Friday, September 15, 2017

"ဒီလိုတွေ ဖြစ်လာရင် ထွက်စာတင်လိုက်ပါ"


*******************************************
လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်ကြောင့်ပဲဖြစ်ဖြစ် ၊ မန်နေဂျာကြောင့်ပဲဖြစ်ဖြစ် ၊ အလုပ်ရှင်ကြောင့်ပဲဖြစ်ဖြစ် စိတ်မချမ်းမြေ့တာတွေ ကြုံဖူးကြမှာပါ။ အလုပ်ထဲမှာ စိတ်မပျော်ဖြစ်လာတဲ့အတွက် အလုပ်ထွက်သင့်ပြီလား ၊ အတွေ့အကြုံရအောင် ဒီအလုပ်ပဲ ဆက်လုပ်ရဦးမှာလား စသဖြင့် စိတ်ဒွိဟတွေလည်း ဖြစ်တတ်ကြပါတယ်။ ကဲ . . ဒီအချက်တွေနဲ့ ကိုက်ညီမယ်ဆိုရင် အလုပ်ထွက်သင့်ပါပြီ။

၁။ အချိန်တိုင်း စိတ်ညစ်နေပြီ။

အလုပ်မှာ စိတ်ဝင်စားစရာ၊ စိတ်တက်ကြွစရာတွေ မရှိတော့ဘူး ၊ လုပ်ရကိုင်ရတာ စိတ်မပါတော့ဘူး ၊ ညနေ ရုံးဆင်းချိန်ပဲ အမြဲမျှော်လင့်နေတယ်ဆိုရင် အလုပ်ထွက်သင့်ပါပြီ။ စိတ်မပါတဲ့ အလုပ်ကို လုပ်ရတာ ကိုယ့်အတွက်လည်း မကောင်းလှသလို အလုပ်ရှင်အတွက်လည်း ထိခိုက်နစ်နာပါတယ်။ လုပ်ငန်းခွင်မှာ ပျော်ရွှင်နေတဲ့ ဝန်ထမ်းတွေဟာ တနင်္လာနေ့ရောက်လာမှာကို မတုန်လှုပ်ကြပါဘူး။ တနင်္လာနေ့ရောက်လာမှာကို အမြဲတမ်းတွေးပူပြီး သောကြာနေ့ပဲ မျှော်လင့်နေတယ်ဆိုရင် အလုပ်ထွက်သင့်ပါပြီ။

၂။ စွမ်းဆောင်ရည်ကို အသိအမှတ်မပြုဘူး။

ကိုယ့်ဘက်မှနေပြီး တာဝန်ကျေပွန်အောင် ကိုယ်စွမ်း ၊ ဥာဏ်စွမ်းရှိသလောက် စွမ်းဆောင်တယ် ၊ အလုပ်ရှင်ဘက်နေ ကိုယ့်စွမ်းဆောင်ရည် ၊ ကြိုးစားမှုကို အသိအမှတ်မပြုဘူး ၊ ဖော်လံဖားတွေကိုပဲ နေရာပေးနေမယ်ဆိုရင် အလုပ်ထွက်သင့်ပါပြီ။ တစ်ခါတစ်လေ ကိုယ့်မှာရှိတဲ့ စွမ်းဆောင်ရည်ကို လုပ်ငန်းခွင်မှာ ချပြလို့မရတဲ့ နေရာမျိုးမှာဆိုရင်လည်း အလုပ်ထွက်သင့်ပါတယ်။

၃။ အရည်အချင်းတွေ တိုးတက်မလာဘူး။

လုပ်ငန်းခွင်မှာ အခက်အခဲဆိုတာ ရှိကြစမြဲဖြစ်ပါတယ်။ ကိုယ့်တာဝန်ကို စိတ်ပါဝင်စား လုပ်နေမယ်ဆိုရင် အခက်အခဲတွေ ဖြေရှင်းရတာကို ပျော်ရွှင်ကြပါတယ်။ ဒါပေမယ့် ခေါက်ရိုးကျိုးလုပ်ငန်းတွေကိုပဲ ထပ်ခါထပ်ခါ လုပ်နေရပြီဆိုရင် ဝန်ထမ်းတွေဟာ ပျင်းရိလာတတ်ကြပါတယ်။ မြန်မာကုမ္ပဏီတွေမှာဆိုရင် လုပ်ငန်းခွင်စွမ်းဆောင်ရည် တိုးတက်ဖို့အတွက် ဝန်ထမ်းတွေကို Training တွေပေးသင့်ပါတယ်။ Training မပေးတဲ့အတွက် အရည်အချင်းတွေတိုးမလာဘူးဆိုရင် ၊ အတွေ့အကြုံအသစ်တွေ ရမလာဘူးဆိုရင် ၊ လွန်ခဲ့တဲ့ ၆လတုန်းက ဘာတွေလုပ်ခဲ့လဲဆိုတာတောင် မမှတ်မိတော့ဘူးဆိုရင် ဒီအလုပ်ကနေ ထွက်သင့်ပါပြီ။

၎။ လစာနည်းနေပြီ။

နိုင်ငံခြားကုမ္ပဏီတွေက ပေးတဲ့လစာဟာ သူတို့နိုင်ငံနှင့်နှိုင်းယှဉ်ပြီး ပေးတတ်တဲ့အတွက် မြန်မာကုမ္ပဏီထက်စာရင် လစာအများကြီးပိုကောင်းလေ့ရှိပါတယ်။ ပြီးတော့လည်း ဝန်ထမ်းတစ်ယောက်ဟာ လုပ်ငန်းခွင်မှာ နှစ်ရှည်လများ ၊ ဦးဆွေးဆံမြေ့ထမ်းဆောင်ခဲ့ပေမယ့်လည်း ရာထူးတိုးမလာဘူး ၊ လစာတိုးမလာဘူးဆိုရင် အလုပ်ရှင်နှင့် တိုက်ရိုက်ဆွေးနွေးသင့်ရုံသာမက ထိုက်သင့်တဲ့လစာကို တိတိကျကျတောင်းသင့်နေပါပြီ။ တက်တက်ကြွကြွနဲ့ လုပ်ငန်းခွင်မှာ ကြိုးစားခဲ့ပေမယ့် ထိုက်သင့်တဲ့လစာ မရလို့ လကုန်ရက်တိုင်း တွေးပူနေရမယ်ဆိုရင် ထွက်စာတင်ပြီး ပိုကောင်းတဲ့အလုပ်ကို ပြောင်းသင့်ပါပြီ။

၅။ အလုပ်ရှင်သူဌေးက အကောင်းမမြင်ဘူး။

အလုပ်ရှင်ဟာ ကိုယ့်ရဲ့အားနည်းချက်တွေကိုသာ မြင်တတ်ပြီး အားသာချက် ၊ ကောင်းကွက်တွေကို မမြင်ချင်ယောင်၊ မသိချင်ယောင်ဆောင်နေမယ်ဆိုရင်၊ ဖော်လံဖားတွေကိုသာ မျက်နှာသာပေးနေမယ်ဆိုရင် ရေရှည်မှာ အဆင်ပြေမှာမဟုက်ပါဘူး။ ဘယ်လောက်ပဲ အဆင်ပြေအောင်ကြိုးစားပါစေ ၊ အလုပ်ရှင်ကိုယ်တိုင် အကောင်းမမြင်တဲ့အတွက် အလုပ်ကနေထွက်လိုက်တာ အကောင်းဆုံးပါပဲ။

၆။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေတော့ဘူး။

တကယ်တော့ ကိုယ့်ကိုအားပေးမယ့် ၊ နားလည်မှုတွေပေးနိုင်မယ့် လုပ်ဖော်ကိုင်ဖက်တွေ မရှိတော့ဘဲ ကိုယ့်ကို ချောက်ချမယ့် ၊ ထောက်ဖြုတ်မယ့် လုပ်ဖော်ကိုင်ဖက်တွေ များလာပြီဆိုရင် ကုမ္ပဏီမှာ ဆက်မနေသင့်တော့ပါဘူး။ ကိုယ့်မှာ ဂုဏ်ယူစရာရှိရင်တောင် စိတ်မပါတော့တဲ့ ပတ်ဝန်းကျင်မှာဆိုရင်တော့ ဆက်မနေသင့်တော့ပါဘူး။

၇။ အခွင့်အလမ်းကောင်း ပေါ်လာပြီ။

အလုပ်မှာ ရာထူးတိုးချင်တယ်၊ လစာတိုးချင်ပါတယ်ဆိုရင်တောင် တိုးနိုင်ဖို့ အခွင့်အလမ်းကလည်းမရှိဘူး။ ကိုယ်တိုင်လည်း အလုပ်ပြောင်းဖို့စိတ်ပါနေချိန်၊ အလုပ်သစ်ကပေးမယ့် အခွင့်အလမ်းတွေ၊ လစာတွေဟာ မက်လောက်စရာဖြစ်နေမယ်ဆိုရင် အလုပ်ထွက်သင့်ပါပြီ။

၈။ ကိုယ်ပိုင်လုပ်ငန်း လုပ်တော့မယ်။

ဝန်ထမ်းဘဝဆိုတာ သူဌေးပေးတဲ့လစာကို ထုတ်ယူရင်း နေ့စဉ်ဘဝကို ရင်ဆိုင်ဖြေရှင်းရပါတယ်။ သူဌေးသာ ဝန်ထမ်းတွေရဲ့ လုပ်အားတွေကြောင့် ချမ်းသာသထက် ပိုပြီးချမ်းသာသွားပေမယ့် ဝန်ထမ်းတွေဟာ ဒုံရင်းအနေအထားမှာပဲ ကျန်ရစ်ဖြစ်နေတတ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းအသစ်လုပ်ဖို့ စတင်နေပြီဆိုရင်တော့ အလုပ်ကနေ ထွက်လိုက်ပါလို့ သတိပေးချင်ပါတယ်။ ကဲ . . ဒါတွေကတော့ ဝန်ထမ်းတွေအတွက် အလုပ်ထွက်သင့်တဲ့အကြောင်းတရားတွေပါပဲ။ သူငယ်ချင်းတို့ရဲ့ လုပ်ငန်းခွင်မှ အခက်အခဲတွေကို ရင်ဖွင့်လို့ရသေးတယ်နော်။

ကျော်စိုးအောင် (အခရာ)
Credit to AKHAYAR.COM

No comments: