Saturday, September 23, 2017

ချင်းတွင်းဆလုံများ

ချင်းတွင်းမြစ်ရေပြင်ပေါ်ကို အိမ်ဆောက်ပြီး နေကြတဲ့ဘ၀တွေ ( သို့မဟုတ် ) ချင်းတွင်းဆလုံများ
■■■■■■♤■■■■■■■■■■■■■■■■■■■■


ချင်းတွင်းမြစ်ရဲ့အထက်ပိုင်းမှာ ဒီလို ဖောင်အိမ်လေးတွေ တွေ့ရစမြဲ ။ အထူးသဖြင့် ဟုမ္မလင်းနယ်နဲ့ ခန္တီးနယ်ကြားမှာပေါ့။ စိတ်ဝင်တစားရှိလှပေမယ့် သူတို့ရဲ့ဘ၀သူတို့ရဲ့ နေထိုင်မှုတွေကို မေးမြန်းဖို့က အခွင့်မသာ။ ချင်းတွင်းမြစ်ထဲကို နေပူပူကျက်ကျက်အောက်က မြစ်ပြင်ကိုဖြတ်လာတဲ့ လေအေးတွေကို ခံစားရတိုင်း၊  သည်းသည်းထန်ထန်ရွာတတ်တဲ့ မိုးရေတွေ၊ မိုးကြိုးမုန်တိုင်းတွေအတူ ဖြတ်သန်းတဲ့အခါတိုင်း ၊ နှင်းစက်လေးတွေက မျက်နှာကို လာစဉ်ရင် အေးစက်စက်ရာသီဥတုနဲ့ နှင်းဖွေးဖွေးတွေ ပိတ်နေအောင်ကျနေတဲ့ မနက်ခင်းကို ဖြတ်သန်းခဲ့တိုင်း ဖောင်အိမ်လေးတွေဆီကို စိတ်က ရောက်လာတတ်စမြဲ။ တက်လိုက်ကျလိုက်ဖြစ်တဲ့ မြစ်ရေ၊ မြစ်ကမ်းခြေကို ရိုင်းစိုင်းကြမ်းတမ်းစွာ တိုက်ခတ်တတ်တဲ့ လေပြင်း၊ နှင်းမိုးသည်းသည်းနဲ့အတူ လိုက်ပါလာတဲ့ အအေးဒဏ်စတဲ့ လောကဓံတရားနဲ့အတူ ချင်းတွင်းမြစ်ပြင်ပေါ်မှာ ချင်းတွင်းမြစ်ကြီးနဲ့ အတူတကွ ခံစားကြရတဲ့ ဖောင်အိမ်က မိသားစုတွေရဲ့ဘ၀ကို အခွင့်အခါသင့်တုန်း မေးမိတာပေါ့လေ။ ချင်းတွင်းမြစ်ပေါ်က သောင်ပြင်ပေါ်က ဘ၀တွေက ပွင့်လင်းရာသီမှာသာ တွေ့ရတတ်ပေမယ့် ဖောင်အိမ်လေးတွေနဲ့နေတဲ့ ချင်းတွင်းဆလုံလို့ လူအများ ခေါ်နေကြတဲ့ သူတို့ကတော့ ရာသီမရွေး တွေ့မြင်နေရတတ်ပြီး သူတို့ဘ၀ကို ထိန်းကျောင်းဖြတ်သန်းနေကြရတာပေါ့။

“ဒီမှာနေလာတာ အနှစ် ၃၀ ကျော်ပြီလေ။ မိဘတွေနဲ့အတူ လေးနှစ်သမီးအရွယ်ကတည်းက ဒီပေါ်မှာနေလာတာ အိမ်ထောင်ကျပြီး အခုချိန်အထိပဲ” လို့ အသက် ၃၀ နှစ်အရွယ် ဒေါ်သန္တာဝင်းက ပြောပါတယ်။ သူမဘ၀မှာ ယနေ့အချိန်အထိနေခဲ့တဲ့  အိမ်ဆိုသည်မှာ အများသူငါကဲ့သို့  ကုန်းမြေပေါ် ဆောက်ထားသော အိမ်မဟုတ်၊ ၀ါးဖောင်ပေါ် အိမ်ဆောက်ပြီး ရေပေါ်တွင် နေထိုင်ကြတာဖြစ်ပါတယ်။ ဒီလိုဝါးဖောင်ပေါ် အိမ်ဆောက်ပြီး နေထိုင်ကြသော မိသားစုများကို ချင်းတွင်းမြစ်ရိုးတစ်လျှောက် တွေ့မြင်နိုင်ပါတယ်။ တချို့ကတော့ သူတို့ကို ချင်းတွင်းဆလုံတဲ့လေ။ “အစ်မတို့က မုံရွာကျောက္ကာ ဇာတိပါ။ ဟိုမှာ လုပ်ကိုင်စားသောက်ရတာ အဆင်မပြေလို့ မြေပဲနုတ်ဆိုပြီး ငယ်ငယ်လေးကတည်းက မိဘတွေနဲ့ ဒီဘက်ရောက်လာတာ။ ဒီကလူနဲ့ပဲ အိမ်ထောင်ကျပြီး မပြန်ဖြစ်တော့ဘူးလေ။ ဒီမှာက လုပ်ကိုင်စားသောက်ရတာ ပိုပြီးအဆင်ပြေတယ်။ သမီးကြီးကတော့ အိမ်ထောင်ကျပြီး မုံရွာနယ်ဘက် ပြန်ရောက်သွားပြီ။ အစ်မတို့ကတော့ ဒီမှာပဲဆက်နေပြီး ကျန်ခဲ့တာပေါ့” ဟု ဒေါ်သန္တာဝင်းက ပြောပြပါတယ်။ သူမမျက်လုံးတွေက အိမ်အပြင် မြစ်ပြင်ဘက်ကို ငေးကြည့်ရင်းပေါ့။  သူမတို့လို ၀ါးဖောင်ပေါ်မှာ အိမ်ဆောက်ပြီးနေတဲ့မိသားစုတွေအားလုံးက ရွှေ့ပြောင်းတွေပဲ ဖြစ်ကြပါတယ်။ တချို့က မုံရွာနယ်ဘက်၊ တချို့က မန်းလေးနယ်ဘက်ကနဲ့ တချို့ဆို ရန်ကုန်ဘက်ကပင် ပါလိုက်သေး။  ရေကြည်ရာမြက်နုရာ ရှာဖွေစားသောက် လုပ်ကိုင်ရင်း နောက်ဆုံးတော့ ချင်းတွင်းမြစ်ရေ နောက်ကျိကျိပေါ်မှာပဲ လုပ်ကိုင်စားသောက်ပြီး ဘ၀ကို တည်ဆောက်နေကြရတာပေါ့။ ချင်းတွင်းရေ နောက်ကျိကျိသောက်မိ၍ မပြန်နိုင်ဆိုတာ သူတို့တစ်တွေလား။

ချင်းတွင်းမြစ်ပေါ်မှာ အိမ်ဆောက်ပြီး နေကြတဲ့သူတွေရဲ့အိမ်ဆိုတာ ၀ါးဖောင်ပေါ်မှာ ရုံးမိုးဝါးကပ်ကာထားသော အိမ်ဟု မည်ကာမတ္တခေါ်နိုင်သော တဲသာသာ အိမ်လေးတွေဖြစ်ပါတယ်။ ထုထည် တစ်တောင်ကျော် လောက်ရှိပြီး ခန့်မှန်းခြေ ၀ါးအတိုအရှည် အလုံး ၁၀၀ ကျော်လောက်ကို ကြိမ်ကြိုးတွေနဲ့ တုပ်နှောင်ပြီး ၀ါးဖောင်ဖွဲ့ထားရတာပေါ့။ အဲဒီဝါးဖောင်ပေါ်မှာ လေးဝါးလို့ ဒေသခံတွေခေါ်တဲ့  ၀ါးကြီးကြီးတွေကို ကွဲထွက်မသွားအောင် အပြားလိုက်အစိတ်စိတ်လေးတွေ ပြုလုပ်ပြီး ကြမ်းခင်းအဖြစ် ခင်းထားရပါတယ်။  ဒီလိုခင်းထားတဲ့ ကြမ်းခင်းတွေကို ချင်းတောင်ဒေသမှာရှိတဲ့ တောင်ယာတဲတွေမှာလည်း ကြမ်းခင်းအဖြစ် အသုံးပြုကြတယ်လေ။  ရေပေါ်ပေါ်နေတဲ့ ဒီလိုကြမ်းခင်းအပေါ်မှာ လူတစ်ရပ်သာသာအမြင့်ရှိတဲ့ တဲအိမ်လေးကို ရုံးဖြင့်မိုးပြီး ၀ါးကပ်ကာဖြင့်ကာထားတဲ့  အိမ်လေးထဲမှာ ဒေါ်သန္တာဝင်းတို့  မိသားစုငါးယောက် နေထိုင်ကြခြင်းဖြစ်ပါတယ်။ မလုံ့တလုံဖြစ်နေတဲ့ အိမ်လေးရဲ့ အချို့နေရာမှာတော့ မိုးကာစဖြင့် ကာရံထားရတာပေါ့လေ။

အိမ်လေးထဲမှာတော့ အခန်းသုံးခန်းကို ၀ါးကပ်နဲ့ပဲ ကန့်ထားပါတယ်။  အိမ်လေးရဲ့ ခေါင်းရင်းအမြင့်ဘက်မှာတော့ ဘုရားပန်းအိုးတစ်လုံး၊  ဆင်းတုတော်တစ်ဆူနဲ့ အောက်ဘက်မှာတော့  ခြင်ထောင်ကိုလုံးထွေးပြီး စောင်ခေါက်ထားသော အိပ်ရာခင်းတစ်ခု၊ အဲဒီဘေးမှာတော့ စားပွဲတစ်လုံး၊ တီဗွီအသေး၊ စီဒီစက်တစ်လုံး ဘက်ထရီအိုးအသေး တစ်လုံး သူတို့ရဲ့ ပိုင်ဆိုင်မှုတွေပေါ့လေ။

အဲဒီအိပ်ရာခြေရင်းမှာတော့ ခွေးနှစ်ကောင်က အိပ်လျက်သား၊  ခြေရင်းဘက် ကန့်ထားသောအခန်းထဲတွင် သံသေတ္တာလေးလုံးနဲ့ မီးဖိုချောင်တို့ကို အတိုင်းသားမြင်တွေ့နေရပါတယ်။

“ဒီအိမ်က အခန်းသုံးခန်းပါပြီး တခြားအိမ်တွေထက်ကျယ်တယ်။ ဒါဝယ်တုန်းက တစ်သိန်းခွဲပေးရတယ်။ သုံးနှစ်တစ်ခါဝယ်ပြီး နေရတယ်။ သုံးနှစ်ကျော်ရင် နေလို့မရတော့ဘူး” ဟု ဒေါ်သန္တာဝင်းက ပြောပြပါတယ်။  သူမပြောတဲ့ တခြားအိမ်ဆိုတာ သူမတို့လိုပဲ ၀ါးဖောင်ပေါ်မှာနေကြတဲ့ သူတို့လို အခြားအိမ်တွေကိုဆိုလိုခြင်းဖြစ်ပါတယ်။  သူမတို့ အိမ်ဘေးမှာ ၀ါးဖောင်ပေါ်က အိမ်မှာပဲနေထိုင်ကြတဲ့ မိသားစု ၁၀ စုလောက်ရှိပါတယ်။

“ယောက်ျားက ဆိပ်ကမ်းမှာ ကုန်ထမ်းတယ်။ သားကြီးက အမြန်ယာဉ်မှာ လူခေါ်ပေးတယ်။ သားကြီးက ၁၄ နှစ်ရှိပြီ။ ကျောင်း မနေချင်တော့ဘူးဆိုလို့ ထွက်ခိုင်းလိုက်တာ။ အငယ်နှစ်ယောက်က ကျောင်းတက်နေတယ်။ အစ်မက အ၀တ်လျှော်တယ်။ တစ်ဇလုံကို ၃၀၀၀ ရတယ်။ တချို့ကျတော့ လပြတ်နဲ့ ပေးတာ  တစ်နေ့ကို သုံးဇလုံလောက်တော့ လျှော်ရတယ်။ အိမ်မှာလူသုံးယောက် အလုပ်လုပ်ပေမယ့် စုမိတယ်ဆိုတာ မရှိပါဘူး။  ရရစားစားပါပဲ။ ဒါတောင် ပြီးခဲ့တဲ့မိုးတွင်းက အလုပ်အကိုင် အဆင်မပြေတုန်းကဆိုရင် ဆန်ကွဲကျိုပြီး သောက်ခဲ့ရတယ်။ ဖျားနာတဲ့အခါလည်း ဗမာဆေးပဲသောက်ပြီး ပျောက်သွားတာ။ ရွှေမြင်တင်ဆေးနဲ့ ကွမ်းရွက်ကတော့  မရှိမဖြစ်ပဲ”လို့  ပြောပြနေရင်း  ကွမ်းရွက်ကိုထုတ်၊ ထုံးသုတ်၊  ကွမ်းသီးနဲ့ ဗမာ ဆေးထည့်ပြီး ကွမ်းဝါးလိုက်ရင်း ဒေါ်သန္တာဝင်းက ပြောပြနေပါတယ်။ သူမပါးစပ်အတွင်းက ကွမ်းယာကို တစ်ချက်၊ နှစ်ချက်ဝါးပြီး နောက်မှာတော့ အိမ်ကြမ်းပြင်က ကြမ်းပေါက်လေးကို လက်နှင့်ဖြဲကာ အောက်သို့ ကွမ်းသွေးထွေးချလိုက်လေရဲ့။ သူမရဲ့ကလေးတစ်ယောက်က ဇလုံထဲထမင်းထည့်စားနေပြီး နံဘေးမှ အမြီးနှံ့နေသော ခွေးများကို သူစားနေသော ထမင်းအချို့ ချကျွေးနေပါတယ်။ ချင်းတွင်းမြစ်ပေါ်မှာနေရတဲ့ သူမတို့ဘ၀ကို သူမတို့ ကျေနပ်လေဟန်တော့ ရှိနေမယ်လို့ တွေးမိပါတယ်။ ချင်းတွင်းမြစ်ပြင်မှာတော့ အေးစက်စက်မြောက်ပြန်လေလား၊ မုတ်သုံရာသီနဲ့အတူ ဆုတ်ခွာရင်း ထွက်ခွာမယ့်လေတွေလားတော့မသိ၊ တဟူးဟူးတိုက်ခတ်နေပါတယ်။ မြစ်ထဲကစက်လှေများ၊ ရှော်တယ်၊ အမြန်ယာဉ်များ ဖြတ်မောင်းသွားတဲ့ အချိန်မှာတော့ သူမတို့အိမ်လေးက ငလျင်လှုပ်တဲ့အလား တသိမ့်သိမ့်တုန်ခါလို့ ယိမ်းလိုက် နွဲ့လိုက်နဲ့ပေါ့လေ။ ဒါပေမဲ့ ဒေါ်သန္တာဝင်းနှင့် ကလေးများကိုကြည့်တော့ မတုန်မလှုပ်ဖြစ်ရိုးဖြစ်စဉ်မို့ အိမ်လှုပ်သွားတာတောင် မသိကြတဲ့အလား။ “ဒီကလေးတွေကိုလည်း ဒီပေါ်မှာပဲ မွေးတာလေ။ အခု အငယ်ဆုံးက ငါးနှစ်။ သူလည်း ရေကူးတတ်နေပြီ”တဲ့။ ဒီပေါ်မှာပဲမွေး ဒီပေါ်မှာပဲကြီးဆိုတော့ သူမတို့အတွက် ရေပြင်က မြေပြင်သဖွယ်လိုပေါ့။  ကလေးတွေငယ်တုန်းက ရေထဲပြုတ်မကျဘူးလားဆိုတော့ တစ်ခါမှပြုတ်မကျဖူးဘူးတဲ့။ အော် သူ့အရပ်နဲ့ သူ့ဇာတ်နဲ့ကျတော့လည်း အံကိုက်လိုကိုဖြစ်လို့။

အကာအကွယ်မရှိ မြစ်ပြင်ထဲက ၀ါးဖောင်လေးပေါ်က အိမ်လေးထဲမှာ နေထိုင်ကြတဲ့ သူတို့အတွက်တော့  မိုးရွာတာ၊  လေပြင်းတိုက်တာ၊  ဆီးနှင်းကျတာတွေက အဆန်းမဟုတ်တော့။

“အိမ်ရဲ့အမိုးက မိုးလုံပါတယ်။ ဆောင်းတွင်းလည်း ထူးပြီးအေးတယ် မထင်ပါဘူး။ ရေကြီးတဲ့အခါလည်း ဒီပေါ်မှာပဲ ဆက်နေတာပဲ။ ရေကြီးရင် ကြီးတဲ့အလိုက် ကမ်းကပ်ပြီး ရေပြန်ကျသွားတော့ လျောကျသွားတာပဲ။ ရေကြီးလို့ ရေဘေး ကယ်ဆယ်ရေးစခန်း သွားနေရအောင်လည်း ကျွန်မတို့ကို ရပ်ကွက်စာရင်းမှာမပါလို့ လက်မခံနိုင်ဘူးတဲ့လေ။ ဒီတော့လည်း ဒီမှာပဲ ဆက်နေကြတာပေါ့”ဒေါ်သန္တာဝင်းက မဲ့ပြုံးလေးပြုံးပြီး ဆက်ပြောနေပါတယ်။ အော်မြန်မာပြည်ထဲမှာ မွေး၊ မြန်မာပြည်ထဲမှာကြီးပြင်းလာကြတဲ့ သူတို့တစ်တွေက ခဏတာ ကုန်းပေါ်တက်နေဖို့အတွက် ရပ်ကွက်စာရင်းမှာ မပါကြလို့ မနေရတော့ဘူးတဲ့လား။ ဒါနဲ့သူတို့ကို တစ်ဆက်တည်း မှတ်ပုံတင် ရှိလားမေးကြည့်တော့ သူမတို့ လင်မယားနှစ်ယောက်စလုံး မှတ်ပုံတင်မရှိကြ။

အိမ်ထောင်စုဇယားကလည်း သူမ၏ မိဘလက်ထက်က အိမ်ထောင်စုဇယား။ မှတ်ပုံတင် မလုပ်ဘူးလားမေးကြည့်တော့ သူများတွေက မှတ်ပုံတင်လုပ်ရင် ပိုက်ဆံပေးရတယ် ပြောလို့ မလုပ်တော့ဘူးတဲ့လေ။ မှတ်ပုံတင်မရှိလည်း နေလို့ရနေတာပဲဆိုပြီး ပြန်ဖြေပါတယ်။

၂၀၁၅ ရွေးကောက်ပွဲတုန်းက ဘယ်လို မဲပေးသလဲမေးကြည့်တော့ သူမတို့လင်မယားနှစ်ယောက်စလုံး မဲမပေးပါတဲ့။  သူမတို့ကို ရွေးကောက်ပွဲအကြောင်း၊ မဲပေးရမည့် အကြောင်းရှင်းပြသူ၊ ပြောပြသူ၊ တစ်ယောက်မှမရှိပါတဲ့။ “အစ်မတို့ပဲ မဟုတ်ဘူး။ ဒီနားကတွေ အကုန်လုံး ဘယ်သူမှ မဲမပေးဘူး။ ဘယ်သူမှလည်း မှတ်ပုံတင်မရှိကြဘူးတဲ့။ အနီးအနားကို လိုက်မေးကြည့်တော့လည်း တကယ့်ကို မှတ်ပုံတင်မရှိကြ။ မြန်မာနိုင်ငံသား မိဘနှစ်ဦးက မြန်မာနိုင်ငံမှာ မွေးဖွားခဲ့ပြီး မြန်မာနိုင်ငံသားမှတ်ပုံတင် မရှိကြဘူးဆိုတော့ မျက်လုံးကျဉ်းကျဉ်း အသားဖြူဖြူ စကားသံဝဲ၀ဲနှင့် မြန်မာစကားကို ပီပြင်မပြောဆိုနိုင်ဘဲ မြန်မာနိုင်ငံသားလက်မှတ်ကို တရားဝင် ကိုင်ဆောင်ထားကြသူတွေ၊ အနောက်ဘက်က ခိုးဝင်လာပြီး မြန်မာနိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားကြသော ဘာလက်မှတ်မှမရှိဘဲ လူ့အခွင့်အရေး တွင်တွင်အော်နေကြတဲ့  အချို့လူမျိုးတွေကို စာနာသနားနေတဲ့ သူတွေကို မေးလိုက်ချင်တာက မြန်မာနိုင်ငံထဲ မှာ မွေး ၊ မိဘဘိုးဘွားတွေက မြန်မာနိုင်ငံသား စစ်စစ်ဖြစ်ပြီး မဲပေးခွင့်တောင် မရှိ ၊ နိုင်ငံသားရယ်လို့ အသိအမှတ်ပြု အထောက်အထား လက်မှတ်တောင် မရှိတဲ့သူတွေအတွက် လူ့အခွင့်အရေးတို့ နိုင်ငံသားအခွင့်အရေးတို့ ဆိုတာ ဘယ်လိုများ စဉ်းစားထားကြပါသလဲလို့ မေးခွန်းထုတ်ချင်မိပါတယ်။

ကုန်းပေါ်နေဖို့ စိတ်မကူးဘူးလား ကုန်းပေါ် မနေချင်ဘူးလား မေးကြည့်တော့ မချိပြုံးလေးပြုံးပြီး “မနေချင်ပါဘူး။ ဒီမှာလည်း နေလို့ ရတာပဲလေ”တဲ့။  “အရင်ကတော့ ခြံလေးတစ်ကွက် ၀ယ်ဖူးတယ်။ စီးပွားရေးအဆင်မပြေတာနဲ့ ပြန်ရောင်းပြီး ၀ါးဖောင်ပေါ်ပဲပြန်နေကြတာ”လို့  ဒေါ်သန္တာဝင်းက ပြန်ဖြေပါတယ်။  ဒီမေးခွန်းကို လျှာရှည်ပြီးမေးလိုက်မိတဲ့ ကိုယ့်ကိုယ်ကိုယ်ပင် စိတ်ထဲမှ တိုးတိုးလေး ကျိန်ဆဲလိုက်မိရင်း ကိုယ့်ကိုယ်ပဲ ဒေါသထွက်မိတာပေါ့။  ဘယ်သူကများ ၀ါးဖောင်ပေါ် တစ်သက်လုံး နေချင်မှာလဲ။ သူတို့တစ်တွေလည်း အခြားသူတွေလို ခြံနှင့်ဝင်းနှင့်အိမ်နှင့် နေချင်ကြမှာပေါ့။ စားဝတ်နေရေးဆိုတဲ့ အထဲက ထမင်းစားဖို့ကိုပဲ မနည်းကြိုးစား ဖြေရှင်းနေရတဲ့ သူတို့တွေအတွက် နေရေးဆိုတာက နောက်ဆုံးမှ ဖြေရှင်းရမည့် အရေးမကြီးသော ပြဿနာများဖြစ်နေတာ သိပ်ထူးဆန်းတော့တာမှ မဟုတ်တာ။ “မနှစ်က ၀ါးဖောင်တစ်အိမ် မျောသွားသေးတယ်လေ။ ညအိပ်နေတုန်း မျောသွားတာဆိုတော့ ဘယ်သူမှမသိလိုက်ဘူး။ ဟိုးအောက်ဘက်အထိ မျောသွားတာ။ ဒီကတွေ အကုန်လုံးစက်လှေစုငှားပြီး ပြန်ဆွဲလာကြရတယ်။ တော်သေးတာပေါ့ လူဘာမှမဖြစ်လို့ “ ဒေါ်သန္တာဝင်းက မနှစ်က အဖြစ်အပျက်တစ်ခုကို ပြန်ပြောပြနေတာပေါ့။ သူမတို့အတွက်တော့  စိတ်အေးလက်အေး ဘာမှ မထူးသလို ပြန်ပြောပြနေပေမယ့် နားထောင်ရတဲ့သူအဖို့ စိတ်ချောက်ချားစရာ။ ဘ၀ဆိုတာ ဒုက္ခတွေနဲ့ စရန်သတ်ထားသလိုပဲ။ ပုံမှန်အားဖြင့်တော့ ဒီလိုမျောသွားတာမျိုး သိပ်မရှိလို့ သိရပါတယ်။ “ ကြိုးသုံးချောင်းနဲ့  သုံးနေရာခွဲပြီး ကမ်းဘက်မှာတိုင်စိုက်ပြီး အိမ်ဆောက်ထားတဲ့ ၀ါးဖောင်ကို  ချည်ထားတာလေ။ ညရေးညတာ တစ်ရေးနိုးတဲ့အခါတော့ ထပြီးကြည့်ရတာပေါ့ ”။

သူတို့တွေအဖို့ ဒီလိုဝါးဖောင်လေးထဲက အိမ်လေးမှာ ဘယ်လိုလုပ်ပြီး စိတ်ချလက်ချ အိပ်ပျော်နိုင်ကြတာလဲဆိုတာ မသိနိုင်။ တော်တန်ရုံမိုးကြီး လေပြင်းတိုက်ခတ်တဲ့အချိန်ဆိုရင် ကုန်းပေါ်ကအိမ်ထဲမှာ အိပ်နေတဲ့လူတွေ နိုးလာကြပြီး စိုးရိမ်ပူပန်နေကြတာ။ သူတို့တွေကတော့ ဘယ်လိုအင်အား ဘယ်လိုစိတ်ဓာတ် ဘယ်လိုသတ္တိတွေနဲ့ နေထိုင်နိုင်ကြတာလဲဆိုတာ စဉ်းစားမရ။ ဆင်းရဲချို့တဲ့မှုတွေကြောင့် သူတို့ ဘာကိုမှမကြောက်တတ်ကြတော့ သလို ၊ ဘယ်မှသွားလို့မှ မရတော့လည်း ရှိတဲ့သတ္တိလေးအားအဖြစ် မွေးမြူ နေထိုင်ရတာ နေမှာပါပဲလေ ။

မြစ်ရေပြင်ကိုကြည့်ရင်း သူမတို့ အသုံးပြုတဲ့သောက်သုံးရေအကြောင်း စပ်စုမိပါ တယ်။  “ချက်ပြုတ်တာလား ဒီရေနဲ့ပဲ ချက်တာပေါ့။ သောက်ရေကိုတော့ ကုန်းပေါ်က တုံကင်ရေခပ်တယ်”ဟု ဒေါ်သန္တာဝင်းက ပြောပြပါတယ်။ သူမတို့၏ တဲအိမ်ရှေ့မှာပဲ အ၀တ်လျှော်ကြ၊ ရေချိုးကြ၊ အ၀တ်လှန်းကြ၊ နေစာလှုံကြပေါ့။ အပေါ့အလေးအတွက် အိမ်သာဟူ၍ မည်မည်ရရမရှိ။ ကြည့်ရသည်မှာ အိမ်ပေါ်ကနေပဲ ရေထဲကို ကိစ္စပြီးလိုက်တယ်လို့ တွေးမိပါတယ်။ လောလောဆယ်မှာတော့  အိမ်ဘေးမှာက ကလေးအချို့ ရေချိုး ရေကူးနေကြပါတယ်။  အခြားဝါးဖောင်ပေါ်က အိမ်တွေလည်း သူမတို့ကဲ့သို့ပင်၊  ချင်းတွင်းမြစ်ရေထဲတွင် ခဲဓာတ်များတာ သောက်သုံးရန်မသင့်တာ သိပုံမပေါ်။ ကိုယ့်မှာသာ သူတို့တွေကိုကြည့်ပြီး “ လှံဖျားပေါ် ပုစဉ်းနားတာ ကျီးကန်းက ကြောက်ချေးပါသလို”ဖြစ်နေတာပေါ့ ။  သူတို့ အတွက်က  ဒီရေပေါ်မှာနေ ဒီရေကိုသုံးပြီးဘ၀ကို ဒေါင်ကျကျ ပြားကျကျ ရင်ဆိုင်ဖြတ်သန်းနေကြတဲ့ သူတွေသာ။      

တောင်ဘက်ဆီမှ မိုးလေးညို့လာပြီး မြစ်ပြင်မှာ လေတိုက်လာတော့ ဒေါ်သန္တာဝင်းတို့ တဲအိမ်လေးကို နှုတ်ဆက်ခဲ့ပါတယ်။ ရေလှိုင်းတွေကြားမှာ နိမ့်တုံမြင့်တုံဖြစ်နေတဲ့ အိမ်လေးအပေါ်မှာ ရေကြောက်တတ်တဲ့သူ အဖို့ ရင်ဖိုချင်စရာ။  မပြန်ခင် ဘေးနားက ၀ါးဖောင်အိမ်လေးတွေကို လိုက်ပတ်မေးကြည့်တော့ မိန်းမသားအများစုက အ၀တ်လျှော် ယောက်ျားသားတွေက ကုန်ထမ်း အလုပ်ဆင်းကြပြီး တဲအိမ်လေးတွေမှာ မိန်းမသားတွေနှင့် ကလေးတွေ ခွေးတွေပဲရှိကြတာပေါ့။  အချို့ကလေးတွေက သောင်ပြင်မှာ ဘောလုံးကန်၊  အချို့က မြစ်ထဲမှာ ရေဆင်းချိုး၊ အချို့ကတော့ အမှိုက်ပုံမှာ ဘာကိုမှန်းမသိ သဲကြီးမဲကြီး ရှာနေကြတာပေါ့။  ၀ါးဖောင်ပေါ်က အိမ်လေးမှာတော့ မိန်းမကြီးများက အ၀တ်လျှော် ထမင်းဟင်းချက် အိမ်မှုကိစ္စလုပ်။

ဒီလိုနှင့် တစ်နေ၀င်၍ တစ်မိုးချုပ်သွားလျှင် သူမတို့၏ ၀ါးဖောင်ပေါ်က အိမ်လေးမှာ ဘက်ထရီမီးလေးထွန်းပြီး ညစာစား ၊  အချို့က တီဗွီသေးလေးတွေနှင့် ဇာတ်လမ်းတွဲခွေကြည့်ကြ၊ တီဗွီကြည့်နိုင်သောအိမ်ကို ဘေးနားက အိမ်လေးတွေကလည်း ၀ိုင်းပြီးလာကြည့်ကြမယ်ပေါ့လေ။ ညဥ့်နက်လို့အချိန်တန်ရင်တော့ အားလုံးကိုယ့်ဝါးဖောင် အိမ်လေးကိုယ်ပြန်ပြီး အိပ်စက် အနားယူကြပြီး နေ့တစ်နေ့ကို အိပ်မောကျကာ ကုန်ဆုံးစေမပေါ့။  တစ်နေကုန် ပင်ပန်းခဲ့သမျှ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ကြမည်မို့ သူမတို့၏ အတွေးထဲတွင် ရေပေါ်မှာလား ကုန်းပေါ်မှာလားဆိုတာ မတွေးအား။အားလုံးက အိပ်ရာနှင့်ကျောပြင်ထိလျှင် အိပ်ပျော်သွားကြသည်ချည်း ဖြစ်မည်လို့  တွေးထင်မိပါတယ်။

နောက်တစ်နေ့ တစ်မိုးသောက်ခဲ့မယ်ဆိုရင်လည်း ရင်ဆိုင်ဖြေရှင်းရမည့် စားဝတ်နေရေးတွေက သူမကို အဆင်သင့် စောင့်ကြိုနေမှာပေါ့။ တစ်ရက်ပြီးလျှင် ၊ တစ်လ ၊နောက်တစ်လပြီးလျှင် တစ်နှစ် ဒီလိုနဲ့ သုံးနှစ်မြောက်ဆိုရင်တော့ ဖောင်အိမ်လေးကို အသစ်တစ်ခါ လဲနိုင်ဖို့ ပိုက်ဆံစုရင်း၊ တခြားလူတွေလို ကုန်းပေါ်မှာ အိမ်လေးဆောက်ပြီး နေထိုင်နိုင်ဖို့ စိတ်ကူးယဉ် အိပ်မက်ရင်းနဲ့ပေါ့။ တကယ်တော့ သူတို့စိတ်ကူးတွေက လက်တွေ့ဖြစ်လာမည်လေလား။ စီးပွားမရှိတော့ ပညာမတတ်ကြ၊ ပညာမတတ်ကြတော့ ဘ၀ကို တိုးတက်ဖို့ကမလွယ်၊ သူတို့ ရဲ့ဘ၀အတွက် စဉ်းစားကြည့်ရင်း သူမတို့ကို ငေးမောရင်း ချင်းတွင်းမြစ်ရေ နဲ့ စိတ်ကူးတွေက စီးမျောလို့။ အခြေခံလူတန်းစားဘ၀တွေကို ပြောင်းလဲအောင် မလုပ်နိုင်သရွေ့တော့ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုဆိုတာ စကားလုံးတစ်လုံးဖြစ်တည်မှုမှအပ ဘာမှဖြစ်လာမည်မဟုတ်လို့ တွေးတောမိရင်း ။ ချင်းတွင်းမြစ်ရယ် ဖောင်အိမ်လေးတွေရယ် အခြေခံလူတန်းစားတွေရယ် ကျန်းမာကြပါစေလို့ တိတ်တခိုး ဆုတောင်းရင်းဖြင့် ...။

Writer: 
အောင်သူထွန်း၊ မဖေငြိမ်း

No comments: