Saturday, October 8, 2011

အိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး

အိပ်စက်အနားယူခြင်းသည် ခန္ဓာကိုယ်အား အားအင်ပြန်လည်ဖြည့်တင်းပေးရာ
ရောက်ပြီး အထွေထွေကျန်းမာရေးအတွက် အကျိုးများစွာ ဖြစ်ထွန်းစေ ပါတယ်။
အိပ်စက်ချိန် လုံလောက်ရန်လိုအပ်သကဲ့သို့ အိပ်စက်အနားယူရာ၌
နှစ်ခြိုက်မှုရှိရန် အရေးကြီးပါတယ်။ ကောင်းမွန်နှစ်ခြိုက်စွာ
အိပ်စက်အနားယူ ခြင်းသည် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုအတွက်လည်း
လိုအပ်မည်ဖြစ်သည်။ ဆေးပညာရှင်တချို့က အိပ်စက်အနားယူခြင်းကို
အားကုန်သွားသော ဘက်ထရီအား အားပြန်လည်ဖြည့်သွင်းပေးခြင်းနှင့် အလားတူသည်ဟု
တင်စားပြောဆိုလေ့ရှိသည်။

အိပ်စက်ခြင်းသည် ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်းနှင့်
လိင်ဆက်ဆံခြင်းတို့အတွက် အရေးကြီးကြောင်းနှင့် လူအများစုမှာ
အိပ်စက်မှုလုံလောက်ခြင်း မရှိသဖြင့် ပြဿနာအခက်အခဲများ ကြုံတွေ့နေရကြောင်း
ကျွမ်းကျင်သူများက ထုတ်ဖော်ပြောကြားခဲ့သည်။ လူတစ်ယောက်အတွက် အိပ်စက်ချိန်
ရှစ်နာရီခန့် လိုသည်။ ကလေးငယ်များအတွက် အိပ်စက်ချိန်
ပိုမိုလိုအပ်မည်ဖြစ်၏။

အိပ်စက်ချိန်လုံလောက်မှု မရှိပါက ရုပ်ပိုင်းနှင့် စက်ပိုင်းဆိုင်ရာ
ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေပြီး လိင်ဆန္ဒတက်ကြွမှုနှင့်
ဆန္ဒပြီးမြောက်မှုတို့အတွက် အခက်အခဲများ ဖြစ်စေနိုင်သည်။ စိတ်ပိုင်းဆိုင်ရာ
ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်း၊ စိတ်ဝင်စားမှုနည်းခြင်း၊
ဆုံးဖြတ်ချက်ချရန် ခက်ခဲခြင်း၊ ဆုံးဖြတ်ချက် မှားယွင်းခြင်း၊
စိတ်ဓာတ်ကျဆင်းခြင်းတို့သည် အိပ်ချိန်မလုံလောက်မှု၏ နောက်ဆက်တွဲ
ဖြစ်လာဖွယ်ရာများ ဖြစ်သည်။ လိင်ဆက်ဆံရာ ၌လည်း နာကျင်ကိုက်ခဲမှု ဝေဒနာနှင့်
မောပန်းမှုတို့ကို ခံစားရတတ်သည်။

Dr.Dement က လူတစ်ယောက်အတွက် နိုးထချိန်နှစ်နာရီအတွက် အိပ်စက်ချိန်
တစ်နာရီရှိရန် လိုအပ်သည်ဟု ဆိုသည်။ တစ်နေ့တာအတွက် အိပ်စက် အနားယူချိန် ၈
နာရီလိုအပ်သည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။ လူတစ်ယောက်နှင့်တစ်ယောက်
အိပ်စက်ချိန်လိုအပ်မှုချင်း မတူညီပေ။ အချို့အတွက် ပိုမိုလိုအပ်၍
တချို့အတွက်မူ အနည်းငယ်လျော့နည်းနေတတ်ပါသည်။

နေ့ခင်းနေ့လည်၌ မောပန်းခြင်း၊ မူးဝေခြင်း၊ အိပ်ငိုက်ခြင်း
စသည်တို့ဖြစ်ပါက အိပ်ချိန်လုံလောက်မှုမရှိကြောင်း သိသာသည်။ အိပ်စက်ချိန်၌
ဦးနှောက် အတွင်းရှိ အာရုံကြောကလာပ်စည်းများတွင် Neurotransmitters ခေါ်
အာရုံကြောများ ဆက်သွယ်ရာတွင် လိုအပ်သည့် ပစ္စည်းများ တည်ဆောက် ဖြည့်တင်း
ပေးနေကြောင်း တွေ့ရသည်။ နော်အက်ဒွီနယ်လင်တို့သည် လိင်ဆန္ဒဖြစ်ပေါ်မှုနှင့်
တက်ကြွမှုတို့အတွက် အရေးကြီးကြသည်။

ယောက်ျားလေးများတွင် ညအိပ်စက်စဉ် လိင်အင်္ဂါတောင့်တင်းမှု အလိုအလျောက်
ဖြစ်ပေါ်လေ့ရှိသည်။ ထို့ပြင် အိပ်မက်မက်၍ သုက်လွှတ်ခြင်းလည်း ဖြစ်တတ်သည်။
အလားဖြစ်စဉ်မျိုးကို အမျိုးသမီးများတွင်လည်း တွေ့ရနိုင်သည်။
သားမွေးလမ်းကြောင်းသို့ သွေးဝင်စီးဆင်းမှုမြင့်မားပြီး အရည်များ
ထွက်ခြင်းကို ညအိပ်နေစဉ်ဖြစ်ပေါ်ကြောင်း တွေ့ရသည်။ Wet dreams ခေါ်
အိပ်ပျော်စဉ် ဆန္ဒပြည့်ဝပြီးမြောက်သွားမှု (ယောက်ျားလေးများ သုက်လွှတ်
ခြင်းကဲ့သို့) လည်း ဖြစ်နိုင်ကြသည်။

Ref : Good Health

No comments: