Sunday, June 30, 2013

ဘ၀သည် ဓမ္မ ဓမ္မသည် ဘဝ



တရားဓမ္မဆိုတာ

လက်တွေ့ဘ၀နဲ့ မသက်ဆိုင်တဲ့

သီးခြားအကြောင်းအရာ မဟုတ်ဘဲ

လက်တွေ့ဘ၀ထဲက

အကြောင်းအရာ အဖြစ်အပျက်တွေကိုပဲ

အကောင်းအဆိုး

အကြောင်းအကျိုး မှန်ကန်စွာ

စနစ်တကျ နားလည်သိမြင်ခြင်း

ဖြစ်ပါတယ်။

ဘ၀ကို အပြုသဘောနဲ့ 

နားလည်သိမြင်ရင်

ကောင်းသော တရားဓမ္မ၊

မြတ်သော တရားဓမ္မဖြစ်လာပြီး

ဘ၀ကို အဖျက်သဘောနဲ့

နားလည်သိမြင်ရင်တော့

ဆိုးသောတရားဓမ္မ၊

ယုတ်သော တရားဓမ္မ ဖြစ်သွားပါတယ်။

Credit: အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) - စိတ်အားဖြည့် ဓမ္မပန်းပွင့် စာအုပ်

ဆာလောင်တဲ့ရောဂါ ရောင့်ရဲခြင်းနှင့် စနစ်ကျသုံးဆောင်




"လူတွေဟာ အစာအိမ်ဆန့် သလောက် နင်းကန် စားနေကြ တာပဲ"တဲ့။ သီလရှင် ဆရာကြီး ဒေါ်သုမင်္ဂလရဲ့စည်းခုံ စေတီတော် ပေါ်ကို ကျွန်တော်တို့ရဲ့ခေတ်ပေါ် ကဗျာဆရာ လှသန်း ဆေးကုသမှု ခံယူရအောင် လာပို့စဉ်က မည့်သူ့ ကိုပြောသည် မသိဘဲ အမှတ်မထင် ကြားလိုက်ရတဲ့ စကားပါ။ အဲဒီမှာ ကျွန်တော့် အာရုံ ကြောတွေ 'ဖျင်း'ကနဲ ဖြစ်သွား ရတာက ဓမ္မပဒသုခဝဂ် ထဲက ဖြစ်ရပ်နှစ်ခုကို ပြေးသတိရမိလို့ ဖြစ်ပါတယ်။ 

ရောင့်ရဲတင်းတိမ်ခြင်းဟာ အကောင်းဆုံးဥစ္စာ
ဘာသာရေး စာပေတွေထဲ မှာပေဿနဒီ ကောသလ မင်းကြီး ဟာနာမည်ကျော်ပါ အထူးသဖြင့် သူ့ရဲ့ အစားကျူးမှု ကြောင့်ပါပဲ။ တစ်ခါတော့ သူ့ထုံးစံ အတိုင်း(ဆန် တစ်အိတ်ဆိတ် တစ်ကောင်)သူ့ အစာအိမ်ကို အပြည့် အသိပ် စားပြီး မြတ်ဗုဒ္ဓထံကို လာရောက် ဆည်းကပ် ပါတယ်။ ခါတိုင်းဆိုရင် သူဟာ ပွဲတော်တည်ပြီး အိပ်စက် အနားယူပြီးမှ လာပါတယ်။

အဲ ကောသလ မင်းကြီးဟာ အစားကျူး ပေတဲ့ မြတ်စွာ ဘုရားရှင်ဆီကို တော့တစ်နေ့ တစ်ခေါက် မှန်မှန်ပဲ လာရောက် ဆည်းကပ်လေ့ ရှိပါ သတဲ့။ ဖြစ်ချင်တော့ အဲဒီနေ့မှာ အနားမယူ ခဲ့ရတဲ့ အတွက် သူဟာ ဘုရားရှင်ရှေ့မှာ ငိုက်မျဉ်း နေပါ တယ်။ ဟိုဘက်လှည် ဒီဘက် လှည့်နဲ့အိပ်ချင် စိတ်ကိုဖြေဖျောက် သော်လည်း မရတဲ့ အတွက် ငိုက် မျဉ်းနေ ပါတယ်။ ဒါပေမယ့် ဘုရား ရှေ့မှောက်မှာ ရဲရဲမအိပ်ရဲတာ ကြောင့် တိုင်ကိုမှီပြီး ငိုက်နေပါ တယ်။ ဒါကိုမြင်တဲ့ ဘုရားရှင်က 'မင်းကြီး အစာစားပြီး မအိပ်ဘဲ လာခဲ့သလား'လို့ မေးပါတယ်။

မင်းကြီးကလည်း တပည့်တော် အစာစားပြီးတိုင်း အိပ်ချင်စိတ်ကို နှိမ်လို့ မရပါဘုရား လို့အမှန်အတိုင်း ဖြေပါတယ်။ အဲဒီအခါ မြတ်စွာ ဘုရားက အစာကို အများကြီး စားခြင်းဟာ ဆင်းရဲဒုက္ခကို ဖြစ်စေတယ်။အ စာ ဝတဲ့ဝက်ကြီးလို အိပ်မောကျပြီး တလူးလူး တလိမ့်လိမ့် အိပ်လေ့ရှိ တယ်။အမြဲတမ်းသတိနဲ့အစာကို စားပြီးတိုင်းထွာ စားသောက်တတ် သူတို့သာ ဝေဒနာခေါင်းပါး ရောဂါ နည်းပါတယ်။ သက်စောင့်ဓာတ် ကလည်း အစာကို ကြေညက်စေ တတ်တယ်လို့ ဟောပြောဆုံးမ လိုက်ပါတယ်။

ဒီတရား စကားကို ကောသလ မင်းကြီးအလွန်ပဲ သဘောကျပြီး တော့ မိမိမမှတ်မိနိုင်တဲ့ အတွက် အနားမှာပါလာတဲ့ တူတော်မောင် သုဒဿနကို အရကျက်ခိုင်း ခဲ့ပါ တယ်။ အဲဒီလိုသင်ယူတဲ့ အခါမှာ လည်း မြတ်စွာ ဘုရားရှင်က လုပ် ငန်းစဉ်ကိုတစ်ခါတည်းညွှန်ကြား ပါတယ်။ မင်းကြီး ပွဲတော်တည်လို့ နောက်ဆုံး ထမင်းလုတ်စား အံဆဲ ဆဲမှာဒီဂါထာကို ရွတ်ပါလို့မှာကြား ပါတယ်။

ဒီလိုရွတ်လိုက်လို့ မင်းကြီး ထမင်းလုတ်ကို ချပစ်လိုက်ရင် ထမင်းစေ့ အရေအတွက်ကိုမှတ် သားပြီး စားတော်ကဲက မင်းကြီး ပွဲတော်ချက်တဲ့ အခါအဲသလောက် ဆန်စေ့ကို လျှော့ပြီး ချက်ပါစေလို့ မှာလိုက်ပါတယ်။ သုဒဿန လုလင်ကလည်း ကောသလမင်းကြီး ပွဲတော်တည် တိုင်း အနီးမှနေပြီး မင်းကြီးနောက် ဆုံးအလုတ်ကို ကိုင်တဲ့ အခါတိုင်း ဒီဂါထာ(ကဗျာ)ကို ရွတ်ပါတယ်။

မင်းကြီးလည်း သတိတရ အဲဒီ ထမင်းလုတ်ကို ပစ်ချပါတယ်။ ဒီလိုနဲ့ နံနက် တစ်ကြိမ် ညတစ် ကြိမ်သုဒဿနကရွတ် မင်းကြီး က ပစ်ချ အဲဒီလိုလျှော့လာတာ တဖြည်းဖြည်းနဲ့ ဆန်တစ်လုံး ချက်သာသာ စားပါတော့ သတဲ့။ အစားအသောက်ကို နင်းကန် စားသောက်သူများ သတိပြုလိုက် နာစရာပါ။ ဒီလိုနဲ့ မင်းကြီးဟာ ဣရိယာ ပုတ်မျှတပြီး လွန်စွာ ချမ်းသာခြင်း နှင့်အတူ ကိုယ်အလေး ချိန်လည်း လျော့ကြ လာပါတယ်။ ဂါထာကို ရွတ်တိုင်းရွတ်ဆိုလေတိုင်းလည်း သုဒဿန လုလင်ကို အသပြာ တစ်ထောင်ဆုချပါတယ်။ 

လူတွေဟာ ကျန်းမာပေါ့ပါး ပြီးဝေဒနာကင်းရှင်းသွားတဲ့အခါ ဝမ်းမြောက်ရွှင်မြူးလာတတ်တာ ထုံးစံပါပဲ။ကောသလမင်းကြီးဟာ တစ်နေ့တာဘုရားရှင်ကို"အရှင် ဘုရားတပည့်တော် သွက်လက် ပေါ့ပါးပြီး အခုသမင်ကိုရောမြင်း ကိုပါ မိအောင်လိုက်ဖမ်းနိုင်ပါပြီ ဘုရားလို့ ဝမ်းမြောက် ဝမ်းသာ လျှောက်ပါတယ်၊အဲဒီလိုလျှောက် တဲ့အခါ မြတ်စွာဘုရားက" အနာ ရောဂါကင်းခြင်းဟာအ ကောင်းဆုံး လာဘ်ဖြစ်ကြောင်း၊ ရသမျှ ပစ္စည်း နှင့်ရောင့်ရဲနိုင်ခြင်းဟာအကောင်း ဆုံးဥစ္စာဖြစ်ကြောင်း၊ရင်းနှီးကျွမ်းဝင် တဲ့မိတ်ဆွေဟာ အကောင်းဆုံး ဆွေမျိုးဖြစ်ကြောင်း"ဟောပြောခဲ့ ပါတယ်။ မှတ်သား ထိုက်တဲ့ အဆို အမိန့်များပါပဲ။

ဆာလောင်တဲ့ရောဂါ
မြတ်စွာဘုရား ရှင်ရဲ့ အစား အသောက်ပေါ်မှာ ထားတဲ့ သဘော ထားအမြင်က ဒီလောက်ပဲလား ဆိုရင် မဟုတ်သေးပါဘူး။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်ဟာ သာဝတ္ထိပြည် ဇေတဝန်ကျောင်း တော်ကနေ အာဠဝီပြည်ကို ရဟန်းငါးရာနြဲွ့ကချီပါတယ်။
အဲဒီ အချိန်မှာ အာဠဝီပြည် သူပြည်သား တွေဟာ အားရဝမ်းသာလျှောက် ထားပင့် ဖိတ်ကြပါတယ်။ ဒီအချိန် မှာဆင်းရဲ သားတစ်ယောက်ဟာ တရားနာ ဦးမယ်လို့ စိတ်ကူးရှိ ပေ မယ့် သူ့မှာ နွားတစ်ကောင် ပျောက်ဆုံးနေတာနဲ့ တရားနာ ရမလားနွားပဲ အရှာထွက် ရမလား ဝေခွဲမရဘဲ ဖြစ်နေပါတယ်။ နောက်ဆုံးတော့ နွားရှာပြီး တော့မှ တရားနာတော့ မယ်လို့ စိတ်ပိုင်း ဖြတ်ကာ မနက်စောစော နွားအရှာ ထွက်ပါတယ်။

အာဠဝီပြည်သူ ပြည်သား တွေက ဘုရားအမှူးရှိတဲ့သံဃာ တော်တွေကိုဆွမ်းခဲဖွယ်ဘောဇဉ် တွေနဲ့လုပ်ကျွေးပြုစုကြပါတယ်။ ပြီးမှတရားနာမယ်ဆိုပြီးဘုရားရှင် ရဲ့သပိတ်တော်ကို ယူပါတယ်။ မြတ်စွာဘုရားကလည်းနွားအရှာ သွားတဲ့ဆင်းရဲသားရောက်မှတရား ဟောမယ်ဆိုပြီး ဆိတ်ဆိတ်ထိုင် နေတော်မူပါတယ်။ ဆင်းရဲသားဟာ နေ့ခင်းမှ နွားရှာတွေ့ပြီးခြံထဲနွားသွင်းထား ခဲ့ကာကပျာကသီပဲ တရားနာ မမီမှာစိုးပြီး ဘုရားရှင်ထံထွက် လာခဲ့ပါတယ်။

ဘာမှမစားရသေး တဲ့သူ့ ဗိုက်ဟာ တဂျုတ်ဂျုတ် တဂွီဂွီမြည်ပြီး လွန်စွာပဲဆာ လောင်မွတ်သိပ်နေပါတယ်။ အလျင် အမြန်မြတ်စွာဘုရား ကိုဦးချပြီးတစ်နေရာမှာ သွားထိုင် နေတဲ့ယောကျာ်းကို မြင်တော့ မြတ်စွာဘုရားရှင်ကဝေယျာဝေစ္စ ဆောင်ရွက်ကြတဲ့ သူတွေကို သံဃာမျာြးွကင်းကျန်တဲ့ထမင်း ဟင်းများရှိသေးရဲ့လားမေး တော့ အရှင်ဘုရား များစွာကျန် ပါသေးတယ်လို့လျှောက်ထား တဲ့အခါ ဆင်းရဲသားဒကာကို ကောင်းကောင်းမွန်မွန် ကျွေးမွေး ခိုင်းပါတယ်။ (ပိဋကတစ်ခုလုံးမှာ အခုလို ဘုရားရှင် ကိုယ်တော်တိုင်ဧည့် သည်အာဂန္တုကို ထမင်းကျွေးခိုင်း တာဒီဒကာတစ်ယောက်ပဲရှိတယ် လို့အဌကထာဆရာကဆိုပါတယ်) အဲသလို ဧည့်သည် ဆင်းရဲ သားစားသောက်ပြီးလို့ စိတ်ငြိမ် သွားမှ တရားကို မြတ်စွာဘုရား ဟောကြား ပါတယ်။

ဒါဟာ ဆာလောင်မှုကြောင့် စိတ်မတည်ကြည် နိုင်တဲ့အခါ တရားကိုကောင်း ကောင်းနာယူနိုင်မှမဟုတ်တဲ့အ တွက် ဒီလိုကျွေးမွေးပြီးမှသစ္စာ လေးပါးကို ပြခြင်းဖြစ်ပါတယ်။ အဲဒီအခါဆင်းရဲသားသောတပန် တည်ပါတယ်။ဒီလိုအနုမောဒနာ ပြုပြီး ဘုရားရှင်သာဝတ္ထိပြည်ကို ပြန်ြွကတော်မူပါတယ်။ အဲသလိုကြွတဲ့ အခါ လမ်း ခရီးမှာ ရဟန်းတွေ ကတိုးတိုးတိုး တိုးနဲ့ အတင်းပြော ကြပါတယ်။ တစ်ကြိမ်တစ်ခါမှ ဒီလိုဒကာကို မကျွေးမွေးဖူးဘဲ ဒီဒကာကိုမှ ကျွေးမွေးခိုင်းတယ်ဘာညာပေါ့။
အတင်းအုပ်ကြတဲ့ အခါဘုရားရှင် ကမှန်တယ် ရဟန်းတို့ ယူဇနာ သုံးဆယ် ရှိတဲ့ဒီခရီးကို ငါဘုရား ကြွချီ လာခြင်းဟာ ဒီ ဒကာရဲ့ ဥပနိဿယကိုမြင်လိြုွ့ကခြင်းဖြစ် တယ်။ဒီလူဟာဆာလောင်မွတ် သိပ်လျက် တောကြီးထဲ နွား အရှာသွား၊ အပြေးပြန်လာတယ်၊ တရားနာ၊ ဒီအခါ ဆာလောင်ခြင်း ဒုက္ခကြောင့် တရားကို ထိုးထွင်း သိနိုင်မှာ မဟုတ်ဘူး။

ဒါ့ကြောင့် ကျွေးမွေးခိုင်းခြင်း ဖြစ်တယ် လောကမှာ ဆာလောင်ခြင်း လောက်အဆိုးရွားဆုံး ရောဂါမရှိ ဘူး။ မတည်မြဲတဲ့ သင်္ခါရလောက် အဆိုးရွားဆုံး ဒုက္ခမရှိဘူး}ဟု ဟောကြားခဲ့ပါတယ်။ ဒီမှာဆာလောင်မှု ဟာလည်း ဆိုးရွားတဲ့ ရောဂါပါပဲ။ ဒီတော့ အစား အသောက်ကို လည်း အတိုင်းအတာနဲ့ မှန်မှန်စားပေး ရပါမယ်။ တအားနင်းကန်စားလို့ လည်းမဖြစ်ပါဘူး။ သင့်တင့် လျောက်ပတ်ရုံစားရမယ်ဆိုတဲ့ အဖြေရပါတယ်။ အစာမရှိရင်လည်း ဥာဏ် အလင်းကိုမရနိုင်သလိုနင်းကန် စားပြန်ရင်လည်း ငိုက်မြည်းအိပ် ငိုက်နေလို့ ဥာဏ်အလင်းကိုမရ နိုင်ပါဘူး။

ဒီနေရာမှာ ရှင်ရဟန်း တွေကို နေနည်း ထိုင်နည်းစား သောက်နည်းတွေသင်ကြားပြသ ပေးတဲ့ သေခိယလို့ခေါ်တဲ့လိုက် နာကျင့်သုံးရမယ့်သိက္ခာပုဒ်တွေ ရှိပါတယ်။ အဲဒီမှာမြတ်စွာဘုရား ကနောက်ထပ်ထမင်းစားတဲ့အခါ မှာ နောက်ထပ် လေးငါးလုတ် လောက်စားလိုက်ရင် ဗိုက်ဝသွား တော့မယ်ဆိုတာကိုသိတာနဲ့ အဲဒီလေးငါးလုတ်ကိုမစားဘဲရေ သောက်လိုက်ပါလို့ညွှန်ကြားပါ တယ်။

ဒီလိုလေးလုတ်ငါးလုတ် အစား ရေသောက်ခြင်းအားဖြင့် ပိုပြီးကျန်းမာ၊ပိုပြီးအစာကြေလွယ် တယ်လို့အဌကထာဆရာကဖွင့် ဆိုပါတယ်။ ဒီနေရာမှာရဟန်းသံဃာများ ညစာမစားခြင်းနဲ့ ပက်သက်လို့ လည်းထို့အတူပါပဲ။ညစာဟာလူ ကိုအများကြီးကျေးဇူးမပြုပါဘူး။ ကိလေသာကိုထူပြောစေတယ်၊ ပွားများစေတယ်လို့အဌကထာ ဆရာများက ဖွင့်ဆိုကြပါတယ်။
အစားအသောက် စားရာမှာ ဘုရားရှင် ပေးထားတဲ့ နည်းစနစ်များ ဟာအင်မတန် လိုက်နာကျင့်သုံး စရာကောင်း ပါတယ်။ကျွန်တော် တို့ဟာလောက နောက်ကိုလိုက် ပြီးကောင်းရင်ကောင်းသလို နင်း ကန်စားတာ မသင့်တော်ပါဘူး။ ချင့်ချင့်ချိန်ချိန်နဲ့တန်ယုံသင့်ယုံ စားကြဖို့လိုပါတယ်။ သီလရှင်ဆရာကြီး ဒေါ် သုမင်္ဂလက လူတွေက အစာအိမ် ဆန့်သလောက် နင်းကန်စားနေ ကြတာပဲ ဆိုတဲ့ စကားသံကြား တော့ကျွန်တော်ဟာဓမ္မပဒထဲက ဒီအဖြစ် အပျက်နှစ်ခုကို ပြေးမြင် သတိရ မိပါတယ်။

ခုလိုရောဂါ ဘယတွေ သွေတိုးတွေ၊ လေဖြတ် တွေ၊နှလုံး သွေးကြော ကျဉ်းတွေ ပေါနေတဲ့ခေတ်မှာ အစားအသောက် ဆင်ခြင်ဖို့ဟာ အဓိကအချက် ပါလို့သိလိုက် ရပါတယ်။မြတ်စွာ ဘုရားရှင်ကလည်း ရောဂါ၊ရောဂါ လို့ပြောတယ်။ ရဟန်းတို့တကယ် တော့ရောဂါဆိုတာ ရုပ်တရားတွေ ရဲ့နာမည်ပဲလို့ မိန့်ခဲပါတယ်။

ရုပ်တရားရှိရင် အစာကျွေး ရမယ်၊ အစာကြောင့် ရုပ်တရား တွေ ဖောက်ပြန် မသွားအောင် အစာကျွေးရင် စနစ်တကျအသိ တရားနဲ့ ဆင်ခြင်သုံးဆောင်ရမှာ လူသားတွေရဲ့တာဝန်ပါပဲကိုလှသန်း ကိုလည်း အမှတ်ရလို့ ဒီဆောင်း ပါးလေးကို ရေးဖြစ်လိုက် ပါတယ်။ 

ဥက္ကာကျော်
Credit: SHADE Journal

Friday, June 28, 2013

ဝက်သားနှင့် ဂျူးအုပ်ချက်




ကျွန်တော်ဒီနေ့ဖတ်ဖြစ်တဲ့မဂ္ဂဇင်းတစ်စောင်ထဲက ရှမ်းပြည်ရိုးရာ ဓလေ့အစားအစာထဲက သဘောတကျ ပြန်လည်ဝေမျှပေးချင်တဲ့ ဟင်းလျာကတော့ အသားဟင်းကို ဂျူးမြစ်အုပ်ချက်တဲ့ဟင်းပေါ့နော်။ ဓနုမျိုးနွယ်တို့ ရှမ်းအင်းအနွယ်တို့ဟာ ဂျူးမြစ်ကိုခုံခုံမင်မင် စားသောက်တတ်တဲ့ ဓလေ့ရှိပါသတဲ့။ သူတို့ချက်ပြုတ်တဲ့ဟင်းလျာတွေမှာထည့်တတ်တဲ့ အမယ်တွေဟာ သဘာဝကရတဲ့အရာတွေ များပါတယ်။ ဟင်းချိုမှုန့်တို့လို့ အပဟိကတွေသိပ်မပါဘူးပေါ့နော်။ 

အရင်ကတော့ ခြေလေးချောင်းသားသိပ်မစားတတ်ကြတဲ့သူတွေ ပါတဲ့။နောက်ပိုင်းမှသာ စားလာကြတယ်လို့ပြောပါတယ်။
ကဲကဲ….၀က်သားကို ဂျူးမြစ်နဲ့အုပ်ချက်တဲ့ဟင်းလျာဖြစ်ပါတယ်။ ၀က်သားဆိုရင် သုံးထပ်သားက ပိုကောင်းပါတယ်တဲ့။ ၀က်ငယ်၍ အခေါက်ပါးပြီး နုနေခဲ့လျှင် အခေါက်ကိုဖယ်ထုတ်ရန်မလိုပါ၊ အခေါက်ထူပြီး ရင့်မာနေလျှင်တော့ ပယ်လိုက်သင့်ပါတယ်။ထည့်ချက် တည့်အခါ မနူးနိုင် မနပ်နိုင် စားတော့ပျဉ်းထုပ် ပျဉ်းထုပ်နှင့် ၀ါးမရ စားမရဖြစ်တတ်တာကိုးနော်။

ဝက်သားနှင့် ဂျူးအုပ်ချက်
လိုအပ်သောပစ္စည်းများ -
ဂျူးမြစ် ၁၀ကျပ်သား၊ ၀က်သားသုံးထပ်သား ၁၀ကျပ်သား၊ ကြက်သွန်ဥနီ အရွယ်တော် ၃လုံး၊ ကြက်သွန်ဥဖြူ အရွယ်တော် ၅လုံး၊ ဆီ အနည်းငယ်မျှသာ၊ ဆား အနည်းငယ်၊ ကြာညို့ ခေါ် တရုတ်ငံပြာရည်အချို အနည်းငယ်၊ ဂျင်းကြိုက်လျှင် ဂျင်းသုံးနိုင်ပါတယ်။

ပြင်ဆင်နည်း
၁။ ဂျူးမြစ်ကို လက်တစ်ဆစ် အရွယ်ခန့်စီလှီးဖြတ်ထားရပါမည်။
၂။ ၀က်သုံးထပ်သားကို ပါးပါးလက်တစ်လုံးဗြက်နှင့် လက်တစ်ဆစ်ခန့်ဆီလှီးပါ။
၃။ ကြက်သွန်ဥနီကို ရှစ်စိတ်ခန့် ပိုင်းဖြတ်ထားပါ။
၎။ ကြက်သွန်ဥဖြူကို ဓားပြားရိုက်ထားပါ။
၅။ ၀က်ညှီနံ့ကို ကြောက်လျှင် ချင်းပါးပါးသုံးပြားခန့် လှီးထားပါ။
၆။ အစပ်ကြိုက်သူတို့အဖို့ ငရုတ်စိမ်း ရင်ကွဲရုံအူဖောက်ထားပါ။

ချက်ပြုတ်နည်းအဆင့်ဆင့်
ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူ ဓားပြားရိုက်နှင့် ကြက်သွန်နီရှစ်စိတ်ပိုင်းဖြတ်ထားသည်တို့ကိုထည့်ပါ။ ချင်းကြိုက်က ချင်းပြားသုံးပြားကိုလည်း တစ်ပြိုင်တည်းထည့်ပါ။

မီးအေးအေးဖြင့် နှံ့အောင်မွှေပါ။ ကြက်သွန်သင်းရနံ့ထွက်လာလျှင် သုံးထပ်သားလှီးထားသည်ကိုထည့်ပါ။ နှံ့အောင်မွှေပြီး ၀က်သားလည်းကျက်၊ ၀က်ဆီလည်းထွက်လာပြီ ဆိုသောအခါ လှီးဖြတ်ထားသော ဂျူးမြစ်များကိုထည့်ပါ။ ဆားသင့်ရုံ ထည့်ပြီး မွှေပေးပါ။

ဂျူးမြစ်ပိုင်းများမှာ ညှိုးကျလာလျှင် ရေအနည်းငယ်စွက်ပြီး အဖုံးအုပ်ထားပါ။ မီးမပြင်းပါနှင့်။ ဟင်းနဲ့မွှေးကြိုင်လာလျှင် ကြာညို့ အနည်းငယ် ဆမ်းပြီး နှံ့အောင်မွှေပါ။ အဖုံးခေတ္တအုပ်ထားပါ။

ဟင်းအိုးချကာနီး၌ အစပ်ကြိုက်သူတို့ ရင်ခွဲအူဖောက် ငရုတ်သီးစိမ်းတောင့်ကိုထည့်ပြီး အဖုံးအုပ်ပါ။ မီးပေါ်ကချပြီး ခေတ္တအကြာမှာ စားသောက်ဖို့ အဆင်သင့်ဖြစ်ပါပြီ။

*အထူး- အချဉ်ဓာတ်လေးနည်းနည်းပါစေချင်သူတို့အဖို့ ခရမ်းချဉ်သီးနှစ်လုံး လေးစိတ် စိတ်စိတ်ပြီး ဂျူးအုပ်နှပ်စဉ်မှာထည့်နှပ်လိုက်ပါ။ ဟင်းအရောင်ပိုလှ၊အရသာ တစ်မျိုးထားပါသည်။ ဂျူးအချိုသာကြိုက်သူတို့က ခရမ်းချဉ်သီးမထည့်ပါနှင့်။

အကယ်၍ အချိုအရသာ နည်းနည်းကဲလိုလျှင် ဟင်းချိုမှုန့် ဟင်းခတ်မှုန့်တို့ကိုလည်း ကျန်းမာရေးအတွက်မသုံးလိုဘူးဆိုပါလျှင် သကြား နည်းနည်းဖြူးနိုင်ပါသည်။ ဟင်းအိုး မီးပေါ်က အချမှာ သကြားဖြူးပြီး အဖုံးအုပ်ကာ ခေတ္တနှပ်ထားရုံဖြင့် လုံလောက်ပါပြီ။ ချက်ပြုတ်စဉ် သကြားကြိုတင်ထည့်လိုက်ပါက ဟင်းတူးလွယ်ပါသည်။ ကြာညို့ကိုလည်း စောစောကြိုမထည့်ထားသင့်ပါ။ အတူးမြန်စေပါသည်။

Credit: Wellness Magazine – June 2013, မင်းသန့်ဦး(တောင်ကြီး)ရဲ့ ရှမ်းပြည်နယ်တောင်ပိုင်း အင်းဓလေ့အစားအစာများ(၂၆)

လူမျိုးဆိပ်သုဉ်းပျောက်ကွယ်ရေးဘဝ




‘ကိုလိုနီ’ (colony) ဆိုလျှင် အင်အားကြီးနိုင်ငံတခုက တခြားအင်အားငယ်နိုင်ငံတခုကို (သို့မဟုတ်) နိုင်ငံအများကို သဘောတူ သည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ စစ်ရေးအရကျူးကျော်ဝင်ရောက်သိမ်းပိုက်ပြီး အချုပ်အချာကို သိမ်းချုပ်ကာ လက်အောက်ခံ နိုင်ငံပြု လုပ်သည်ဟု ယေဘူယျ နားလည်ကြသည်။ ‘ကုန်ကြမ်းထုတ်-ကုန်ချောယူ’ ဆိုသည့် စီးပွါးရေးအရသော်လည်းကောင်း၊ စစ်ရေးအရ ‘အစောင့်ရှောက်ခံနိုင်ငံ’ အဖြစ် လည်းကောင်းသို့မဟုတ် ‘ရှေ့တန်းစစ်စခန်း’ အဖြစ် လည်းကောင်း၊ နှစ်ခုစလုံးအတွက်သော် လည်းကောင်းနိုင်ငံတကာ နယ်ချဲ့များ ကျင့်သုံးခဲ့သည့် နယ်မြေဖြစ်သည်။

ယဉ်ကျေးသောနယ်ချဲ့များသည် မိမိတို့အကျိုးအမြတ်ရရှိရေးအတွက် နယ်ချဲ့ခံနယ်မြေများ တိုးတက်ရေးကို အာရုံစိုက်ခဲ့ကြသည်။ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊အုပ်ချုပ်ရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှုအဖက်ဖက်မှ ဒေသခံများ တိုးတက်အောင် ဖန်တီးခဲ့သည်။ ဒေသခံအလိုတော်ရိများ တိုးတက်လေ နယ်ချဲ့များ အကျိုးအမြတ်ရလေ။တချိန်တည်းတွင် အလိုတော်ရိမဟုတ်သော ဒေသခံများ အမြင် ကျယ်လာလေ လွတ်လပ်ရေးတိုက်ပွဲများ ပေါ်ထွန်းလေဖြစ်ခဲ့သည်။ သို့ဖြစ်၍ မတိုးတက်သောဒေသများတွင် ဒေသငယ်မှ ဒေသကြီး၊ မြို့ပြနိုင်ငံမှ အမျိုးသားနိုင်ငံအဆင့် မြင့်မားခဲ့ရသည်။ 

လွတ်လပ်သောအမျိုးသားများနိုင်ငံ၊ ဓနသဟာယနိုင်ငံ၊ အစောင့် အရှောက်ခံနိုင်ငံ များ ပေါ်ထွန်းလာခဲ့ကြသည်။ မတူကွဲပြားခြားနားသော ယဉ်ကျေးမှု ရိုးရာဓလေ့များ၊ လူနည်းစုများ ရှင်သန် တည်တံ့ ရေးကို အလေး ပေးခဲ့သည်။
ကောင်းကျိုးများရှိခဲ့သလို ဆိုးကျိုးများလည်း အမြောက်အများ ရှိခဲ့သည်။ နယ်ချဲ့ခံနိုင်ငံများ၏ လူသားအရင်းအမြစ်များ၊ သဘာဝ အရင်း အမြစ်များကို နယ်ချဲ့နိုင်ငံများကသူတို့အကျိုးအမြတ်အတွက် ဖက်စုံအသုံးချခဲ့ကြသည်။ နယ်မြေများကိုမူ ဒေသခံပြည်သူ များဆန္ဒမပါဘဲ သူတို့အုပ်ချုပ်ရလွယ်အောင် အခြမ်းခြမ်း စိတ်ဖြာခဲ့သည်။ စိတ်ပိုင်းဆိုင်ရာအရကိုလိုနီကျွန်စိတ်များ သွင်းထားခဲ့သည်။ နယ်ချဲ့များကို အရှင်သခင်းများဟု အမြင်ရောက်စေခဲ့သည်။ တော်လှန်လိုစိတ်များ ကင်းမဲ့အောင် ဖန်တီးထားခဲ့သည်။

(၁၉၆၀) ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂမှ နိုင်ငံတကာနယ်ချဲ့စနစ် (International Colonialism)  ချုပ်ငြိမ်းသွားပြီးဟု ကြေငြာလိုက်ချိန် တွင် မလွတ်လပ်သေးသော လွတ်လပ်ရေးတိုက်ပ၀ွဲ င် နိုင်ငံများအတွက် အကျပ်ရိုက်သွားခဲ့ရသည်။ ယင်းအချိန်တွင် ကမ္ဘာကြီး၌အုပ်စု (၃) စု ခွဲထားသည်။ အရင်းရှင်ကမ္ဘာကို ပထမကမ္ဘာ (1st World)၊ ဆိုရှယ်လစ် ကမ္ဘာကို ဒုတိယကမ္ဘာ (2nd World)၊ လွတ်လပ်စ နိုင်ငံများကမ္ဘာကို တတိယကမ္ဘာ (3rd World) ဟူ၍ ခွဲခြားထားခဲ့ကြသည်။သို့သော် လွတ်လပ်စကမ္ဘာတွင် မလွတ်လပ်သေး သော အမျိုးသားများ မြောက်မြားစွာ ရှိသေးသည်။ သမိုင်းအရ ကိုယ့်မင်းကိုယ့်ချင်းနှင့် နေလာသော အမျိုးသားများကိုပြည်သူ့ဆန္ဒမပါဘဲ ကမ္ဘာ့နယ်ချဲ့များက ဤတတိယကမ္ဘာတွင် ထည့်သွင်းထားခဲ့ ကြသည်။သူတို့သည် မလွတ်လပ်သေးသော ကိုလိုနီများ ဖြစ်ကြသည်။ သို့သော် ကမ္ဘာ့ကိုလိုနီစနစ်ချုပ်ငြိမ်းသွားပြီဟုကြေငြာချိန်တွင် ဒေသန္တရကိုလိုနီနယ်ချဲ့များ (regional colonists) အောက်တွင် ၎င်း တို့ရှိနေခဲ့သည်။

ဤလွတ်လပ်စကမ္ဘာများသည် ကမ္ဘာ့နယ်ချဲ့များက ဒေသခံပြည်သူများ (၀ါ) လူမျိုးများဆန္ဒကိုမယူဘဲ သူတို့အုပ်ချုပ်ရေးအဆင်ပြေမှု၊ နယ်ချဲ့အချင်းချင်း သဘောတူညီမှုများအပေါ်အခြေခံပြီး နယ်မြေများခွဲခြားမှုအပေါ် လူမျိုးတမျိုးထက် ပို၍နေထိုင်သော တိုင်းပြည်များ ဖြစ်ကြသည်။ ဤတိုင်းပြည်များတွင် တချို့က လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ ကိုယ့်ကြမ္မာကိုယ်ဆုံးဖြတ်ပိုင်ခွင့်ရရှိရေးကို အာမခံချက် ရှိပြီး နိုင်ငံရေးအရ တန်းတူအခွင့်အရေးများရှိသော ဖယ်ဒရယ်နိုင်ငံအဖြစ်လည်းကောင်း၊ ကွင်ဖယ်ဒရယ်နိုင်ငံအဖြစ် လည်းကောင်းတည် ဆောက်နိုင်ကြပြီး၊ ဤအခွင့်အရေးများ မပေးသော နိုင်ငံများမှာ ဒေသန္တရ ကိုလိုနီစနစ် (regional colonialism) ကို ဆက်လက် ကျင့် သုံးသွားကြသည်။
သို့သော် ကမ္ဘာက ၎င်းဒေသန္တရကိုလိုနီနယ်ချဲ့များ (regional colonists)ကို နယ်ချဲ့များဟု မသတ်မှတ်ကြသဖြင့် သူတို့သည် ‘ဖုန်း ကွယ်ခံနယ်ချဲ့များ (hidden colonists)’ ’ ဖြစ်လာခဲ့သည်။ သူတို့လက်အောက် နယ်ချဲ့ခံအမျိုးသားများသည် ‘ဖုန်းကွယ်ခံ ကျွန်ပုန်း ကိုလိုနီ(hidden colony)’’ ဖြစ်လာခဲ့ရသည်။ ဤသည်ကို စတုတ္ထကမ္ဘာ (4th world)ဟု သတ်မှတ်ရမည်။ ယနေ့ကမ္ဘာတွင် ‘ကိုယ်စား ပြုမခံရသော အမျိုးသားများနှင့် ပြည်သူများအဖွဲ့(Unre -presented Nations and Peoples Organization – UNPO) သည် စတုတ္တကမ္ဘာ (4th world)အဖွဲ့ဝင် ကျွန်းပုန်းကိုလိုနီများအသင်း ဖြစ်သည်။ တနည်းပြောရလျှင် မလွတ်လပ်သေးသော ကျွန်ပုန်းကိုလိုနီ များ၏ ကမ္ဘာ့ကုလသမဂ္ဂ (shadowed UN)ဖြစ်သည်။ ဤအ၀န်းအ၀ိုင်းကလွတ်လပ်သွားလျှင် ကုလသမဂ္ဂအဖွဲ့ (UNO)၏ အဖွဲ့ဝင် ဖြစ်သွားမည်။ (၁၉၉၈) ခုတွင့်UNPO၏ ကြွေးကြော်သံသည် ‘လွတ်လပ်သောနိုင်ငံများ ပြည်ထောင်စု’ (Federation of Independent States – FIS) ဖြစ်လာသည်။

ငါတို့ ရခိုင်ပြည်အမျိုးသား ညီညွတ်ရေးပါတီ (NUPA) ၏ သဘာပတိကြီးဦးမောင်စိန်ညွှန့်က (၁၉၉၆) ခုတွင် ‘လွတ်လပ်သောလူမျိုးများ ဆန္ဒအလျောက် ပူးပေါင်းနေထိုင်သောစနစ်’ (Voluntary association of Free Nations) ကို ကျင့်သုံးသွားမည်ဟု မဟာမိတ်များ ဖြစ်သောကရင်အမျိုးသားအစည်းအရုံး( KNU) ကရင်နီအမျိုးသားတိုးတက်ရေး(KNPP)ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မွန်ပြည် သစ်ပါတီ (MNSP) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (PLF) တို့နှင့် တွေ့ဆုံစဉ်ပြော ကြားခဲ့ဖူးသည်။ ယနေ့ ဗမာပြည်ထောင်စုခေါ် နိုင်ငံတွင် ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ကရင်နီ၊ မွန်၊ ရခိုင်တို့သည် ကျွန်ပုန်းကိုလိုနီများ ဖြစ် ကြသည်။ စစ်အာဏာရှင်သည် နယ်ချဲ့ပုန်း (Hidden Colonist) ဖြစ်သည်။ ဤကျွန်ပုန်းကိုလိုနီစနစ် (Hidden Colonialism) တွင် နယ်ချဲ့စစ်အာဏာရှင် နအဖက ဗမာမဟုတ်သောလူမျိုးကို ဗမာမှုပြု (Burmanization) ရန်အောက်ပါစနစ်များကို ကျင့်သုံး နေသည်။

(၁) ဗမာရုံးသုံးအမျိုးသားရေးဝါဒ (Burma Official Nationalism)
(၂) ဗမာဒေသကို စီးပွါးရေးအရ ဗဟိုပြုဝါဒ (Economic Centralism)
(၃) ယဉ်ကျေးမှုအရ ၀ါးမျိုမှု (Cultural Hegemonism)
(၄) ကိုလိုနီ သွေးသားရောနှောမှု (Colonial assimilation) များကို ကျင့်သုံးနေသည်။

အကျိုးဆက်အဖြစ် နအဖ စစ်အာဏာရှင်လက်အောက် ကျွန်ပုန်းကိုလိုနီများသည် အောက်ပါစနစ်ဆိုးအောက်တွင် ဗမာမှုပြုခြင်း (Burmaniztion) ခံနေရသည်။

(၁) တဆင့်ခံလူမျိုးငယ်များ (Sub-nation Status)
(၂) ရွေ့ပြောင်းအလုပ်သမားများ (Migrant Workers)
(၃) ယဉ်ကျေးမှု ဓလေ့ထုံးစံများ ဖျက်ဆီးခံရခြင်း (Cultural Genocide)
(၄) လူမျိုးပျောက်ကွယ်ခြင်း (National Extinction of Ethnic Cleansing)
အထိ ရောက်သွားရမည်။

ဗမာ့ရုံးသုံးအမျိုးသားရေးဝါဒ (Burma Official Nationalism)
“ဗမာပြည်သည် တို့ပြည်၊ ဗမာစကားသည် တို့စကား၊ ဗမာစာသည် တို့စာ၊ ဗမာပြည်ကို ချစ်ပါ၊ ဗမာစကားကို လေးစားပါ၊ ဗမာစာကို မြတ်နိုးပါ။” ဟူ၍ အုပ်ချုပ်သူဗမာပါလီမန်အစိုးရသော်လည်းကောင်း၊ စစ်အာဏာရှင်အစိုးရသော်လည်းကောင်း၊ ကြွေးကြော်ကျင့်သုံး ခဲ့ကြသည်။ ဗမာပြည်လွတ်လပ်ရေးအတွက် တိုက်ပ၀ွဲ င်နေသည့်ကာလတွင်ဗမာလူမျိုးတရပ်လုံးကို အမျိုးသားရေးစိတ်ဓာတ် တက်ကြွ စေရန်သုံးခဲ့စဉ် မှန်ခဲ့သလောက်လွတ်လပ်ရေးရပြီးနောက် ဆက်လက်ကျင့်သုံးခြင်းသည် အခြားတိုင်းရင်းသားများအား “၀ါးမျိုရေး” မူကို ကျင့်သုံးရာ ရောက်သည်။ ယနေ့ဗမာမဟုတ်သော တိုင်းရင်းသားဒေသများတွင် ဤကြွေးကြော်သံများနှင့်အတူ နအဖစစ်အစိုးရက “ဗမာ မှု” လုပ်နေသဖြင့် ဗမာမဟုတ်သော တိုင်းရင်းသားဒေသများတွင် ဤကြွေးကြော်သံများနှင့်အတူ နအဖစစ်အစိုးရက “ဗမာမှု” လုပ်နေ သဖြင့် ဗမာမဟုတ်သောတိုင်းရင်းသားများသည် “လူမျိုးငယ်များ” (Subnations) အဆင့် သို့ လျော့ကျခဲ့ရသည်။ မိမိတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ စာပေများ၊အမျိုးသားလက္ခဏာများ ၀ါးမျိုခံခဲ့ရသည်။ 
အမျိုးသားရေးစိတ်ဓာတ်များ လျော့ရဲခဲ့ရသည်။ နောက်ဆုံး မိမိတို့အမျိုးသားကို မြတ်နိုးစိတ် ကုန်ခမ်းခဲ့ရသည်။ ဤသည်မှာ မိမိတို့လူမျိုးပျောက်ကွယ်မည့်လမ်းကို ရှေးရှုနေခြင်း ဖြစ်သည်။

ဗမာဒေသကို စီးပွါးရေးအရ ဗဟိုပြုဝါဒ (Economic Centralism)
လမ်းပန်းဆက်သွယ်ရေးသည် နိုင်ငံတနိုင်ငံ၏ စီးပွါးရေး အသက်သွေးကြောဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး အဖြတ်တောက်ခံရ သောဒေသသည် စီးပွါးရေးပျက်ပြိုရ မည်သာဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးကို အမှီသဟဲပြုနေရသော စီးပွါးရေးလုပ်ငန်းရှင်များ စီးပွါးပျက်ရသည်။ သို့ဖြစ်၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သောဒေသသို့ပြောင်းရွေ့သွားရသည်။ စက်ရုံအလုပ်ရုံမရှိသောဒေသ သည် ကုန်ကြမ်းထုတ်၊ ကုန်ချောပို့ခံရသော ကိုလိုနီဈေးကွက် ဖြစ်ရသည်။ ယင်းဒေသမှ ပညာတတ်များသည် အလုပ်လက်မဲ့ဖြစ်ပြီး စက်ရုံအလုပ်ရုံရှိရာဒေသသို့ ရွေ့လျားသွားကြသည်။ ယနေ့ဗမာဒေသကို လမ်းပန်းဆက်သွယ်ရေး အကောင်းဆုံးဖြစ်အောင်လုပ်ထား သည်။ ကုန်ချောထုတ်စက်ရုံများ ဗမာဒေသတွင် ဗဟိုပြုတည်ဆောက်ထားသည်။ စီးပွါးရေးဗဟိုချက်မ ဖြစ်အောင် ဖန်တီးထားသည်။

ဗမာမဟုတ်သော တိုင်းရင်းသားများဒေသမှ စီးပွါးရေး အဆင်မပြေသူများ၊ အလုပ်လက်မဲ့များ၊ ပညာတတ်များ ဗမာဒေသသို့ မလွဲမရှောင် သာ ရွေ့ပြောင်းလာခဲ့ရသည်။ တိုင်းရင်းသားများဒေသတွင် လူဦးရေလျော့နည်းခဲ့ရသည်။ ဦးနှောက်ယိုစီးမှုများ ဖြစ်ခဲ့ရသည်။ တိုင်းရင်း သားများဒေသ၌ အတတ်ပညာရှင်များ၊ အသိပညာရှင်များ မိမိမြေကို စွန့်ခွါသွားကြရသည်။

ယဉ်ကျေးမှုအရ ၀ါးမျိုမှု (Cultural Hegemonism)
ဗမာစာကို ရုံးသုံးစာ၊ ဗမာစကားကို ရုံးသုံးစကား၊ ဗမာယဉ်ကျေးမှုကို အမျိုးသားယဉ်ကျေးမှုအဖြစ် အသိအမှတ်ပြုလိုက်ရာမှ တခြား ဗမာမဟုတ်သော တိုင်းရင်းများ၏စကား၊ စာပီ၊ ယဉ်ကျေးမှုစသော အမျိုးသားလက္ခဏာများ မှေးမှိန်သွားခဲ့ရသည်။ ယဉ်ကျေးမှု ၀ါးမျို ခံလိုက်ရသည်။ ဤသည် လူမျိုးတမျိုး၏ အမျိုးသားရေးစိတ်ဓာတ်ကို ချိုးနှိမ်ခံလိုက်ရခြင်းဖြစ်သည်။ မျိုးချစ်စိတ်ဓာတ် ကျဆင်းစေသည်။ အခြားတဖက်တွင် ဗမာမှုပြုခြင်းကိုအထင်းကြီးစိတ်ဖြစ်ပေါ်စေသည်။ မိမိလူမျိုးနှင့် ယဉ်ကျေးမှုကို အထင်သေးအမြင်သေး ဖြစ်စေသည်။

ကိုလိုနီသွေးသားရောနှောမှု (Colonial Assimilation)
ဤကဲ့သို့ ဗမာအမျိုးသားရေးကို ပြည်ထောင်စု၏ ရုံးသုံးအမျိုးသားရေးအဖြစ် ဖန်တီးထားခြင်း၊ ဗမာပြည်ကို စီးပွါးရေးဗဟိုချက်မ ဖန်တီး လိုက်ခြင်း၊ ဗမာယဉ်ကျေးမှုကိုနိုင်ငံတော်ယဉ်ကျေးမှုအဖြစ် သတ်မှတ်လိုက်ခြင်းများသည် ဗမာမဟုတ်သော အခြားတိုင်းရင်းသားများ၏ ဘ၀တည်ငြိမ်မှုကို ပျက်စီးစေသည်။ ၎င်းတို့၏ ယဉ်ကျေးမှုများကို ၀ါးမျိုလွှမ်းမိုးလိုက်ခြင်းသည် ထိုလူမျိုးများကို ပျောက်ပျက်စေသည်။ တိုင်းရင်းသားလူမျိုးများသည်အသိတရားအရသော်လည်းကောင်း၊ ရုပ်ဘ၀အရသော်လည်းကောင်း၊ ခံစားချက်၊ ခံယူချက်များ ပြောင်း လဲခဲ့ရသည်။ အမျိုးသားဘ၀ ပျောက်ကွယ်ခဲ့ရသည်။
သို့ဖြစ်၍ ကျွန်ပုန်းကိုလိုနီဘ၀ ကျေ ရာက်နေသော အမျိုးသားများ၏ နောက်ဆုံးဘ၀မှာ ‘လူမျိုးဆိပ်သုဉ်းရေး (၀ါ) လူမျိုးပျောက်ကွယ် ရေး’ ဖြစ်သည်။ ငါတို့သည် မိမိတို့လူမျိုး ဆိတ်သုဉ်းပျောက်ကွယ်ရေးလမ်းကြောင်းမှ ငါတို့လူမျိုးကို ကယ်တင်ရမည်။ ဤလုပ်ငန်းသည် မျိုးဆက်တဆက်ပြီးတဆက် လက်ဆင့်ကမ်းဆောင်ရွက်ရသည့် သမိုင်းပေးတာဝန်ဖြစ်သည်။ ငါတို့သည် နောင်မျိုးဆက်များအား ‘အရှုံးပေးဝါဒ’ (Defeatism) ကို သမိုင်းဆိုးမွေအဖြစ် မပေးအပ်။ ငါတို့၏ အဘိုးအဘေးများသည် ငါတို့ကို ဤဆိုးမွေများ မပေးခဲ့၍ ယနေ့တိုင် အမျိုးသားဘ၀ အာမခံချက်ရှိမည့် အမျိုးသားရေးတာဝန်များကို ထမ်းဆောင်ရန်တာဝန်ပေးခဲ့သဖြင့် ဆက်လက်ထမ်းဆောင် နေခြင်း ဖြစ်သည်။ နောင်မျိုးဆက်များကိုလည်းဆက်လက် လက်ဆင့်ကမ်းရဦးမည်။

နိဂုံးချုပ်ရလျှင် နိုင်ငံတကာကိုလိုနီစနစ်တွင် လူမျိုးများ ရှင်သန်တိုးတက်မှုရှိခဲ့သလောက် ဒေသန္တရကိုလိုနီစနစ်တွင် တနည်း ကျွန်ပုန်း ကိုလိုနီစနစ်တွင် လူမျိုး ဆိပ်သုဉ်းရေးကို ဖြစ်ပေါ်စေသည်ဖြစ်၍ ငါတို့အမျိုး မပျောက်ပျက်၊ မဆိပ်သုဉ်းရအောင် အမျိုးသားတည် တံ့ ရှင်သန်ရေးအတွက် ငါတို့နှင့်တကွ နောင်မျိုးဆက်များသည် အဆပေါင်းများစွာ ဆက်လက် တိုက်ပွဲဝင်ကြရဦးမည် ဖြစ်သည်။ ငါတို့၏ အမျိုးသားဘ၀ ရှင်သန်ရေးအတွက် တိုက်ပွဲဝင်ရာတွင် ပထမအဆင့်အနေဖြင့် လူမျိုး မပျောက်ပျက်ရအောင် ဘက်ပေါင်းစုံမှ ခုခံ ကာကွယ်ရမည်မှာ လက်ငင်းတာဝန်ဖြစ်သည်။
“ကိုယ့်ကြမ္မာ ကိုယ်ဆုံးဖြတ်ဖန်တီးခွင့်မရှိသောလူမျိုးတမျိုးသည် ဂုဏ်ကျက်သရေလည်း မရှိ၊ တန်းတူရေးလည်း မရှိ၊ အမျိုးသားဘ၀ လုံခြုံရေးနှင့် နယ်မြေတည်တံ့ ခိုင်မြဲရေးလည်း အာမခံချက်မရှိ။”

(မှတ်ချက်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ “ဗမာမှု” ပြုခံရသော ရခိုင့်လူ့အဖွဲ့အစည်း၏ ဖြစ်ရပ်များ။)

(၁) ယခင်ကာလက ရခိုင့်လူ့အဖွဲ့အစည်းမှ ရခိုင်တို့သည် ရခိုင်ပြည်တွင် အလုပ်လက်မဲ့ဘ၀ကို ဖြေရှင်းနိုင်ရန်အတွက် ရွင့်ကျာ (Migrants) ဘ၀ဖြင့် စီးပွါးရေး ဗဟိုချက်မအဖြစ်ဖန်တီးထားသော ဗမာဒေသသို့ မလွှဲမရှောင်သာ ရွေ့လျားသွားကြသည်။ သူတို့သည် မည်သည့် နေရာသို့ပင် ရောက်ရောက် အိမ်ထောင်ပြုချိန်ရောက်လျှင် မိမိတို့ဆွေမျိုးသားချင်းသော်လည်းကောင်း၊ မိမိရပ်ရွာမှသော်လည်း ကောင်း လာရောက်အိမ်ထောင်ပြုလေ့ ရှိကြသည်။ လူမျိုးခြား၊ ဘာသာခြားများကို အိမ်ထောင်ပြုလေ့ မရှိ။ ရှားရှားပါးပါး ပြုခဲ့မိလျှင်လည်း ၎င်း မိသားစုသည် ရခိုင်မိသားစုသာဖြစ်ခဲ့ရသည်။ ယခုကာလတွင် လုံးဝပြောင်းလဲခဲ့ပြီ။ ရခိုင်-ရှမ်း၊ ချင်း-ရခိုင်၊ မွန်-ရခိုင်၊ ကရင်-ရခိုင် စသည်ဖြင့် အိမ်ထောင်ပြုမိခဲ့လျှင်သော်မှရလာသော သား၊ သမီးများ ဗမာဖြစ်သွားရသည်။ ယင်းထက်ဆိုးဝါး သည်မှာ အမိရခိုင်၊ အဖ ရခိုင်ဖြစ်လျက်နှင့် “ကျွန်တော် ဗမာ” ဖြစ်နေကြပြီ။ မိဖများ ထိန်းသိမ်းမှု အရေးကြီးလာသည်။

(၂) ယခင်က ရခိုင်တို့သည် မိမိဘာသာစကားကို အမြတ်တနိုး တန်ဖိုးထား ပြောကြသည်။သား၊ သမီးများကို အပြင်တွင် ဗမာစကား (သို့မဟုတ်)တခြားဘာသာစကား ပြောချင်သလောက်ပြော ပြဿနာမရှိသော်လည်း အိမ်ကိုရောက်လျှင် ရခိုင်စကား (မိခင်စကား)ကိုသာ ပြောစေသည်။ ယခုမူ သား၊ သမီးများ ဗမာစကား (၀ါ) ဘာသာခြားစကား အိမ်တွင်ပြောနေသည့်အခါ နားထောင်ကောင်းသလို မိဘများ က လိုက်ပြောကြသည်။ မိဘများကိုယ်တိုင် ဘာသာခြားစကားကို လိုလိုချင်ချင် ပြောနေကြပြီ။ တချို့ဆိုလျှင် ရခိုင်ပြည်မှဗမာပြည်ဖက် ကူးသည်နှင့် ရခိုင်စကား မပြောတော့ပေ။ ယင်းထက်ဆိုးသည်မှာ ရခိုင်အသံနှင့်ထိန်း၍ မရ။ ဗမာအသံဖြင့် ထိန်းမှရသည့် အဆင့်ဖြစ်နေ သည်။

(၃) စာပေနှင့် ပတ်သက်လာလျှင် ယနေ့ဗမာစာသည်ပင်လျှင် ရခိုင်စာဖြစ်နေသည်။ ဗမာစာမူလသည် ရခိုင်စာဖြစ်သည်။ မြစေတီ ကျောက်စာက သက်သေပြနေသည်။ ယခင်ရခိုင်ပြည်တွင် ဗမာစာကိုပြလျှင် ရခိုင်တို့ ရခိုင်အသံနှင့် ဖတ်ကြသည်။ ဗမာဆရာ၊ ဆရာမများ ရခိုင်ပြည်သို့ ရောက်လျှင် (၂) လ (၃) လ အကြာတွင် ရခိုင်ဆရာ၊ ဆရာမများ ဖြစ်သွားကြသည်။ ယခုမူ ရခိုင်ပြည်တွင် ဗမာစာကို “ဗမာ အသံ” ဖြင့် ဖတ်ရမည်ဟု အတင်းအဓမ္မခိုင်းစေလာသည်။ ဤလုပ်ရပ်အားလုံးသည် “ဗမာမှု”ပြု ခံနေရသော ရခိုင်တို့၏ ဘ၀မှန်ဖြစ် သည်။ ကျွန်ပုန်းကိုလိုနီဘ၀ နောက်ဆုံးလားရာလမ်းသည် “ရခိုင်လူမျိုးဘ၀” ပျောက်ကွယ်ရေးဖြစ်သည်။

အသျှင်နာဂိန္ဒက ရခိုင်တို့အား “အမျိုးသီလ၊ နှစ်ဌာနကို၊ ပြည့်ဝမဏ္ဍိုင်၊ စောင့်စွမ်းနိုင်၍၊ရက္ခိုင်နာမ၊ ဘွဲ့မည်လှဖြင့်၊ အနွတ္တသညာ၊ ခေါ် အပ်စွာတည်း။” ဟု မှာကြားခဲ့သည်။
ဒေါက်တာခင်မောင်

(Arakan Review ၀ဘ်ဆိုက်ဒ်တွင် မေလ (၁၀) ရက်၊ (၂၀၁၀) တွင် ဖော်ပြခဲ့သောဆောင်းပါး ဖြစ်ပါသည်။)