Saturday, September 14, 2013

ခေတ်အဆက်ဆက်အတွေး စားသုံးသူများကို ခြိမ်းခြောက်ကြမှာလား




"စားသုံးသူများ အခက်များစွာ ကြုံနေရတယ် ဆရာ"

တစ်နေ့တွင် မောင်ဟစ် ကျွန်တော့်ဆီ ရောက်လာသည်။ သူသည် သူ၏ဟစ်တလုံးဟူသော အမည်နှင့်လိုက်အောင် အတော်လေး ဟစ်တတ်သည်။

"ခုဘာတွေ ဖွဦးမှာလဲ"

"လွန်ခဲ့တဲ့ ၁၀ နှစ်လောက် ကတည်းက လူတွေပြောနေကြတဲ့ စားသုံးသူ ကာကွယ်စောင့်ရှောက်ရေးပါ ဆရာ။ အဲဒါတွေကတော့"
သူစာရွက်တစ်ရွက်ကို ပြသည်။

မသန့်သောဆီ (ပြန်ကြော်ဆီ) များကို ပြည်ပမှ တင်သွင်းရောင်းချနေခြင်း။

ရက်လွန်မုန့်များ အထူးသဖြင့် ပြည်ပမှ ဘီစကွတ်တွေ ချောကလက်တွေ ရောင်းချခြင်း။

ချည်ဆိုးဆေးများကို အစားအသောက်များတွင် သုံးခြင်း။

သူပြသော စာရွက်တွင် စားသုံးသူများ အန္တရာယ်ရှိနိုင်သော အမျိုးအမည် ၂၀ ကျော်ကို တွေ့ရသည်။

"ဒါကတော့ ရှေးကတည်းက ရှိတာပါပဲ၊ ဘနဖူးကို သိုက်တူးတယ်လေ။ ရေခဲချောင်းတွေ အချဉ်ထုပ်တွေမှာ ချည်ဆိုးဆေးတွေ တွေ့ရတယ်။ အစားအသောက်တွေမှာ ဆော်ဒါကို ထည့်ကြတာမျိုးတွေပါ။ မုန့်ဟင်းခါးဖတ်မှာ လက်ချား Borax ကို ထည့်တာမျိုးတွေ ရှိတယ်"

"နောက်ပိုင်းမှာ တရုတ်ကလာတဲ့ နို့မှုန့်တွေမှာ မယ်လမင်း ပါလာတာ တစ်ကမ္ဘာလုံး ကျော်ကြားသွားတယ်"

"ဒီတော့ ဘာလုပ်ရမလဲ ဆရာ"

"ပထမ လုပ်ရမှာတော့ သဘာဝမကျတဲ့ အစားအစာကို မစားကြဖို့ပေါ့"

"ဒါဆိုရင် ဘယ်လိုမျိုးကို စားရမလဲ ဆရာ"

"ငယ်ငယ်ကတည်းကစားတဲ့ ရိုးရာအစားအသောက် ပုံစံပေါ့ကွာ"

"ဟာဆရာ စားလို့မရဘူးလေ။ ဆရာ သတင်းဂျာနယ်တွေမှာ တွေ့မှာပေါ့၊ ငါးပိတွေထဲမှာ ယူရီးယားဆိုတဲ့ ဓာတ်မြေသြဇာကို ထည့်တယ်တဲ့"

"အင်း ဖတ်ရပါတယ်။ ဒီအကြောင်းကို ရေးမလို့ ပြင်ဆင်နေတယ်"

ခုကိစ္စမှာ ငါးပိထုတ်လုပ်သူတွေ အများကြီး နစ်နာပါတယ်။ ပြီးတော့ ငါးပိဟာ မြန်မာပြည်သူတွေရဲ့ အဓိက ပရိုတင်းရတဲ့ Source ပါ။ Staple Food ပါ။ ခုဆိုရင် မျှင်ငါးပိအစား အချိုမှုန့်တွေ သုံးနေတာတွေ အများကြီး ရှိတယ်။ ဘာမှန်းညာမှန်းမသိ (မြန်မာလို Specification မပါတဲ့) ကြက်သားမှုန့် ဆိုတာမျိုးလောက်တော့ ငါးပိအန္တရာယ် မကြီးပါဘူးလို့ ယုံကြည်တယ် . . . . .

"ကောင်းတာပေါ့ ဆရာ။ ဆရာတို့လို ပညာရှင်တွေရေးရင် လူတွေ ငါးပိအန္တရာယ်ကို သိလာမှာပေါ့"

"ငါးပိတွေထဲမှာ ယူရီးယားဆိုတဲ့ ဓာတ်မြေသြဇာကို ထည့်တယ်ဆိုတာ ဘယ်သူတွေ့လဲ"

"တွေ့တဲ့လူ မရှိဘူး ဆရာ။ ဒါပေမဲ့ စစ်ဆေးကြည့်ရင် ယူရီးယားကို တွေ့တယ်တဲ့"

"ယူရီးယားတွေ့တာနဲ့ ယူရီးယား ထည့်တယ်လို့ မဆိုနိုင်ဘူးကွ"

"ဟာ ဆရာကလဲ။ စုံထောက်ဦးစံရှား လေသံနဲ့ပါပဲ"

"အတွေးရှင်းရတယ်ကွ။ ယူရီးယားကို ပုလဲဓာတ်မြေသြဇာလို့ ခေါ်တယ်။ သူ့ကို ဓာတ်မြေသြဇာအဖြစ် သုံးရတာ နိုက်ထရိုဂျင် လိုချင်လို့ပဲ။ သူက အခဲဖြစ်လို့ သုံးရတာ လွယ်ကူတယ်။ တကယ်တော့ လူတွေရဲ့ ကျင်ငယ်ရည်ထဲမှာ ယူရီးယားပါတယ်။ Urine ကနေ စတင်ရရှိလို့ အဲဒီဒြပ်ပေါင်းကို Urea လို့ ခေါ်တယ်။ သူ့ရဲ့ ဖော်မြူလာက CO (NH2)2 ပါပဲ။ နို့တိုက် သတ္တ၀ါတွေ အားလုံးနဲ့ ငါးတွေ ရေသတ္တ၀ါတွေရဲ့ အညစ်အကြေးတွေမှာလည်း Urea ပါတယ်။ သွေးထဲမှာ အသည်းထဲမှာကလည်း Urea အနည်းငယ် ပါတာပဲ"

"ဒါဆိုရင် ငါးပိကိစ္စ"

"ခဏလေး သည်းခံပါဦး။ Urea ကို သဘာဝမှာ တွေ့တာ အတော်ကြာမှ သိပ္ပံပညာရှင် Wohler က ၁၈၂၈ က ဓာတ်ခွဲခန်းမှာ စတင်ပြီး ထုတ်ဖော်နိုင်ခဲ့တယ်။ ဒီတော့ သြဂဲနစ် ပစ္စည်းတွေကို ထုတ်လုပ်နိုင်တယ်ဆိုပြီး Organic Chemistry မှာ လူတွေလုပ်လို့ရတဲ့ ပစ္စည်းတွေကို လေ့လာတဲ့ ပုံစံသစ်ကို ပြောင်းလာတာပါ"

"ငါးပိကိစ္စ" "ငါးပိထဲမှာ Urea ရှိပါတယ်။ သူ့ကို စမ်းရင်တွေ့မှာပါပဲ။ ယူရီးယားဟာ အဆိပ်ရယ်လို့ မပြောနိုင်ဘူး။ အိန္ဒိယမှာ နွားကျင်ငယ်ရေ သောက်တာတို့ မိမိကျင်ငယ် မိမိသောက်တာတို့ ရှိတာပဲ။ ၀န်ကြီးချုပ် ဒေဆိုင်းဟာ သူ့ရဲ့ကျင်ငယ်ရည်ကို သူပြန်သောက်လို့ ကျန်းမာတယ်လို့ဆိုတာ ဖတ်ရဖူးတယ်။ သူအသက် ၉၉ နှစ်အထိ နေသွားတယ်။ တရုတ်မှာလည်း ကိုယ်ဝန်ဆောင် မိခင်တွေဟာ ကလေးငယ် လူပျိုပေါက်ရဲ့ ကျင်ငယ်ရည်ကို သောက်ရတဲ့ဓလေ့ ရှိပါတယ်"

"အင်း ဆရာပြောတာ စဉ်းစားစရာ ဖြစ်နေတယ်" "ဟုတ်တယ်။ ပထမအချက်က ငါးပိတွေမှာ မူလကတည်းက ယူရီးယား ရှိနိုင်သလို သူ့အလိုအလျောက် ဖြစ်လာတဲ့ ယူရီးယားတွေ ရှိနိုင်တယ်။ ဒုတိယအချက်က Urea ပမာဏ မများရင် ကျန်းမာရေးကို မထိခိုက်ပါဘူး"

"ဒါဆိုရင် ဆရာ ငါးပိတိုင်းကို ဓာတ်ခွဲကြည့်ရင် Urea တွေ့မယ်ပေါ့ ဟုတ်လား"

"အသေအချာ တွေ့နိုင်ပါတယ်။ တကယ်တော့ သိပ္ပံပညာကို သေသေချာချာ မလေ့လာဘဲ တစ်ပိုင်းတစ်စ ကြားဖူးနားဝနဲ့ ကိုယ်လိုရာဆွဲကာ ပြောကြဆိုကြတာ ရှိတယ်။ ပညာဆိုတာ ခက်တယ်။ အသိပညာ အတတ်ပညာဆိုတာ ကိုယ်ပိုင်ဥာဏ်နဲ့ ဆုံးဖြတ်ရတယ်။ ဥပမာ ခင်ဗျားလည်း ကြားဖူးမှာပေါ့။ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က အိန္ဒိယနယ်စပ်မှာ ပလတ်စတစ်ဆန်တွေ ၀င်လာတယ်။ ချက်လိုက်ရင် ထမင်းဖြစ်လာတယ်။ စားရင်ချက်ချင်းတော့ မသေဘူး။ သုံးလေးရက်ကြာမှ သေတယ်ဆိုတာ"
"ကြားဖူးတယ်။ ပလတ်စတစ်ဆန်ဆိုတာ အတော်ထူးဆန်းတယ်။ ဘယ်လိုလုပ် လိမ်ရောင်းတာလဲ"

"လိမ်ရောင်းတာ မဟုတ်ဘူး။ အဲဒါတွေဟာ ပလတ်စတစ်ဆန်လည်း မဟုတ်ဘူး။ ဆန်အစစ်ပဲ"

"ဘာဖြစ်လို့ ပလတ်စတစ်ဆန်လို့ ခေါ်တာလဲ နောက်ပြီးစားတဲ့အခါ ဘာလို့သေကြတာလဲ"

"အဲဒီဆန်တွေဟာ American Long Grain ဆိုတဲ့ ဆန်မျိုးတွေ။ အဲဒီဆန်တွေဟာ လယ်သမားတွေကို အကူအညီပေးဖို့လှူတဲ့ စပါးတွေကနေ ရတဲ့ဆန်တွေပါ။ တကယ်တော့ ဒီစပါးတွေဟာ စားဖို့မဟုတ်ဘူး။ စိုက်ဖို့ မျိုးစပါးတွေပါ၊ ဒီမျိုးစပါးတွေကို စိုက်တဲ့အခါ ပိုးမွှားတွေ မဖျက်ဆီးဖို့ ဖော့စဖရပ်စ်အနီနဲ့ စိမ်ထားတာပါပဲ။ ဖော့စဖရပ်စ်အနီဟာ စပါးထဲကို စိမ့်ဝင်သွားတယ်။ ဒီစပါးတွေကို တစ်ယောက်ယောက်က ကြိတ်ခွဲတော့ အင်မတန်လှတဲ့ဆန်ကို ရတယ်။ ဒါကို ပလတ်စတစ်ဆန်လို့ ခေါ်ကြတယ်။ ဒီလိုနဲ့ ရတဲ့ဆန်ကို လူတွေစားတယ်။ ဆန်ထဲမှာတော့ ဖော့စဖရပ်စ် အနည်းငယ် ပါလာတယ်။ ဖော့စဖရပ်စ်ဟာ အဆိပ်ပါ။ ဒီဖော့စဖရပ်စ် အနည်းငယ်ကြောင့် လူတွေတစ်ရက်နှစ်ရက်ကြာရင် သေရတာပါပဲ"

"ကြောက်စရာ ကောင်းတယ်နော်"

"ဟုတ်တယ်။ စားစရာက တိုက်ရိုက်ပြဿနာတွေ ဖြစ်သလို တာရှည်စားသုံးမှ ပြဿနာဖြစ်တာလည်း ရှိတာပဲ"

"ငါးပိမှာပါတဲ့ Urea ပြဿနာကိုတော့ အချို့စာသုံးသူဘက်က ရပ်တည်တဲ့ အဖွဲ့အစည်းက လူတွေရေးတာကို ဖတ်ရတာပါ"

"သူတို့ကလည်း စေတနာနဲ့ ရေးတာပါ။ လူတွေအရမ်းကြောက်အောင် ရေးတယ်။ မမှန်မကန် ရေးတယ်ဆိုရင် မီဒီယာတွေကို လူတွေယုံကြည်တော့မှာ မဟုတ်ဘူး"

"နောက်တစ်ခု ဖတ်ရသေးတယ်။ ဓာတ်ဘူးထဲမှာ ပြဒါးတွေ ကွာကျတာကိုပေါ့။ အဲဒါ အန္တရာယ်ကြီးပုံကို ရေးထားတယ်"

"ဘယ်လိုရေးထားတာလဲ"

"သူက အတော်လေး စေတနာနဲ့ ရေးထားတာပါ။ တစ်ညမှာ အိမ်မှာမီးပျက်နေတုန်း ရေနွေးသောက်ချင်လာတယ်။ ဓာတ်ဘူးထဲက လက်ဖက်ရည်ကြမ်းကို ဖန်ခွက်ထဲထည့်ပြီး သောက်မယ်လို့ မြှောက်လိုက်ရော ဖန်ခွက်ထဲမှာ တလက်လက် တောက်ပနေတဲ့ အရာလေးကို ဖယောင်းတိုင်မီး အလင်းရောင်နဲ့ မြင်လိုက်ရတယ်။ ကျွန်တော်လည်း ဘာမှန်းမသိတာနဲ့ သောက်မယ့်ကိစ္စ ခဏရပ်ပြီး အဲဒါတွေကို ကြည့်မိတော့မှ ဓာတ်ဘူးနံရံသားက ပြဒါးတွေ ကွာနေတာဗျ။ ဓာတ်ဘူးကတော့ ထုံးစံအတိုင်း Made in China လို့ ရေးထားတယ်"

"တို့ငယ်ငယ်ကတည်းက ဓာတ်ဘူးတွေ အားလုံးလိုလိုဟာ Made in China တွေပါပဲ။ တရုတ်က လာတာပါကွာ"

"ဟုတ်ကဲ့ဆရာ။ ဓာတ်ဘူးတွေမှာပါတဲ့ ပြဒါးအကြောင်း သူဆက်ရေးတယ်။ ပြဒါးဆိပ်ဟာ အင်မတန် ပြင်းတယ်ဆိုတာကိုပါ ရွှေကျင်တဲ့နေရာက ပြဒါးတွေအကြောင်း ရေးထားတယ်"

"ပြဒါးဆိပ်က ပြင်းတာပေါ့ မောင်ဟစ်ရာ။ ဒါပေမဲ့ ဓာတ်ဘူးနံရံက လက်နေတဲ့ ရောင်ပြန်အသားတွေဟာ ပြဒါးမဟုတ်ဘူး"

"ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက ပြဒါးသုတ်ထားတယ်လို့ပဲ ကြားဖူးတာပဲ ဆရာ"

"မှန်တွေ ဓာတ်ဘူးတွေမှာ သုတ်တာကို အင်္ဂလိပ်လို Silver mirroring လို့ ခေါ်တယ်။ ငွေနဲ့မှန်တွေကို ကြေးမုံတွေ ဖြစ်လာအောင် လုပ်တာပါ။ တို့ကတော့ အလွယ်တကူ ပြဒါးသုတ်တယ် ပြောကြတာပါ။ မှတ်ထားဖို့က ပြဒါးဟာ အဖတ်လိုက် တည်နေတာ မဟုတ်ဘူး။ ပြဒါးဟာ အခဲလည်း မဟုတ်ဘူး။ ပြဒါးဟာ ကွာမကျဘူး အငွေ့သာ ပြန်သွားမှာ"

"ဒါဆိုရင် ဓာတ်ဘူးထဲ ရေနွေးနဲ့ လက်ဖက်ရည် နှပ်သောက်တာ ဘာမှမဖြစ်ဘူးပေါ့ ဟုတ်လား"

"အချိန်ကြာကြာထားရင် လက်ဖက်က အဆိပ်တွေ ပြောင်းသွားတတ်တယ်။ အမြဲတော့ မဟုတ်ဘူး။ အန္တရာယ် ရှိနိုင်တယ်။ လက်ဖက်ရည်ကြမ်းကို ချက်ချင်း လတ်လတ်ဆတ်ဆတ်သောက်တာ အကောင်းဆုံးပဲ"

"ဟုတ်ကဲ့ဆရာ။ ကျွန်တော်တို့ဟာ စာပေလွတ်လပ်ခွင့် အတော်အသင့် ရလာပြီမို့ပြောခွင့်ဆိုခွင့်တွေ ရှိပါတယ်"

"ကောင်းပါတယ်။ ဒါပေမဲ့ Little Knowledge is Dangerous လို့ ဆိုထားပါတယ်။ အထူးသဖြင့် စာမျက်နှာပေါ်မှာ တင်တဲ့အခါ သတိထားရမယ်။ ခုကိစ္စမှာ ငါးပိထုတ်လုပ်သူတွေ အများကြီး နစ်နာပါတယ်။ ပြီးတော့ ငါးပိဟာ မြန်မာပြည်သူတွေရဲ့ အဓိက ပရိုတင်းရတဲ့ Source ပါ။ Staple Food ပါ။ ခုဆိုရင် မျှင်ငါးပိအစား အချိုမှုန့်တွေ သုံးနေတာတွေ အများကြီး ရှိတယ်။ ဘာမှန်းညာမှန်းမသိ (မြန်မာလို Specification မပါတဲ့) ကြက်သားမှုန့် ဆိုတာမျိုးလောက်တော့ ငါးပိအန္တရာယ် မကြီးပါဘူးလို့ ယုံကြည်တယ်"

"ဆရာက အမျိုးသားရေးနဲ့ ပြောနေတာ မဟုတ်ပါဘူးနော်"

"မဟုတ်ပါဘူး။ တို့တစ်တွေဟာ မျှတရမယ်။ Made in China ကိုလည်း သုံးသင့်သုံးရမှာပဲ။ Made in USA ကိုလည်း သုံးသင့်သုံးရမှာပဲ။ ဒါပေမဲ့ မဟုတ်တာတွေကို လူတွေကြောက်လန့်အောင် မလုပ်ရဘူး။ အထူးသဖြင့် အစားအသောက်နဲ့ ပတ်သက်တာတွေကို မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ပေးကြဖို့ လိုတယ်။ ပါးစပ်ကနေ ၀င်လာတဲ့ အစားအသောက်ရော ဆေးတွေရော အင်မတန် အရေးကြီးတယ်။ ဒီခေတ်ဟာ Globalization ခေတ်ပါ"

သတင်းအချက်အလက်များကို မှန်ကန်အောင် သုံးသပ်နိုင်ကြပါစေ။

Written by ဒေါက်တာခင်မောင်ညို

No comments: