Saturday, September 9, 2017

မလေးရှားအုန်းနို့ကြက်သားဟင်း - ကရင်ငှက်ပျောဖူးငါးပေါင်းထုပ် - အနောက်တိုင်းစတိုင်လ် အာလူးထောင်း (mashed potato)

အနောက်တိုင်းစတိုင်လ် အာလူးထောင်း (mashed potato) 



အခုပြုလုပ်နည်းလေးကတော့ အနောက်နိုင်ငံတွေရဲ့ အာလူးထောင်းနည်းတွေထဲက အခြေခံလုပ်နည်းလေးပါ။ ဒီအခြေခံနည်းအတိုင်းလုပ်လို့ ရသလို ကို်ယ်ကြိုက်နှစ်ရာ အနံ့ လေးတွေထည့်လို့ လဲရတယ်။ တချို့ ကချိစ်ကို ထည့်ကြပါတယ်။ လုပ်နည်းကတော့ အရမ်းကိုလွယ်ကူလို့  လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ အာလူး - ၂၅ ကျပ်သား (သို့ ) ၁ ပေါင်
၂။ ထောပတ် - ထမင်းစားဇွန်း ၁ ဇွန်း
၃။ နွားနို့  -ထမင်းစားဇွန်း ၈ ဇွန်း
၎။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၅။ ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း ၈ ပုံတပုံ
(ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml )

ပြုလုပ်နည်း
၁။ အာလူးကို အခွံနွှာ၊ အတုံးသေးသေးလေးတွေတုံးပြီး မိနစ် ၂၀ ခန့် ပြုတ်ပါ။ ပြုတ်ပြီး အာလူးများကို ရေစစ်ပါ။ ထို့ နောက် အာလူးကို လုံးဝကျေသွားသည်အထိချေပါ။ (အာလူးချေသော ဖိတဲ့အရာနှင့်ချေရင်ပိုကောင်းပါတယ်။)
၂။ ဒယ်အိုးတခုထဲကို နွားနို့ နှင့် ထောပတ်ထည့်ပါ။ ပူလာလျှင် ချေထားသော အာလူးများကိုထည့်၊ ဆား၊ ငရုတ်ကောင်းတို့ ကိုထည့်ပြီး ပျစ်ပျစ်လေးဖြစ်လာသည်အထိ မွှေပါ။
၃။ ပျစ်ပျစ်လေးဖြစ်လာလျှင် အနောက်တိုင်းစတိုလ် အာလူးထောင်း (mashed potato) ကိုသုံးဆောင်နိုင်ပါပြီရှင်။

ကရင်ငှက်ပျောဖူးငါးပေါင်းထုပ်
................
 ငှက်ပျောဖူးငါးပေါင်းထုပ်က ကရင်ရိုးရာဟင်းလျာတစ်မျိုး ဖြစ်ပါတယ်။

 ပါဝင်ပစ္စည်းများ
-   ငါးခူ   -   ၂ ကောင် (၃၀ သား)
    (မန်ကျည်းရည်ဖြင့် ပွတ်ဆေးသန့်စင်ပြီး အသားလွှာထားပါ)
-   ဆား   -   အနည်းငယ်
-  နနွင်း   -   အနည်းငယ်
-   ငှက်ပျောဖူး   -   ၁ ဖူး
-  ငရုတ်သီးအပွ   -   ၄ တောင့်
- ကြက်သွန်နီ   -   ၂ ဥ
-   ကြက်သွန်ဖြူ   -   ၆ တက်
-   ငှက်ပျောဖက်   -   ၄ လက်ခန့်
-   သကြား
 (ရေဆေးသန့်စင်ပြီး ခြောက်အောင်သုတ်ပါ။ခေါက်ရလွယ်စေရန် မီးကို ခပ်ခွာခွာထားပြီး အပူပေးထားပါ)

 ပြုလုပ်နည်းအဆင့်ဆင့်
၁။ ငါးခူအသားလွှာများကို ဆား၊ သကြား၊ နနွင်းမှုန့်များဖြင့် နယ်နှပ်ထားပါ။
၂။ ငှက်ပျောဖူးများကို အတွင်းသားနုနုအထိနွှာပြီး ရိတ်ရိတ်လှီးထားပါ။
၃။ ငရုတ်ပွတောင့်နှင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူများကိုလည်း ညက်အောင် ရောထောင်းပါ။
၎။ ပါဝင်ပစ္စည်းများ အဆင်သင့်ဖြစ်လျှင် အားလုံးရောပြီး သမအောင်ရောနယ်ပါ။
၅။ နယ်ထားပြီးသား ငါးများကို ထမင်းစားဇွန်း ၃ ဇွန်းစီခန့် ငှက်ပျောရွက် အနေတော် ဖြတ်ပြီး ထုပ်ပါ။
၆။ ရေနွေးခံပေါင်းအိုးမှာထည့်ပြီး မိနစ် ၄၀ ခန့်ပေါင်းပြီး အဲဒီအတိုင်းစားစား၊ ထမင်းနဲ့ စားစား နှစ်သက်သလိုသုံးဆောင်နိုင်ပါပြီ။
....................
သစ်ထူး
(My Foodies)

မလေးရှားအုန်းနို့ကြက်သားဟင်း (Ayam Masak Lemak Cili Padi)
(Chicken in Bird's Eye Chilli and Coconut Gravy)
...............................



ဒီဟင်းချက်နည်းလေးကို လုပ်ဖော်ကိုင်ဖက် အန်တီတစ်ယောက်က သင်ပြပေးထားတာ ဖြစ်ပါတယ်။ အုန်းနို့ကြက်သားဟင်းကို စပ်စပ်လေးချက်ထားတဲ့ မလေးရှားကြက်သားဟင်းလေးက နာမည်ကြီးပြီး လူကြိုက်များတဲ့ ဟင်းဖြစ်ကာ ထမင်းဆိုင် တော်တော်များများမှာလည်း ရောင်းချတဲ့ ဟင်းလေးဖြစ်ပါတယ်။ သင်းပျံ့တဲ့မွှေးရနံ့နဲ့ ချိုစပ်တဲ့အရသာရှိလို့ အရသာအပြောင်းအလဲ ချက်စားလိုတဲ့ အိမ်ရှင်မများ နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ ချက်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
-   ကြက်သား    -    ၁ ကီလို
-   အုန်းနို့ခရင်မ်    -    ၄၀ဝ မီလီ
-   စပါးလင်    -    ၃ ချောင်း
-   ရှောက်ရွက်    -    ၂ ရွက်
-   နနွင်းရွက်   -    ၁ ရွက်
-  မန်ကျည်းသီး    -    အနည်းငယ်
-   ဆား    -    စားပွဲဇွန်း တစ်ဇွန်း
-   သကြား    -   ၂ ဇွန်း
-   ဆီ    -    အနည်းငယ်

 ငရုတ်သီးအနှစ်ကြိတ်ရန်
-   ငရုတ်သီးနီ (စပ်)    -   ၅ တောင့်
-   နနွင်းတက်    -    လက်တစ်ဆစ်
-  ကြက်သွန်နီဥသေး (Shallot)   -    ၆ လုံး
-   ကြက်သွန်ဖြူ    -    ၅ မြွှာ
-  ချင်း    -    လက်တစ်ဆစ်

 ပြုလုပ်နည်းအဆင့်ဆင့်
၁။ ဦးစွာကြက်သားကို ရေဆေးသန့်စင်ပြီး လိုသလို လှီးဖြတ်ကာ ရေစစ်ထားပါ။
၂။ ငရုတ်နှစ်မှာ ပါဝင်သောပစ္စည်းများအားလုံးကို ရောကြိတ်ထားပါ။
၃။ စပါးလင်ကို အရင်းပိုင်းလှီးဖြတ်ယူပြီး အနည်းငယ် ထုထားပါ။
၎။ အားလုံးအသင့်ဖြစ်ပါက အိုးထဲမှာ ဆီထည့်ပြီး စပါးလင်နှင့် ကြိတ်ထားသော ငရုတ်နှစ်ကို ဆီသတ်ပါ။
၅။ ဆီပြန်လုံးလာပါက ကြက်သားကိုထည့်ပြီး မွှေပေးပါ။
၆။ အုန်းနို့နှင့် မန်ကျည်းသီးအနှစ်ထည့်ပြီး သမအောင် မွှေပေးပါ။ ဆားနှင့် သကြားထည့်ပေးပါ။ ရှောက်ရွက်နှင့် နနွင်းရွက်ကိုဖဲ့ပြီး ထည့်ပါ။
၇။ လိုအပ်ပါက ရေအနည်းငယ်ထည့်ပြီး ၁၀ မိနစ်ခန့် ဆူပွက်အောင် တည်ပေးပါ။
၈။ ဆူပွက်ပြီး ကြက်သားကျက်ပါက အရသာအပေါ့အငန်မြည်းကာ မီးဖိုမှချပြီး ထမင်းဖြူနှင့် တွဲဖက်တည်ခင်းနိုင်ပါပြီ။
......................
Sofia


Credit: Food Magazine (Myanmar)

No comments: