစစ်ခံလိုသူများက ဆေးစစ်ခံရန်၊
တတ်နိုင်သူများက ဈေးဝယ်ရန်၊ ကျေးလက်တောသူ တောင်သားလူငယ်များက
အလုပ်လုပ်ကြရန် မလေးရှား၊ ထိုင်း၊ စင်ကာပူ စသော
အိမ်နီးချင်းနိုင်ငံများသို့ ဥဒဟိုသွားလာနေကြသော ခေတ်ဖြစ်၍
ထိုနိုင်ငံများအနေအထားနှင့် မိမိ တို့နိုင်ငံအနေအထား ကွာဟချက်ကို
ကိုယ်တိုင်မြင်ခွင့်ရနေသော ဤခေတ်သမယတွင် လွတ်လပ်ရေးရပြီး နှစ် ၆၀
အတွင်းဖြစ်ခဲ့သည့် ဖြစ်ထွေတို့ကို နိုင်ငံသားတိုင်း ခံစားကြရမှာဖြစ်၏။
အစဉ်သတိ၊ ဥာဏ်အမြင်အသိဖြင့် အရှိအမှန်ကိုမြင်၍ ပြုပြင် သင့်သည်များကို
ပြုပြင်လုပ်ဆောင် ကြရပေတော့မည်။

ဂျာနယ်တို့တွင်ဖတ်ရ တွေ့ရပါသည်။ အသက်ခြောက်နှစ်မှ ၁၀ နှစ်ဆို မွေးစားရန်၊
၁၀ နှစ် ၁၆ နှစ်ဆို တောင်းစားခိုင်းရန်၊ ၁၆ နှစ်မှ ၂၅ နှစ်ဆို
အဓမ္မပြည့်တန်ဆာနှင့် ထိမ်းမြားလက်ထပ်ရန် နိုင်ငံရပ်ခြား တိုင်းတစ်ပါးကို
လူကုန်ကူးသူများ၏ ရောင်းစားခြင်းကို ခံကြရသတဲ့။ သည့်အပြင်
စားဝတ်နေရေးကြောင့် ပြည်ပသို့ သွားရောက်လုပ်ကိုင်နေကြရသည့်
လုပ်သားအရေတွက်ကလည်း သုံးသန်းကျော်တောင် ရှိသတဲ့။ (သည့်ထက်
ပိုများဖို့သာရှိ၏။) ကျောက်စိမ်းထွက်ရာ ဒေသများတွင် မြေစာတွေမှာ
ဧရာမတောင်ပို့ကြီးများပင် ဖြစ်နေ၏။ နိုင်ငံတ၀န်း သစ်တောဖုံးလွှမ်းမှုသည် ၄၇
ရာခိုင် နှုန်းသာ ကျန်ရှိတော့သတဲ့။ ငါး၊ ပု စွန်၊ ဂဏန်းကအစ
ရေထွက်ပစ္စည်းများ၊ စွမ်းအင်သယံဇာတများအားလုံးကို ရောင်းချနေရသော်လည်း
နိုင် ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းက ဆင်းရဲနေကြရသတဲ့။
ဖွံ့ဖြိုးမှုလည်းနောက်ကျသောနိုင်ငံဖြစ်ပါသတဲ့။ ချုပ်လိုက်လျင်
မြေပေါ်မြေအောက် ရေပေါ်ရေအောက်သယံဇာတသာမက လူမျိုးကိုပါ မကာကွယ်၊
မစောင့်ရှောက်နိုင်ခဲ့ကြ။ ကြေကွဲစရာ အလွန် ကောင်းလှ၏။

ဂျာနယ်တွေမှာရေးသားကြ၊ ပြောဆိုကြတယ်ဆိုတာကလည်း နိုင်ငံသူ
နိုင်ငံသားတို့ကို ဆန်ကောင်းစားစေချင်ကြ၍အိုးကောင်းသုံးစေချင်ကြ၍
ရွှေအိုးညွှန်ပြပေးနေကြခြင်းမျိုးသာဖြစ်ပါသည်။

ကုဋေ ၈၀ သူဌေးသား အကြောင်းကို အများစုသိကြ၏။ အမှန်တော့ ကုဋေ ၈၀ မက၊ ကုဋေ
၁၆၀ သူဌေးဖြစ်၏။ သူ့မိဘများထံမှ ကုဋေ ၈၀၊ဇနီးမိဘများထံမှ ကုဋေ ၈၀
အမွေရသူဖြစ်၏။ နောက်ဆုံးမှာ ဇနီးမောင်နှံနှစ်ဦးခွက်ဆွဲပြီး အိုကြီးအိုမှ
ဗုဒ္ဓကျောင်းတော်သို့ စားကြွင်းစားကျန်သွားတောင်းပြီး အသက်ဆက်နေကြရ၏။

မြတ်စွာဘုရားက အရှင်အာနန္ဒာကို ''အာနန္ဒာ ပထမအရွယ် ၂၅ နှစ်အတွင်း
အဲဒီသူဌေးလင်မယားဟာ ရတဲ့အမွေ ကုဋေ ၁၆၀ ကို အရင်းအနှီးပြုပြီး
ရောင်းဝယ်ဖောက်ကား စီးပွားရှာခဲ့မယ်ဆိုရင် ဒီဗာရာဏသီမြို့မှာ ပထမတန်းစား
သူဌေးကြီးဖြစ်မှာ။ တရားအားထုတ်ရင်လည်းရဟန္တာကြီးပင်ဖြစ်မှာ၊ ထားတော့
အရွယ်ငယ်သေးလို့ ပျော်ပါးချိန်မို့ စီးပွားမရှာဖြစ်ခဲ့ရင် ဒုတိယအရွယ်
နှစ် ၅၀ အတွင်းအချိန်မီသေးတယ်။ပိုင်ဆိုင်တဲ့ဥစ္စာကို
ရင်းနှီးပြီးကြိုးစားလိုက်ရင် ဒီမြို့မှာ ဒုတိယတန်းစားသူဌေး
ဖြစ်နိုင်သေးတယ်။ တရားအားထုတ်ရင်လည်းအနာဂါမ်အရိယာ ဖြစ်နိုင်တယ်။ နောက်
တတိယအရွယ် ၇၅ နှစ်အတွင်း ကြိုးစားလိုက်ဦးမယ်ဆိုရင် တတိယတန်းစားသူဌေးနဲ့
သကဒါဂါမ်လောက်တော့ ဖြစ်နိုင်သေးတယ်။

သူ့ဇနီးလည်း သူ့လိုပါပဲ။ အခုတော့ လောကရောဓမ္မမှာပါ ဆုံးရှုံးသွားပြီ'ဟု
မိန့်ဆိုတော်မူပါသည်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရခဲ့သည်မှာနှစ် ၆၀
တိုင်ခဲ့ပြီ။ ပြည်ထောင်စုသားအများစုမှာ
ဆင်းရဲမွန်းကြပ်လျက်ပင်ရှိနေကြရသေး၏။

၁။ ဘောဂသမ္ပန္န -စီးပွားဥစ္စာနှင့် ပြည့်စုံခြင်း၊
၂။ ယသသမ္ပန္န -ဂုဏ်သတင်းကျော်ကြားခြင်းနှင့်ပြည့်စုံခြင်း။
၃။ ပရိဝါရသမ္ပန္န -ခြွေရံမိတ်ဖက်ကောင်းနှင့် ပြည့်စုံခြင်း၊
၎။ ဣရိဿယသမ္ပန္န -အချုပ်အခြာကို စိုးမိုးနိုင်ခြင်းနှင့် ပြည့်စုံခြင်းတို့
ဖြစ်၏။ စီးပွားဥစ္စာ ပြည့်စုံငြားသော်လည်း အမည်ပျက်နေလျှင်၊
အားကိုးလောက်သည့် ခြွေရံမိတ်ဆွေကောင်းမရှိလျှင် မိမိ၏ပိုင်စိုးမှု
(အချုပ်အခြာ)ခိုင်မာအောင် တည်ဆောက်မထားနိုင်လျှင် ချမ်းသာသောလူမျိုး၊
တိုးတက်သောနိုင်ငံဟု မဆိုနိုင်။ ထိုသို့ ချမ်းသာခြင်းလေးပါး
ပြည့်စုံနိုင်စေဖို့ရာ အခြေခံဖြည့်ဆည်းကြရမည့် မူ(၇)ချက် လိုအပ်၏။

၁။ ဥဋ္ဌာဝတော -လုံ့လ၀ီရိယ စိုက်ထုတ်ခြင်း၊ကိစ္စတိုင်း၌ တက်ကြွစွာဆောင်ရွက်တတ်ခြင်း၊
၂။ သတိမတော -သတိရှိခြင်း၊ အမြဲကြောင်းကျရှိနေရခြင်း၊
၃။ သုစိကမ္မဿ -စင်ကြယ်စွာ ဆောင်ရွက်လုပ်ကိုင်နိုင်ခြင်း၊
စည်းကမ်းနည်းလမ်းကျနစွာ ဆောင်ရွက်ခြင်း၊
၎။ နိသမ္မကာရိနော -စဉ်းစားဆင်ခြင်မြော်မြင် ဥာဏ်ရှိခြင်း၊ အကျိုးအပြစ်
စိစစ်နိုင်သော ဉာဏ်ရှိခြင်း၊
၅။ သညတဿ -အဂတိမလိုက် စားခြင်း၊ မသင့်တော်သည့်အရာများ၌
စိတ်ကိုထိန်းချုပ်နိုင်စွမ်း၊ စောင့်စည်းနိုင်စွမ်း ရှိခြင်း၊
၆။ ဓမ္မဇီဝိနော -တရားနည်းလမ်းတကျ ဖြစ်ခြင်း၊ကိစ္စတိုင်း၌ တရားမဲ့စွာ
မဆောင်ရွက်ခြင်း၊ မှန်ကန်စွာဆောင်ရွက်ခြင်း၊
၇။ အပ္ပမတ္တဿ -မေ့မေ့လျော့လျော့ ပေါ့ဆမှုမရှိခြင်း၊ ပြီးပြီးရော ဟု
ဝတ်ကျေတမ်းကျေ ပေါ်လစီအရ အမြင်ကောင်းအောင်၊
လူကြိုက်အောင်ဆောင်ရွက်စေခြင်းမျိုး မဟုတ်ရခြင်းတို့ ဖြစ်ပါသည်။

ဤအခြေခံမူ ခုနစ်ချက်ဖြင့် ပြည်ထောင်စုသားတို့ နိုင်ရာဝန်ကို
ထမ်းကြရမှာဖြစ်၏။ 'ထလော့ မြန်မာ၊ အို မြန်မာတို့' ဟူ၍ အစချီသည့်
'တို့တိုင်းပြည်' ကဗျာအတိုင်း လက်ရုံးများမြောင်၊ ဥာဏ်များမြောင်ဖြင့်
တို့မြေတို့ရွာ တိုးတက်အောင်၊ ကြီးပွားအောင်၊ သူ့တာဝန်၊ ကိုယ့်လုပ်ငန်း
ဥာဏ်ပြဋ္ဌာန်းပြီး တစ်စိတ်တည်း၊ တစ်ဝမ်းတည်းပေါင်း စည်းညီညွတ်စွာ
ဆောင်ရွက်ကြရမည့် အချိန်ခါသို့ ဆိုက်ရောက်နေပါပြီ။ အခါအခွင့်သင့်လျှက်
ရှိပေပြီ။သီတင်းကျွတ်လပြည့်ကို မဟာပ၀ါရဏာနေ့ဟု ဆိုကြသည်။ ပ၀ါရဏဟူသည်
အပြစ်ကိုမြင်၊ ကြား၊ သံသယရှိလျှင် ပြောဆိုထောက်ပြရန်
ဖိတ်မံခြင်းဖြစ်ပါသည်။ ညီညွတ်ခြင်း သဘောထားကြီးခြင်းကို
ဖော်ပြ၏။ကက်ဆက်ခေတ်ပါတော်မူဇာတ်လမ်း နောက်ဆုံးခန်းတွင် ကင်းဝန်မင်းကြီးက
တစ်ဖက်၊ တိုင်တားမင်းကြီးနှင့် စုဖုရားလတ်တို့က တစ်ဖက်၊
အချီအချပြောဆိုနေသဖြင့် သီပေါမင်း မဝေခွဲနိုင်၊ အမိန့်မချနိုင်ဘဲ
ဖြစ်နေစဉ် ကင်းဝန်မင်းကြီးက ကြေကွဲဆို့နစ် မချိတင်ကဲစွာဖြင့်
ဤသို့ပြောရှာပါသည်။ ''သိနားလည်သူများက ပြောဆိုတာကို နားထောင်ကြရပါတယ်
အရှင်နှစ်ပါးရဲ့'' ဟူ၍ ဖြစ်ပါသည်။

ကျမ်းညွှန်း - ဥဋ္ဌာဝတော-ဂါထာနှင့်နိဓီနံဝ ပ၀တ္တာနံ-ဂါထာ။ ဓမ္မပဒအဋ္ဌကထာ။

Credit: http://www.news-eleven.com/index.php?option=com_content&view=article&id=10442:2011-10-09-05-41-21&catid=78:2009-11-13-06-25-17&Itemid=135

No comments: