Sunday, September 17, 2017

တေးရေးဆရာ ထူးအိမ်သင် နှင့်တွေ့ဆုံခြင်း


💛💙💜💚❤💛💙💜❤💚💜💙
ဂီတအ​ကြောင်း​သောင်း​ပြောင်း​ထွေလာ (Thank You😍)

| သန်းဝင်းထွဋ် | Than Win Htut ပိတောက်ပွင့်သစ် ၁၉၉၅

● ဂီတဆိုတဲ့ စကားလုံးအတွက် ကိုယ့်စိတ်ကြိုက် သတ်မှတ်ချက်၊ အဓိပ္ပါယ် ဖွင့်ဆိုချက် တစ်ခုခု။

- ဂီတဆိုတာ စကြ၀ဠာရဲ့ ရင်ခုန်သံ၊ နှလုံးသားများရဲ့ ဘာသာစကားပါပဲ။

● "Composer စစ်စစ်" ဆိုတာကို ဘယ်လိုဖွင့်ဆိုချင်ပါသလဲ?

- Composer ကတော့ ဂီတကို ဖွဲ့ဆိုသူလို့ပဲ အဓိပ္ပါယ်ဖွင့်ရမှာပေါ့။ ဒီနေရာမှာ ကျွန်တော်တို့ သိထားတဲ့ သီချင်းရေးသူ (Song writer) ဆိုတာနဲ့ ခြားနားမှုရှိပါတယ်။

● သီချင်းရေးခြင်း ကိစ္စမှာ မြင်ဆရာ၊ ကြားဆရာ ရှိ/မရှိ၊ သင်ယူစရာ လို/မလို၊ သင်ယူလို့ရ/မရ။ သင်တန်းကျောင်း ရှိလာခဲ့ရင် တက်ချင်စိတ် ရှိ/မရှိ၊ ရေးနည်း၊ ချဉ်းကပ်နည်းမျိုးကွဲများ ရှိ/မရှိ?

- သီချင်းရေးခြင်းအတွက် မြင်ဆရာ၊ ကြားဆရာ ဆိုတာရှိပါတယ်။ သင်ဆရာလည်း ရှိပါတယ်။ "ဆရာ" ရှိတဲ့အတွက် သင်ကြားမှုဆိုတာလည်း ရှိပါတယ်။ သီချင်းရေးသူတိုင်းဟာ မိမိကိုယ်မိမိ သင်ယူနေရမှန်း သိလျက်နဲ့ဖြစ်စေ၊ မသိဘဲနဲ့ဖြစ်စေ၊ သင်ယူခဲ့ကြရတာချည်းပါပဲ၊ သင်ယူလို့ ရ/မရ ဆိုတာကတော့ တစ်ဦးချင်းရဲ့ ပုဂ္ဂလိက ကိစ္စဖြစ်ပါတယ်။

ရေးနည်း၊ ချဉ်းကပ်နည်းမှာလည်း ကိုယ်သန်ရာသန်ရာ နည်းလမ်းအမျိုးမျိုးရှိကြပါတယ်။ သီချင်းတစ်ပုဒ်ရေးရာမှာ အဓိကအားဖြင့် တေးသွားဖွဲ့စည်းမှုနဲ့ စကားလုံးဖွဲ့စည်းမှုရယ်လို့ အပိုင်းနှစ်ပိုင်း ခွဲခြားနိုင်ပါတယ်။

● စကားလုံးပြင်းအားကို၊ အလိုလိုက်မိခြင်းနဲ့ Scale ဖွဲ့စည်းမှု ဇောင်းပေးခြင်း၊ ဘာကို ပိုအားသန်ပါသလဲ?

- ကျွန်တော်တစ်ဦးတည်း အနေနဲ့ကတော့ တေးသွားဖွဲ့စည်းမှုမှာ၊ ပိုပြီး အာရုံကျပါတယ်။ ဒါပေမယ့် နှစ်ပိုင်းစလုံးကို အလျော့အတင်းလုပ်ပြီး ညှိယူရတာပေါ့။

● မရေးခင်ကတည်းက သီချင်းရဲ့ Style အမျိုးအစားကို ကြိုတင်သိရှိနေခြင်း ရှိ/မရှိ။

- ကြိုသိတာလည်း ရှိ၊ မသိတာလည်း ရှိပေါ့။

● ရေးခဲ့တဲ့သီချင်းများထဲမှာ စကားလုံးအရ၊ Style အရ၊ တစ်စုံတစ်ယောက်ရဲ့ လွှမ်းမိုးမှု၊ သြဇာသက်ရောက်မှု ရှိ/မရှိ၊ ရှိခဲ့ရင် ဘယ်သူ၊ ဘယ်နိုင်ငံ?

- ရှိကောင်း ရှိနိုင်ပါတယ်။ ဘယ်သူဘယ်ဝါရယ်လို့တော့ ကျွန်တော်မသိပါဘူး။

● သီချင်းတစ်ပုဒ်ကို နားထောင်ရာက လှုံ့ဆော်မှုတစ်ခုခုရလို့ သီချင်းသစ်တစ်ပုဒ် ရေးခဲ့မိခြင်း၊ ရှိ/မရှိ၊ ရှိခဲ့မိရင် ဘယ်သီချင်း?

- ရှိပါတယ်။ " အမေ့အိမ် " ပါ။

● စိတ်တိုင်းကျ ရေးဖွဲ့ခဲ့မိတဲ့ သီချင်း၊ သမီးကလေးကို သဘောမတူနိုင်တဲ့ အဆိုတော်တစ်ယောက်နဲ့ ပေးစားခဲ့ဖူးခြင်း ရှိ/မရှိ၊ ရှိခဲ့တယ်ဆိုရင် ဘယ်သီချင်း၊ ဘယ်အဆိုတော်။

- အင်မတန်နည်းပါးတဲ့ တစ်ခါတစ်ရံမှာ ကြုံဖူးပါတယ်။ ဘယ်သီချင်း၊ ဘယ်သူလို့ ကျွန်တော်မပြောနိုင်ပါဘူး။

● တေးရေး၊ ထူးအိမ်သင်နဲ့ တေးဆို ထူးအိမ်သင်တို့ တည့်တည့်ရှုရှုပဲလား၊ အဆိုပိုင်း၊ ၀ိဝါဒ ကွဲပြားခြင်း ရှိ/မရှိ။

- အဲဒီနှစ်ယောက်ဟာ အမြဲတမ်းရန်ဖြစ်နေကြတာချည်းပဲ။

● ကိုယ်ပိုင်သီချင်းကို၊ ကိုယ်ပိုင် Arrangement လုပ်/မလုပ်၊ တီးဝိုင်းတစ်ခုခုကို အပ်/မအပ်။ Band ကို ပုံအပ်မိပြီး Illustration ကို အလိုမတူခဲ့ခြင်း ရှိ/မရှိ။

တစ်ခါတစ်လေ ကိုယ်တိုင် Arrangement လုပ်ပြီး၊ တစ်ခါတစ်လေ Band ကိုအပ်ပါတယ်။ Band ရဲ့ Arrangement ကို သဘောမတူခဲ့တာလည်း ရှိဖူးပါတယ်။ အရမ်းကြိုက်သွားတာလည်း ရှိခဲ့ဖူးတယ်။

● တူရိယာတွေထဲမှာ အကြိုက်ဆုံး တစ်ခု ရှိ/မရှိ၊ ဘာကြောင့်? (အကြိုက်ဆုံး ဂစ်တာကော့ဒ်နဲ့ Timing အမျိုးအစား)

- Piano ကိုကြိုက်တယ်။ အကြောင်းပြချက်မရှိ။

● သားမှတ်မှတ်၊ မယားမှတ်မှတ် ပေါင်းသင်းဖို့ Music Style တစ်ခုခု ရှိနိုင်၊ မရှိနိုင်။

- Style ခေါင်းစဉ် တစ်ခုခုရဲ့အောက်မှာ သေဆုံး ပစ်လိုက်ဖို့အထိ ကျွန်တော် မမိုက်မဲပါဘူး။

● နိုင်ငံတကာ ဂီတကြိုးဝိုင်းတွင်းဝင်ဖို့ အစီအစဉ် ရှိ/မရှိ၊ ရှိခဲ့ရင် ၀ိတ်တန်း ဘယ်လောက်?

- မစဉ်းစားနိုင်သေးတဲ့ အနေအထားပါ။ " မြန်မာ့ဂီတလောက ကမ္ဘာကို လွှမ်းစေရမည်။ " ဆိုတဲ့ ဆောင်ပုဒ်နဲ့ ပံ့ပိုးမှုတွေ ရခဲ့ရင်တော့ တစ်မျိုးပေါ့ဗျာ။

● English ဘာသာနဲ့ ရေးဖွဲ့ဖို့ အစီအစဉ် ရှိ/မရှိ။

- ရှိပါတယ်။ ကိုယ်တိုင်လည်း ကြိုးစားနေတယ်။ သူများကိုလည်း တိုက်တွန်းနေတယ်။ ချောက်တွန်းတာ မဟုတ်ဘူးနော်။

● Female Vocal အတွက် ရေးတဲ့အခါ ဘယ်လိုဝင်စား၊ ခံစားပြီး ရေးခဲ့?

- အမျိုးသမီး ခံစားချက်ရယ်လို့ မဟုတ်ဘူးပေါ့ဗျာ။ ယေဘုယျအားဖြင့် လူတစ်ယောက် ခံစားချက်မျိုးကိုသာ ရေးခဲ့ပါတယ်။

● သီချင်းရေးဖို့ကို Order မှာလို့ ရမရ၊ ဥပမာ (ရုပ်ရှင်နောက်ခံ၊ ပြဇာတ်၊ သရုပ်ဖော်၊ ဇီးထုပ်ကြော်ငြာ)

- ရတာရှိတယ်။ မရတာလည်း ရှိတယ်။

● အရင်ကရေးခဲ့တဲ့ လွမ်းစရာ၊ တသစရာ၊ ကြည်နူးစရာတွေအပြင် ရယ်စရာ၊ ကြောက်စရာ၊ အော်ဂလီဆန်စရာတွေ ရေးဖို့ ရှိ/မရှိ။

- ရေးတတ်ရင်၊ ရေးနိုင်ရင်၊ ရေးချင်ပါတယ်။

● မြားနတ်မောင် မဂ္ဂဇင်းမှာ ကိုယ့်သီချင်းကိုယ် "အလွန်ဆုံး Slow Rock အဆင့်ပဲ ရှိပါတယ်" ဆိုတဲ့အတွက် သူ့အောက်မှာ(သို့)အထက်မှာ တစ်စုံတစ်ရာ ရှိနိုင်မလား?

- Music အမျိုးအစားတစ်ခုဟာ နိမ့်မြင့်နှိုင်းယှဉ်မှု မဟုတ်ပါဘူး။ Jazz ဟာ Rock ရဲ့ အောက်က မဟုတ်သလို၊ Rock ဟာလည်း Blues ရဲ့ အထက်က မဟုတ်တဲ့အတွက် သူ့အထက်၊ သူ့အောက်မရှိပါဘူး။

● ပဉ္စင်းလူထွက်ဆိုတော့ ဗုဒ္ဓအဘိဓမ္မာတွေထဲက သီချင်းစာသား ဖြစ်လာနိုင်၊ မလာနိုင်?

- အလုပ်ချင်ဆုံး ဆန္ဒတစ်ခုပါပဲ။ တစ်ချိန်ချိန်မှာတော့ ဗုဒ္ဓဒဿန ဓမ္မသီချင်းများ ဖွဲ့ဆိုနိုင်ဖို့ ရည်ရွယ်ချက် ရှိထားပါတယ်။

● Composer တွေစကားလုံးနဲ့ Style ထပ်လာခြင်း ရှိ/မရှိ။ ဘာတွေဖတ်ဖို့ ဘာတွေ နားထောင်ဖို့၊ လေ့လာဖို့လိုတယ် ထင်မလဲ?

- သီချင်းရေးသူများ စကားလုံးနဲ့ Style ထပ်တူမှုဆိုတာ ရှိပါတယ်။ ကျွန်တော်တို့ဆီက တေးရေးသူများသာ ဒီလိုဖြစ်ကြတာ မဟုတ်ပါဘူး အများအထင်ကြီးကြတဲ့ America က ဂီတသမားများလည်း Style, words ထပ်ကြတာပါပဲ။ Scales တွေ၊ melody တွေ ထပ်ကြတာပါပဲ။ စာများများဖတ်၊ သီချင်းများများ နားထောင်ပေါ့ဗျာ။

● နိုင်ငံတစ်ခုမှာ သီချင်းများရဲ့ Evolution ဟာ Atmosphere အခြေအနေနဲ့ ဘယ်လောက် ဆက်စပ်နိုင်ပါမလဲ?

- အများကြီး ဆက်စပ်နိုင်ပါတယ်။ အကြောင်းအရာက ကျယ့်ပြန့်လွန်းလို့ ဒီနေရာမှာ မပြောနိုင်ပါဘူး ခင်ဗျာ။

● နယ်နိမိတ်မဲ့၊ အကန့်အသတ်မဲ့တဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ဂီတပုံစံ ဆိုတာမျိုး အိပ်မက်ခဲ့ဖူးပါသလား?

- ဂီတဆိုတာ နဂိုကတည်းက နယ်နိမိတ်အကန့်အသတ် မဲ့ပြီးသားပါ။ ရိုးရာစရိုက် လက္ခဏာတွေအပေါ် အစွဲအလန်း သိပ်ကြီးနေကြလို့သာ ခြံစည်းရိုးတွေလိုက်ခတ်နေကြတာပါ။

● မြန်မာပြည်ရဲ့ လတ်တလော ဂီတလမ်းကြောင်းရဲ့ အလားအလာများ (အားနည်းချက်၊ အားသာချက်များ)

- အလားအလာကတော့ သိပ်အားမရှိစရာပါပဲ။ သီချင်းဆိုချင်သူတွေသာများလာတယ်။ သီချင်းရေးသူတွေ များမလာဘူး။ တူရိယာ ပညာရှင်တွေ ပေါ်မလာဘူး။ တေးဂီတ အဖွဲ့အသစ်တွေ လောက်လောက်လားလား ထွက်မလာဘူး။ လေမှုတ်တူရိယာ ပညာရှင်ဆိုရင် လူငယ်ပိုင်းမှာ ခါးပြတ်သွားပြီ။ အားထားလောက်စရာ Piano, Keyboard ပညာရှင်၊ တယောပညာရှင် အသစ်တွေ ပေါ်ထွန်းမလာဘူး။ စဉ်းစားကြဖို့ ကောင်းပြီလို့ ကျွန်တော်ယူဆပါတယ်။

● စာပေနယ်ထဲက Ghost Writer ရှဲဒိုးဆိုတာမျိုး၊ သီချင်းရေးဆရာတွေထဲက Ghost Composer များအပေါ် သဘောထား။

- မပြောလိုပါဘူး ခင်ဗျား။

● ထူးအိမ်သင် သီချင်းတစ်ပုဒ်ကို ကာ့ဖ်ကာက နှစ်သက်တယ်ဆိုတာနဲ့ အိုင်းစတိုင်းက နှစ်သက်တယ်ဆိုတာ ဘာကို ပိုရင်ခုန်၊ ဘာကြောင့်?

- ဘာကိုမှ ပိုရင်မခုန်ပါဘူး။ လူတစ်ယောက် နှစ်သက်တယ်ဆိုတဲ့ အဖြစ်ထက် ဘာကမှ ပိုကြီးကျယ်မှု မရှိပါဘူး။

● သီချင်းတွေကို ဝေဖန်နေကြတဲ့ ဆရာတွေထဲမှာ ဘယ်လိုအင်္ဂါရပ်၊ အရည်အချင်းများ ရှိသင့်ပါသလဲ?

- ရိုးသားမှုရှိရမယ်၊ စေတနာရှိရမယ်၊ ဂီတပညာရှိရမယ်။

● မြို့မငြိမ်းနဲ့ ကိုစောညိန်း ဘယ်သူ့ကို ပိုကြိုက်၊ ဘာကြောင့်?

- ဘယ်သူ့ကို ပိုကြိုက်တယ်လို့ ပြောမရပါဘူး။ သူတို့နှစ်ယောက်ရဲ့ ဂီတတွေက တူမှမတူတာ။ မြို့မငြိမ်းကို ကြိုက်တဲ့အတိုင်း၊ ကိုစောညိန်းကို ကြိုက်တယ်။

● ကိုယ့်ရဲ့ Masterpiece ကို ကိုယ်တိုင် ပြန်ကျော်မတက်နိုင်တဲ့ အခြေအနေမျိုး ဖြစ်နိုင်၊ မဖြစ်နိုင်?

- Masterpiece ဆိုတာ သက်တမ်းကုန်မှ ပြောနိုင်တာမျိုးပါ။ ဂီတဖန်တီးမှု သက်တမ်းမကုန်မချင်း ဘယ်ဟာက Masterpiece ရယ်လို့ မသတ်မှတ်နိုင်သေးပါဘူး။

● ရော့ဒ်စတီးဝပ် ဘောလုံးချစ်သလိုမျိုး စွဲလန်းမှုတစ်ခု ရှိမရှိ?

- လက်နက်တွေကို စွဲလန်းတယ်။

● ဂီတဆိုတာကို Commercial နဲ့ Artificial ဆိုပြီး ခွဲခြားရင် လက်ခံနိုင် မခံနိုင်၊ ဘာကြောင့်?

- ဒီအကြောင်းအရာနဲ့ စာတမ်းတစ်စောင်ရေးလို့ ရနိုင်တယ်။ မပြောချင်ပါဘူးဗျာ။ ဂီတဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အရင်ဆုံးပြန်ပြီး ဆင်ခြင်ရမှာမို့ပါ။ ယေဘုယျအားဖြင့်တော့ လက်ခံရမလိုပါဘဲ။

● ရေးတဲ့ ထူးအိမ်သင်နဲ့ ဆိုတဲ့ ထူးအိမ်သင် တစ်နေ့နေ့မှာ အသက်ချင်းလုပြီး စီးချင်းထိုးရမယ်ဆိုရင် ဘယ်သူ နိုင်ချေ ရှိမလဲ?

- သန်စွမ်းတဲ့သူ၊ အင်အားကြီးတဲ့သူ နိုင်မှာပေါ့။ နှစ်ယောက်စလုံးကတော့ အခုအချိန်မှာ ခပ်မျော့မျော့ချည်းပါပဲ။

● သီချင်းရေးချင်စိတ် ပြင်းထန်တဲ့ လူငယ်တစ်ယောက်ယောက်အတွက် ၀စီကံအားဖြင့် ဘယ်လို ကူညီအကြံပေးနိုင်မလဲ?

- လေ့လာပါ။ လေ့ကျင့်ပါ။ ဇွဲရှိပါ။ ဒီလောက်ပဲ ကျွန်တော် ပြောနိုင်ပါတယ်။

| သန်းဝင်းထွဋ် |

Credit to : Ko Mg Mg Tin
စာစီ- ကိုဖိုးသား

No comments: