Wednesday, 12 October 2011 00:00 The Voice Journal
(ပုံ-၁)(နှစ်ပေါင်း ၅၀ ခန့် ကျင့်သုံးခဲ့သည့် စနစ်ဟောင်း)
(ပုံ-၂)(အခြေခံဥပဒေတွင် ပုံဖော်ထားသည့် စနစ်သစ်)
* Prev
* 1 of 2
* Next
မြန်မာ နိုင်ငံတွင် အခြေခံ ဥပဒေသစ်အရ ပေါ်ထွန်း လာခဲ့သော အရပ်သား အစိုးရ
သစ်၏ အကြီးအကဲ ဖြစ်သူ နိုင်ငံတော် အကြီးအကဲ ဦးသိန်းစိန်က အစိုးရ သစ်၏
အဓိက ဦးတည် ချက်မှာ Good Governance ပင် ဖြစ်ကြောင်း ၎င်း၏ပထမဆုံး
ပြည်ထောင်စု အခြေပြ မိန့်ခွန်းတွင် ပြောကြားခဲ့ရာ ပြည်သူအားလုံးက
ကြိုဆိုခဲ့ကြပါသည်။
အတိအကျ ပြောရလျှင် ဒီမိုကရေစီ၏ အနှစ်သာရမှာ တရားဥပဒေ စိုးမိုး
အုပ်ချုပ်ခြင်း ဖြစ်ပြီး ထို Law ခေါ် ဥပဒေများ ကို ပြည်သူ့ကိုယ်စား
ပြည်သူလူထု၏ ကိုယ်စားလှယ်များက အဆုံးအဖြတ် ပေးသည့် စနစ်ကို
လွှမ်းခြုံခေါ်ဆိုခြင်း ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ပြောရလျှင် ဥပဒေ၊
နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက် အားလုံးကို ပြည်သူ
ပါဝင်သော အပြန်အလှန် ထိန်းကျောင်းမှု နိုင်ငံရေး လုပ်ငန်းစဉ် အတွင်း
ဖြတ်သန်းစေ၍ အကောင်းဆုံး Law ၏ ဥပဒေ၊ နည်းဥပဒေ၊ အမိန့် ညွှန်ကြားချက်များ
ဖြစ်စေပြီး ထိုဥပဒေများ အတိုင်း ကျောသားရင်သား မခွဲခြားဘဲ Rule of Law အရ
အုပ်ချုပ်သည့် စနစ်ကို Good Governance ဟု ခေါ်ပြီး ထိုစနစ်၏ ပန်းတိုင်ကို
ဒီမိုကရေစီဟု ခေါ်ကြခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ငါးဆယ်ကြာ အစိုးရ အဆက်ဆက်က Good Governance
ဟု ထုတ်ဖော် မပြောဘဲ ကြိုးစားခဲ့ကြ သော်လည်း မအောင်မြင်ခဲ့ ရခြင်း၏ အဓိက
အကြောင်းရင်းမှာ အုပ်ချုပ်ရေး အာဏာ ကို Rule of Law အလို့ငှာ အပြန်အလှန်
ထိန်းကျောင်းမည့် နောက်အာဏာ တစ်ရပ် (ဥပဒေပြု အာဏာ) ကို
ခွင့်မပြုခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ပုံ(၁)
နှစ်ပေါင်း ၅၀ ခန့် ကျင့်သုံးခဲ့သည့် စနစ်ဟောင်း
Good Governance ကို ရိုးရိုးစင်းစင်း ပြောရလျှင် အစိုးရက ပြည်သူလူထုအား
ထောက်ပံ့ရန် ရှိသည့် ပြည်သူ့ရေးရာ ဝန်ဆောင်မှုများကို ကျောသားရင်သား
မခွဲခြားဘဲ ရရှိစေရန် ရည်ရွယ်၍ ဥပဒေများ ပြဋ္ဌာန်းပေးပြီး ထိုဥပဒေနှင့် အညီ
(Rule of Law) ဆောင်ကြဉ်း ထောက်ပံ့ခြင်း ဖြစ်သည်။
လက်တွေ့ လုပ်ကိုင် ဆောင်ရွက်ရာတွင် ပြည်သူလူထုအား ကျောသားရင်သား
မခွဲခြားဘဲ ပြည်သူ့ရေးရာ ဝန်ဆောင်မှုများ ထောက်ပံ့နိုင်ရန် မျှတသော
ဥပဒေဖြစ်ရန် လိုအပ်သည်။ ထိုဥပဒေကို ပြည်သူ ပါဝင်သော နိုင်ငံရေး
လုပ်ငန်းစဉ် ဖြစ်သည့် လွှတ်တော်များ၏ ဥပဒေပြု လုပ်ငန်းစဉ်မှ
ထုတ်လုပ်ပေးနိုင်လျှင် အကောင်းဆုံး ဖြစ်ပါသည်။ ထိုသို့ ခွင့်ပြုနိုင်သည့်
စနစ်ကိုလည်း ဒီမိုကရေစီဟု ခေါ်ကြသည်။
ဥပဒေများ ထွက်ပေါ်လာပြီးသည့် နောက်တွင်လည်း ပြည်သူ့ရေးရာ ဝန်ဆောင်မှု
လက်တွေ့ ထောက်ပံ့သည့် ကိစ္စရပ်အတွက် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊
ညွှန်ကြားချက်များကို ဥပဒေနှင့် အညီ ဥပဒေကို မကျော်လွန်စေဘဲ ရေးဆွဲ
ပြဋ္ဌာန်း၍ ထောက်ပံ့ နိုင်သောအခါ Rule of Law သည် ပန်းတိုင်ကို
ရောက်ရှိခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြည်သူလူထု ခံစားခဲ့ရသော
မကျေနပ်မှု အားလုံးသည် ထိုအဆင့်တွင် ဖြစ်ပေါ်ခြင်း ဖြစ်သည်။ နည်းဥပဒေ၊
လုပ်ထုံးလုပ်နည်းများ၊ အမိန့် ညွှန်ကြားချက်များ ဥပဒေနှင့် အညီ ဥပဒေကို
မကျော်လွန်ကြောင်းကို လွှတ်တော်က ထိန်းကျောင်းရသည်။ ထိုအတိုင်း လက်တွေ့
ထောက်ခံခြင်း ရှိ၊ မရှိကိုလည်း လွှတ်တော်က စောင့်ကြည့်ရသည်။ ပုံ (၂)
အခြေခံဥပဒေတွင် ပုံဖော်ထားသည့် စနစ်သစ်
အုပ်ချုပ်ရေး အာဏာ(အစိုးရ) တစ်ရပ်သာ ရှိသည့် အုပ်ချုပ်ရေး စနစ် သို့မဟုတ်
အာဏာ သုံးရပ်ကို တစ်ပေါင်းတည်း ကျင့်သုံးသည့် စနစ်တွင် အစိုးရအဖွဲ့
အကြီးအကဲ မည်မျှပင် စေတနာကောင်း ရှိစေကာမူ သက်ဆိုင်ရာ ဝန်ကြီးများနှင့်
ဝန်ကြီးဌာနများ၏ အုပ်ချုပ်ရေး ယန္တရား အဆင့်ဆင့်ကို စောင့်ကြည့်
မေးခွန်းထုတ်မည့်သူ မရှိလျှင် ဥပဒေက မည်သို့ပင် ဆိုစေကာမူ ဟုဆိုကာ
အမိန့်များ၊ နှုတ်မိန့်များ ဥပဒေ၊ နည်း ဥပဒေများကို ကျော်လွန် ထုတ်ဆင့်၍
ကိုယ်ကျိုးစီးပွား ဖော်ဆောင်ခြင်း များဖြင့်သာ အဆုံးသတ် သွားရတတ် ပါသည်။
မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် မှစ၍ တက်လာသော အစိုးရ အဆက်ဆက်သည် အထက်တွင်
ဖော်ပြခဲ့သည့်အတိုင်း ကြုံတွေ့ခဲ့ကြသည်ကို သတိပြု နိုင်ပါသည်။
အဘယ်ကြောင့် Rule of Law နှင့် Good Governance အကောင်အထည် မပေါ်ရ သနည်းဟု
အခြေခံကျကျ သဘောမပေါက် နိုင်ခဲ့သောကြောင့် ပြည်သူ့ရေးရာ ဝန်ဆောင်မှု
ထောက်ပံ့ခြင်း ကိစ္စ ရှောရှောရှူရှူ ဖြစ်စေရန် ရည်ရွယ်၍
တပ်မတော်သားများကို အရပ်ဘက် အုပ်ချုပ်ရေး ယန္တရား အတွင်းသို့
ထည့်သွင်းခဲ့ပါသည်။ အကောက်ခွန် ဦးစီးဌာန ကဲ့သို့ ဝန်ထမ်း အဖွဲ့အစည်း
တစ်ခုလုံး နီးပါးကို လူသစ် လဲ၍ ပြင်ဆင် ဖွဲ့စည်းခဲ့သည် ကိုလည်း
တွေ့ခဲ့ကြရပါသည်။ ထောက်လှမ်းသော အဖွဲ့အစည်းများ ထားရှိ၍ စောင့်ကြည့်
စေခဲ့ရသည်။ အဆုံးတွင် ထူးမခြားနား ရလဒ်များကိုသာ ရရှိခဲ့သည်ကို
တွေ့ရပါသည်။ အဓိက ကျသော အကြောင်းအရင်းမှာ ဥပဒေပြု အာဏာ၏ Check and
Balance မပါရှိဘဲ ပုံ (၁) အတိုင်း ဖြစ်ပေါ်နေ သောကြောင့် ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ အခြေခံ ဥပဒေသစ်သည် နှစ်ပေါင်း ငါးဆယ်ကြာ ရှိခဲ့သည့်
လစ်ဟာမှုကြီးကို စနစ်တကျ ရေးသား ပြဋ္ဌာန်း၍ ဥပဒေပြု အာဏာဖြင့် အုပ်ချုပ်ရေး
အာဏာ၏ စည်းကျော်သော အစိတ်အပိုင်းများကို အပြန်အလှန် ထိန်းကျောင်းရန်
ဥပဒေပုဒ်မ ၉၇၊ ၁၃၇၊ ၁၅၇ တို့တွင် အတိအကျ ပြဋ္ဌာန်း ထားပါသည်။ စနစ်တကျ
ပုံပေါ်လာလျှင် ပုံ (၂) အတိုင်း တွေ့ရ ပါလိမ့်မည်။
ဤနေရာတွင် အရေးကြီးသည်မှာ ဥပဒေပြု အာဏာသည် ဥပဒေကို ကျော်လွန်
လုပ်ဆောင်သည့် အုပ်ချုပ်ရေး ယန္တရား၏ လုပ်ဆောင်မှု များကိုသာ အခြေခံဥပဒေအရ
ထိန်းကျောင်းခွင့် ရှိပြီး ဥပဒေအတိုင်း လိုက်နာ လုပ်ဆောင်သော ဝန်ကြီးဌာန၊
ဝန်ကြီးများနှင့် အုပ်ချုပ်ရေး ယန္တရား အပေါ်တွင် ထိန်းကျောင်းခွင့်
မရှိအောင် ကန့်သတ်ထားသည် ဆိုသောအချက် ဖြစ်သည်။ ဤအချက်ကို သဘောမပေါက်လျှင်
အုပ်ချုပ်ရေး အာဏာသည် ဥပဒေပြု အာဏာကို ၎င်းတို့၏ ရန်ဘက် အဖြစ် ထင်မြင်သွား
တတ်ပေသည်။ (ပုဒ်မ ၉၇၊ ၁၃၇၊ ၁၅၇ ရှု။)
တည်ဆဲ ဥပဒေများအရ ပြဋ္ဌာန်းသည့် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း၊
စည်းကမ်းအားလုံး အုပ်ချုပ်ရေး အာဏာက ပြဋ္ဌာန်း ထုတ်ပြန်ခွင့် ရှိသော်လည်း
ဥပဒေကို ကျော်လွန်ခြင်း ရှိ၊ မရှိ စစ်ဆေးနိုင်ရန် လွှတ်တော်များသို့
တင်ပြ၍ အတည်ပြုရန် အချက်ကို ပုဒ်မ ၉၇၊ ၁၃၇ နှင့် ၁၅၇ တွင်
ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။ ဆိုလိုသည်မှာ ပုံမှန် ထုံတမ်းစဉ်လာ ဖြစ်သည့်
အုပ်ချုပ်ရေး အာဏာက ထုတ်ဆင့် နေသော စည်းမျဉ်း စည်းကမ်းများ (အမိန့်
ညွှန်ကြားချက်) ကို ဥပဒေ နှင့်အညီ ဟုတ် မဟုတ် လွှတ်တော်က စစ်ဆေးသည့်
အဆင့်ကို ထည့်သွင်း လိုက်ခြင်းကြောင့် အုပ်ချုပ်ရေး အာဏာသည် မူ
အုပ်ချုပ်သော စနစ်သို့ မဖြစ်မနေ ကူးပြောင်းရန် လိုအပ်သွားပြီ ဆိုသော သဘော
ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် အသစ် ပြဋ္ဌာန်းထားသော အခြေခံဥပဒေသစ်၏ ဇယား - ၁ (စာ-၁၈၁)
တွင် ဖော်ပြထားသော ပြည်ထောင်စု၏ လုပ်ပိုင်ခွင့်များသည် အမှန်အားဖြင့်
ခေတ်အဆက်ဆက် ပြဋ္ဌာန်းခဲ့သော တည်ဆဲ ဥပဒေများ ရှိနှင့်ပြီး ဖြစ်ပါသည်။
ထိုဥပဒေများသည် အခြေခံဥပဒေနှင့် မဆန့်ကျင် မကွဲလွဲသမျှ အတည်ဖြစ်ရာ ဥပဒေ
အများစု အတည်ဖြစ်နေ ပါသေးသည်။ အမှန်ပြောရလျှင် ပြည်သူလူထုအား ဥပဒေများက
ပေးအပ်ထားသော အခွင့်အရေးများ အမှန်တကယ် ရရှိစေရန် အဟန့်အတား ပြုနေသည့်
လုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက်၊ စည်းမျဉ်း စည်းကမ်းများကို
ဥပဒေနှင့်အညီ ဖြစ်အောင် ပြင်ဆင်ပေးနိုင်ရုံမျှဖြင့် များစွာ
အလုပ်ဖြစ်နိုင် ပါသေးသည်။
အတိအကျ ပြောရလျှင် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး စနစ်သစ်တွင် Good
Governance နှင့် Clean Government တို့ ဖြစ်နိုင်ခြေ ရှိ၊ မရှိ ဆိုသော
အချက်မှာ အုပ်ချုပ်ရေး အာဏာ ဖြစ်သည့် ပြည်ထောင်စု အစိုးရ ဝန်ကြီးဌာန
အသီသီးက နေ့စဉ် ထုတ်လွှင့်နေသော လုပ်ထုံး လုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်း
ဖြစ်သော အမိန့်၊ ညွှန်ကြားချက်များကို လွှတ်တော်များသို့ တင်ပြသည့် အဆင့်
မည်မျှ အသက်ဝင်သနည်း ဆိုသော အချက်ပေါ်တွင် မူတည်နေပေသည်။ ဤအဆင့်သည် ယခင်
အုပ်ချုပ်ရေး စနစ်နှင့် အဓိက ကွာခြားချက် ဖြစ်ပြီး မူဖြင့်
အုပ်ချုပ်ရေးကို အာမခံသော အချက် ဖြစ်သည်။ မူဖြင့် မအုပ်ချုပ် တတ်လျှင်
အာဏာမရှိ တော့သည့် အလား ခံစားရစေနိုင်သော ပြဋ္ဌာန်းချက်လည်း ဖြစ်ပေသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ၁၃၇ နှင့် ၁၅၇ တို့တွင် ပြည်သူ့
လွှတ်တော်နှင့် အမျိုးသား လွှတ်တော်များသို့ ဥပဒေအရ ပြုသည့် နည်းဥပဒေ၊
စည်းမျဉ်း သို့မဟုတ် စည်းကမ်း တစ်ရပ်ရပ်ကို ထုတ်ပြန် ပြီးသည့်အခါ
အနီးကပ်ဆုံး ပုံမှန် အစည်းအဝေးများသို့ တင်ပြရမည်ဟု ပြဋ္ဌာန်းပါရှိသည်။
အဆိုပါ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း များသည် သက်ဆိုင်ရာ ဥပဒေပါ
ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှု မရှိပါက လွှတ်တော်နှစ်ရပ်ပေါင်း
သဘောတူညီချက်ဖြင့် ပယ်ဖျက်ခြင်း ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်ရန်
ဖြစ်ပါသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ (၉၇) တွင် လွှတ်တော်သို့ တင်ပြရမည့်
နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် ပတ်သက်၍ အောက်ပါအတိုင်း
ဖော်ပြပါရှိသည်။
၉၇။ (က) ပြည်ထောင်စုလွှတ်တော်သည် ဥပဒေတစ်ရပ် ပြဋ္ဌာန်းသည့်အခါ
(၁) ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်း
တစ်ရပ်ရပ်အား ယင်းဥပဒေနှင့် သက်ဆိုင်သည့် နည်းဥပဒေ၊ စည်းမျဉ်းနှင့်
စည်းကမ်းများ ထုတ်ပြန်ခွင့်ကို အပ်နှင်း နိုင်သည်။
(၂) သက်ဆိုင်ရာ အဖွဲ့အစည်း သို့မဟုတ် အာဏာပိုင်အား ယင်း ဥပဒေနှင့်
သက်ဆိုင်သည့် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက် နှင့်
လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခွင့်ကို အပ်နှင်းလိုက်သည်။
(ခ) ဥပဒေတစ်ရပ်က အပ်နှင်းသည့် လုပ်ပိုင်ခွင့်အရ ပြုလုပ်သော နည်းဥပဒေ၊
စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့်
လုပ်ထုံးလုပ်နည်းများသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်
လည်းကောင်း၊ သက်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် လည်းကောင်း
ညီညွတ်မှု ရှိရမည်။
(ဂ) ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်လုံးက နည်းဥပဒေ၊
စည်းမျဉ်း သို့မဟုတ် စည်းကမ်း တစ်ရပ်ရပ်ကို ပယ်ဖျက်ရန် သို့မဟုတ်
ပြင်ဆင်စေရန် ဆုံးဖြတ်ပါက ယင်းနည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းကို
ပြည်ထောင်စု လွှတ်တော်က ပယ်ဖျက်သည် သို့မဟုတ် ပြင်ဆင်စေသည်ဟု မှတ်ယူရမည်။
(ဃ) နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်း တစ်ရပ်ရပ် ကို ပယ်ဖျက်ရန်
သို့မဟုတ် ပြင်ဆင်စေရန် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့
သဘော ကွဲလွဲပါက ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေး ဆုံးဖြတ်ရမည်။
(င) နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်း တစ်ရပ်ရပ်ကို ပယ်ဖျက်ရန်
သို့မဟုတ် ပြင်ဆင်စေရန် ပုဒ်မခွဲ (ဂ) သို့မဟုတ် (ဃ) အရ ဆုံးဖြတ်ပါက
ထိုသို့ပယ်ဖျက်ခြင်း သို့မဟုတ် ပြင်ဆင်စေခြင်း မပြုမီ ယင်းနည်းဥပဒေ၊
စည်းမျဉ်း သို့မဟုတ် စည်းကမ်းအရ ဆောင်ရွက်ခဲ့ပြီးသော အမှုကိစ္စများကို
ထိခိုက်ခြင်း မရှိစေရ။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ (၁၃၇) တွင်လည်း အောက်ပါအတိုင်း
ဖော်ပြ ပါရှိသည်။
၁၃၇။ (က) ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေအရ ပြုသည့် နည်းဥပဒေ၊
စည်းမျဉ်း သို့မဟုတ် စည်းကမ်း တစ်ရပ်ရပ်ကို ထုတ်ပြန်ပြီးသည့် အခါ
သက်ဆိုင်ရာ အဖွဲ့အစည်းသည် မိမိ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း
သို့မဟုတ် စည်းကမ်းကို အနီးကပ်ဆုံး ကျင်းပသော ပြည်သူ့လွှတ်တော် ပုံမှန်
အစည်းအဝေး ကာလတွင် လွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုသည့် အစီအစဉ်ဖြင့် လွှတ်တော်
ကိုယ်စားလှယ်များထံ ဖြန့်ဝေတင်ပြ ရမည်။
(ခ) နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်း တစ်ရပ်ရပ်သည် သက်ဆိုင်ရာ
ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှု မရှိ ကြောင်း တွေ့ရှိပါက ယင်း
နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းကို ပယ်ဖျက်ရန် သို့မဟုတ်
ပြင်ဆင်စေရန် နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းဖြန့်ဝေ တင်ပြသော
နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူ့
လွှတ်တော်တွင် အဆိုတင်သွင်း နိုင်သည်။
(ဂ) နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်း တစ်ရပ်ရပ်ကို ပယ်ဖျက်ရန်
သို့မဟုတ် ပြင်ဆင်စေရန် ဆုံးဖြတ်ရာတွင် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား
လွှတ်တော်တို့ သဘော ကွဲလွဲပါက ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရမည်။
ဆိုလိုသည်မှာ နောင်တွင် အုပ်ချုပ်ရေးအာဏာ ကျင့်သုံးသည့် ပြည်ထောင်စု
အစိုးရအဖွဲ့ ဝန်ကြီးဌာန အသီးသီးက ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊
စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း
အားလုံးသည် သက်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှု
ရှိရတော့မည် ဖြစ်ပြီး ထိုသို့ ညီညွတ်မှု ရှိ၊ မရှိကိုလည်း
လွှတ်တော်များသို့ တင်ပြ အစစ်ဆေး ခံရတော့မည် ဆိုသည့်အချက် ဖြစ်သည်။
အခြေခံဥပဒေ ပုဒ်မ ၉၇၊ ၁၃၇၊ ၁၅၇ တွင် ဖော်ပြ ပါရှိသည့် ပြဋ္ဌာန်းချက်များကို
ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ၊ ပြည်သူ့လွှတ်တော်
ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ များ၊ အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေနှင့်
နည်းဥပဒေများတွင် အသေးစိတ် ထပ်မံခွဲခြမ်း စိတ်ဖြာ၍ Standard Operation
Procedure များအဖြစ် ပြဋ္ဌာန်းပေးရ ပါမည်။ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ
အခန်း (၂၀) ပုဒ်မ ၁၇၀ တွင် ပြဋ္ဌာန်းချက်များသည် အခြေခံဥပဒေ ပုဒ်မ ၁၃၇
အတိုင်း ပြန်လည်ကူးယူ ဖော်ပြထားသည်ကို တွေ့ရသည်။ အမျိုးသား
လွှတ်တော်ဆိုင်ရာ နည်းဥပဒေ အခန်း(၂၀) ပုဒ်မ ၁၇၀ တွင်လည်း အလားတူပင်
ဖော်ပြထားသည်ကို တွေ့ရသည်။
အဓိက ရှင်းလင်းရန် လိုအပ်သော အချက်များမှာ ပုဒ်မ ၁၃၇ (က) (၁၅၇ - က
တွင်လည်း အလားတူ) ဖော်ပြထားသည့် ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းသည့်
ဥပဒေအရ ပြုသည့် နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ ဆိုရာတွင် တည်ဆဲဥပဒေ
အားလုံးသည် အခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ ပြည်ထောင်စု လွှတ်တော်က
ပြဋ္ဌာန်းသကဲ့သို့ ဆက်လက် အသက်ဝင် သောကြောင့် အခြေခံဥပဒေ အသက်ဝင်ပြီး
နောက်ပိုင်း ထုတ်ပြန်သော နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်
အမိန့်၊ လုပ်ထုံးလုပ်နည်း အားလုံး ဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ
စစ်ဆေးရန် လွှတ်တော်သို့ တင်ပြရန် လိုအပ်ချက် ရှိသွားပြီ ဆိုသော အချက်
ဖြစ်သည်။
ပုဒ်မ ၉၇ (က/၁) တွင် ဖော်ပြချက်အရ နည်းဥပဒေ/ စည်းမျဉ်း၊ စည်းကမ်းများကို
အုပ်ချုပ်ရေး အာဏာက ထုတ်ပြန်ခွင့် ရှိသည်ဟု ဖော်ပြထားသောကြောင့်
လွှတ်တော်များသို့ မတင်ပြရသေးမီနှင့် တင်ပြထားဆဲ ကာလများတွင် အုပ်ချုပ်ရေး
အာဏာက ဆုံးဖြတ်ဆောင်ရွက်လျက် ရှိသည့်သဘော ရေးသားထားခြင်း ဖြစ်သည်ဟု
ဆိုနိုင်ပါသည်။ လွှတ်တော် အစည်းအဝေး တစ်ခုနှင့် တစ်ခုအကြား ကြားကာလ
ရှည်ကြာသွားပါက အုပ်ချုပ်ရေး အာဏာသည် Check and Balance မရှိဘဲ လုပ်ကိုင်
ဆောင်ရွက်ခွင့် ရှိသည့်သဘော ဖြစ်တတ်ပေသည်။ (ထိုင်းနိုင်ငံတွင်
အုပ်ချုပ်ရေး အာဏာသည် လွှတ်တော် မရှိသည့် ခဏတာ ကာလကလေးတွင် ရုတ်တရက်
ဆုံးဖြတ် လုပ်ကိုင်ခြင်းမျိုး ပြုလုပ်လေ့ ရှိရာ ဥပဒေပြု အာဏာထံ
ရောက်ရှိလာချိန်တွင် ပယ်ဖျက် လိုက်သည့်တိုင် အချို့ ကိစ္စရပ်များမှာ
ပြီးမြောက်သွားပြီ ဖြစ်၍ Check and Balance ပျောက်နေကြောင်း
လွှတ်တော်များက ငြင်းခုံဖူးသည်ကို တွေ့ရသည်။)
မည်သို့ပင်ဖြစ်စေ နောင်တွင် အုပ်ချုပ်ရေး အာဏာသည် စည်းမျဉ်းစည်းကမ်း
ဖြစ်သည့် အမိန့် ညွှန်ကြားချက်များကို ဥပဒေ ပုဒ်မ၊ နည်းဥပဒေ ပုဒ်မများ
ကိုးကား၍ ထုတ်ပြန်ရတော့မည် ဖြစ်ပြီး လွှတ်တော်များသို့လည်း တင်ပြရ တော့မည်
ဖြစ်ရာ စီးပွားရေးနှင့် ပတ်သက်၍ အပြောင်းအလဲ မြန်လွန်းသော စည်းမျဉ်း
စည်းကမ်းများ လျော့ပါးသွားတော့မည်ဟု ခန့်မှန်းရ ပေသည်။
Credit: http://www.yoyarlay.com/localnews/local-news/politic/14743-2011-10-11-05-53-13
No comments:
Post a Comment