Monday, September 25, 2017

ဟိုတယ်၏ အခန်းအမျိုးမျိုးနှင့် အဆင့်ခွဲခြားပုံ


(Bungalow) ဆိုသည်မှာ လုံးချင်းတစ်ထပ်အခန်းကျယ်ဖြစ်သည်။ (Villa) ဆိုသည်မှာ (Bungalow) အခန်းကျယ်လေးများ သုံးခန်းတွဲ၊ လေးခန်းတွဲထားသည့် အဆောက်အဦတွဲကို ခေါ်ဆိုခြင်းဖြစ်သည်။ (Floor Type/ Building Type) ကတော့ ရှင်းသည်။ အထပ်မြင့်အဆောက်အဦး ကို ခေါ်ခြင်းဖြစ်သည်။

(Bungalow Type) ဖြင့် ဖွဲ့စည်းထားသည့်ဟိုတယ်ဖြစ်စေ၊ (Floor Type/ Building Type) ဖြင့် တည်ဆောက်ထားသည့် ဟိုတယ်ဖြစ်စေ အခန်းဖွဲ့စည်းပုံ(အကျယ်အဝန်း) တူညီနေလျှင်ပင် အခန်းတွင်းအသုံးအဆောင် (Facilities) များဖြင့် အခန်းအဆင့်ကို ခွဲခြားသတ်မှတ်ကြသည်။ အခန်းအကျယ်၊ မြင်ကွင်းကောင်းမွန်မှုနှင့် တိတ်ဆိတ်အေးချမ်းမှု(အသံအနှောက်အယှက်ကင်းဝေးမှု)၊ အရည်အသွေး ကောင်းမွန်မြင့်မားသည့် အခန်းတွင်းအသုံးအဆောင်ပစ္စည်းများနှင့် ပထမတန်းစား ဝန်ဆောင်မှု စသည်တို့ဖြင့် အခန်း၏အဆင့်ကို မြှင့်ထားတတ်ကြသည်။ ထိုသို့အခန်းများကို အဆင့်ခွဲခြားထားခြင်းဖြင့် အခန်းခနှုန်းထားများကို လွယ်ကူစွာပိုင်းခြားသတ်မှတ်နိုင်မည့်အပြင် မည်သို့သော (Customer) ကို (Target) ထားကြောင်း ဟိုတယ်အခန်းဖွဲ့စည်းပုံကိုကြည့်၍ သိရှိနိုင် သည်။

တချို့ဟိုတယ်များက အခြေခံလူတန်းစား တည်းခိုနိုင်ရန် ရည်ရွယ်သည်။ တချို့ဟိုတယ်များ က အစိုးရဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများအတွက် ဖြစ်သည်။ တချို့ဟိုတယ်ကြီးများက အပန်းဖြေခရီးထွက်သူများ၊ နိုင်ငံခြားသားဧည့်သည်များအတွက် ရည်ရွယ်သည်။ မည်သည့်ဧည့်သည် အမျိုးအစားကို ရည်ရွယ်၍ ဖွင့်လှစ်သည်ဖြစ်စေ အခန်းများကိုတော့ အဆင့်လိုက်ခွဲခြားသတ်မှတ်ထား ကြသည်သာ ဖြစ်သည်။

အခြေခံအားဖြင့် အခန်း(Categories)ကို (၅)မျိုးခန့်ခွဲခြားတတ်ကြသည်။ ၎င်းတို့မှာ
(၁) Cosy/ Economy/ Budget Room (၂) Standard Room (၃) Superior Room (၄) Deluxe Room (၅) Suite Room
စသည်ဖြင့် ခွဲခြားတတ်ကြသည်။

တချို့ဟိုတယ်များတွင် (Cosy Room) ပါချင်မှ ပါသည်။ တချို့ဟိုတယ်များတွင် (Superior Room) ထည့်ချင်မှ ထည့်သည်။ အခန်းအရေအတွက်နှင့် ဟိုတယ်အပေါ်တွင် မူတည်၍ ခွဲခြားထားခြင်း ဖြစ်သည်။ (Cosy Room) ထက် ဈေးသက်သာသည့် အခန်းအမျိုးအစားတစ်ရပ် ထားသည့် ဟိုတယ်တချို့လည်း ရှိသည်။ ဟိုတယ်အလိုက် နာမည်အမျိုးမျိုးပေးတတ်ကြသော်လည်း ကားဆရာများနှင့် ဧည့်သည်၏နောက်လိုက်တချို့အတွက် ရည်ရွယ်ခြင်းဖြစ်သည်။ အခန်းခမှာ (Guest House)ခန့်သာ ဖြစ်သော်လည်း တချို့ဟိုတယ်များတွင်တော့ နံနက်ခင်း (Breakfast) အတွက်သာ အခကောက်သည်က များသည်။

(Standard Room) အမျိုးအစားကိုပင် ထပ်မံချဲ့ထား သည့် အခန်းအမျိုးအစားကိုမူ (Family Room) ဟု သတ်မှတ်ကြသည်။ မိသားစုလိုက်တည်းခိုနိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းထားခြင်းဖြစ်ပြီး သုံးယောက်ခန်း၊ လေးယောက်ခန်း၊ ငါးယောက်ခန်း စသည်ဖြင့် အသီးသီးရှိတတ်သည်။ (Deluxe) နှင့် (Suit) တွင်လည်း ဆင့်ပွားခွဲခြားတတ်သေးသည်။ (Junior Deluxe/ Junior Suite) စသည်ဖြင့် ဖြစ်သည်။ တချို့အခန်းများက (View) အပေါ်တွင် မူတည်၍ ဈေးနှုန်းသတ်မှတ်သည်။ အခန်း(Category) တူစေဦး (View) ကောင်းသည့် အခန်းကို အခန်းခပိုတင်ထားခြင်း ဖြစ်သည်။ (Suite) ကို (Duplex/ Business/ Penthouse/ Presidential) စသည်ဖြင့် ခွဲခြားထားကြသေးသည်။

(Businessmen's Suite) သည် (Internet) လိုင်းကောင်းရန် အထူးလိုအပ်သည်။ အကောင်းဆုံး (Suite Room) ကိုတော့ (Presidential Suite) ဟု သတ်မှတ်ထားသည်။ (Executive Room/ Floor) စသည်ဖြင့် ခွဲခြားသတ်မှတ်ထားသည့် (Category) တစ်မျိုးလည်း ရှိသေးသည်။ အထက်တန်းကျကျ သီးသန့်တည်းခိုလိုသူများ၊ (VIP) လူကြီးများအတွက် ရည်ရွယ်ရင်းဖြစ်သည်။ ဟိုတယ်၏ အခြေအနေနှင့် အခန်းအရေအတွက်ကိုမူတည်၍ (Facilities/Amenities) များ၊ သီးခြားဝန်ဆောင်မှု များဖြင့် ခွဲခြားကြခြင်းသာ ဖြစ်သည်။

အခန်းများ၏ (Categories) ကို ခွဲခြားထားသလို အခန်းဖွဲ့စည်းပုံကိုလည်း ယခုကဲ့သို့ ခွဲခြား ထားသည်။

(၁) Single Room (၂) Twin Room (၃) Double Room (၄) Studio Room (၅) Handicapped Room (၆) Sample Room
(၇) Connecting Room (၈) Adjoining Room (၉) Adjacent Room (၁ဝ) Ground Floor or Top Floor Room (၁၁) Capsule Room စသည်ဖြင့် ခွဲခြားဖွဲ့စည်းထားသည်။

ဧည့်သည်မှ အခန်း(Category) ရွေးချယ်ပြီးနောက် (Special Request) တောင်းဆိုတတ်သော အခန်းအခြေအနေများဖြစ်သည်။

(Single Room) သည် ယခုအခါတွင် ဟိုတယ်များ၌ မထားသလောက် ဖြစ်သည်။ လူဦးရေပေါ်မူတည်၍ ဈေးနှုန်းသတ်မှတ်သည်ဖြစ်၍ မကြာခဏ ဧည့်သည်နှင့် အထင်လွဲမှားမှုများ ဖြစ်ရသောကြောင့် တစ်ယောက်နေသည်ဖြစ်စေ၊ နှစ်ယောက်နေသည်ဖြစ်စေ ဈေးနှုန်းတစ်မျိုးသာ သတ်မှတ်လိုက်သည်။ ထို့ကြောင့် ဟိုတယ်များတွင် နှစ်ယောက်ခန်းနှင့် နှစ်ယောက်အထက် အခန်းများသာ ထားရှိတော့သည်ဟု ယူဆမိပါသည်။

(Twin Room) သည် ကုတင်နှစ်လုံးပါသည့် နှစ်ယောက်ခန်းဖြစ်ပါသည်။ ဧည့်သည်မှ (Double Bed Room) ဟု မှားယွင်းတောင်းဆိုတတ်သည့် အခန်းဖြစ်သည်။ သေချာမေးမြန်း ကြည့်သည့် အခါမှာတော့ အမျိုးသားနှစ်ယောက် သို့မဟုတ် အမျိုးသမီးနှစ်ယောက်ဖြစ်နေတတ်သည်။ (တချို့တွေကတော့ အသေအချာပင် နှစ်ယောက်အိပ်ကုတင်ပါသည့် အခန်းကို တောင်းဆိုခြင်းဖြစ် သည်။) ဧည့်သည်တောင်းဆိုလိုသည်မှာ ကုတင်နှစ်လုံးပါအခန်းဖြစ်သည်။ အမှန်တကယ် (Double Bed) တောင်းဆိုသော်လည်း မရနိုင်သည့် အခါများတွင် ကုတင်ပူးပေးရခြင်းများလည်း ရှိပါသည်။ အိပ်ယာနှစ်ခုပူးထားပါက (Hollywood Twin) ဟုခေါ်၍ ကြားတွင် (Site Table) ခြားထားပါက (Twin-apart) ဟု ခေါ်ဆိုကြောင်း ဖတ်မှတ်ခဲ့ဖူးပါသည်။

(Double Room) မှာ နှစ်ယောက်အိပ်ကုတင်တစ်လုံးသာပါသည့် အခန်းဖြစ်သည်။ (King Size/ Queen Size Bed) စသည်ဖြင့် ခွဲထားသော်လည်း ဟိုတယ်အများစုတွင် (King Size Bed) ကိုသာ အများဆုံးအသုံးပြုကြသည်။ အထူးသဖြင့် (King Size Bed) ကို (Couple)များ၊ ကလေးငယ် ပါသည့် ဧည့်သည်များမှ တောင်းဆိုတတ်ကြသည်။

(Studio Room) မှာ နေ့ခင်းဘက်တွင် ဧည့်ခန်းအဖြစ်အသုံးပြု၍ ညဘက်တွင် အိပ်ခန်းအဖြစ် သုံးနိုင်သည့် အခန်းဖြစ်သည်။
(Handicapped Room) မှာ မသန်စွမ်းသူတို့တည်းခိုရာတွင် အဆင်ပြေစေရန်အတွက် သီးသန့် ပြင်ဆင် အခန်းဖွဲ့ထားခြင်း ဖြစ်သည်။

(Sample Room) မှာ နမူနာပြသရန် ပြင်ဆင်ထားသည့်အခန်းဖြစ်သည်။ (Agent)မှ ဖြစ်စေ၊ (Customer)များမှဖြစ်စေ (Inspection) လုပ်နိုင်ရန်အတွက် အသင့်ပြင်ထားခြင်း ဖြစ်သည်။

(Connecting Room) မှာ အခန်းနှစ်ခုကို ဟိုဘက်ဒီဘက်ကူးနိုင်သည့် တံခါးတစ်ချပ်ဖြင့် ဆက်သွယ်ထားသည့် အခန်းဖြစ်သည်။

(Adjoining Room) မှာ ဘေးချင်းကပ်လျက် အခန်းဖြစ်၍ (Adjacent Room) မှာ အနီးအနား အခန်းကို တောင်းဆိုခြင်းဖြစ်သည်။

(Ground Floor or Top Floor Room) ကိုလည်း ဧည့်သည်များမှ (Request) လုပ်တတ် ကြသည်။ တချို့က ရှုခင်းကြည့်လို၊ အသံတိတ်ဆိတ်လိုသဖြင့် တောင်းဆိုတတ်သည်။ (Ground Floor) နှင့် (First Floor) ကိုလည်း မှားတတ်ကြသေးသည်။ (American) တို့က (Ground Floor) နှင့် (First Floor) အတူတူပင် ဖြစ်သည်။ (British) တို့က (First Floor) ကို (Ground Floor) အထက်ထပ်မှ စ၍ ရေတွက်ခြင်း ဖြစ်သည်။ (British) တို့က စနစ်ကျခြင်းကို အခြေခံသည်။ (American) တို့က လွတ်လပ်လွယ်ကူခြင်းကို ပိုနှစ်သက်သည်။ ထို့ကြောင့် စကားလုံးအသုံးအနှုန်း၊ အသံထွက်များတွင် (American) တို့က အများအားဖြင့် ပိုတို၊ ပိုလွယ်နေတတ်ပါသည်။

(Capsule Room) မှာ (Capsule Hotel) များတွင်သာ ထားရှိသည့် အခန်းအမျိုးအစား ဖြစ်သည်။ (Capsule Hotel) ကို ဂျပန်နိုင်ငံ၊ အိုဆာကာမြို့တွင်(၁၉၇၉) ခုနှစ်မှ စတင် မိတ်ဆက်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ မြို့ကြီးတွေမှာ မြင်တွေ့နေရပြီ ဖြစ်သည်။ သို့သော် (Capsule Hotel) များသည် ယခုချိန်ထိတိုင် ဂျပန်နိုင်ငံတွင် ခေတ်စားဆဲ၊ များပြားဆဲ ဟိုတယ်များဖြစ်ပါသည်။

(PS:ယခု ကျွန်တော်ရေးထားသည့် အကြောင်းအရာလေးသည် ဟိုတယ်နှင့်ပတ်သက်သည့် အကြောင်းအရာလေးများကို သိရှိလိုသည့် ညီငယ်၊ ညီမငယ်လေးများအတွက် ရည်ရွယ်၍ ရေးထားခြင်း ဖြစ်ပါသည်။ တတ်သိလွန်း၍ ရေးသားခြင်း မဟုတ်ဘဲ တတ်သမျှ၊ သိသမျှလေးများကို (Knowledge Sharing) လုပ်လိုခြင်းသာ ဖြစ်ပါသည်။ ကျွန်တော်လည်း လူသားတစ်ဦးဖြစ်၍ မှတ်သားထားသည်များ၊ သိမှတ်ထားသည်များမှာ လွဲမှားခြင်းများလည်း ရှိနေနိုင်ပါသည်။ ထိုသို့ အချက်အလက်၊ အကြောင်းအရာလွဲမှားနေသည် သို့မဟုတ် အယူအဆမတူ ရှိနေသည့် အကြောင်းအရာ ရှိနေသည်ဆိုပါလျှင် (Comment) တွင် ရေး၍ ဝေဖန်ထောက်ပြစေချင်ပါသည်။ ကျွန်တော့် သူငယ်ချင်းထဲတွင်ရှိသည့် ဆရာ၊ ဆရာမများနှင့် (Hotel Life) ထဲရှိ အစ်ကို၊ အစ်မများအားလုံးအား လေးစားစွာ တောင်းဆိုခြင်း ဖြစ်ပါသည်။ လေ့လာမှတ်သားကြမည့် ညီငယ်၊ ညီမငယ်များ အမှတ်မှားသွားမည်ကို စိုးရိမ်၍ ဖြစ်ပါသည်။)

လေးစားစွာဖြင့်
ထူးအောင်ဝင့်
(၂၃.၉.၂ဝ၁၇ နံနက် (၉း၂၅)မိနစ်)
Credit: htooaungwint.weebly.com

No comments: